ယမန်နှစ်ကစ၍ မြန်မာနိုင်ငံ အနှံ့အပြားတွင် လူမျိုးရေးဘာသာရေးနှင့် ဆက်နွှယ်သော ဆူပူအကြမ်းဖက်မှုများ ဆက်တိုက် ဆိုသလို ဖြစ်ပွားခဲ့ရာ လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ရပြီး သိန်းဂဏန်းရှိသည့် ပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဘာသာရေး အဆောက်အအုံများ အပါအဝင် လူနေအိမ်ခြေများ၊ စီးပွားရေးလုပ်ငန်းများ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်မှ အစပြု၍ မကြာသေးခင်က နောက်ဆုံး ဖြစ်ပွားခဲ့သည့် အရှေ့မြောက်ဘက် ရှမ်းပြည်နယ် လားရှိုးမြို့အထိ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများတွင် ကိုယ်တိုင်ကြုံခဲ့သူများ၊ မျက်မြင် သက်သေများ၏ ပြောပြချက် များကို ကိုးကား၍ အကြမ်းဖက်သူများသည် စုစုစည်းစည်း ရှိကြပြီး စနစ်တကျ လှုပ်ရှားတတ်ကြသည့်အတွက် သေချာစွာ လေ့ကျင့်ပေးထားသူများ ဖြစ်ဖွယ်ရှိသည်ဟု သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ထိုအခါတွင် ပြည်သူအများစုက ယခင်စစ်အစိုးရ လက်ထက်၌ နာမည်ဆိုးနှင့် ကျော်ကြားခဲ့သော စွမ်းအားရှင်ဆိုသည့် အဖွဲ့အစည်းတခု အပေါ်တွင်ပြန်လည် အာရုံစိုက်မိလာကြသည်။
၂၀၀၃ မေလအတွင်းက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် ယာဉ်တန်းကို လူတစုက ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်၍ လူပေါင်းများစွာသေကြေ ဒဏ်ရာရခဲ့သော ဒီပဲယင်း အရေးအခင်းတွင် စွမ်းအားရှင်အဖွဲ့ ပါဝင် ပတ်သက်ခဲ့သည်ဟု စွပ်စွဲမှုများရှိခဲ့သလို အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်ခဲ့သူများကို ယနေ့ထက်တိုင် ဖော်ထုတ် အရေးယူ ဖမ်းဆီးနိုင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးအခင်းတွင်မူ စွမ်းအားရှင်အဖွဲ့ကို လူတိုင်းနီးပါး သတိထားမိခဲ့ကြသည်။ စွမ်းအားရှင်အဖွဲ့ကို ထိုစဉ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ယခု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၏ အစိတ်အပိုင်းတခု အဖြစ်လည်း သတ်မှတ်ခြင်း ခံခဲ့ရသည်။
အငြိမ်းစား ဗိုလ်မှူးကြီးတဦး ဖြစ်သည့် ဦးအောင်သောင်းသည် စစ်အစိုးရ လက်ထက်တွင် အမှတ် (၁) စက်မှုဝန်ကြီး ဌာန ဝန်ကြီးအဖြစ် ၁၉၉၇ ခုနှစ်မှ စတင်၍ အရပ်ဘက် အစိုးရသို့ အာဏာလွှဲပြောင်းပေးခဲ့သည့် ၂၀၁၁ ခုနှစ်အထိ ကာလ ကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယခင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် အထူးတလည် ရင်းနှီးမှုရှိသူဟု ဆိုကြသည့် ဦးအောင်သောင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း စတင် တည်ထောင်ချိန်မှ စတင်၍ ဗဟိုအလုပ်အမှုဆောင် တဦးအဖြစ် ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် တွဲဘက် အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။ စွမ်းအားရှင် အဖွဲ့ကို ကြီးကြပ်ကွပ်ကဲရသူ အဖြစ်လည်း လူပြောများခဲ့သူ ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီအဖြစ် အသွင်ကူးပြောင်း ရာတွင်လည်း ဗဟိုအလုပ်အမှုဆောင် တာဝန်ယူခဲ့ ပြီး တောင်သာမြို့နယ်တွင် ဝင်ရောက် အရွေးခံကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသည်။ သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဝန်ကြီးတာဝန် ပေးအပ်ခြင်း မခံခဲ့ရသော်လည်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်တန်းခေါင်းဆောင် တဦးအဖြစ် ဆက်လက် ရှိနေခဲ့သည်။ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများအကြောင်းနှင့် စွမ်းအားရှင် အဖွဲ့ ပါဝင်ပတ်သက်နေသည် ဆိုသည့် စွပ်စွဲမှုများနှင့် ပတ်သက်၍ ဦးအောင်သောင်း၏ အမြင်နှင့် သဘောထားများကို ဧရာဝတီ သတင်းထောက် စနေလင်းက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ဒီလ ၂ ရက်နေ့ထုတ် စင်ကာပူနိုင်ငံကThe Straits Times သတင်းစာမှာ ဆောင်းပါးရှင် တဦးက အခု ဖြစ်ပျက်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေမှာ တောင်သာတပ်ဖွဲ့တွေရဲ့ လက်ရာနဲ့ ဆင်တူတယ်၊ တောင်သာဆိုတာ ဦးအောင်သောင်းရဲ့ မွေးရပ်မြေ ဖြစ်တယ်၊ ဒီပဲယင်း လုပ်ကြံမှု၊ ရွှေဝါရောင် သံဃာအရေးအခင်းမှာ ဘုန်းတော်ကြီးတွေကို ရိုက်နှက်ခဲ့တဲ့ စွမ်းအားရှင် အဖွဲ့တွေကို ရည်ညွှန်း ရေးသားခဲ့တယ်။ အဲဒီအပေါ်ကို ဦးအောင်သောင်း အနေနဲ့ ဘယ်လို သဘောထားပါသလဲ။
ဖြေ။ ။ အေးပေါ့ဗျာ။ ဒါတွေကတော့ အခြေအမြစ် မရှိပါဘူး။ ဘာမှ ခိုင်လုံမှုလည်း မရှိပါဘူး။ နောက်တချက်က ဘာအခြေခံသလဲ ဆိုတော့ ပြည်တွင်း ဖွံ့ဖြိုးတိုးတက်မှု ဒီမိုကရေစီ လမ်းကြောင်းကို မလိုလားတာမျိုး သက်ရောက်တဲ့ ပြောဆိုချက်တွေ ဖြစ်ပါတယ်။ ကျနော်တို့က တိုင်းပြည်ကို တိုးတက်စေချင်လွန်းလို့ အရင် စစ်အုပ်ချုပ်ရေး ကနေပြီးတော့မှ ဒီမိုကရေစီ လမ်းကြောင်းကို ဖော်ဆောင်ပေးခဲ့ပြီ။ ဖော်ဆောင်တဲ့ နေရာမှာလည်း ကိုယ်တိုင်ကိုယ်ကျ လုပ်ချင်လွန်းလို့ဆိုပြီး နိုင်အောင် လုပ်ခဲ့ပြီးပြီ။ နိုင်အောင်လုပ်ပြီးတော့ ဒီမိုကရေစီကို ဖြစ်ထွန်းအောင် လုပ်ချင်တယ်၊ ရှေ့လည်း ဆက်သွားမယ်၊ မရရအောင်လည်း လုပ်မယ်ဆိုတဲ့ သွားနေတဲ့ အချိန်မျိုးမှာ ဒီလို စိတ်ထားရှိနေတယ်ဆိုတာ မငြိမ်မသက်ဖြစ်အောင် ဒီလောက် အောက်တန်းကျတဲ့ အခြေအနေမျိုးကို ဘယ်သူက လုပ်မလဲဗျ။ ဘယ်နိုင်ငံရေးသမားက လုပ်မလဲဗျ။ စဉ်းစားကြည့်ပါဦး။ ဒါတွေကတော့ လုပ်ခွင့် ပြောခွင့် ရှိတဲ့သူက နိုင်ငံခြားနဲ့ အဆက်သွယ် ခံချင်လို့ ကျနော်တို့အပေါ်မှာ မနာလိုဝန်တို မစ္ဆရိယ ရှိပြီးတော့ မုဒိတာ မပွားနိုင်လို့ စသည်အားဖြင့် လူအကြည်ညိုမှု ပျက်အောင် လုပ်တဲ့သဘောပဲလို့ ယူဆပါတယ်။ သူတို့ကိုယ်သူတို့တော့ ဘဝင်မြင့် အထင်ကြီးပြီးတော့မှ တဘက်သားကို မုဒိတာ မပွားနိုင်တဲ့စိတ်ဓာတ်နဲ့ လုပ်တယ်လို့ ကျနော်ထင်တယ်။ တကယ်တော့ ဒါတွေက အခုအချိန်ဆို ပြီးသွားပြီပဲ။ ခင်ဗျားကြိုက်သလို စုံစမ်းကြည့်လိုက်။ နဲနဲလေးများ တွေ့ခဲ့ရင်တောင်မှ ကျနော့်ကို ပြောချင်သလို ပြောလို့ရပါတယ်။ မတွေ့ဘူးဆိုရင်ရော သူ ဥပဒေကြောင်း အရ အရေးယူ ခံနိုင်မလား။ ကြိုက်သလို စုံစမ်းလေ။ အခု မိတ္ထီလာကိစ္စ၊ လားရှိုးကိစ္စ စသဖြင့် ဖြစ်နေတဲ့ ကိစ္စတွေ။ ဟိုတုန်းကလည်း ဒီပဲယင်း ကိစ္စတွေ ပြောခဲ့ကြတာ ရှိတယ်။ အကြောင်းမဲ့လေ။ ကျနော်လည်း ဘာမှမသိဘူး။ ကျနော်လည်း အဲဒီလောက်ကြီး အရေးပါတာ မဟုတ်ဘူး။ ကျနော့်ဘာသာ ကျနော် တာဝန် လေးစားတယ်၊ ပေးတဲ့တာဝန် အောင်မြင်အောင် လုပ်မယ်ဆိုပြီး ကြိုးစားခဲ့တာပဲ။ ကိုယ်လုပ်ပေးတဲ့ နိုင်ငံရေး အောင်မြင်အောင်လုပ်မယ်၊ ကိုယ်ပါတဲ့ပါတီ အောင်မြင်အောင် လုပ်မယ်၊ ဒါပဲလုပ်ခဲ့တာပဲ။ အဲဒီလို ကိုယ့်ဘာသာကိုယ် အောင်မြင်အောင် လုပ်ပြီးတော့မှ၊ ကိုယ့်ဘာသာ စိုက်ပျိုးတဲ့ဟာ ကိုဗျာ၊ ကိုယ်လည်း ဝင်ပြီးတော့ စိုက်ပျိုးမယ်၊ စိုက်ပျိုးဖို့ တာဝန်ကျတယ်၊ အဲဒီလို ကိုယ့်အပင် ကိုယ်စိုက်ပြီး ကိုယ့်ဘာသာတော့ ဘယ်သူက ဖျက်မလဲဗျ။ စဉ်းစားကြည့်ပါဦး။
ကျနော်ဆို ပြီးခဲ့တဲ့ နိုဝင်ဘာလတကည်းက နယ်ကို လုံးဝမသွားနိုင်ဘူး။ ဘယ်သူနဲ့မှလည်း မတိုင်ပင်နိုင်ဘူး၊ မညွှန်ကြား နိုင်ဘူး။ ဒီလို မတော်မတရား ပြောတာတွေကတော့ သူတို့ အခြေအမြစ် မရှိဘဲနဲ့၊ ခိုင်လုံမှုမရှိပဲနဲ့ ထည့်ရရင်ပြီးရော၊ နာမည်ပျက်အောင် လုပ်ရင်ပြီးရော ဆိုတော့ မီဒီယာလည်း အကျင့်သိက္ခာ စောင့်ထိန်းသင့်ပါတယ်။ တောင်သာကို ကြိုက်တဲ့သူ သွားမေး။ ရန်ကုန်မြို့ပေါ်မှာတင် တောင်သာ နယ်သားတွေက ၄ သောင်းလောက် ရှိမယ်။ သွားမေးဗျာ။ ဘာမှ အကာအကွယ်လည်း မပေးဘူး၊ အဟန့်အတားလဲမလုပ်ဘူး၊ ကြိုက်တဲ့သူမေးဗျာ။ နည်းနည်းလေးတောင်မှ တွေ့ရင်ပြောဗျာ။ ဒါဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ပေါ့ဗျာ။
ကျနော့်မှာလည်း ကိုယ်ရေး ပြဿနာတွေရှိတယ်။ ကိုယ်တိုင်လည်း အသက်အရွယ်ရပြီ။ ဇနီးကလည်း ကင်ဆာဖြစ်နေတာ ၄ နှစ်ထဲ ရောက်နေတယ်။ အခြေအနေလည်း တော်တော်ဆိုးနေပြီ။ အဲဒီလို အခြေအနေမျိုးမှာ ကျနော်လည်း နိုင်ငံရေး စကားတွေ လျှောက်ပြောနေလို့ မသင့်တော်ဘူး။ အခုတောင် အမျိုးသမီးက ဆေးသွင်းနေတုန်း ခဏ အခန်းပြင် ထွက်လာလို့ စကားပြောရတာ။
မေး။ ။ စွမ်းအားရှင်တွေနဲ့ ဒီဖြစ်ရပ်တွေနဲ့က ပတ်သက်နေတယ်။ လားရှိုး၊ မိတ္ထီလာ စတဲ့ ဖြစ်ရပ်တွေက အစီစဉ်တကျ လုပ်ထားတဲ့ ကိစ္စတွေဖြစ်တယ်လို့ ရေးထားတယ်။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ဒါတွေက ကျနော့်မှာလည်း တယောက်မှ မရှိဘူး။ ဘယ်တုန်းကမှလည်း မဖွဲ့ပေးခဲ့ဘူးဗျ။ ဟိုခေတ် စစ်အုပ်ချုပ်ရေး လက်ထက်ကလည်း ကျနော်မဖွဲ့ဘူး။ ကျနော်တို့ ပြည်ခိုင်ဖြိုးကလည်း မဖွဲ့ခဲ့ဘူး။ ဖွဲ့ပိုင်ခွင့်လည်း မရှိဘူး။ ကျနော်တို့က ပါတီလုပ်နေတာ၊ နိုင်ငံရေး လုပ်နေတာဗျာ။ အထင်လွဲစေမယ့် လုပ်ငန်း၊ လူထု အထင်သေးစရာ လုပ်ငန်း ဘယ်လုပ်မလဲဗျ။ ဒါကို ကိုယ်ချင်းစာနာစိတ်နဲ့ စဉ်းစားရင် သိနိုင်ပါတယ်။ ဘယ်သူတွေ လုပ်နေတာလဲဆိုတာ အပြင်လောကမှာ သိနေကြတာပဲ။ အဲဒီလုပ်တဲ့သူတွေက အခု မရှိတော့ပါဘူး။
မေး။ ။ ဆရာတော် ဦးဝီရသူ ထောင်ထဲက ထွက်လာပြီးမကြာခင် လက်ဆွဲနှုတ်ဆက်တဲ့ ပုံတွေနဲ့ တကွ ဝေဖန်နေကြ တာကိုရော ဘယ်လိုယူဆပါသလဲ။
ဖြေ။ ။ ကျနော်နဲ့ တခါမှ လက်ဆွဲ မနှုတ်ဆက်ဖူးဘူးဗျ။ ကျနော် အမှန်အတိုင်းပြောရရင် ဦးဝီရသူကို ထောင်ကျ နေတုံးက မသိဘူး။ သို့သော်လည်းပဲ ကျောက်ဆည်မှာ ဘာသာရေး ပဋိပက္ခကြောင့် ထောင်ကျသွားတဲ့ သံဃာတော်တွေ ရှိတယ်။ အဲဒီ သံဃာတော်တွေနဲ့ အကြောင်း အမျိုးမျိုးကြောင့် ပုဂ္ဂိုလ်ရေးတော့ မသိဘူး၊ လူချင်းလည်း မမြင်ဘူးပေမယ့် ဆရာတော်၊ သံဃာတော်တွေ ဆင်းရဲ ဒုက္ခ ရောက်နေလို့ဆိုပြီး လူမှုရေးအရ အလှူခံတဲ့အခါမှာ အလှူတွေ ထည့်ပေးဖူးတယ်။ တခါမှလည်း မတွေ့ဖူးဘူး။ အခုထိလည်း မမြင်ဖူးဘူး။ ဦးဝီရသူက ဘုန်းကြီး၊ ကိုယ်ကလူဆိုတော့ လက်ဆွဲနှုတ်ဆက်လို့လည်း မရပါဘူး။ မစိုးရိမ် တိုက်သစ်က ကျနော် ကိုးကွယ်နေတဲ့ ကျောင်းလေ။ သူကလည်း မစိုးရိမ် တိုက်သစ်ကလေ။ မစိုးရိမ် တိုက်ချုပ် နာယက၊ ဒုတိယ နာယက၊ တတိယ နာယက ဆရာတော်တွေက ကျနော့်ရဲ့ ဆရာတော်တွေ ဖြစ်ပါတယ်။ အဲဒီကို သွားတဲ့ အခါကျတော့ ဦးဝီရသူရှိတယ်၊ ဦးဝီရသူက တွေ့မယ်ဆိုတော့ ကျနော်တွေ့ ဖြစ်လိုက်ပါတယ်။ ပြည်ခိုင်ဖြိုးက ကျနော်နဲ့အတူ လူ ၂၅ ယောက်လောက် ပါပါတယ်။ သံဃာတော်တွေလည်း အဲဒီအနားမှာ ဝိုင်းနေတာ ခန့်မှန်းချေ ၅၀ ကျော်လောက် ရှိမယ်။ သူပြောတဲ့ စကားနားထောင်ပြီး ပြန်ခဲ့ရတာပဲ။ ဦးဝီရသူလို ဆရာတော်မျိုး ကျနော်ပြောလို့လည်း နားမထောင်ပါဘူး။ သူပြောတာကို ကျနော် “တင်ပါ့ဘုရား” လုပ်ပြီး ပြန်ခဲ့ရတာပဲ။ ဘာမှလည်း မပြောခဲ့ရပါဘူး။
မေး။ ။ အဲဒီဆောင်းပါးမှာ ရေးထားတာက လားရှိုးမြို့ အကြမ်းဖက်မှု မဖြစ်ပွားခင်မှာ ဦးဝီရသူက လားရှိုးမြို့နဲ့ ကီလိုမီတာ ၅၀ ပဲကွာတဲ့နေရာမှာ မွတ်စလင် ဆန့်ကျင်ရေး တရားတွေလည်း ဟောပြောခဲ့တယ်။ အဲဒီနောက် မကြာဘူး၊ လားရှို့မြို့မှာ ဖြစ်လာတယ်။ ဆက်စပ်မှုတွေ ရေးပြတဲ့ အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ကျနော်ကတော့ ဆရာတော်ကို ၁ ခါပဲတွေ့ဖူးတယ်ဗျ။ ၁ ခါပဲ စကားပြောတယ်။ အားလုံးမှလည်း မိနစ် ၂၀၊ မိနစ် ၂၅ မိနစ်လောက်ပဲ ကြာတယ်။ နောက်ထပ် ဆရာတော်နဲ့ အဆက်အသွယ်လည်း မရှိဘူး။ ဖုန်းလည်း အဆက်အသွယ် မရှိဘူး။ စကားလည်း မပြောဖူးဘူး။ ကျနော်နဲ့လည်း မရင်းနှီးဘူး။ မစိုးရိမ် တိုက်သစ်က နာယကချုပ် ဆရာတော် ပျံလွန်တော်မူသွားတော့ မိနစ် ၂၀ လောက်ရောက်ခဲ့တယ်။ ဒုတိယ နာယကချုပ် ဆရာတော်နဲ့တွေ့ပြီး ပြန်ခဲ့တယ်။ ဦးဝီရသူနဲ့လည်း မတွေ့ခဲ့ဘူး။ သူတရားဟောတာတို့၊ ဟိုမှာရေးခဲ့တဲ့အတိုင်း ကီလိုမီတာ ၅၀ တို့ ဘာတို့ဆိုတာ ကျနော်လည်း မသိဘူးဗျ။ အဲဒါတွေက ကျနော်နဲ့ မဆက်စပ်တော့ ကျနော်လည်း မဝေဖန်တတ်ဘူးဗျ။
မေး။ ။ နိုင်ငံရေး ကျွမ်းကျင်လေ့လာသူတွေက သမ္မတ ဦးသိန်းစိန်အနေနဲ့ အကြမ်းဖက် လိုလားသူတွေကို ယဉ်ပါးအောင် ဆောင်ရွက်နိုင်ခြင်း မရှိရင် တဖြည်းဖြည်းနဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ ကျဆင်းသွားနိုင်တယ်လို့ သုံးသပ်ထားတာ ရှိတယ်။ အဲဒီတော့ ဦးသိန်းစိန်ရဲ့ အကြမ်းဖက်တဲ့ ဖြစ်ရပ်တွေမှာ ကိုင်တွယ်ဆောင်ရွက်ပုံတွေကို သုံးသပ်ပြပေးပါဦး။
ဖြေ။ ။ သူတို့ကတော့ ဇာတ်နာအောင် ရေးတဲ့သဘောပါ။ သမ္မတ ဦးသိန်းစိန်က တကယ်တော့ ကျနော်တို့ သမ္မတပါ။ ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးပါတယ်။ လုပ်ဖော်ကိုင်ဘက်လည်း ဖြစ်ပါတယ်။ ရှေ့တန်းမှာလည်း တိုက်ဖော်တိုက်ဘက်၊ တွဲဖော်တွဲဘက်ပါပဲ။ သူက အင်မတန် ရိုးသားတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ကြိုးလည်း ကြိုးစားပါတယ်။ ကျန်းမာရေး မကောင်းတာက လွဲပြီး ကျန်တာ အားလုံး ကောင်းပါတယ်။ သူလုပ်တာ ကိုင်တာတွေ အားလုံးကလည်း ကောင်းပါတယ်။ သို့သော်လည်း သူကိုယ်တိုင် လုပ်ရတာမဟုတ်ဘဲ အဖွဲ့နဲ့ ကွပ်ကဲပြီးတော့ ညွှန်ကြားပြီး ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် အလွဲအချော် လေးတော့ ရှိကောင်း ရှိနိုင်ပါတယ်။ ချက်ချင်း အရေးမယူတာတို့၊ တချို့ကလည်း လက်ပိုက် ကြည့်နေတယ်တို့ စသည်အားဖြင့် ပြောနေကြတာ ကျနော်လည်း ဖတ်ရပါတယ်။ ဒါပေမယ့် ဒါတွေက သမ္မတနဲ့ မဆိုင်ဘူးဗျ။ သမ္မတက အေးအေးဆေးဆေးလည်း ဖြစ်ချင်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်းလည်း ဖြစ်ချင်တယ်၊ ဘယ်သူမှ ဘာမှလည်း မဖြစ်စေချင်ဘူး။ ဒီမိုကရေစီကို ရှင်သန်သထက် ရှင်သန်ဖြစ်ထွန်းစေချင်တယ်။ သူ့ဆောင်ရွက်ချက်တွေလည်း ခဏ၊ ခဏ မိန့်ခွန်းမှာ ပြောပြီးသားပါ။ ဒါတွေကြည့်ရင်ကို သိနိုင်ပါတယ်။ သူ့ရဲ့စေတနာက ကျနော်တို့ရဲ့ စေတနာပဲ။ သူလုပ်တာက ကျနော်တို့ ပါတီရဲ့ ဆောင်ရွက်ချက်ပဲ။ လုပ်ဆောင်ချက်ပဲ။ ကျနော်တို့က သဘောကျရမှာပေါ့၊ အကောင်းမြင်ရမှာပေါ့၊ အားပေးရမှာပေါ့။ ကျနော်တို့ကလည်း လွှတ်တော်ပိုင်းကနေ ဒီမိုကရေစီရှင်သန်ရေး၊ နောက်ကြောင်းပြန်မလှည့်ရေး တွေကို ကျနော်တို့က တာဝန်ခံတယ်လေ။ သူလုပ်တာ ဒီနေ့အထိ ဘာမှ ပြောစရာ မရှိပါဘူး။ အလုပ်တွေ အများကြီး လုပ်ရတာမှာ အနည်းအကျဉ်းတော့ အားမရတာ ရှိကောင်းရှိမှာပေါ့။ ကျနော်တို့က အတွင်းကျကျ နားလည်နေတော့ ဒီလောက်ကလေးရရ ဆိုပြီး ခွင့်လွှတ်နိုင် တာပေါ့။ နားလည် ပေးနိုင်တာပေါ့လေ။
မေး။ ။ ဒီအကြမ်းဖက်မှုတွေ မဖြစ်ခင်မှာ လွှတ်တော်ထဲမှာက အစ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ အသံတွေက ကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြန်လည် ပြင်ဆင်ရေးအတွက် ကော်မတီ တောင် ဖွဲ့ခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်လာတယ်ဆိုတော့ တချို့က တပ်မတော်က အာဏာသိမ်းမှု မဟုတ်တာတောင်မှ တပ်မတော်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ဒီလိုလုပ်ရပ်တွေနဲ့ ဆက်စပ်ပြီး ဝေဖန်နေကြတဲ့ သူတွေလည်း ရှိတာနဲ့ ပတ်သက်လို့ကော ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ဒါကတော့ဗျာ၊ ချိန်ကြည့်ပါ။ တပ်မတော်က လုံးဝကို ပြန်လည်ရယူလိုစိတ် မရှိဘူးဗျ။ ဒီ အနိဌာရုံ၊ အားနည်းချက် သဘောတွေကို သိပါတယ်။ တကြိမ်က နှစ်ကြိမ်လုပ်ရင်၊ အာဏာ ပြန်ယူချင်တယ်ဆိုရင် ဒီထက်မိုက်တာ ဘယ်ရှိမလဲ။ အခြေအနေက ဖြစ်နေတောင်မှ မယူသင့်ဘူး။ သို့သော် သူသည် ကူညီသင့်တယ်၊ ကူညီပေးရမယ်။ နိုင်ငံတော်ရဲ့ ရှေ့ဆက် သွားမယ့် ဒီမိုကရေစီခရီးစဉ် အောင်မြင်အောင် ကူညီသင့်တယ်။ အဲဒီအယူအဆနဲ့ပဲ ကာကွယ်ရေး ဦးစီးချုပ်က ကူညီနေတယ် လို့ ကျနော်သုံးသပ်ပါတယ်။ အခုခေတ် လူငယ်တွေက ကျနော်တို့ထက် ဉာဏ်ရည် ဉာဏ်သွေး မြင့်ပါတယ်။ သူ့အနေနဲ့ကလည်း ဒီလိုအာဏာ ပြန်ရယူဖို့ဆိုတာ ကျနော်ထင်တယ်၊ အိပ်မက်တောင်မက်မှာ မဟုတ်ပါဘူး။ ကူညီဖို့လောက်ပဲ သဘော ရှိပါ လိမ့်မယ်။ ကူညီတာကိုမှ ပိုမို ဆိုးဝါးစေချင်တဲ့ သူတွေက စစ်တပ် ကူညီလို့ မအောင်မြင်ဘူး ဆိုတဲ့ သဘောနဲ့ သုံးသပ်တယ်လို့ ကျနော်ထင်တယ်။ ဒီဟာနဲ့ ပတ်သက်တာတွေက ကျယ်လည်း ကျယ်ပြန့် ပါတယ်ဗျာ။