ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ ဖိတ်ကြားချက်ဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇွန် ၁၀ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ရန်ကုန်မြို့သို့ ရောက်ရှိနေသော ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/ SSA) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ဧရာဝတီသတင်းထောက် နန်းသီရိလွင်နှင့် ငြိမ်းငြိမ်းတို့က တွေ့ဆုံ မေးမြန်းထား ပါသည်။ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/ SSA) သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ နှင့် အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုရရှိခဲ့သည်။
မေး။ ။ အခုနောက်ဆုံး နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရတာကို ဘယ်အတိုင်းအတာအထိ အားရကျေနပ်မှု ရခဲ့ပါသလဲ။
ဖြေ။ ။ ကျနော်တို့ ပြည်ထောင်စု ငြိမ်ချမ်းရေး ဖော်ဆောင်ရေးကော်မတီရဲ့ ဖိတ်ကြားချက်အရ၊ သူတို့ရဲ့ အကျိုးဆောင် ပေးချက်အရ နိုင်ငံတော်သမ္မတကြီးနဲ့ လာရောက်တွေ့ဆုံတာ ဖြစ်ပါတယ်။ ကျနော်တို့ လာရောက် တွေ့ဆုံ ရခြင်း အရင်းမြစ်ကလည်း နိုင်ငံတော် သမ္မတကြီး ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေကို အားပေးဖို့ ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော် နိုင်ငံရေးတံခါးတွေ ပိတ်ထားခဲ့ပါတယ်။ ဒီဟာကို နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က စတင်ပြီးတော့ အဖွဲ့စည်းတိုင်းနဲ့ လက်ခံပြီး ဆွေးနွေးတယ်။ ဒါကြောင့်မို့ ကျနော်လည်း ဝမ်းသာပါတယ်။
မေး။ ။ သမ္မတကြီးနဲ့ တွေ့တဲ့ နေရာမှာ မူဝါဒပိုင်းဆိုင်ရာတွေ ဆွေးနွေးတယ်လို့ သိထားပါတယ်။ အဲဒီ ဆွေးနွေးချက်တွေ အပေါ် လက်တွေ့ အကောင်ထည်ဖော်ဖို့ ကျတော့ ဘယ်လိုစီစဉ်ထားပါသလဲ။
ဖြေ။ ။ ကျနော်တို့ လက်တွေ့ အကောင်ထည်ဖော်တဲ့ အခါမှာ ကျနော်တို့ ထပ်ပြီးတော့ အဆင့်လိုက် ဆွေးနွေးဖို့ လိုအပ် ပါသေးတယ်။ ပြီးတော့ ကျနော်တို့က အဘက်ဘက်နဲ့လည်း ဆွေးနွေးဖို့ လိုအပ် ပါသေးတယ်။
မေး။ ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့တုန်းက ဗုဒ္ဓ ရုပ်ပွားတော်နဲ့ ရှမ်းရိုးရာ ဝတ်စုံကို ဘယ်လို သဘောထားနဲ့ ပေးဖြစ်ခဲ့တာပါလဲ။
ဖြေ။ ။ ကျနော်တို့ ဒီလက်ဆောင် ရွေးရတဲ့ အကြောင်းရင်း တချက်ကတော့ ကျနော်တို့က ဗုဒ္ဓဘာသာ ကိုင်းရှိုင်းတဲ့ လူမျိုး ဖြစ်ကြတယ်၊ ပြီးတော့ ဗုဒ္ဓဘုရားရဲ့ တရားတော်မှာ သင်ကြားထားတာကတော့ မေတ္တာတရား ဖြစ်တယ်။ မေတ္တာတရားတွေ ရှိကြဖို့၊ မေတ္တာထားကြဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုလက်ဆောင် ပေးတာဖြစ်ပါတယ်။
မေး။ ။ ရှမ်းပြည်နယ်အတွင်းမှာ ဘိန်းစိုက်ပျိုးမှု တိုက်ဖျက် လုပ်ဆောင်နေတာရော ဘယ်လောက် အခြေအနေ အထိ လုပ်ဆောင် နေပါသလဲ။
ဖြေ။ ။ ကျနော်တို့ UNODC ရယ်၊ ပြီးတော့ ဗဟိုမူးယစ်ရယ်၊ ကျနော်တို့ RCSS ရယ် စပြီးတော့ ဆွေးနွေးခဲ့တာ ရှိတယ်။ အဲဒီနောက်ပိုင်းကနေ အခုအချိန်ထိတော့ လုပ်ဆောင်ရတာ မရှိသေးပါဘူး။ ကျနော်တို့က Pilot Project လုပ်ဖို့ အခုမှ နယ်မြေ ရွေးချယ်နေတုန်းပဲ ရှိပါသေးတယ်။
မေး။ ။ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ အစိုးရက ပံ့ပိုးကူညီမယ်လို့ သိရတယ်။ ဘိန်းစိုက် တောင်သူတွေနဲ့ ပတ်သက်ပြီး ဘာတွေများ လုပ်ဆောင် နေပါသလဲ။
ဖြေ။ ။ ကျနော်တို့ ဒေသခံ ပြည်သူလူထုတွေကို ပြုစုပျိုးထောင်ရေး လုပ်ငန်းမှာ အပိုင်းနှစ်ပိုင်း ချထားပါတယ်။ တပိုင်းကတော့ ပြည်သူလူထုအတွက်၊ ဘိန်းစိုက်တဲ့ တောင်သူတွေအတွက် ဘိန်းအစားထိုး သီးနှံတွေကို ရှာပေးရမှာ ဖြစ်ပါတယ်။ နှစ်အချက် ကတော့ သူတို့ စိုက်ပျိုးထားတဲ့ ထွက်ကုန်တွေအတွက် ဈေးကွက်တွေ ပြင်ဆင်ထားပေးရပါမယ်။
မေး။ ။ ဗိုလ်ချုပ် ယွက်စစ်ရဲ့ ပထမဆုံး ပြည်တွင်း ခရီးစဉ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုတွေကို ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ အခု ကျနော်တို့ နိုင်ငံတော်ကြီး ပြုပြင်ပြောင်းလဲလာပြီ ဆိုတာတော့ မတွေ့သေးဘူး။ ဒါပေမယ့် ပြောင်းလဲဖို့ အတွက် နည်းလမ်းအစတော့ တွေ့နေရပါပြီ။
မေး။ ။ RCSS က အစိုးရနဲ့ အပစ်ရပ်ထားတာ ၁ နှစ်ကျော်ပြီ ဆိုပေမယ့် ကြားထဲမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ခဲ့တယ်။ ဒီလို ဖြစ်တာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လောက် သက်ရောက်မှု ရှိနိုင်သလဲ၊ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မြန်မာ့ တပ်မတော်ကိုရော ဘယ်လို ဝေဖန်ချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့တယ်။ ပြည်သူတွေလဲ အတိဒုက္ခ ရောက်တယ်။ နိုင်ငံရေးကလည်း လုံးဝကို နောက်ဆုတ်ပြီး ကျဆုံးနေခဲ့တယ်။ ကျနော်တို့ နိုင်ငံဟာ အဆင်းရဲဆုံး နိုင်ငံတွေထဲမှာ ပါပါတယ်။ ဒါကြောင့်မို့လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဆိုတာ ပေါ်ပေါက်လာတယ်၊ ဒါမှလည်း ကျနော်တို့ ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ နှစ်ပေါင်း ၆၀ ကျော် တိုက်ခိုက်လာတာ အခုချက်ချင်းကြီး အပစ်အခတ် ရပ်စဲဖို့ဆိုတာ ခက်နေအုံးမှာ ဖြစ်ပါတယ်။ ဒါကိုလည်း ဆက် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ မကြာခဏ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပါတယ်။
မေး။ ။ ၀ ပြည်နယ် တောင်းလာတဲ့ ကိစ္စအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ရှမ်းတိုင်းရင်းသား အတိုက်အခံတွေက ဖက်ဒရယ်ကို အစဉ်တစိုက် တောင်းဆိုလာရာမှာ အခု ရှမ်းပြည်နယ်ထဲက တိုင်းရင်းသား လူမျိုးစုတွေကလည်း ဒီလို တောင်းဆိုလာတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ဝ တိုင်းရင်းသားတွေအတွက် ပြည်နယ် တောင်းတယ်ဆိုတာ သူတို့ရဲ့အခွင့်ရေးတခုပါပဲ၊ ဒါပေမယ့် ပေးနိုင်မယ်၊ မပေးနိုင်ဘူး ဆိုတာကတော့ လူထုရဲ့ ဆန္ဒ သဘောထားအပေါ်မှာပဲ မူတည်ပါတယ်။
မေး။ ။ RCSS ဟာ အရင် အစိုးရနဲ့လည်း အပစ်ရပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေကို နယ်ခြားစောင့်တပ် (BGF) လုပ်ဖို့ ဖိအားပေးလာတာတွေ ရှိပါတယ်။ အခုအချိန်မှာရော လက်နက်ချဖို့၊ BGF လုပ်ဖို့ ဖိအား ပေးလာခဲ့ရင် ဘာဆက်လုပ်မလဲ။
ဖြေ။ ။ ကျနော်တို့ကို လက်နက်ချခိုင်းတာတို့၊ BGF လုပ်ခိုင်းတာတို့ ဆိုတာကတော့ ဘယ်လက်နက်ကိုင် အဖွဲ့စည်းမှ လက်ခံနိုင်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ပြီးတော့ ဒီလို လုပ်ခိုင်းဖို့ဆိုတာကလည်း သူ့ခေတ် သူ့အခါလည်း မဟုတ်တော့ ပါဘူး။ ကျနော်တို့က အဲဒါကို မြှင့်တင်လိုက်ပြီးတော့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်လိုက်ဖို့ပဲ ရှိပါတယ်။ ။