ဘယ်သူတက်တက် တပ်မတော်သား ဆိုတာ အမိန့် နာခံတယ်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် လွတ်မြောက်ရေး အဖွဲ့ (KIO) နှင့် အစိုးရ တာဝန်ရှိသူများတို့ ကချင်ပြည်နယ် မြစ်ကြီးနားတွင် မေ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီးတွင် ယင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးအား ဧရာဝတီ သတင်းထောက် ရွှေစင်နှင့် မေခတို့က သီးသန့် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့သည်။ ထိုသို့ မေးမြန်းခွင့်ရခြင်းသည့် နှစ်ပေါင်း များစွာအတွင်း တပ်မတော် အရာရှိကြီး တဦးက မီဒီယာသို့ ပထမဆုံးအကြိမ် ပွင့်လင်းစွာ တွေ့မေးခွင့် ပြုခြင်း ဖြစ်သည်။ ယင်း တွေ့ဆုံမေးမြန်းခန်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် တပ်မတော်၏ အခန်းကဏ္ဍ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာပါက တပ်မတော်က မည်သို့ ရပ်တည်မည်၊ တပ်မတော် စီးပွားရေးနှင့် စီးပွားရေး ဦးပိုင် ကျောထောက်နောက်ခံ ပြုမှု အစရှိသည်များကို ပွင့်လင်းစွာ ဖြေကြားသွားပါသည်။

မေး။     ။ကချင်ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး တပ်မတော်က ဘယ်လိုအခန်း ကဏ္ဍတွေကနေ ထပ်မံ ပါဝင်သွာဦးမလဲ။

ဖြေ။     ။ ငြိမ်းချမ်းရေးက ပြီးသွားပြီလေ။ ဆက်လက် ပါဝင်ဖို့ဆို တပ်မတော် တာဝန်က နိုင်ငံကို ကာကွယ်ရေး တာဝန်လေ၊ ကာကွယ်ရေးတာဝန် ထမ်းဆောင်ရေးနဲ့ တခုကတော့ လေ့ကျင့်ရေး တာဝန်ပေါ့။ နောက် ပြည်သူ့အကျိုးပြု တာဝန်တွေ ဆက်လုပ်သွားမယ်။ ဒီမှာ ပြည်သူ့ အကျိုးပြု တာဝန်တွေ လုပ်တာမှာ ကချင်ပြည်နယ်ကလည်း ကိုယ့်တိုင်းရင်းသားတွေ ပြည်သူလူထုပဲ။ ဒီတော့ ဒုက္ခသည်တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးထားတာလည်း ရှိတယ်။ သူတို့အတွက် လယ်တွေ ပေးဖို့ရှိတယ်။ ဒီမှာ တပ်မတော်သားတွေ ကနေ လိုအပ်ရင် ဝိုင်းပြီး ထွန်ယက် လုပ်ဆောင်ပေးမယ်။ တပ်မတော်က ဘယ်အခန်းက ပါမလဲဆိုရင် ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်တွေ ရပ်သွားပြီဆိုရင်တော့ ပြည်သူ့ အကျိုးပြုတွေ ဆက်လက် လုပ်ဆောင်သွားမှာပါ။ KIO အဖွဲ့နဲ့လည်း ဒုက္ခသည်တွေကို ဘာတွေပြန် လုပ်ပေးမလဲဆိုတာ တပ်မတော်ဘက်က လုပ်ပေးနိုင်တာကို ပြောခဲ့တယ်။

မေး။     ။ ခေတ်ကာလ တခုမှာ တပ်မတော် ရပ်တည်မှုက ပြည်သူတွေအမြင်မှာ အားကိုးဖို့ထက် ကြောက်ရွံ့စရာ တခုလို့ မြင်တာတွေ ရှိနေခဲ့တဲ့အပေါ် အားကိုးထိုက်တဲ့ တပ်မတော်ဖြစ်ဖို့ ဘယ်လိုပြန်လည် လုပ်ဆောင်သွားမလဲ သိချင်ပါတယ်။

ဖြေ။     ။ အရင်တုန်းကတော့ တပ်မတော်ဟာ အုပ်ချုပ်တဲ့အစိုးရ။ အစိုးရနဲ့ ပြည်သူဆိုတာက ပြည်သူအမြင်မှာ အစိုးရဆိုတာ ၁၀၀ ရာခိုင်နှုန်း မကောင်းနိုင်ဘူး။ အဲဒီလိုဆိုတော့ တပ်မတော် အပေါ်လည်း ဘယ်လိုမှ ကောင်းစရာ အကြောင်းမရှိဘူး။ ဘယ်လို ကောင်းအောင် လုပ်လုပ် အဆိုးမြင်တာလည်း ရှိတယ်၊ အကောင်းမြင်တာလည်း ရှိတယ်။ အခုက တပ်မတော်က အုပ်ချုပ်တဲ့ အစိုးရထဲမှာ မပါဘူး၊ နိုင်ငံတော် ကာကွယ်ရေး တာဝန် တခုပဲပါတယ်။ အခုဆို မိတ္ထီလာမှာ ဖြစ်တဲ့ ပဋိပက္ခ တွေမှာဆို တပ်မတော်က အရင်ဆုံး အုပ်ချုပ်မှု ကိစ္စတွေ ဆောင်ရွက်ပေးရတယ်။ ငလျင်လှုပ်တုန်းကလည်း ဒီလိုပဲ။ ကိုယ်တိုင် သွား တာဝန်ယူရတယ်။ အဲဒီမှာဆို အမျိုးသမီးတွေ ထိုင်ကန်တော့တာတွေရှိတယ်။ ကြွားပြောတာမဟုတ်ဘူး။ တပ်မတော် ရောက်လို့ သူတို့တွေရဲ့ပစ္စည်းတွေ မပျက်ခဲ့ဘူးဆိုပြီး ကန်တော့လာခဲ့တာတွေ ရှိတယ်။ အဲဒါဘာလဲဆိုရင် ခေတ်စနစ်ရဲ့ ဒီနေ့ စနစ်မှာ တပ်မတော်သည် ဘယ်အခန်းက ပါသလဲပေါ့၊ စဉ်းစားကြည့်လို့ ရပါတယ်။ ပြည်သူနဲ့ တသားတည်းရှိပြီး တသားတည်း ဖြစ်အောင် ကြိုးစားနေတာပေါ့လေ။ ပြောင်းလဲတယ်ဆိုတာ ဒါပဲ။ ပြည်သူတွေ အရေးကို တပ်မတော်က ကြိုးစား ဆောင်ရွက် နေတယ်။ ဒီကနေ့ တပ်မတော်ဟာ ဒီတိုင်းပဲ ဆောင်ရွက်နေပါတယ်။ ကချင်ငြိမ်းချမ်းရေးမှာ ဆိုလည်း ဒီအတိုင်းပဲ။ KIO အဖွဲ့နဲ့ ကိုယ်တို့တွေ ဆွေးနွေးတယ်။ တပ်မတော်အနေနဲ့ ဘယ်လောက်အထိ ဆောင်ရွက်လာသလဲ ဆိုတာကို သူတို့ ယုံကြည်တယ်။

ဒီနေ့ပြောတယ်၊ အပစ်အခတ် ရပ်စဲရေး၊ ပါးစပ်ကပြောနေတယ်။ အရင်တုန်းကလည်း ပြောနေတာပဲ ပြောကြမယ်။ သူတို့ မယုံရင် ဘယ်လို ဖြစ်လာမှာလဲ။ ပြောင်းလဲလာတဲ့ တပ်မတော် အနေအထားအပေါ်မှာ သူတို့ ယုံကြည်လာတယ်။ အလားတူပဲ ကျန်တဲ့ ပြည်သူတွေလည်း ဒီအပေါ်မှာ ကိုယ်တို့အပေါ် ယုံကြည်မှုတွေ အထိုက်အလျောက် ရမယ် ထင်ပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ ပြောင်းလဲမှုတွေကို တချို့ ပြည်သူလူထုက လက်ခံလာတာတွေ ရှိတယ်။ လက်မခံနိုင် သေးတာလည်း ရှိတယ်။ သို့သော်လည်းပဲ အရင်တုန်းက နဝတထက် စာရင်တော့ တပ်မတော်ကို ပြည်သူတွေ ယုံကြည် အားကိုးမှု ပိုလာတယ်လို့ ပြောလို့ရပါတယ်။

မေး။     ။ ပြည်သူတွေနဲ့ ပတ်သတ်ပြီး တချိန်က တပ်မတော်ဘက်က သိမ်းယူထားခဲ့တဲ့ မြေတွေကို ပြန်ပေးမယ် ဆိုတဲ့ ကိစ္စကကော ဘယ်လိုအခြေအနေ ရှိပြီလဲ။ ဘယ်တော့လောက် ပြန်ပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။

ဖြေ။     ။ ဒီကိစ္စကတော့ ကိုယ်က စစ်ဆင်ရေးပဲ တာဝန်ယူရတာပေါ့။ စစ်ရေး၊ စစ်ထောက်၊ စစ်ဦးစီး ဆိုတာ ကိုယ်တို့ တပ်မတော်မှာ ရှိပါတယ်။ ဒီကိစ္စက စစ်ထောက်ပိုင်းက တာဝန်ယူရမှာပေါ့။ အသေးစိတ်တော့ သေချာမသိဘူးပေါ့။ သို့သော်လည်းပဲ တပ်မတော် ဆိုတာက ပြည်သူတွေ ဒုက္ခရောက်အောင် ဘာတခုမှ မလုပ်ရဘူး။ ဒါတွေကိုလည်း ဆက်လက် ဆောင်ရွက်နေမယ်။ ကိုယ်ထင်ပါ တယ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒကလည်း ပြည်သူ့အကျိုးစီးပွားကို မထိခိုက်အောင် ဆောင်ရွက်ပေးမယ် ထင်ပါတယ်။

မေး။     ။ လက်ရှိ တပ်မတော်က ပြောင်းလဲနေပြီလို့ ပြောနေပြီ။ ငြိမ်းချမ်းရေးတွေလည်း ၁၀ ဖွဲ့နဲ့ လုပ်ဆောင်ပြီး နေပြီ ဆိုပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်နေရတာတွေ ရှိတယ်နော်။ ဒီအပေါ်မှာ စစ်ဆင်ရေး တာဝန်ယူထားသူ တဦးအနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ။     ။ ဒါတွေက လုပ်ပြီး ယူနေတာလား၊ တကယ်ဖြစ်တာလား ဆိုတာ သိကြမယ်ထင်ပါတယ်။ တခုပဲ သူတို့က ကိုယ်တို့အပေါ်မှာ ယုံကြည်ရင်တော့ ဘာမှ ဖြစ်လာစရာမရှိဘူး။ မယုံကြည်ရင်တော့ ဖြစ်မှာပဲ။ ယုံကြည်တယ် မယုံကြည်ဘူး ဆိုတာတော့ စဉ်းစားကြည့်လေ။ တခုပဲ ဥပမာ ပေးချင်တယ်၊ နီးနီးနားနားဆို KIO နဲ့ တပ်မတော်ဟာ နားလည်မှု တခု ရလာလို့ ဒီနေ့လို အခြေအနေအထိ ရောက်လာတာပါ။ ဒါကြောင့်မို့ တပ်မတော်က ပြီးပြီးရော ပြောတာပဲ၊ ပြီးရင် ဒုံရင်းအတိုင်း ပြန်ဖြစ်မှာပဲ ဆိုတာက မရှိဘူး။ ဒီမှာ မီဒီယာ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။  ပြီးခဲ့တဲ့ ရွှေလီ KIO ဆွေးနွေးပွဲမှာ တပ်မတော်နဲ့ KIO ဆွေးနွေးပွဲဟာ အလှမ်းကွာဝေးဆဲလို့ ရေးကြတယ်။ တပ်မတော်နဲ့တော့ ဘာမှ ဖြစ်မှာမဟုတ်ဘူး။ ဒီနေ့ဖြစ်လာပြီ။ တပ်မတော်က အပြောထက် အလုပ်နဲ့ သက်သေပြလာပြီ။ ဘာပဲပြောပြော ယုံကြည်မှုပါပဲ။ သူတို့ ယုံကြည်မှုတွေ ပေါ်မှာပဲ မူတည်ပါတယ်။ တယောက်နဲ့ တယောက် ယုံကြည်မှု ရှိရင် ဘာမှဖြစ်မလာနိုင်စရာ မရှိပါဘူး။

မေး။     ။ လက်ရှိ KIO ဆွေးနွေးပွဲ ရလဒ်က တပ်မတော်ဘက်က တကယ်ပဲ စိတ်ထဲကပါပါ လုပ်ဆောင် လာခဲ့တာလား၊ တပ်မတော်က အလျှော့ပေးခဲ့တာ များလား။

ဖြေ။     ။ အခုက ဘယ်သူက အလျှော့ပေးတယ်၊ ဘယ်သူက လျှော့လိုက်တယ် ဆိုတာ မရှိပါဘူး။ တပ်မတော် ကလည်း လျှော့ပေးတာ မဟုတ်သလို KIO ဘက်ကလည်း လျှော့ပေးခဲ့တာမျိုး မဟုတ်ပါဘူး။ တခုပဲရှိတယ်၊ နားလည်မှု ဆိုတာပဲ ရှိပါတယ်။ နောက် တခုကတော့ အပြန်အလှန် လေးစားမှုပဲ။ အကုန်လုံး သိနိုင်ပါတယ်။ လုပ်ယူပြီး ဆောင်ရွက်ခဲ့တာ မရှိပါဘူး။

မေး။     ။ ဗိုလ်ချုပ်ဂွမ်မော်က ကချင်ပြည်သူတွေနဲ့ တွေ့တာမှာ တချိန်မှာ KIO ဟာလည်း ကချင်ကို ကာကွယ်တဲ့ တပ်တခု ဖြစ်လို့ နိုင်ငံကို ကာကွယ်နေတဲ့ တပ်မတော်မှာ ပါဝင်နိုင်ဖို့ တောင်းဆို သွားမယ်ပြောတယ်။ ဒီမှာ တိုင်းရင်းသား တပ်မတော်က ၁၁ ဖွဲ့တောင် ရှိတော့ ပူးပေါင်းမယ်ဆို လက်ရှိ တပ်မတော်က လက်ခံမှာလား။

ဖြေ။     ။ ဟုတ်ပြီ။ တခုက ဗမာဆိုတာ မရှိဘူး။ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကယား အကုန် တိုင်းရင်းသားစုံ အတူတူ နေထိုင်တာ မြန်မာပြည်။ တပ်မတော်ဆိုတာ ဖွဲ့စည်းပုံ အခြေခံမှာဆိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လုပ်ရမှာက လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ တစုတဝေးတည်း ရှိရမယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ ဒါတွေလည်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် လက်အောက်မှာပဲ ရှိရမယ်။ အဲဒါ ဖွဲ့စည်းပုံ  အခြေခံမှာ အတိအလင်း ပြောထားပြီးသားပဲ။ အဲဒီလို ပြောလို့ ဗမာ့ တပ်မတော်က နယ်မြေအသီးသီးကို လွှမ်းမိုးချုပ်ကိုင် ထားမယ်။အဲဒီလို မဟုတ်ဘူး။ အဲဒါတွေက နားလည်မှု ရှိဖို့လိုတယ်။

မေး။     ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တပ်မတော်သား ကိုယ်စားလှယ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့အပေါ်၊ ဒီဖွဲ့စည်းပုံဟာ တပ်မတော်အတွက်ပဲ ရည်ရွယ်ဆွဲထားတယ်လို့ ပြောကြတဲ့အပေါ် တပ်မတော်သား တဦး အနေနဲ့ ဘာများပြောချင်မလဲ။

ဖြေ။     ။ အဲဒါကတော့ အမေရိကန်မှာ နိုင်ငံတော် သမ္မတကြီး ဖြေသွားတာရှိပါတယ်။ အဲဒီအတိုင်းပါပဲ။ သမိုင်း အစဉ်အလာ အရပေါ့။ နိုင်ငံရေး အစဉ်အလာမှာ ပါဖို့ ကိုယ့်ကို ဝန်ကြီးလုပ်ပါလားမေးရင် ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ်မလုပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က တပ်မတော်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး တာဝန် ထမ်းဆောင်နေတာမှာ ဝန်ကြီးလုပ်စရာ အကြောင်းမရှိဘူး။ ဆိုတာကတော့၊ လူတိုင်းကတော့ သူရာထူး အဆင့်နဲ့ သူ့ဘာသာရှိပါတယ်။ လူတွေ စိုးရိမ်နေကြသလို တပ်မတော်က လိုက်ပြီး ရာထူးတွေ ယူနေကြတယ်။ အဲဒီလို မရှိပါဘူး။ တချို့နေရာတွေမှာ တန်ရာတန်ရာ ပေးတာတွေတော့ ရှိတာပေါ့လေ။ ဝေါဟာရလည်း ရှိပါတယ်။ လူဆိုတာ တန်ရာတန်ရာ ဖြစ်တယ်ဆိုတာ၊ ဒီလို တန်ရာတန်ရာ ဖြစ်ကောင်း ဖြစ်မှာပေါ့။ အဲဒါနဲ့ ပတ်သတ်လို့ လွှတ်တော်မှာ တပ်က ၅၀ ရာခိုင်နှုန်း၊ ၇၅ ရာခိုင်နှုန်းပါတယ် ဒီလိုဆိုပြီး ပြဿနာတွေလည်း မရှိပါဘူး။ တပ်မတော်သား တွေကလည်း ဒီလွှတ်တော်မှာ မပါရလို့ ဘာဖြစ်မလဲ၊ ဘာမှမဖြစ်ပါဘူး။ သို့သော်လည်းပဲ နိုင်ငံလိုအပ်ချက် အရ ဖွဲ့စည်းပုံက ရေးဆွဲထားတဲ့ အပေါ်မှာ တို့တွေက ဘာငြင်းလို့ရမလဲ။ မပါလို့ကော တပ်မတော်က ဘာများပြောစရာ ရှိလာမှာလဲ။ No Problem ကိစ္စပါ။

မေး။     ။ တပ်မတော်ဟာ ဖွဲ့စည်းပုံမှာ အခုလို နေရာရနေတဲ့ အပေါ် တချိန်ချိန် အာဏာပြန်ရယူ နိုင်မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်နေကြတဲ့အပေါ် ဘာများပြောချင်မလဲ။

ဖြေ။     ။ တခုက ကိုယ်ကိုယ်တိုင် ဒီထဲကို ဘွဲ့ရပြီးမှ ဝင်ခဲ့တာပါ။ အရေးအခင်းတွေ အကုန် ကိုယ်မီပါတယ်။ ဦးသန့်တို့၊ ဇွန် ၆ တို့ ကောင်းကောင်း မီခဲ့တာပေါ့။ မှိုင်းရာပြည့်တို့ ကြုံခဲ့တယ်။ တပ်မတော်ဟာ ခေတ်စနစ်အရ ပြောင်းလာတာ။ ကိုယ်လည်း မဝတ လုပ်လာခဲ့ဖူးတယ်။ တပ်မတော်ဟာ ခေတ်စနစ်အရ ပါဝင်ရတာပဲ။ ဒီနေ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်ဟာ နိုင်ငံတော် ကာကွယ်ရေးလို့ ပြဌာန်းထားတယ်။ ပြည်သူရွေးတဲ့ အဆိုက ပေါ်လာပြီ။ အဲဒီအပေါ်မှာ တပ်မတော်သား တွေက ဘာများ စထူးပြီး မက်မောတွယ်တာ စရာများ ရှိနေမှာလဲ။ ဒါက ဘာမှပြဿနာ မရှိဘူး။ တချို့ ထင်မယ်၊ နေရာယူတယ်တို့၊ တပ်မတော်သား တွေက မိုးကျရွှေကိုယ်တို့၊ ဒါတွေက တခေတ်တခါကတော့ ဟုတ်ကောင်းဟုတ်မှာပေါ့။ ဒီနေ့ခေတ်မှာ တချို့ အပိုင်းတွေက ခေတ်စနစ်အရ ပြောင်းလဲသွားပြီဆိုတာ ဧရာဝတီကနေလည်း ပြောချင်တယ်။ ဒါက ဘာပြဿနာ ကြီးကြီးမားမားမှ မဟုတ်ဘူးလို့။

ရှင်းရှင်းပြောရရင် ကိုယ်လည်း တက္ကသိုလ် ကျောင်းသား ဘဝပြီးမှ တပ်ထဲ ရောက်တာ။ စစ်တပ်ကို မုန်းတဲ့အထဲမှာ ကိုယ်လည်း ပါတယ်။ ဦးသန့် အရေးအခင်း တုန်းကဆို ကိုယ်ပါခဲ့တယ်။ အဲဒီတုန်းကဆို တပ်မတော်သားတွေဆို တအား မုန်းတယ်။ ဒါပေမယ့် အခြေအနေတခု အရ တပ်ထဲရောက်တယ်။ တပ်ထဲ ရောက်တော့ အထက်က ပေးတဲ့ အမိန့်အတိုင်း ဆောင်ရွက်ရတယ်။ တာဝန်ပေးလို့ လုပ်ရတာပေါ့လေ။ ဒါကြောင့် ခေတ်စနစ် အနေအထားကြောင့် တပ်မတော် ဆိုတာလည်း ပြောင်းလဲသွားတာပါပဲ။ ဘယ်သူတွေ ဘာတွေ မဟုတ်ပါဘူး။ ဒီမှာဆို ဒေါ်ဒွဲဘူတို့ ပြောတယ်၊ အရင်က တပ်မတော်သားဆို ကြောက်တယ်တဲ့၊ တကယ် ပေါင်းကြည့်တော့ တပ်မတော်သားတွေက ခင်စရာကောင်း တယ်တဲ့။ ဒီလိုပါပဲ။ တချို့လည်း မောက်မာတာတွေ ရှိတာပဲ။ အားလုံး အတူတူတော့ မဟုတ်ပါဘူး။ သိမ်းကြုံး ပြောလို့တော့ မရဘူးလေ။ တချို့က အတ္တကြီး အယူကြီးတဲ့ လူတွေရှိခဲ့မှာပဲ။ ဒါနဲ့ တပ်မတော်ဆိုတာ အတူတူပဲ လို့တော့ ပြောလို့ မရဘူးပေါ့။

မေး။     ။ လက်ရှိ တော်တော်များများက သမ္မတကြီးက စစ်မဖြစ်ဖို့ ပြောချိန်မှာ တပ်မတော်ဘက်က စစ်ရေး အရှိန်တွေ မလျှော့ဘဲ ရှိနေတာ တပ်မတော်က သမ္မတကြီး အထက်မှာရှိနေလို့ မလွန်ဆန်နိုင်တာလို့ ပြောနေကြတဲ့အပေါ် ဘယ်လိုများ ပြောချင်ပါသလဲ။

ဖြေ။     ။ သမ္မတကြီးက ၂၀၁၂ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အမိန့်ထုတ်တယ်။ ခုခံစစ်မှလွဲပြီး စစ်မထိုးရပေါ့။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်တယ်။ ဒါက အယူအဆ အမျိုးမျိုးပေါ့။ တပ်မတော်မှာ တပ်မတော် စစ်ဦးစီးချုပ်ဟာ အမိန့် မနာခံတတ်ဘဲတော့ ဒီလိုနေရာမှာ ရောက်မလာနိုင်ဘူး။ အနည်းဆုံး ရှေ့ကြည့်၊ သတိ၊ သက်သာ၊ အေးစေ ဆိုတာမရှိဘဲနဲ့ တပ်မှာ နေလို့မရဘူး။ တပ်မတော်မှာ မတထောင်သားတွေ ပေါင်းထားတာ။ ဥပမာ မနက်ဖြန် ဗိုလ်ချုပ်ဂွမ်မော် ပြန်မှာ ကိုယ်တို့က လုံခြုံရေး လုပ်ခိုင်းပြီ။ ဒီမှာဆို လမ်းမှာ မသင်္ကာစရာ တွေ့ပြီ၊ ပစ်မယ်လေ။ သူ့တာဝန်ပဲ။ မသင်္ကာစရာ လူက KIO ဆို ဟိုကလည်း ပြန်ပစ်ပြီ။ ဒီမှာဆို တဘက် တဘက် တိုက်ပွဲမဖြစ်ဘူးလား၊ ဖြစ်ပြီပေါ့။ ဒီမှာ ရည်ရွယ်ချက်က ဘာလဲ၊ ခိုင်းလို့လား။ အခြေအနေ အရလား၊ ဖြေ။ ဒီလိုတွေဖြစ်တာ တပ်မတော်နဲ့ သူတို့ နားလည်မှုတွေ မရှိသေးလို့ပါ။ ယုံကြည်မှု ရှိလာရင် ဘာမှဖြစ်လာစရာ မရှိဘူး။ ဒီလိုဆိုတော့ ယုံကြည်မှုတွေ တည်ဆောက်ပြီးပြီ၊ ထပ်မဖြစ်ဖို့ အာမခံနိုင်လား ထပ်မေးရင်တော့ အာမမခံ နိုင်သေးဘူး။ တချို့ဟာတွေမှာ နားလည်မှု လွဲနိုင်စရာတွေ ရှိသေးတယ်။ နားလည်မှု လွဲစရာတွေ ဖြစ်လာရင် နည်းနည်းပါးပါးတော့ ဖြစ်ချင်ရင် ဖြစ်လာဦးမှာပဲ။

မေး။     ။ ဒါဆို အခုဖြစ်နေတာတွေက နားလည်မှု လွဲတာ တခုကြောင့်ပဲ ဆက်ဖြစ်နေတာလို့ ပြောချင်တာလား။

ဖြေ။     ။ အဲဒီလို တခုတည်းကြောင့်တော့ မဟုတ်ဘူး။ တချို့အပိုင်းတွေမှာလည်း ရည်ရွယ်ချက်ပေါ့။ ကိုယ်တို့က ရိက္ခာပို့တယ်၊ ဒီမှာ အောက်ခြေက ကျတော့ သူတို့က ဒီလိုမထင်ဘဲ ပစ်ဆိုတော့ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ အောက်ခြေ အဆင့်အထိ အမိန့်တွေ မရောက်တာလည်း ဖြစ်တတ်ပါတယ်။ နားလည်မှုလည်း လိုတယ်။ ဖြစ်နိုင်တာက အများကြီး။ ဒါတွေမဖြစ်အောင် ဆက်ထိန်းဖို့ပဲ လိုတာပေါ့။

မေး။     ။ မြောက်ပိုင်း ဘက်တွေမှာ တပ်မတော်က စစ်အင်အား ထပ်တိုးတယ်၊ တပ်သား စုဆောင်းတာတွေ ရှိနေတယ် လို့ သိရတယ်။ ဒါကကော ဘယ်လိုရည်ရွယ်ချက် ရှိနေမလဲ။ လိုအပ်ချက် ကြောင့်လား။ ဘယ်လို တခြားအကြောင်းများ ရှိနေဦးမလဲ သိချင်ပါတယ်။

ဖြေ။     ။ လိုအပ်ချက် ကြောင့်တော့ မဟုတ်ဘူးပေါ့။ မေးကြည့်ပေါ့။ ကိုဂွမ်မော်လည်း ဒီဟာကို ထည့်ပြော ပါတယ်။ တချို့ကျတော့လည်း အောက်ခြေမှာ နဂိုကတည်းက သူတို့ခံယူချက်၊ လိုအပ်ချက် အမှားတွေ ရှိတာပေါ့။ ဒီမှာ သူတို့ လုပ်ဆောင်ချက် လွဲမှားသွားတဲ့အပေါ်မှာ တဖွဲ့လုံး ကိုယ်စားပြုချင်မှ ပြုမှာပေါ့။ ဥပမာ – ချီဗွေမှာ ဖြစ်တာမျိုးတွေပေါ့။ လုပ်တာကိုင်တာ မျိုးတွေက တယောက် အမှားကြောင့် တဖွဲ့လုံးကို ကိုယ်စားပြုချင်မှ ပြုနိုင်မှာပေါ့။ ဆက်ကြေး ကောက်တယ်၊ ဘာလုပ်ပါလို့ သူတို့တွေ၊ ကိုယ်တို့တွေ အထက်ပိုင်းက မပြောထားပေမယ့် အောက်ခြေမှာ လုပ်တာတွေရှိမယ်။ အဲဒါတွေ ဖြစ်တာမျိုးတွေ ရှိကောင်း ရှိပါတယ်။

မေး။     ။ ဒါဆို အစိုးရစစ်တပ် အင်အားတိုးတာတွေ ရှိနေတာကကော။ အထက်ပိုင်းက မသိခဲ့ဘဲ တိုးနေ တာမျိုးရှိလား။

ဖြေ။     ။ အဲဒါက တပ်အင်အား၊ တပ်နေရာချမှု၊ တပ်ရွှေ့ပြောင်းမှုကတော့ ကိုယ်တို့ အထက်က မသိဘဲ ဘာမှလုပ်မရပါဘူး။ သံချပ်ကာတွေ ဘာတွေနဲ့ တပ်ရွှေ့တယ်၊ ၄ လတခါ တပ်လဲရတယ်၊ ရိက္ခာပို့ရတယ်၊ ဖျားနာရဲဘော် ပြန်ပို့ရတယ်။ အဲဒီမှာ လုံခြုံရေး အပိုင်းကိုလုပ်ရတယ်။ ဒီမှာ နားမလည်ရင် တလွဲထင်တယ်။ အခု ဒီနေ့ ကိုယ်တို့ဆွေးနွေးတယ်။ ဗန်းမော်မှာ တပ်ရင်း ၂ ခု လဲဖို့ တက်လာပြီ။ အဲဒါဆို ဒါကို တပ်အင်အား တိုးတာလို့ ပြောမရဘူး။ မသိတဲ့ လူတွေက ဒါကို နားလည်မှု လွဲတာပါ။

မေး။     ။ ကလေးတချို့ကို စစ်သားအဖြစ် စုစောင်းတာတွေ ရှိနေတယ်လို့ ပြောနေတဲ့အပေါ်မှာကော ဘယ်လိုများ ပြောချင်ပါ သလဲ။

ဖြေ။     ။ ဒါက ယူနီဆက်နဲ့ လုပ်နေတယ်။ ကိုယ်တို့ဆီမှာ အဲဒီရာခိုင်နှုန်းက တပ်မတော်ရဲ့ ကလေးစစ်သား ဆိုတာ ရာခိုင်နှုန်း ဘယ်လောက်မှ မရှိပါဘူး။ တချို့ကျတော့ ၁၈ နှစ် ပြည့်ပြီလို့ ပြောပြီး ဝင်လာတယ်။ နောက်ပိုင်း ပြန်စစ်တော့ ပြဿနာ ဖြစ်ကော။ ၁၈ နှစ် မပြည့်ဘဲ တပ်မှာ စုရိုး ထုံးစံမရှိပါဘူး။ မျက်မြင် ၁၃ ချက် မပါဘဲ မစုဘူး။ အဲဒါတွေကို အမျိုးမျိုး ပြောကြတယ်။ တကယ် ၁၈ နှစ် မပြည့်ရင် မစုပါဘူး။ ပြန်သွားဖို့ ခွင့်ပြုနေပါတယ်။

မေး။     ။ နောက်ပိုင်း လွှတ်တော် အစည်းအဝေးတွေကို လွှတ်တဲ့ တပ်မတော်သား တွေကို တခြားပြည်သူတွေလို ရွေးကောက်ပြီးမှ လွှတ်ဖို့ အစီအစဉ်များ ရှိလာမလား။

ဖြေ။     ။ ဘယ်လိုလုပ်ပြီး ရှိလာနိုင်မလဲ။ တပ်မတော်သား ကိုယ်စားလှယ်ဆိုတာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရွေးတာပဲ ရှိမယ်။ တပ်မတော်မှာ မဲဆန္ဒနဲ့ ရွေးတာမရှိဘူး။

မေး။     ။ အမိန့်နဲ့ပဲ ရွေးတာပေါ့။

ဖြေ။     ။ ဟုတ်ပါတယ်။

မေး။     ။ ခုနက ပြောသွားတဲ့ အထဲမှာ တပ်မတော်က ပြည်သူတွေကို မထိခိုက်ရဘူးလို့ ပါတယ်။ နစ်နာတာတွေ မလုပ်ရဘူးလို့ ပြောပါတယ်။ မနှစ်က ကချင်မှာဆိုလည်း တော်တော် ကြားရတယ်။ ကချင်အမျိုးသားတွေ ဖမ်းတယ်၊ အမျိုးသမီးတွေ ဆိုလည်း ဆွန်လွတ်ရာဆိုတဲ့ အမျိုးသမီးဆို တော်တော် နာမည်ကြီးပါတယ်။ အမှုတွေက မပေါ်ဘူး။ အမျိုးသား အချင်းချင်း စော်ကား တာတွေတောင် ရှိတယ်လို့ ကြားတယ်။ ဒါတွေ အမှုမပေါ်တာ ရှိတယ်၊ ဒီလိုတွေ ကျတော့ တပ်ပိုင်း အရေးယူမှုတွေနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်။

ဖြေ။     ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာလည်း တွေ့ပါလိမ့်မယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အမိန့်သည် အတည် ဆိုတာ။ တပ်မတော်မှာ ဥပဒေ နှစ်ခုကို တပ်မတော်သားတိုင်း လိုက်နာရပါတယ်။ တခုက တပ်ဥပဒေ၊ နောက်တခုက ပြည်သူလူထု ပြဌာန်းထားတဲ့ ဥပဒေ၊ ဒီနှစ်ခုကို လိုက်နာရပါတယ်။ တပ်မတော် ဥပဒေအရ ချိုးဖောက်ခံရလည်း အရေးယူခံရမှာပဲ။ အရပ်ဘက် ဥပဒေအရ ဥပမာ – ပုဒ်မ ၃၂၀ နဲ့ ငြိလည်း အရေးယူမှာပါပဲ။ တပ်မတော် မှာလည်း ဥပဒေ တင်းကျပ်တဲ့ အတွက် စုံစမ်း စစ်ဆေးရေး ခုံရုံးတို့၊ ဒါတွေရှိတယ်။ အမှုပေါ်ရင် အရေးယူ ခံရမှာပဲ။

မေး။     ။ အဲဒီ အမှုတွေက မြုပ်နေတာ ကကော။

ဖြေ။     ။ မမြုပ်ဘူး။ နိုင်ငံတော် တရားသူကြီး အထိ တက်ပြီး အမှုက စစ်ပြီးပြီ။

မေး။     ။ ထုတ်ပြန်ဖို့ကော ရှိပါသလား။

ဖြေ။     ။ သတင်းထုတ်တာက ဟိုဘက်အပိုင်း။ တပ်မတော်ကတော့ သတင်းထုတ်စရာ အကြောင်းတော့ မရှိဘူး ထင်တယ်။ တခုက အယူခံ ဝင်တာတို့ ဘာတို့ လုပ်လို့ရတယ်။ တချို့ အပိုင်းတွေမှာ ကျတော့ ဒီပြည်သူတွေလို တပ်မတော်မှာ ဖြစ်တာကိုတော့ သတင်း ထုတ်ပြန်မှု မရှိဘူး။

မေး။     ။ ဒါတွေက တပ်ကို နားလည်မှုလွဲစေတာ မျိုးတွေ မရှိနိုင်ဘူးလား။

ဖြေ။     ။ ကိုယ်သိတာကတော့ သတင်းစာတွေမှာ ဆောင်းပါးတွေ ပြန်ရေးတာတွေ ဘာတွေ ရှိပါတယ်။ တပ်မတော် အနေနဲ့ ဖြေရှင်းတဲ့ သဘောပဲ၊ ကိုယ်ထင်တယ်။ အပိုင်းကဏ္ဍ တခုအနေနဲ့ ပြီးသွားပြီလို့ ကိုယ်ထင်ပါတယ်။

မေး။     ။ ဒါဆို နိုင်ငံပိုင် သတင်းစာတွေက ထုတ်ပြန်တာက တရားဝင်တဲ့ သဘောပေါ့။

ဖြေ။     ။ သတင်းစာမှာ ပြောတာသည် ပြည်သူကို အသိပေးတာလေ။ ကိုယ်တို့ လဂျားယန်ဘက် ရိက္ခာပို့ရင်း ဖြစ်တာဆို မြဝတီသတင်းစာမှာ ပါတာပဲ။ ဆောင်းပါးတွေ ရေးတာ အသိပေးတာပဲ။

မေး။     ။ အခု နောက်ပိုင်း တပ်မတော်သားတွေကြောင့် နစ်နာတာတွေ၊ ဆုံးရှုံးတာတွေ တော်တော် ကြားလာရတယ်နော်။ ဒါက အထက်ပိုင်း အုပ်ချုပ်မှုပိုင်း လျော့လာလို့လား။ လူတွေအပေါ်မှာ တပ်မတော်သားတွေက နိုင်လိုမင်းထက် ရှိလာလို့လား။ ဘယ်လိုများ ပြောချင်ပါသလဲ။

ဖြေ။     ။ ဒါက ဘယ်နှခုရှိနေလို့လဲ။ ကြားနေရတာနဲ့တော့ ခြုံပြီးတော့ မပြောနဲ့လေ။ ကောလာဟလတွေ ရှိတယ်။ ကိုယ်တို့မှာ  ကောလာဟလ အကြားတွေ ဖြစ်နေတယ်။ ဒီလိုဆို မဆုံးနိုင်တော့ဘူးပေါ့။ ကိုယ်တို့မှာ သတင်းထုတ်ပြန်ရေး ဆိုတာ ရှိပါတယ်။ မေးလို့ ရပါတယ်။ ကောလာဟလနဲ့သာ ပြောမယ်ဆိုရင်တော့ တပ်မတော်လည်း ရစရာရှိမှာ မဟုတ်သလို၊ ဘယ်လိုမှလည်း ဆုံးစရာမရှိဘူး။

မေး။     ။ တပ်မတော်သား တယောက် ဥပဒေနဲ့ ငြိစွန်းပြီဆို ဘယ်လိုမျိုး ကျခံရလဲဆိုတာ သိချင်ပါတယ်။

ဖြေ။     ။ ဥပဒေတွေက ရှိပြီးသား။ ပုဒ်မ ၆၅၊ ၇၃၊ ၇၁ ဆိုတာ ရှိတယ်။ တပ်မတော်သား တွေသာ မေးကြည့်။ ဘယ်လို အပြစ်လုပ်ရင် ဘယ်လိုကျသလဲ ဆိုတာ ပေါ့ပါးတဲ့ အမှုဆိုတာ တပ်မှာ မရှိပါဘူး။

မေး။     ။ ခုနက တပ်မတော်သားဟာ နိုင်ငံကို ကာကွယ်တဲ့ တပ်မတော်၊ နောက် အမိန့် နာခံတတ်တဲ့ တပ်မတော်လို့ ပြောပါတယ်။ အခုက သမ္မတ ဆိုတဲ့ ရွေးကောက် တင်မြှောက်တဲ့ အုပ်ချုပ်သူတွေ ပေါ်လာပြီဆိုတော့ ဥပမာ ၂၀၁၅ မှာများ တစုံတဦး၊ အနီးစပ်ဆုံးဆို ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံ့ခေါင်းဆောင် အဖြစ် ပြည်သူက ရွေးလာခဲ့ရင် တပ်မတော်ဟာ သူ့ရဲ့ အမိန့်တွေ အတိုင်း နာခံတတ်တဲ့ တပ်မတော် အနေနဲ့ ရပ်တည်နိုင်မလား သိချင်ပါတယ်။

ဖြေ။     ။ (ရယ်လျက်) မေးသူ ကိုယ်တိုင်ကော ဘယ်လိုထင်သလဲ။ ကိုယ်တိုင် ဖြေကြည့်ပေါ့။ တပ်မတော်သားမှာ သစ္စာ ၄ ချက် ရှိတယ်။ အထက်က ပေးအပ်သော အမိန့်နဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမယ် ဆိုတာပါတယ်။ အဖြေကဒါပဲ။ တပ်မတော် ယူနီဖောင်း ဝတ်သမျှ ဒါလုပ်ဆို လုပ်ရတာပဲ။ အထက်က ပေးအပ်သော အမိန့်နဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမယ် ဆိုတာက ကိုယ်တို့ အထက်မှာ အမိန့်ပေးတာ ဘယ်သူရှိမလဲ။ သမ္မတက ဦးသိန်းစိန်မှ မဟုတ်ဘူး။ ဘယ်သူတက်တက် တပ်မတော်သား ဆိုတာ အမိန့် မနာခံတတ်သူ မရှိပါဘူး။ ကမ္ဘာမှာလည်း မရှိဘူး။ နိုင်ငံမှာလည်း မရှိဘူး။ ဒီအတွက် ဘာမှမပူနဲ့။ တပ်မတော်သား မှန်ရင် အထက်က ပေးအပ်သော အမိန့်နဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမယ် ဆိုတာကို လက်တွေ့ အကောင်အထည် ဖော်မယ့် သူချည်းပဲ။

မေး။     ။ လက်ရှိ တပ်ရဲ့ ဘဏ္ဍာ ငွေသုံးစွဲမှုကကော ဘယ်လိုများ သုံးနေသလဲ သိချင်ပါတယ်။

ဖြေ။     ။ ဘက်ဂျက်တွေ၊ ဘာတွေက ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တပ်မတော်က ကိစ္စမရှိဘူး။ တပ်မတော်က ကိုယ့်ခြေထောက်ပေါ် ရပ်ဖို့ ကြိုးစားနေတာပဲ။

မေး။     ။ ဒါဆို တပ်မတော် အသုံးစရိတ်ကို ကာမိအောင် အစီစဉ်တခုခု၊ လုပ်ငန်း တခုခုများ ရှိနေမလား။

ဖြေ။     ။ ရှိတယ် မရှိဘူး ဆိုတာတော့ ပြောမရဘူး။ ဒါပေမယ့် တပ်မတော်က ဝန်ထုပ်ဝန်ပိုး ဖြစ်တာမျိုး မရှိစေရဘူး။ ကိုယ့်ဘာသာ စိုက်မွေး ရပ်တည်တယ်။ အဲဒီလို ဖြစ်အောင် လုပ်တယ်။ တည်ဆောက်ရေးမှာတော့ ဘက်ဂျက်တော့ လိုတာပေါ့။

မေး။     ။ ဒါဆို အခု လက်ရှိ တည်ဆောက်ရေး အပိုင်းမှာ ဘက်ဂျက်လိုတာ ရှိတယ်ဆိုရင် တပ်မတော်က နိုင်ငံကို အပြည့်အ၀ ကာကွယ်နိုင်တဲ့ စစ်ပစ္စည်းတွေ ရှိပါ့မလား။

ဖြေ။     ။ အလုံအလောက် မရှိစရာလည်း မရှိဘူး။ နိုင်ငံကို ကာကွယ်ဖို့ကလည်း ဘာမှပြဿနာမှ မရှိဘူး။ တပ်မတော်မှာ မသိနိုင်တဲ့ အကြောင်းတရားတွေ ပြောလို့ မရတာ အများကြီးရှိတယ်။ ဒီကနေ့ တပ်မတော် ဘာတွေလုပ်လဲ မေးရင် ကိုယ်တို့လည်း ပြောလို့ မရဘူး။ လုပ်နေတာကတော့ အများကြီးပဲ။

မေး။     ။ ဒါဆို တပ်မတော်ရဲ့ စီးပွားရေးတခု ဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီက တိုးချဲ့ သွားဖို့ ရှိနေတာလား။

ဖြေ။     ။ ဦးပိုင် တိုးတာ မတိုးတာတော့ ကိုယ်မသိဘူး။ ကိုယ်က ဦးပိုင်ဥက္ကဋ္ဌ မဟုတ်ဘူး။ မဟုတ်တဲ့ အတွက်ကြောင့် မသိဘူး။ တပ်မတော်ကတော့ သူ့ခြေထောက်ပေါ် သူရပ်နိုင်အောင်တော့ လုပ်နေတယ်။ ဒါပဲ ပြောနိုင်တယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading