လွတ်မြောက်မှုအတွက် လမ်းညွှန်တခု
This article has been converted from Zawgyi One to Unicode
တောင်အာဖရိကနိုင်ငံမှာ ကျနော်တို့ သင်ခန်းစာထုတ်ယူနိုင်ခဲ့တဲ့ အချက်တချို့ကို ဒီမှာ တင်ပြချင်ပါတယ်။ ဒီမိုကရေစီ အကူးအပြောင်း လုပ်ဆောင်နေကြတဲ့၊ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေကြတဲ့၊ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးအတွက် မျှော်လင့်ချက်ထားကြတဲ့ လူထုတွေရဲ့ လူ့ဘ၀ အရည်အသွေး တိုးတက်မြင့်မားလာစေဖို့ ရည်မှန်းချက်ထားကြတဲ့၊ ဒီမိုကရေစီကို ချီတက်နိုင်ဖို့ လူထုတွေဆီကို လွတ်မြောက်ရေး ဆောင်ကျဉ်းပေးနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ တခြား ကမ္ဘာ့နိုင်ငံအားလုံးအတွက် ဒီသင်ခန်းစာတွေက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
ကျနော် လေ့လာတွေ့ရှိခဲ့ရတဲ့ သင်ခန်းစာအားလုံးကို အကျယ်တဝင့် ပြန်ပြောပြဖို့ အချိန်တော့ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်က အချက် ၅ ခုတော့ ပြောလိုပါတယ်။
ပထမ အချက်အနေနဲ့ အကယ်၍ ခင်ဗျားတို့က အကြမ်းဖက်မှု သံသရာစက်ဝန်းကို ချိုးဖျက်ချင်တယ် ဆိုလို့ရှိရင်၊ အကယ်၍ ခင်ဗျားတို့က ပိုလို့ ကြွယ်ဝချမ်းသာတဲ့ လူမှုအဖွဲ့အစည်းအတွက် အခြေခံအုတ်မြစ်ကို ချချင်တယ် ဆိုလို့ရှိရင်၊ အကယ်၍ ခင်ဗျားတို့က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချင်တယ် ဆိုလို့ရှိရင်၊ အခြေခံကျတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို စတင် လုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာ ခေါင်းဆောင်လုပ်သူတွေက အရင်ဆုံး လက်ခံ သဘောပေါက်ဖို့ လိုပါတယ်။
တောင်အာဖရိကမှာ ဒီလို ဖြစ်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရမယ်ဆိုတာ ကျနော်နဲ့ အမျိုးသားပါတီ (National Party) ထဲက လုပ်ဖော်ကိုင်ဖက် ခေါင်းဆောင်တွေ လက်ခံ သဘောပေါက်ခဲ့ကြပါတယ်။ ကျနော်တို့က အသားအရောင် ခွဲခြားရေးစနစ်ကို ပြုပြင်မွမ်းမံနေလို့ မရတော့ပါဘူး။ ဒီစနစ်ကို လူတွေ ပိုမိုလက်ခံလာအောင်ဆိုပြီး လုပ်လို့ မရတော့ပါဘူး။ ခွဲခြား နေထိုင်ရမယ်ဆိုတဲ့ အမြင်၊ အယူအဆကို ကျနော်တို့က စွန့်လွှတ်ပြီး အတူတကွ နေထိုင်ရမယ်ဆိုတဲ့ မျှော်မြင်ချက်ကို ပွေ့ပိုက်လက်ခံဖို့ လိုအပ်ပါတယ်။ တစုတစည်းတည်းသော ညီညွတ်တဲ့ တောင်အာဖရိက နိုင်ငံဆိုတာမျိုးပါ။ အားလုံးအတွက် တန်းတူညီမျှ အခွင့်အရေးရှိပြီး ခွဲခြားဆက်ဆံမှုတွေ နိဂုံးချုပ် အဆုံးသတ်ရပါမယ်။ ဒါပေမယ့် ကိုလိုနီစနစ် ဖျက်သိမ်းရေးကို အလျင်အမြန် လုပ်ဆောင်လိုက်လို့ မတည်ငြိမ်မှု အရှုပ်အထွေး ပြဿနာတွေကြားထဲ ကျန်အာဖရိက နိုင်ငံတွေ ကျရောက် ခဲ့ရပါတယ်။ အဲဒီ အခြေအနေတွေ ကနေတဆင့် အာဏာရှင်တွေ၊ စစ်ဝါဒီတွေ လက်အောက် နောက်ထပ် ကျရောက်ခဲ့ပါတယ်။ အဲဒီလို အခြေအနေမျိုး မဖြစ်ရလေအောင် ကျနော်တို့ တောင်အာဖရိက နိုင်ငံအနေနဲ့ သေချာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ဆိုလိုတာက အခြေခံကျကျ ပြောင်းလဲရတော့မယ်လို့ ကျနော်တို့က လက်ခံ သဘောပေါက်ပါတယ်။ ၁၈၀ ဒီဂရီ အချိုးအကွေ့ကို လှည့်ပြောင်းရတော့မှာပါ။ အလားတူပဲ သမ္မတ မင်ဒဲလားနဲ့ အာဖရိကန် အမျိုးသား ကွန်ဂရက် (ANC) က ခေါင်းဆောင်ပိုင်းတွေကလည်း သူတို့အနေနဲ့ တော်လှန်စစ်ကို ဆင်နွှဲလို့ မအောင်မြင်နိုင်ဘူး ဆိုတာကို လက်ခံလာရပါတယ်။ အင်အားသုံးပြီး အာဏာရရေး လုပ်ဆောင်မယ်ဆိုတဲ့ အမြင်ကို စွန့်လွှတ်ကြပြီး ဒီမိုကရေစီ နည်းလမ်းနဲ့ အာဏာရယူမယ်ဆိုတာ လက်ခံလာကြရပါတယ်။
ကျနော်တို့က ညှိနှိုင်း အပေးအယူ လုပ်ခဲ့ရပါတယ်။ နှစ်ဖက်စလုံးက လုပ်လည်းလုပ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ရလဒ်အနေနဲ့ နောက်ပိုင်း ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ဒါကြောင့် အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို စတင်လုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာ ခေါင်းဆောင်တွေ လက်ခံလာအောင် အရင်ဆုံး လုပ်ရပါမယ်။
ဒုတိယ အချက်အနေနဲ့ အင်အားစုအားလုံး ပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကနေ ပေါ်ထွက်လာတဲ့ သဘောတူညီမှုတွေကို အခြေခံမှသာ ဘယ်လို နိုင်ငံရေးစနစ်သစ်မျိုးမဆို အောင်မြင်ကြမှာပါ။ “အင်အားစု အားလုံး ပါဝင်တဲ့” တွေ့ဆုံ ဆွေးနွေးပွဲတွေ ဆိုတာကို ဒီနေရာမှာ ဘာ့ကြောင့် ကျနော် အလေးပေး ဖော်ပြရတာပါလဲ။ ပဋိပက္ခ အများစုမှာ အင်အားစု အများအပြားက အကြောင်းအချက် အမျိုးမျိုးနဲ့၊ စိုးရိမ်ပူပန်ချက် အမျိုးမျိုးနဲ့၊ မျှော်မြင်လိုလားချက် အမျိုးမျိုးနဲ့ ပါဝင်ပတ်သက်နေကြပါတယ်။
အားလုံးက တညီတညွတ်တည်း လက်ခံတဲ့ သဘောတူညီမှုကို ရယူနိုင်ပါမှ၊ “အခြေခံ ဥပဒေအသစ်ကို ငါတို့ပိုင်တယ်။ စေ့စပ်ညှိနိုင်းပြီး ရလာတဲ့ သဘောတူညီချက်တွေထဲက အခြေခံမူတွေကို ငါတို့ပိုင်တယ်” လို့ ပြောတဲ့ ပြည်သူအများစု ပါဝင်တဲ့ သဘောတူညီချက်ဖြစ်ပါမှ အဲဒီသဘောတူညီချက်က ရေရှည်တည်တံ့ခိုင်မြဲမှာပါ။
ဒီအချက်ကနေ ကျနော် တတိယအချက်ကို ဆွဲယူဖော်ပြလိုပါတယ်။ အဲသလို ညှိနှိုင်းဆွေးနွေးပွဲတွေမှာ၊ ညှိနှိုင်းဆွေးနွေးပွဲတွေ ကနေရလာတဲ့ သဘောတူညီချက်တွေမှာ ပဋိပက္ခထဲ ပါဝင်ပတ်သက်နေတဲ့ အင်အားစုတွေရဲ့ ကျိုးကြောင်း ဆီလျော်တဲ့ စိုးရိမ်ပူပန်ချက်တွေ၊ မျှော်မြင်လိုလားချက်တွေ အားလုံးကို ထည့်သွင်းစဉ်းစားပေးရပါမယ်။ ဆိုလိုတာက အင်အားစု အားလုံးက အနစ်နာခံ ပေးဆပ်ရမယ်။ ဆိုလိုတာက ညှိနှိုင်းဆွေးနွေးပွဲတွေကနေ အောင်မြင်သူနဲ့ ရှုံးနိမ့်သူဆိုပြီး ပေါ်ထွက်တာမျိုး မဖြစ်စေရပါဘူး။
ကျနော် ဆိုလိုချင်တာက ပါဝင်တက်ရောက်ကြသူ အင်အားစု အားလုံးအနေနဲ့ သူတို့ရဲ့ အရေးကြီး ကိစ္စရပ်တွေကို သက်ဆိုင်ရာ မဲဆန္ဒနယ်ပယ်တွေမှာ ပြန်လည် ဆွေးနွေးတင်ပြနိုင်အောင် အချိန် လုံလုံလောက်လောက် ရဖို့လိုအပ်ပါတယ်။ “ကျနော်တို့က ကိစ္စရပ် က၊ ခ၊ ဂ တွေမှာ အလျှော့ပေးရမယ်။ ဒါပေမယ့် ကျနော်တို့က ကိစ္စရပ် ဃ၊ င နဲ့ စ မှာတော့ ပြန်ရ စရာရှိပါတယ်။ ကိစ္စရပ် ဃ၊ င နဲ့ စ တွေက ကျနော်တို့အတွက် အလွန် အရေးကြီးပါတယ်။ ဒါကြောင့် ကျနော်တို့က က၊ ခ နဲ့ ဂ ကို စွန့်လွှတ်လိုက်ကြရအောင်” စသည်ဖြင့် ပြန်ရှင်းပြနိုင်စေရပါမယ်။
တောင်အာဖရိက နိုင်ငံမှာတော့ ဒီလို ဖြစ်ခဲ့ပါတယ်။ မလုပ်ချင်ဘဲနဲ့ လုပ်ခဲ့ရတဲ့ ရင်နာစရာ အလျှော့ပေးမှုတွေကို နှစ်ဖက်စလုံးက လုပ်ခဲ့ရပါတယ်။ ဝမ်းနည်းကြေကွဲဖွယ် ကောင်းတာက ဆွေးနွေးငြင်းခုန်မှု အသစ်တခုကို ပြီးခဲ့တဲ့ လအနည်းငယ်မှာ ANC က စတင်လုပ်လာတာပါ။ သူတို့က ၁၉၉၃ ခုနှစ်နဲ့ ၁၉၉၆ ခုနှစ်တွေမှာ ရရှိထားခဲ့တဲ့ သဘောတူညီချက်တွေကို ပြန်လို့ စိစစ်သုံးသပ် ချင်တယ်လို့ဆိုပါတယ်။ ဒီကိစ္စက စိတ်အနှောက်အယှက် ဖြစ်ဖွယ်ပါ။ ကျနော်တို့ရဲ့ တည်ကြည်စွာ ချုပ်ဆိုထားတဲ့ သဘောတူ ညီချက်တွေရဲ့ အခြေခံ အုတ်မြစ်တွေကို ပြန်တူးဆွ တိုက်ခိုက်ချင်၊ မေးခွန်းထုတ်ချင် နေကြတာပါ။ ဒီသဘောတူညီချက်တွေကြောင့်ပဲ တောင်အာဖရိက နိုင်ငံသစ် တည်ထောင် နိုင်ခဲ့ကြတာပါ။ ဒါပေမယ့် ဒီလို မေးခွန်းထုတ် တိုက်ခိုက်နေတာက သီးခြားကိစ္စပဲ ဖြစ်ပြီး သီးခြား ရည်ရွယ်ချက်တွေ ရှိနေပါတယ်။။
ကျနော် ထောက်ပြလိုတဲ့ အချက်ကတော့ တွေ့ဆုံညှိနှိုင်းမှုတွေမှာ အပေးအယူ ရှိကြရပါမယ်။ လူတိုင်းက နာကျင်မှုတွေလည်း ခံစားကြရပါမယ်။ ဒါပေမယ့် လူတိုင်းဟာလည်း အခု တွေ့ဆုံဆွေးနွေးမှု တွေကတဆင့် ကျေနပ်အားရမှု တစုံတရာလည်း ခံစားရရှိကြရပါလိမ့်မယ်။
စတုတ္ထအချက်ကတော့ ညီညွတ်မှုနဲ့ မတူကွဲပြားမှု နှစ်ခုကြားထဲမှာ မျှတတဲ့ အခြေအနေတခုကို ရအောင် ယူနိုင်ဖို့ လိုပါတယ်။ ကမ္ဘာပေါ်မှာ ရှိနေတဲ့ ဒီနေ့ ပဋိပက္ခအများစုကို စဉ်းစားကြည့်လိုက်ပါ။ အများစုက နိုင်ငံတွေ အချင်းချင်းကြားမှာ ဖြစ်နေကြတာ မဟုတ်ဘဲ နိုင်ငံတခုထဲမှာ နေထိုင်နေကြတဲ့ ပြည်သူအချင်းချင်းကြားမှာ ဖြစ်ပွားနေတာပါ။ အခုကာလမှာ နိုင်ငံတခုနဲ့ တခုအကြား၊ အမျိုးသားအစိုးရ တခုနဲ့တခုအကြား ဖြစ်တဲ့ စစ်ပွဲတွေက သိပ်မရှိတော့ပါဘူး။
(၂၀၁၁ ခုနှစ်အတွင်း) မကြာသေးခင်က လေ့လာမှုတခုအရ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှု အပြင်းအထန်ဆုံး ပဋိပက္ခ ၂၅ ခု အနက် ၂ ခုကပဲ နိုင်ငံတခုနဲ့ တခုအကြား ဖြစ်တာပါ။ ပဋိပက္ခ ၂၃ ခုက နိုင်ငံနယ်နိမိတ် တခုအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အချင်းချင်းကြားမှာ ဖြစ်ကြတာပါ။ ဘာသာစကား ယဉ်ကျေးမှု သမိုင်းနောက်ခံ အများစုတူတဲ့ နိုင်ငံသားတွေ အချင်းချင်းကြားထဲမှာ ဖြစ်ပွားကြတာပါ။
ကွဲပြားခြားနားမှုကို ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲ၊ ဘယ်လို စီမံခန့်ခွဲကြမလဲ ဆိုတာကတော့ ခက်ခဲတဲ့အပိုင်းပဲ ဖြစ်ပါတယ်။ ခင်ဗျားတို့က ပြဿနာတွေကို ဖြေရှင်းချင်တယ် ဆိုရင်တော့၊ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတခုမှာ ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးချင်တယ် ဆိုရင်တော့ ညီညွတ်မှု (နိုင်ငံတခုလုံးသဘော) နဲ့ ကွဲပြားခြားနားမှု (နိုင်ငံတခု ဖြစ်ပေါ်စေရန် ဖန်တီး တည်ဆောက်ပေးထားတဲ့ အုပ်စုများ) အကြား မျှတတဲ့ အခြေအနေတခုကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
သူတို့ကို ကွက်ချန် ပစ်ပယ်ထားတယ် ဆိုတာမျိုး အရေးကြီးတဲ့ တိုင်းရင်းသား လူနည်းစုတွေ စိတ်ထဲ ခံစားစေလို့ မဖြစ်ပါဘူး။ သူတို့က နိုင်ငံတခုလုံးကို တည်ဆောက်ဖို့ အရေးကြီးတဲ့ မဲဆန္ဒနယ် အစိတ်အပိုင်းတွေလို့ အသိအမှတ် ပြုကြရပါမယ်။
နောက်ပြီးတော့ အထက်ဖော်ပြပါ အချက်အားလုံးအပြင် အကြမ်းဖက် ပဋိပက္ခတွေက လွန်မြောက်လာတဲ့ နိုင်ငံတွေအနေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဖော်မြူလာ (ဆေးနည်းကား) လိုပါတယ်။ တောင် အာဖရိကမှာတော့ အဲဒီ ပြဿနာတွေကို နိုင်ငံရေးဆိုင်ရာ ရာဇဝတ်မှုများလို့ ခေါ်ဆိုကြပါတယ်။ တဦးချင်း တယောက်ချင်း ချမ်းသာကြွယ်ဝဖို့ ကျုးလွန်ကြတာ မဟုတ်ဘဲ မြင့်မြတ်တယ်လို့ ယုံကြည်တဲ့ကိစ္စတခု အရေးတော်ပုံ တခုအတွက် နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ကျူးလွန်ကြတဲ့ ရာဇဝတ်ပြစ်မှုတွေပါ။
အောင်မြင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေ မဖြစ်အောင် ပိတ်ဆို့ ဟန့်တားနေတဲ့ ကြီးမားတဲ့ အကြောင်းကိစ္စတခု နိုင်ငံအများစုမှာ ရှိတတ်ပါတယ်။ ဒီကိစ္စက အခြေအနေတွေကို ပြောင်းလဲလာစေဖို့ ဒီမိုကရေစီကို ပြောင်းလဲဖို့ ပိုမိုလွတ်လပ်တဲ့ အခြေအနေကို ဖန်တီးဖို့ ခေါင်းဆောင်တွေအနေနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ စတင် မလုပ်ဆောင်နိုင်အောင် တားဆီးထားတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ဒီကိစ္စကို မေးခွန်း ၂ ခုနဲ့ အကျဉ်းချုပ် ဖော်ပြနိုင်ပါတယ်။ “အကယ်၍ ငါသာ အာဏာ လက်လွတ်သွားခဲ့ရင် ငါ ထောင်ကျမှာလား၊ ငါ့ကို လက်စားချေကြမှာလား” ဆိုတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။
ဇင်ဘာဘွေမှာရှိတဲ့ စစ်ဗိုလ်ချုပ်တွေက ရောဘတ် မူဂါဘီကို ဝိုင်းဝန်းကျားကန် ပေးနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အစိုးရလက်ထက်မှာ စစ်ဗိုလ်ချုပ်တွေ ကျူးလွန်ဆောင်ရွက်ထားခဲ့တဲ့ ကိစ္စတွေအတွက် သူတို့ကို ပြန်လည် လက်စားချေမလားလို့ စိုးရိမ်နေကြပါတယ်။ အခြားနိုင်ငံတွေမှာလည်း အလားတူ ဖြစ်ပျက်ကြတာပါပဲ။ ဒါကြောင့်မို့လို့ ခင်ဗျားတို့က ဖော်မြူလာ (ဖော်နည်းကား) တခုကို ရှာဖွေဖို့ လိုအပ်ပါတယ်။ တောင်အာဖရိက အနေနဲ့တော့ အတိုင်းအဆ ကြီးမားတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဖော်မြူလာကို ချမှတ်ဆောင် ရွက်ခဲ့ပါတယ်။ အမှန်ပြောရရင် ကျနော်လိုလားတဲ့ အခြေအနေထက်တောင် ကျော်လွန်သွားခဲ့ပါတယ်။
ANC အဖွဲ့က လွတ်ငြိမ်းချမ်းသာခွင့်ကို ပြစ်မှုရဲ့ ကြီးလေးမှု အတိုင်းအတာ မခွဲခြားဘဲ ပေးရမယ်လို့ အတင်းအကျပ် တိုက်တွန်းပါတယ်။ ကျနော်ကတော့ နမီးဘီးယားနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ နိုဂါ့ဒ်မူ (Norgaard principles) ကို သဘောကျပါတယ်။ သူတို့က လွတ်ငြိမ်းချမ်းသာခွင့်ကို အတည်ပြုပေးပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် သွေးအေးအေးနဲ့ လူသတ်တဲ့ ကိစ္စမျိုးတွေ၊ လုပ်ကြံသတ်ဖြတ်မှုမျိုးတွေ၊ မုဒိမ်းကျင့်တာတွေ၊ အလားတူပြစ်မှုတွေ အကြုံးမဝင်ပါဘူး။ စစ်ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေရဲ့ ဘောင်ကိုကျော်တဲ့ လုပ်ရပ်မျိုးတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းဆိုတာက မမှန်ကန် မမျှတနိုင်ပါဘူး။
သမ္မတ မင်ဒဲလားနဲ့ သူ့ရဲ့အဖွဲ့ကို ရင်နာနာနဲ့ အပေးအယူပြုခဲ့ရတဲ့ ကိစ္စတခုကို ကျနော် ပြန်ပြီး အမှတ်ရနေပါသေးတယ်။ သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့ လူသတ်သမားတဦး၊ လူအများ ထိုင်နေကြတဲ့ သောက်စားနေကြတဲ့ စားသောက်ဆိုင် ဘားတခုထဲကို လက်ပစ်ဗုံးပစ်သွင်းခဲ့တဲ့ လူသတ်သမားတဦးကို ကျနော်တို့က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ရတဲ့ကိစ္စပါ။ သူ့လုပ်ရပ်ကြောင့် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ ကျနော်တို့က လူဖြူတဦးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း သဘောတူညီခဲ့ရပါတယ်။ သူက ဘတ်စကားပေါ်က လူတွေကို ရိုင်ဖယ်သေနတ်နဲ့ အကြိမ်ကြိမ် ပစ်ခဲ့ပြီး လူ ၁၀ ဦး သေဆုံးအောင် ပစ်ခဲ့သူပါ။ ပစ်ခတ်ရတဲ့ အကြောင်းကတော့ ကားစီးလာသူတွေက လူမည်းတွေ ဖြစ်နေလို့ပါပဲ။
ကျနော် ဒီ လွတ်ငြိမ်းချမ်းသာခွင့်တွေကို မပေးချင်ခဲ့ပါဘူး။ ANC ဘက်က အတင်းအကျပ် တောင်းဆိုပါတယ်။ ကျနော် အပေးအယူ လုပ်ခဲ့ရတဲ့ ကိစ္စတွေထဲမှာ ရင်အနာဆုံးနဲ့ လုပ်ဆောင်ခဲ့ရတဲ့ ကိစ္စတွေပါ။ ဒါပေမယ့် ရှေ့ကို ဆက်သွားနိုင်ဖို့ ဆိုရင် ကျနော်တို့ ဒီလိုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှပဲ အပေးအယူ ညှိနှိုင်း သဘောတူညီမှုတွေ ရရှိနိုင်မှာပါ။ ဒီလို ပြဿနာတွေကတော့ အကြမ်းဖက် ပဋိပက္ခတွေကနေ လွတ်မြောက်လာတဲ့ နိုင်ငံတိုင်းမှာ ပေါ်လာတတ်မယ့် ပြဿနာမျိုးတွေပါ။ ဒီလိုပြဿနာတွေက မူဝါဒအခြေခံအပေါ် ရပ်တည်ပြီး ဖြေရှင်းကြရမယ့် ပြဿနာတွေပါ။ အာဏာကို စွန့်လွှတ်ကြရမယ့် သူတွေရဲ့ အကြောက်တရားကို ရလာမယ့် အဖြေတွေက ပြေပျောက်အောင် လုပ်ပေးသင့်ပါတယ်။ ပေးဖို့ အဆင့်သင့်မဖြစ်သေးတဲ့ တန်ဖိုးတွေကို ပေးစရာမလိုဘူးလို့လည်း သူတို့ကို အာမခံ ပြောကြားသင့်ပါတယ်။ ဒီလို သင်ခန်းစာတွေက အီဂျစ်၊ တူနီးရှား၊ ဒီကနေ့ လစ်ဗျား၊ ကွန်ဂို၊ ဆူဒန်၊ မြန်မာနဲ့ ဆီးရီးယား၊ အစ္စရေးနဲ့ ပါလက်စတိုင်း နိုင်ငံတွေမှာလည်း အသုံးတည့်မယ်လို့ ကျနော်ယူဆပါတယ်။
အခုလို ပြဿနာ ဖြစ်နေရတဲ့ နေရာဒေသတွေမှာ ဘာကြောင့် နိုင်ငံရေးအရရှေ့ကို မတိုးတက်နိုင်တာလဲလို့ ခင်ဗျားတို့ စိစစ် သုံးသပ်ကြည့်မယ်ဆိုရင်၊ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှု သံသရာစက်ဝန်းကို ချေဖျက်ဖို့ ခေါင်းဆောင်တွေက ဘာကြောင့် လက်ဦးမှုရယူ မလုပ်ကိုင်ကြတာလဲ ဆိုတာကို ခင်ဗျားတို့ စိစစ်ကြည့်မယ်ဆိုရင်၊ ညှိနှိုင်းအဖြေရှာ အပေးအယူလုပ်တဲ့ လမ်းကြောင်းကို ဘာကြောင့် မရှာဖွေနိုင်ကြတာလဲ ဆိုတာကို ခင်ဗျားတို့ စိစစ်ကြည့်မယ်ဆိုရင် အခုဖော်ပြခဲ့တဲ့ အချက်တွေက ကမ္ဘာကြီးရဲ့ ပြဿနာဖြစ်နေတဲ့ နေရာဒေသတွေမှာ ပြဿနာတွေ ပြေလည်စေဖို့အတွက် နှလုံးသားနဲ့ နာယူရမယ့် သင်ခန်းစာတွေ ဖြစ်ပါတယ်။
နိုင်ငံရေး သိပ္ပံပညာရှင် ဖရန်စစ် ဖူကူယားမားက “အခုအချိန်ဟာ သမိုင်းရဲ့ နိဂုံးခရီးဆုံး” လို့ ပြောသွားခဲ့ပါတယ်။ ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား၊ သမိုင်းဟာ မဆုံးသေးပါဘူး။ ကျနော်တို့က သမိုင်းကို နောက်တကြိမ် ပြန်ရေးနေကြပါပြီ။ အစွန်းရောက် အစ္စလမ် အကြမ်းဖက်ဝါဒဟာ ခေတ်သစ်တခုအဖြစ် ပြန်လို့ ပေါက်ဖွား ပျံ့နှံ့နေပါတယ်။ လူတွေ ပြောဆိုနေကြတဲ့ အရင်းရှင်စနစ် ကျဆုံးခန်း၊ ဒါမှမဟုတ် ပိုလို့ တိတိကျကျ ပြောရရင် ကျနော်တို့ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ကြတဲ့ အရင်းရှင်စနစ် ပုံစံမျိုးရဲ့ ကျဆုံးခန်း စတာတွေက ခေတ်သစ်တခုကို ဖန်တီးနေကြပါတယ်။ သမိုင်းဟာ ပြီးဆုံးစရာ အကြောင်းမရှိပါဘူး ခင်ဗျား။
ANC မှာရှိတဲ့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကြိုက်လို့ ပြောပြောနေတတ်တဲ့ စကားရှိပါတယ်။ “တိုက်ပွဲက ဆက်ရှိနေဦးမယ်။ အမြဲတမ်း ဆက်ရှိနေပါလိမ့်မယ်”။
(အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မြို့တော်ရှိ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ လီဂါတန် အင်စတီကျု (Legatum Institute) နှင့် Foreign Policy မဂ္ဂဇင်းတို့ ပူးတွဲကျင်းပသော ဒီမိုကရေစီ ဓာတ်ခွဲခန်း (Democracy Lab) ဖွင့်ပွဲအဖြစ် ၂၀၁၁ ခုနှစ် မတ်လ ၅ ရက်နေ့က ပြောကြားသည့် တောင်အာဖရိက သမ္မတဟောင်း အက်ဖ် ဒဗလျူ ဒီကလပ် (F. W. de Klerk) ၏ မိန်းခွန်းမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။)