လားရှိုးမြို့ ပဋိပက္ခကြောင့် မြို့ပေါ်ရှိ နေအိမ်စွန့်ခွာ ထွက်ပြေးနေရသော မွတ်စလင် ၁ ထောင်ကျော်ကို ဒုက္ခသည်စခန်း ဖွင့်လှစ် လက်ခံထားပေးခဲ့သော သီရိမင်္ဂလာ မန်ဆူ ရှမ်းဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် အရှင် ပုညနန္ဒကို ဧရာဝတီသတင်းထောက် နန်းသီရိလွင်က တွေ့ဆုံ မေးမြန်းထားပါသည်။ အရှင်ပုညနန္ဒသည် မန်ဆူ ရှမ်းကျောင်းတွင် ၂၄ နှစ်တိုင် ကျောင်းထိုင်ခဲ့ပြီး လားရှိုးပဋိပက္ခ စတင်သည့် မေလ ၂၉ ရက်မှ စတင် ထွက်ပြေးလာသော မွတ်စလင် ဒုက္ခသည်များကို လက်ခံထားခဲ့သည်။ မေ ၃၀ ရက်နေ့မှ စ၍ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းကာ နယ်မြေရဲကင်းနှင့် ရဲစခန်းများတွင် ခိုလှုံနေရသည့် မွတ်စလင်များ၊ လားရှိုးမြို့ အနီးတဝိုက်ရှိ တောင်ယာခင်းနှင့် တောတောင်များသို့ ထွက်ပြေး ပုန်းရှောင် နေသူများကို လိုက်လံ ရှာဖွေ၍ ဘုန်းတော်ကြီး ကျောင်းအတွင်း နေထိုင်နားခိုခွင့် ပြုခဲ့သည်။
မေး။ ။ မွတ်စလင် ဒုက္ခသည်တွေကို ဘယ်လိုလက်ခံ ဖြစ်သွားတာလဲ ဆိုတာ အမိန့်ရှိပါ။
ဖြေ။ ။ သူတို့က အကူအညီ တောင်းလာတာကလည်း တကြောင်း၊ နောက် နေရာအခက်အခဲကြောင့်လည်း ပါတယ်။ ဒီအချိန် ကာလမှာက တအားခက်ခဲတဲ့ အခြေအနေဆိုတော့ ဘာသာရေး တခုတည်း ကြည့်နေလို့ မရဘူး။ လူမျိုးရေး၊ စာနာမှု တွေ အားလုံး ရှေးရှုပြီးတော့ လောလောဆယ်မှာ ခိုကိုးရာ နေရာလေး အေးအေးချမ်းချမ်း ဖြစ်သွားအောင်၊ တည်တည်ငြိမ်ငြိမ် ဖြစ်သွားအောင် အခြေအနေ ဆိုးသည်ထက် ပိုမဆိုးပါစေနဲ့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်ခံဖြစ်သွားတာ။ ဒီလို အနေအထားမျိုးမှာ မွတ်စလင်မှ မဟုတ်ဘူး၊ ဘယ်လူမျိုး ဘယ်ဘာသာမဆို ကူညီရမယ်။
မေး။ ။ အခု လားရှိုးမှာ ဖြစ်သွားတဲ့ ပြဿနာကိုရော ဘုန်းဘုန်း ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ဖြစ်သွားတဲ့ အနေအထားမှာ မြို့ခံတွေ အနေနဲ့ မဟုတ်ဘဲနဲ့ အပြင်ပယောဂတွေ ပိုများနေတာ တွေ့ရတယ်။ နောက်တခုက ကောလာဟလတွေ ဒါကြောင့်လည်း ကြီးထွားလာတာလို့ သုံးသပ်မိတယ်။ ရာဇဝတ်မှု တခုကို လူမှုရေးခုတုံး၊ ဘာသာရေး ခုတုံးလုပ်ပြီးတော့ ဆူပူအောင်လုပ်တယ်လို့ မြင်ပါတယ်။
မေး။ ။ ဒီနှစ်ထဲမှာ အတွေ့ရများလာတဲ့ ၉၆၉ အမှတ်တံဆိပ်နဲ့ ၉၆၉ သံဃာတွေကိုရော ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ၉၆၉ က ဘာသာရေး သင်္ကေတ တခုပဲ။ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို သင်္ကေတ ယူထားတာ။ ဒီ ၉၆၉ ကို ခုတုံးလုပ်ပြီး အကြမ်းဖက် လုပ်ရပ်တွေ လုပ်တာကိုတော့ လက်မခံနိုင်ဘူး။ ဒီဘက်မှာတော့ ဒီတံဆိပ်က သိပ်မပျံ့နှံ့လာဘူး။ ဒါနဲ့ ပတ်သက်လို့လည်း ဒီဘက်ဒေသမှာ ဘာပြဿနာမှ မရှိဘူး။ အခု လားရှိုးမှာ ဖြစ်သွားတာကလည်း ဘာသာရေးကြောင့် ဒီလို ဖြစ်တာမဟုတ်ဘူး။ ကောလာဟလကြောင့် ဒီလို ဖြစ်တယ်လို့ သုံးသပ်လို့ ရတယ်။
မေး။ ။ ဒီ မန်ဆူ ကျောင်းထဲမှာ မွတ်စလင် ဒုက္ခသည် ထောင်ဂဏန်းကျော် လက်ခံထားတယ်။ မွတ်စလင် တွေနဲ့ ပတ်သက်လို့ အကြမ်းဖက်ချင်တဲ့ သူတွေကလည်း ရှိနေတယ်ဆိုတော့ ဘုန်းဘုန်းအနေနဲ့ ကိုယ့်ကျောင်းရဲ့ လုံခြုံရေးကို စိုးရိမ်မှု မဖြစ်ဘူးလား။
ဖြေ။ ။ ဒီမှာကျတော့ စိုးရိမ်မှု မဖြစ်ဘူးဆိုတာက တကယ့် မေတ္တာနဲ့ ရှေ့ထားပြီး လက်ခံထားတာ ဖြစ်တယ်။ အာဏာပိုင် အဖွဲ့အစည်းရဲ့ ကူညီပံ့ပိုးမှုလည်း ရနေတယ်။ ဒေသခံ ရှမ်း၊ ဗမာ၊ ဗုဒ္ဓဘာသာလူထုကလည်း တကယ့် မေတ္တာနဲ့ ကူညီနေတယ်။ ဌာနဆိုင်ရာ အသီးသီးကလည်း ပံ့ပိုးနေတော့ လုံခြုံရေးကို စိုးရိမ်မှု သိပ်မဖြစ်ဘူး။ စိတ်ချတယ်။ ပြီးတော့ သူတို့ များလာတော့ ၂ နေရာ ခွဲဖို့ ဆုံးဖြတ်ထားတာလည်း ရှိတယ်။ အားကစားရုံကို တဝက်ပို့မယ်။ ကျန်းမာရေးအတွက်ပါ တွေးပြီးတော့ အခုလို ခွဲလိုက်တာ။ သတိ ဝီရိယတော့ အားလုံး ထားရတာပေါ့။ အဘက်ဘက်ကနေ ကြည့်တော့ မလိုတဲ့ သူတွေလည်း ရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီလို လက်ခံထားတာဟာ လူမှုရေးအရ၊ ဘာသာရေးအရ မဟုတ်ဘူး။ လူကို လူလို လူသားချင်း စာနာတဲ့အနေနဲ့ အားလုံး ခေတ္တခဏ တည်းခိုခွင့်ပြုတဲ့ သဘောပါပဲ။ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်၊ ခိုကိုးရာမဲ့တဲ့ ပုဂ္ဂိုလ်ကို ကိုယ်ကလည်း နေရာပေးနိုင်တဲ့ အနေအထားမှာ ရှိနေတော့ အခုလို လက်ခံခြင်းဖြစ်တယ်။
မေး။ ။ အရင်ကရော လားရှိုးမြို့ထဲက မွတ်စလင် ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဆက်သွယ်မှု ရှိလား။
ဖြေ။ ။ သူတို့နဲ့ ဆက်ဆံရေးက အားလုံး အဆင်ပြေပါတယ်။ မြို့ခံနယ်ခံတွေက အားလုံး ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးရှိတယ်။
မေး။ ။ လားရှိုးပဋိပက္ခနဲ့ ပတ်သတ်လို့၊ နောက်ပြီး ဒီ ဒုက္ခသည်တွေနဲ့ ပတ်သတ်လို့ ဘာများ ထပ် အမိန့်ရှိလိုပါသေးလဲ။
ဖြေ။ ။ မြန်မြန်လေး အေးချမ်းအောင်ပဲ အားလုံး ဝိုင်းဝန်းကူညီပါလို့ ပြောချင်တယ်။