အာကာကျော် ဆိုတာ လမ်းမကြီးတွေ ဘေးက အုတ်နံရံတွေ ပေါ်မှာ သမ္မတ ဦးသိန်းစိန်ပုံနဲ့ အမေရိကန် သမ္မတ အိုဘားမားပုံတွေကို Street Art ရေးဆွဲခဲ့တဲ့သူလို့ လွယ်လွယ် ပြောရမှာပါ။ တနင်္သာရီတိုင်း ထားဝယ်မြို့ကနေ ရန်ကုန်မှာ ကျောင်းပညာ သင်ယူရင်း ကိုယ် အားသန်တဲ့ အနုပညာ တခုနဲ့ ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ အသက် ၂၀ အရွယ် အာကာကျော်က အခု နောက်ဆုံး သူရေးဆွဲခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ၊ ဒေါ်အောင်ဆန်းစုကြည်ပုံ၊ ဦးသိန်းစိန်ပုံ၊ အိုဘားမားပုံတွေကြောင့် အင်တာနက်ပေါ်မှာ အားပေးသူ အများအပြား ရရှိနေတဲ့ လူငယ်လေး တဦးလည်း ဖြစ်ပါ တယ်။
လမ်းပေါ်မှာ ချိုင့်ခွက် ပုံသဏ္ဍာန်ကြီးတွေ၊ စာတန်းတွေကိုလည်း 3D နဲ့ ရသမြောက်အောင် ရေးဆွဲခဲ့တဲ့ အာကာကျော်က သူ့ အားအသန်ဆုံးက ပေါ့ထရိတ် (portrait) လူပုံတွေ ဖြစ်ပေမယ့် ပညာအကုန်လုံးကို တတ်မြောက် ကျွမ်းကျင်အောင် လေ့လာနေတယ် လို့ပြောပါတယ်။ သူ့ဘဝ အချိန်တွေကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်တယ် လို့ ပြောလာတဲ့ အာကာကျော်က ဒီဂရီဘွဲ့တွေကို မမက်မောပါဘူး။ အာမခံချက် ရှိတယ်လို့ လူတွေ သတ်မှတ်နေကြတဲ့ ပညာရပ်တွေအစား မြန်မာနိုင်ငံယဉ်ကျေးမှု အနုပညာ တက္ကသိုလ်က ပို့ချတဲ့ ပန်းချီ ပညာရပ် ကို ပထမနှစ် ကျောင်းသားအဖြစ် တက်ရောက်နေတာ ကြည့်ရင် သူ့ရဲ့ ဝါသနာကို ခန့်မှန်းမိကြမှာပါ။ မြန်မာနိုင်ငံ ယဉ်ကျေးမှု အနုပညာ တက္ကသိုလ်ကို အာမခံချက် မရှိဘူးလို့ ဆိုလိုချင်တာ မဟုတ်ပေမယ့် အနုပညာဆိုတာ ခန့်မှန်းရ ခက်ခဲပြီး ရပ်တည်ရေး မလွယ်ကူတဲ့ အကြောင်း ဆိုလိုပါတယ်။ တရုတ်တန်းမှာ တက်တူးထိုးပြီး Street Art ဖန်တီးရေးဆွဲဖို့ ဆေးဝယ်ဖို့ ပိုက်ဆံရှာခဲ့ရတဲ့ အာကာကျော် ကို ဧရာဝတီမှ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ ။ Graffiti ရဲ့ သဘောသဘာ၀ ကို အရင်ဆုံး ရှင်းပြပေးပါဦး။
ဖြေ။ ။ ကျနော်က Graffiti ဆိုတဲ့ နာမည်နဲ့တော့ သိပ်မအပ်စပ်ဘူး ပေါ့။ ဂရပ်ဖတီက နံရံတွေမှာ စာလုံးတွေ ဆွဲတယ်။ ကျနော် အခု လုပ်နေတာက ဂရပ်ဖတီ မဟုတ်ဘူး။ Mural art ပေါ့။ နံရံဆေးရေး ပန်းချီအမျိုးအစားပဲ။ နံရံမှာ ပုံဆွဲတယ်လို့ သတ်မှတ်ထားတယ်။ ဂရပ်ဖတီပဲ ဖြစ်ဖြစ်၊ ဘာပဲ ဖြစ်ဖြစ် နံရံမှာပန်းချီဆွဲတယ်လို့ သတ်မှတ်ထားတယ်။ Street Art သဘောပါပဲ။
မေး။ ။ ပန်းချီနဲ့ ပတ်သက်လို့ လက်ဦးဆရာတွေ ရောရှိလား။
ဖြေ။ ။ ကျနော့် ဘဝထဲမှာ ကျနော့်ကို ပန်းချီ စသင်ပေးတာ ကျနော့် အဖေပါ။ နောက်ပိုင်းကျတော့ ပန်းချီ အောင်သန်းဌေး ရေဆေး စာအုပ် ဖတ်ခဲ့ရတယ်။ ပန်တျာကျောင်းမှာ နွေရာသီ ပန်းချီသင်တန်းတွေ သွားတက်ဖြစ်ခဲ့တယ်။ ပန်းချီနဲ့ ပတ်သက်ပြီး ယဉ်ကျေးမှုတက္ကသိုလ် တက်ဖြစ်တယ်။
မေး။ ။ ကျောင်း ပြီးသွားပြီ လား။
ဖြေ။ ။ ခုမှ first year တက်တုန်းပါ။
မေး။ ။ Street Art ကို ရန်ကုန်မှာ ဘယ်အချိန်လောက်က စဆွဲခဲ့ တာလဲ။
ဖြေ။ ။ ကျနော် စဆွဲခဲ့တာ ၈ တန်းလောက်မှာ ၁ ပုံ စ ဆွဲဖြစ်ခဲ့တယ်။ နောက် နယ်မှာ ကျောင်းပြန်တက်တယ်။ ၁၀ တန်းက နယ်မှာပဲ တက်ခဲ့တာကိုး။ နယ်မှာလည်း ဆွဲဖြစ်တယ်။ ခုနောက်ပိုင်း ရန်ကုန်မှာ ဆွဲဖြစ်တာကတော့ သမ္မတ ဦးသိန်းစိန်ပုံ တော်ဝင်စင်တာ နားကပုံလည်း ရှိတယ်။
မေး။ ။ ၈ တန်းနှစ်မှာ စဆွဲဖြစ်ခဲ့တာက…
ဖြေ။ ။ အဲဒီတုန်းက ဂရပ်ဖတီ စည်းမျဉ်း (Graffiti Rules) အတိုင်း Night ဆိုတဲ့ စာလုံးပေါင်းကို ဆွဲခဲ့တာပါ။ အဲဒါကတော့ ဘယ်သူမှ မသိပါဘူး။ ဆေးဗူး တဗူး ဝယ်ဆွဲခဲ့တာပဲ။ အဲဒီ ဆေးဗူးတောင် ကျနော့် သူငယ်ချင်း ဝယ်ပေးတာ။
မေး။ ။ ခုနောက်ဆုံး ဆွဲခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ကကော…..
ဖြေ။ ။ အဲဒီ ပုံတွက် ပြောရရင်တော့ အမှတ်တရ ပါပဲ။ ဗိုလ်ချုပ်ပုံ ဆွဲဖို့ တိုက်တွန်းတဲ့ သူတွေ ရှိတယ်။ ကျနော်လည်း ဆွဲချင် တယ်။ ဗိုလ်ချုပ်ပုံက နေရာတကာ လိုက်ဆွဲလို့ ရတဲ့ပုံ မဟုတ်ဘူးဗျာ။ နံရံတွေမှာဆွဲရင်လည်း မတင့်တယ်ဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ နိုင်ငံခေါင်းဆောင်။ အဲလို ဖြစ်နေတာပေါ့။ အဲလို အချိန်မှာ ကျနော်ကို အခွင့်အရေး လာပေးတယ်။ ကိုလင်းထက် ပေါ့။ ဆီးဂိမ်းမှာလည်း သူ့ သီချင်းတွေ အရွေးခံရတာပေါ့။ သူက တေးရေးဆရာပါ။ အဲဒီ အကိုက အိမ်ကို ရောက်လာပြီး မနက်ဖြန်လိုရက်မှာ ဂရပ်ဖတီ ဆွဲပေးရမှာဆိုရင် ဒီနေ့ည ရောက်လာ ပြီးတော့ ပုံဆွဲဖို့ ပြောတယ်။ တိုင်ပင်တယ်ပေါ့။ ချက်ချင်း ကြီးဆိုသလို ဖြစ်နေတော့ ပုံဆွဲဖို့ ပြင်ဆင်ဖို့ အချိန် မရသလောက်ပဲ။ အဲဒီချိန် တော်တော်ခက်ခဲတော့ ဆေးဝယ်ဖို့တောင် အချိန်မရခဲ့ဘူး။ တော်တော်လေး ကြိုးစားပြီးတော့ ဆွဲဖြစ်သွားတာ။
မေး။ ။ အဲဒီဓါတ်ပုံ ရှေ့မှာ Music Instrument တွေချပြီး တီးနေတာ တွေ့ရတယ်။
ဖြေ။ ။ အဲဒါ ကိုလင်းထက် Freedom Film Festival မှာ သူဆုရခဲ့တဲ့ သီချင်း။ အဲဒီသီချင်း နာမည်ကလည်း အောင်ဆန်းမျိုးဟေ့ မြန်မာ ဆိုတဲ့သီချင်းလား မသိဘူး။ အတိအကျတော့ မသိဘူး။ အဲဒီသီချင်း အမ်တီဗီရိုက်တော့ နောက်ခံအနေနဲ့ လာပြီးတော့ဆွဲပေးဖို့ ပြောတာနဲ့ ကူညီပြီး ဆွဲဖြစ်ခဲ့တာပါ။ ဆိုတာကလည်း သူတို့အဖွဲ့ထဲကပဲ။ Denial စော ဆိုတဲ့ သူတို့အဖွဲ့ထဲက လူတယောက်ပါ။ Peace Music Group အဖွဲ့ကပါ။
မေး။ ။ ပုံဆွဲတဲ့နေရာက ကြည့်ရတာ စတူဒီယို တခုထဲမှာ ထင်တယ်နော်။
ဖြေ။ ။ RAYS စတူဒီယိုမှာ ဆွဲခဲ့တာပါ။
မေး။ ။ အဲ့ဒီလို ပုံတပုံ ဆွဲတာက အကြမ်းဖျဉ်း ဆေးဖိုး ဘယ်လောက် ကုန်ကျမလဲ။
ဖြေ။ ။ ၃သောင်းကျော်ကျော် လောက်ပဲ ကုန်တာပါ။ ကျန်တာတော့ မကုန်ပါဘူး။
မေး။ ။ ဆေးက ပြည်တွင်းမှာ ရတဲ့ဆေးနဲ့ ပြည်ပသုံးတဲ့ ဆေး ကွာခြားချက်ကို ရှင်းပြပါဦး။
ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ပုံတွေက ပုံဆွဲဖို့ ထုတ်ထားတဲ့ ဆေးတွေ မဟုတ်ဘူး။ အပြင်မှာ သုံးတဲ့ဆေး၊ ဥပမာ စက်ဘီးတွေ ဆေးမှုတ်တာ ရှိမယ်။ အဲလိုဆေးတွေနဲ့ပဲ ဆွဲတာဆိုတော့ ပုံဆွဲတာမှာ အဲလောက် မကောင်းဘူးပေါ့။ သူများ နိုင်ငံတွေမှာ ဆို အဲဒါ ဆွဲဖို့သက်သက်ကို ထုတ်တာတွေ ရှိတယ်။ မွန်တားနားတို့၊ အိုင်းရွန်းဂလက်တို့ အများကြီးပါဘဲ။ အဲဒါတွေက တော်တော် ဈေးကြီးတယ်။ ပြီးတော့ အဲဒီဆေးတွေက တော်တော်ကြီးကို ကောင်းတယ်။ ဒီမှာဆို တဗူးကို ကျပ် ၇၀၀၀၊ ၈၀၀၀ပေါက်ဈေးရှိတယ်။
မေး။ ။ မြန်မာနိုင်ငံက ဆေးတွေ ပေါက်ဈေးကကော..၊
ဖြေ။ ။ ၁၀၀၀ နဲ့ ၂၀၀၀ ကြားပတ်ဝန်းကျင် သွားနေတယ်။ လက်လှမ်း မီတာပေါ့။ အဲဒီ ဆေးတွေကျတော့လေ။
မေး။ ။ Commercial ပိုင်း စဆွဲနေပြီလား။
ဖြေ။ ။ ဟုတ်ကဲ့၊ စီးပွားရေးဆန်ဆန်တော့ မဟုတ်ပါဘူး။ သူငယ်ချင်း မိတ်ဆွေတွေ အကူအညီ တောင်းတာမျိုး၊ ငြိမ်းချမ်းရေး အတွက် ဆွဲပေးရတာမျိုး၊ တွေကျတော့ ကျနော် အလကား ဆွဲပေးလိုက်တာပါ။ Commercial ပိုင်းလည်း ဆွဲဖြစ် ပါတယ်။ စီးပွားရေး တခုအတွက် သူတို့လည်း အကျိုး ရှိမယ် ဆိုရင်တော့ စီးပွားရေး သဘောဆွဲပေး ပါတယ်။
မေး။ ။ မြန်မာ Graffiti ပညာရှင် တချို့နဲ့ သိကျွမ်းတာတွေ ရှိလား။ လေးစား အတုယူရတာပေါ့။
ဖြေ။ ။ ပြည်တွင်း မှာလည်း ရှိပါတယ်။ ပြည်ပမှာတော့ ပိုများတာပေါ့။ ပြည်ပမှာ အရမ်း ကြိုက်တာတွေ ကတော့ ဘန်ဆီ ရှိမယ်။ ကန် တူး၊ ဒိန်းပေါ့။ သုံးယောက်လုံးက ဂျာမန်တွေပါဘဲ။
မေး။ ။ Graffiti က တိုင်းပြည်တခုရဲ့Revoluation တွေကို ဖော်ပြနေသလိုပဲ။ မြန်မာသံချပ်တွေလိုဘဲ Graffiti တွေက တိုင်းပြည် အခြေအနေကို ဖော်ပြနေသလိုမျိုး လည်းရှိတယ် နော် ။
ဖြေ။ ။ ဟုတ်တယ်။ ဂျာမန်မှာ ဆိုရှိပါတယ်။ Street Art နဲ့ တိုင်းပြည်ခြေအနေကို ဖော်ပြတာ။ ဘန်ဆီ တို့ ဆိုရင် မက်ဆေ့တွေ အရမ်းပေးတယ်။
မေး။ ။ ဆွဲခဲ့တဲ့ ပုံတွေက နိုင်ငံခေါင်းဆောင် ပုံတွေများတယ်။ ဒေါ်စုပုံလည်း ဆွဲခဲ့ပြီးပြီ။ လူတွေ သတိထားမိ စေချင်လို့ ဒီလို ပုံတွေ ဆွဲနေတာလို့ ဝေဖန်တာတွေလည်း ရှိတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။
ဖြေ။ ။ ဒါမျိုးက နိုင်ငံတကာမှာလည်း ရှိတယ်။ ကျနော်ကလည်း ပေါ့ထရိတ်(portrait) ဘက်ကို ပိုအားသန်တာလည်း ပါတယ် ဗျာ။ ဒါပေမယ့် အိုဘေးဆိုတဲ့ ဟိုဘက်နိုင်ငံက လူတွေတောင် ကျနော်တို့ နိုင်ငံက အမေစုပုံ သူတို့ဆွဲတယ်။ ပြောရမယ်ဆို ကျနော်လည်း ဆွဲမယ် ဆိုတာပေါ့။ ဒါက ပြည်သူလည်း လက်ခံလာမယ် ထင်ပါတယ်။
မေး။ ။ တခြား Graffiti တွေက စာလုံးပုံ။ သရီးဒီပုံတွေ ဆွဲကြတယ်။ ဒီလို portrait ဆွဲတာလည်း ခုချိန်မှာ ရှားတယ်ပေါ့။ ခု ပရိတ်သတ်ကလည်း လက်ခံလာတယ်။ အဲဒီတွက်ဘာပြောချင်လဲ။
ဖြေ။ ။ ပျော်ပါတယ်။ အဲလို ရတော့လေ.. ဘာလို့လည်း ဆိုရင် ဒီဟာကို ကျနော်တို့က ကျနော်တို့ နိုင်ငံမှာ အစက လက်မခံကြဘူး ပေါ့ဗျာ။ လက်ခံလာတဲ့ အတိုင်းအတာတခု ရလာတာကို အရမ်းဝမ်းသာပါတယ်။
မေး။ ။ အရင်ကဆို နံရံတွေမှာ ခိုးဆွဲရတယ်။ အဲလို အနေအထားကော ရှိသေးလား။
ဖြေ။ ။ ခိုးဆွဲတဲ့ ပုံတွေ ရှိတယ်။ ဟိုတလောက သမ္မတမွေးနေ့ တုန်းကလည်း ဦးသိန်းစိန်ပုံကို ကျနော် ခိုးဆွဲခဲ့ရ တာဗျ။
မေး။ ။ အဲဒီ ပုံကိုလည်း ဖျက်ဆီးခံရတယ် ကြားတယ်။
ဖြေ။ ။ ဟုတ်ကဲ့။ ဆွဲပြီးတော့ လာဖျက် သွားကြတာပဲ။
မေး။ ။ ကားမှာလည်း Car Art လုပ်တာတွေ ရှိတယ်နော်။ အဲ့လိုမျိုး တွေရော ဆွဲပေးဖူးလား။
ဖြေ။ ။ ကျနော်ကားမှာလည်း ဆွဲပေးထားတာ ရှိတယ်။ စင်ကာပူ ဖုန်းကုမ္ပဏီတခုပဲ။ E-City ဆိုတဲ့ ကားပါ။ အဲဒီ ကားမှာလည်း ဆွဲခဲ့ဖူးတယ်။ အဲဒီတုန်းက ဆိုင်ဖွင့်ပွဲ ဆိုတော့ ဖိတ်ခဲ့လို့ သွားဆွဲပေးခဲ့ဖူးတယ်။
မေး။ ။ ပန်းချီနဲ့ ဆက်စပ်နေတယ် ဆိုတော့ တက်တူးနဲ့ရော ဆက်စပ်မှု ရှိနေဦး မလား။
ဖြေ။ ။ ရှင်းရှင်းပြောရရင် တက်တူးက အများကြီး အထောက်အကူ ပြုပါတယ်။ ကျနော်တို့က ထားဝယ်က ဆိုတော့ ရန်ကုန်မှာ လာနေတော့ ကိုယ့်ဝင်ငွေ ကိုယ်ရှာ နေကြတယ်။ ကျနော့် အစ်ကိုတွေက ရုံးတွေတက် အလုပ်လုပ်တယ်။ ကျနော်က အလုပ်မရှိဘူး။ ကျနော်က ပန်းချီဆွဲတတ်တယ်။ သူငယ်ချင်း ရည်းစားတွေအတွက် ပန်းချီပုံတူ ဆွဲပေးတယ်။ ဝင်ငွေနည်းတယ်။ တခါတလေမှ ရတယ်။ အဲတော့ ဝင်ငွေတခု ရအောင် ဆိုပြီးတော့ ကျနော် နေတာက တရုတ်တန်းမှာ ဆိုတော့ တရုတ်တန်းမှာ အလုပ်သမားတွေ လည်း ပေါတော့ သူတို့ကို ကျနော် တက်တူး ထိုးပေးတယ်။ တက်တူး ထိုးလို့ ရတဲ့ ငွေနဲ့ဆေးတွေဝယ် ပုံတွေဆွဲတာ။ သမ္မတ ဦးသိန်းစိန်ပုံတွေက အဲလို တက်တူးဖိုးတွေ စုပြီးတော့ဆွဲဖြစ်ခဲ့ တာပါ။
မေး။ ။ အခုလက်ရှိ အားသန်တာက ပေါ့ထရိတ်တွေဘဲလား။
ဖြေ။ ။ ပေါ့ထရိတ်ကတော့ အားသန်ဆုံးဘဲ။ အကုန်လုံးကိုလည်း ကြိုးစားပြီး လေ့ကျင့်နေပါတယ်။
မေး။ ။ ဆွဲပြီးတဲ့ ပုံတွေက…၊
ဖြေ။ ။ အများကြီးပါပဲ။ သရီးဒီ 3D ပုံတွေလည်း ပါတယ်။ မြေကြီးမှာချိုင့်တွေဖြစ်နေတာတို့။ အစုံပါဘဲ။ တတ်နိုင်သလောက် လိုက်လေ့ လာပြီး ဆွဲနေပါတယ်။
မေး။ ။ Graffiti က Rules တွေ ဘောင်တွေရှိတယ်။ အာကာကျော် ဆွဲတာက လွတ်လွတ်လပ်လပ်ပဲ ဆိုတော့…၊
ဖြေ။ ။ ကျနော်တို့ နိုင်ငံမှာ Graffiti လို့ ကျနော်တို့ လက်ခံထားတာက သူများနိုင်ငံ အနုပညာ။ သူများနိုင်ငံ အနုပညာကို အတုခိုး တယ်။ ဒါပေမယ့် သူတို့ Rules တွေကို အဲလောက် လိုက်ပြီးတော့ ဂရုစိုက်နေစရာ မလိုဘူး။ ကျနော် ကိုယ်တိုင် ပေါ့။ သူများတွေကို မဆိုလိုပါဘူး။ သူများနိုင်ငံ Rules တွေကို နာခံနေစရာ မလိုဘူးထင်တယ်။ ကိုယ့်အနုပညာကို ကိုယ်ကြိုက်သလို လုပ်လို့ ရတာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုရင် နံရံတွေပေါ်မှာ ပန်းချီဆွဲတာက ဟိုး ပုဂံခေတ် ကတည်းက ရှိခဲ့တာပါ။ အဲဒီ အရင် ကျောက်ခေတ်တွေ ကတည်းက ဆွဲနေတာ။ အဲဒီတော့ နာမည် မျိုးစုံတပ်မယ်။ ကျနော် ကတော့ ကိုယ့်ဘာသာ ပုံဆွဲတယ်လို့ သတ်မှတ်ထားတယ်။ Rules တွေမထားဘူး။
မေး။ ။ ပြည်ပခရီးတွေ သွားဖို့ရှိလား။ အနုပညာနဲ့ ပတ်သက်လို့ပေါ့။
ဖြေ။ ။ ပြည်ပခရီးကတော့ မပြောတတ်သေးဘူး ဗျ။
မေး။ ။ အာကာကျော် ပန်းချီလက်ရာတွေ Freedom Film Festival မှာပြိုင်တဲ့ ဇာတ်ကားတခုမှာ ပါသေးတယ် နော်။
ဖြေ။ ။ ကျနော့် အစ်ကို ကိုတင်ဝင်းလှိုင်က Film Maker ပေါ့။ သူက Documentary တွေ ရိုက်တယ်။ သူက ကျနော့်ကို ရိုက်ပေးတယ်။ ကျနော် သမ္မတပုံ ဆွဲတဲ့နေ့က သူ့က မှတ်တမ်းအနေနဲ့ ရိုက်တော့ အဲ့ဒီပုံကို Edit လုပ်ပြီး သူသေချာ သိမ်းထားတယ်။ ပြီးတော့ Freedom Film Festival မှာ ဒါလေး ဝင်ပြိုင်မယ် ဆိုပြီးတော့ ဝင်ပြိုင်ဖြစ်ခဲ့တာ။ အရွေးခံခဲ့ရတဲ့ အထိတော့ ရောက်တယ်။ ဆုတော့ မရလာခဲ့ပါဘူး။
မေး။ ။ အခု အာကာကျော်လည်း Documentary တွေရိုက်နေတယ် နော်။ အဲဒီအကြေင်း ပြောပါဦး။
ဖြေ။ ။ ကျနော်တို့က အခု A.R.T ဆိုတဲ့ Entertainment တခု ထောင်ထားတာပေါ့။ ကျနော်ရယ် ကျနော့် အစ်ကိုတွေ ပါမယ်။ နောက် Nuts and Butter ဆိုတဲ့အဖွဲ့ လည်း ရှိတယ်။ အဲဒီက ရိုက်ကူးရေးပေါ့။ သူတို့နဲ့ ပေါင်းပြီးတော့ Documentary တွေ ရိုက်ထားတာ။ ကြားထဲမှာ တခုရှိသေးတယ်။ Child Soldier (ကလေးစစ်သား) တွေ အကြောင်း ရိုက်ထားတာ ရှိသေးတယ်။ Floating Bliss ဆိုတဲ့ ကားကတော့ စင်ကာပူမှာပြိုင်ပွဲဝင်ဖို့ ရိုက်ထားတာပါ။
မေး။ ။ ပြိုင်ပွဲက ဝင်ပြီးသွားပြီလား။
ဖြေ။ ။ ဆန်ကာတင်ထဲမှာ ပါတယ်လို့တော့ ပြောတယ်။
မေး။ ။ စင်ကာပူမှာ ပြိုင်ပွဲဝင်ဖို့ အတွက်ရော ဟိုဘက်က ဖိတ်ခေါ်လာတာလား။
ဖြေ။ ။ စင်ကာပူ-မြန်မာ ပထမဆုံး လုပ်တဲ့ပွဲပါ။ ဒီဇူလိုင်လမှာ လုပ်မှာ။ အဲဒီပွဲက ပထမအကြိမ် လုပ်တာပေါ့ဗျာ။ List တွေ ခေါ်တယ်။ အွန်လိုင်းပေါ်ကနေ တင်ရတာပေါ့။
မေး။ ။ ဆန်ကာတင် ဘယ်နှစ်ယောက်ထဲမှာ ပါတာလဲ။
ဖြေ။ ။ ၂၂ ယောက်ထဲမှာ ပါတာပါ။
မေး။ ။ အဲဒီထဲကနေ ပြန်ပြီး ရွေးမှာပေါ့။ ရွေးခံရရင် စင်ကာပူကို သွားရမှာပေါ့။
ဖြေ။ ။ အဲဒါတော့ မသိပါဘူး။ မသေချာသေး ပါဘူး။ သွားရရင်တော့ ကောင်းတာပေါ့။
မေး။ ။ ပြည်ပအနေနဲ့ ယှဉ်ပြိုင်ခဲ့တာတွေ ရှိသေးလား။
ဖြေ။ ။ ပြည်ပအနေနဲ့ကတော့ ငယ်ငယ်တုန်းကတော့ ကျောင်းပန်းချီပွဲတွေ ဝင်ပြိုင်တာတွေ ရှိတယ်။ ဂျပန် ပန်းချီပြိုင်ပွဲ ဝင်ပြိုင်တာတို့ ရှိခဲ့ဖူးတယ်။ ခုနောက်ပိုင်းတော့မရှိပါဘူး။
မေး။ ။ အာကာကျော်က ပန်းချီ၊ Street Art, Car Art, တက်တူးတွေ အပြင် အခု Entertainment လည်း ထောင်တား တော့ ကိုယ် အဖြစ်ချင်ဆုံး ဘဝ အနေအထားက ဘယ်လို အနုပညာသမားမျိုးလဲ။
ဖြေ။ ။ ကိုယ်ဖြစ်ချင်တာက ကျနော်ကတော့ အေးဆေးပဲ နေချင်တာပေါ့။ Feel သမားတွေဗျာ။ အနုပညာ သမားတွေ ဆိုတော့လေ။ ဒါပေမယ့် ခုကတော့ ကျနော်အကုန် စိတ်ဝင်စားတယ်။ ဘယ်လိုလဲ ဆိုရင် ကျနော် ရုပ်ရှင်ပိုင်းလည်း စိတ်ဝင်စားတယ်။ အရင်ကတော့ ရူးခဲ့တယ်။ ကိုယ်ကိုယ်တိုင် သရုပ်ဆောင်ဖြစ်ဖို့ ကျတော့ အရည်အချင်း မရှိပါဘူး။ ဒီ ရုပ်ရှင်လောကကို Supporting လုပ်ချင်တယ်ဗျာ။ ကွာလတီတခု တက်လာအောင် ကြိုးစားနေတာပါ။
မေး။ ။ ဖွဲ့ထားတဲ့ Entertainment Group နဲ့ ပါဝင်တဲ့လူတွေက။
ဖြေ။ ။ A.R.T (art အနုပညာ) ပါ။ Founder က ၄ ယောက်ပေါ့။ ကျနော်၊ ကျနော့်အစ်ကို၊ ကိုတင်ဝင်းလှိုင်၊ ပြီးရင် အောင်ခန့် ပါမယ်။ ပြီးရင် ကင်မရာမင်းတွေ၊ Crew တွေ လည်း ရှိပါတယ်။ ကျနော်တို့ ကင်မရာမင်းက ကတော့ ကိုမိုးသစ်ပါ။
မေး။ ။ ပစ္စည်း တော်တော်တော်စုထားပြီ ပေါ့။
ဖြေ။ ။ စုထားတာ ရှိပါတယ်။ ဟိုကစု ဒီကစု ၊ စုပြီးလုပ်ထားတာပေါ့။ ကျနော်တို့က ပိုက်ဆံရှိလို့တော့ မဟုတ်ပါဘူး၊ ကြိုးစားနေ ကြတာပါ။
မေး။ ။ ခုနောက်ဆုံး ဆွဲချင်နေတာ ဘယ်သူ့ပုံ ဖြစ်မလဲ။
ဖြေ။ ။ ခု ဆွဲချင်နေတာ အများကြီးပဲ ရှိပါတယ်။ Surprise လုပ်ချင်တယ်။ ဆွဲပြီးမှ ဘွားကနဲ တွေ့စေချင်တယ်။
မေး။ ။ နောက်ဆုံး မေးခွန်းအနေနဲ့ ပရိသတ်ကို ဘာပြောချင်လဲ။
ဖြေ။ ။ အရမ်း ကျေးဇူးတင်ပါတယ်။ အစ်မက ပရိသတ်လို့ပြောလို့ တကယ် ကျေးဇူးတင် ပါတယ်။ အစက ဆိုရင် အားပေးတဲ့ လူတွေကို ပရိသတ်လို့တောင် လက်မခံရဲ သေးဘူး။ အရမ်းနည်းတယ် ဗျာ။ ခုနောက်ပိုင်း အရမ်းပျော်တယ်။ အားပေးကြတဲ့ သူတွေ များလာတော့ လေ။ အရမ်း ကျေးဇူးတင်တယ်။ Facebook ပေါ်က သူတို့် Like တွေ၊ Comment တွေ၊ Share တွေ ကြောင့်ပေါ့။ Facebook ကလည်း ကျနော့်ကို အများကြီး support ဖြစ်ခဲ့ပါတယ်။ အင်တာနက် သုံးနေရင်း အားပေးတာ တွေ့ရင် နေ့တိုင်း မျှော်ပြီး ပျော်နေရတာ။ အားလုံးကို ကျေးဇူးတင်တယ်။ အားလုံး Share လို့၊ Like လုပ်လို့ ဒီလိုဖြစ်ခဲ့တာ အတွက် ကျေးဇူးတင်ပါတယ်။