သဘောထားကွဲပြားမှု အားလုံးနီးပါးလောက်ကို ခွင့်မပြုဘဲ အထီးကျန်ဆန်ဆန် နေတတ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင် အုပ်စိုးမှု နိုင်ငံအဖြစ်ကနေ နိုင်ငံတကာရဲ့ အားပေးချီးမြှောက်မှုကို မြန်မာနိုင်ငံက ခံယူရရှိထားပါပြီ။ ဒါ့အပြင် ဒီမိုကရေစီ နည်းအရ တရားဝင်မှုကို အပေါ်ယံဟန်ပြ ရရှိထားပြီး ပြုပြင်ပြောင်းလဲရေး အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံအဖြစ်ကို မြန်မာက တနှစ်နီးပါး အချိန်အတွင်းမှာ ကူးပြောင်း ရောက်ရှိသွားပါပြီ။
နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ဝါရင့် အတိုက်အခံ ခေါင်းဆောင်တွေ အပါအဝင် စစ်ဖက်ပုဂ္ဂိုလ်တွေကပါ မြန်မြန်ဆန်ဆန် ထောက်ခံမှု ပေးခဲ့ကြပြီး နိုင်ငံတကာ မိသားစုကလည်း အကူအညီ အထောက်အပံ့တွေပေးဖို့ ကမ်းလှမ်းထားကြပါပြီ။ ဒီအတွက်ကြောင့်ပါပဲ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တိုင်းပြည်အတွက် အကောင်းမြင်မှုနဲ့ မျှော်လင့်ချက် ထားမှုတွေကို ပြန်လည် မွေးဖွားပေးနိုင်ခဲ့ပါတယ်။ အစိုးရနဲ့ အတိုက်အခံ နှစ်ဖက်လုံးက အချိန်ယူညှိနိုင်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်ခြင်းသည်သာ အောင်မြင်ဖို့ အနီးစပ်ဆုံး ဖြစ်နိုင်သလို ပိုလိုလား နှစ်သက်စရာလည်း ကောင်းတယ်ဆိုတာ အားလုံးက တဖြည်းဖြည်း သဘောတူ လက်ခံလာပေမယ့် ဖြစ်လာဖို့ဆိုတာတော့ မသေချာသေးပါ။
နှစ်ပေါင်း ၅၀ ကြာအောင် စစ်တပ်ရဲ့ အုပ်ချုပ်မှု၊ လွဲမှားတဲ့ စီးပွားရေး စီမံခန့်ခွဲမှု၊ ပြည်တွင်းစစ်ကို တိုက်နေမှု၊ ပညာရေး ကျန်းမာရေးနဲ့ အခြေခံ အဆောက်အဦတွေမှာ လုံလောက်အောင် ရင်းနှီးမြှုပ်နှံမှု လုပ်မထားတာတွေကြောင့် တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်တွေက ယိုင်နဲ့ယိုယွင်းနေပါပြီ။ ရှုပ်ထွေးခက်ခဲလှတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စီမံခန့်ခွဲ လုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံက ကောင်းကောင်း အဆင့်သင့် မဖြစ်သေးပါ။
လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်း ပညာရှင် အသိုက်အဝန်းနဲ့ မူဝါဒ ချမှတ်သူတွေကြား မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြပြီဆိုရင် တော်တော်များများ သဘောတူထားတဲ့ ဇာတ်လမ်းတပုဒ် ရှိပါတယ်။ တိုင်းပြည်မှာ ခြေကုပ်အခိုင်အမာ ယူထားတဲ့စစ်တပ်နဲ့ မူဝါဒတွေကို မချမှတ်နိုင် အကောင်အထည် မဖော်နိုင်တဲ့ ဗျူရိုကရေစီ ယန္တရားကြီးတို့က တိုင်းပြည်ကံကြမ္မာကို တဖက်မှာ ပုံဖော်နေကြပါတယ်။ တဖက်မှာတော့ သတ္တိရှိပေမယ့် အင်အားချည့်နဲ့အောင် ချိုးနှိမ်ခံထားရပြီး အုပ်ချုပ်ရေး ယန္တရားအပြင်ကို ရောက်နေတဲ့ အတိုက်အခံတွေက တဖက်မှာ ပုံဖော်နေကြတယ်ဆိုတဲ့ ဇာတ်လမ်းပါ။ ဒါပေမဲ့ လွန်ခဲတဲ့ ၁၈ လအတွင်း နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုတွေက ဒီလို လေ့လာသုံးသပ်မှုတွေ (စီးပွာေးရး ပိတ်ဆို့မှုတွေက နိုင်ငံရေးတိုးတက်မှုကို နှောင့်နှေးသွားစေမယ်ဆိုတဲ့ သုံးသပ်ချက် အပါအဝင်) မှာ မပြည့်စုံဘူး၊ အားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ တိုင်းပြည်အတွင်း အပြောင်းအလဲတွေရဲ့ အချိန်အခါနဲ့ သဘောသဘာဝကို ခန့်မှန်းရာမှာ အခက်အခဲတွေ ရှိတယ်ဆိုတာကို ပြသနေပါတယ်။ အသိအမြင် ဗဟုသုတ အနှံ့စပ်ဆုံး လေ့လာသုံးသပ်သူတွေတောင်မှ မြန်မာ့နိုင်ငံရေး ဆုံးဖြတ်ချက်ချခြင်း ဖြစ်စဉ်ကို သေချာ နားမလည်ကြသေးဘူး ဆိုတာ ပြသနေပါတယ်။
မြန်မာနိုင်ငံမှာ ဆုံးဖြတ်ချက် ချတာတွေနဲ့ ပက်သက်ပြီး မသိမဖြစ် အရေးကြီးတဲ့ အခြေခံ အချက်အလက်တွေကို မသိနိုင်ကြသေးဘူးဆိုတာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ်းဘဲလ်က ၂၀၁၁ နိုဝင်ဘာလမှာ မှတ်ချက်ပေးသွားပါတယ်။ “မြန်မာနိုင်ငံမှာ ဆုံးဖြတ်ချက်တွေ ဘယ်လိုချမှတ်သလဲ ဆိုတာထက်စာရင် မြောက်ကိုရီးယားမှာ ဆုံးဖြတ်ချက်တွေကို ဘယ်လို ချမှတ်ကြတယ်ဆိုတာ အမေရိကန် ပြည်ထောင်စုက ပိုသိပါတယ်” လို့ သူက ပြောသွားတာပါ။
စစ်တပ်အတွင်း ဆုံးဖြတ်ချက်တွေ ဘယ်လို ချမှတ်နေကြတယ် ဆိုတာကို လေ့လာသူတွေ မသိရုံတင်မကဘဲ တိုင်းပြည်ရဲ့ နိုင်ငံရေး လူမှုရေးနဲ့ ပတ်သက်ပြီး ရှေ့အလားအလာ အခြေအနေတွေကို ခန့်မှန်း သုံးသပ်ရာမှာလည်း အခက်အခဲ တွေ့နေကြပါတယ်။ နိုင်ငံရေးသုံးသပ်ချက်တွေ လုပ်ဆောင်ရာမှာ လိုအပ်တဲ့ အချက်အလက် ကောက်ယူမှုကို မလုပ်နိုင်ခြင်း၊ နမူနာ လူအုပ်စုများကို မစုစည်းနိုင်ခြင်း၊ ရွေးကောက်ပွဲ၊ လွတ်လပ်တဲ့ စာနယ်ဇင်း၊ တက်ကြွအားကောင်းတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ မရှိခြင်းတို့ကြောင့် ခန့်မှန်းမှုတွေ လုပ်ဆောင်ရာမှာ အခက်တွေ့နေကြတာပါ။ ဒါ့အပြင် မိုက်ကယ် အိုပင်ဟိန်းမား မှတ်ချက် ပေးထားသလိုပါပဲ တည်ငြိမ်သယောင် ထင်ရတဲ့ အာဏာရှင် နိုင်ငံတွေရဲ့ ပြည်တွင်းနိုင်ငံရေးမှာ ပြောင်းလဲနိုင်တဲ့ အတိုင်အဆကို နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူတွေက လျှော့တွက်ကြပါတယ်။ တိုင်းပြည်အတွင်းက လတ်တလော တင်းမာမှုတွေကို အလေးမထားတတ်၊ အတိုက်အခံတွေရဲ့ စွမ်းရည်နဲ့ ရည်မှန်းချက်ကို လျှော့တွက်တတ်ပြီး အာဏာပိုင်တွေရဲ့ စွမ်းရည်ကိုကျတော့ အဆိုပါ နိုင်ငံခြားရေး ကျွမ်းကျင်သူတွေက ပိုပိုသာသာ တွက်တတ်ကြပါတယ်။ မြန်မာပြည်အရေးမှာလည်း ဒီလိုပါပဲ။ အထူးသဖြင့် အတိုက်အခံတွေရဲ့ အင်အားနဲ့ ပတ်သက်လာရင် လေ့လာအကဲခတ်သူတွေက လျှော့တွက်တတ်ကြပါတယ်။
နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ (International Crisis Group) မှာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး နှစ်ရှည်လများ လေ့လာသုံးသပ်ခဲ့သူ မော်တင် ပယ်ဒါဆင် (Morten Pedersen) ၂၀၀၈ ခုနှစ်မှာ ရေးခဲ့တာက “အတိုက်အခံ နိုင်ငံရေး တက်ကြွသူတွေက ၁၉၈၀ ပြည့်နှစ်တွေ နှောင်းပိုင်းမှာ အားကောင်းခဲ့ပေမယ့် လူထုကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ နိုင်ငံရေး မကျေနပ်ချက်ကို ရေရှည် နိုင်ငံရေးတိုက်ပွဲအဖြစ် မဖော်ဆောင်နိုင်ခဲ့ပါ။ အောင်ဆန်းစုကြည် ကိုယ်တိုင်က လူအများရဲ့ မျှော်လင့်ချက်တွေ၊ စိတ်အားထက်သန်မှုတွေ စုဝေးရာနေရာ ဖြစ်နေပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကတော့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ရှေ့တန်းမှာ နေရာအခိုင်အမာရနေဖို့ ကြိုးစားနေရပါတယ်” ဆိုပြီး ဖြစ်ပါတယ်။
အစိုးရရဲ့ အင်အားကို ပိုပိုသာသာ တွက်ချက်ပြီး အတိုက်အခံတွေ ရနေတဲ့ လူထုထောက်ခံမှုကို လျှော့ပေါ့ တွက်ထားတာကြောင့် “စစ်အစိုးရနဲ့ အတိုက်အခံတွေကြား အင်အားချိန်ခွင်လျှာက အရမ်းကို တဖက်စောင်းနင်း ဖြစ်နေတာကြောင့် ဒီမိုကရေစီ ပေါ်ထွန်းလာဖို့ဆိုတာ လောလောဆယ် အချိန်မှာ မဖြစ်နိုင်သလောက်ပါပဲ။ နှစ်ဖက် ခေါင်းဆောင်တွေ အချင်းအချင်းကြား ညှိနှိုင်းပြီး ဖြစ်လာတဲ့ နိုင်ငံရေး တိုးတက်မှုဖြစ်စေ၊ အောက်ခြေလူတန်းစားတွေက ဆင်နွှဲတဲ့ တော်လှန်ရေး အောင်မြင်လို့ဖြစ်စေ ဒီမိုကရေစီ ရလာဖို့ဆိုတာ အလှမ်းဝေးပါတယ်” လို့ သူက ဆက်လက် ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၇ ခုနှစ် သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေးအတွင်း သိန်းနဲ့ချီတဲ့ ပြည်သူတွေ လမ်းတွေပေါ်ထွက် ဆန္ဒပြကြတဲ့အခါ အစိုးရကို ပြည်သူတွေက တိုက်ရိုက် စိန်ခေါ်လိုက်သလို ဖြစ်သွားပါတယ်။ ပြည်သူလူထုရဲ့ မကျေနပ်မှု အတိုင်းအတာနဲ့ အတိုက်အခံတွေရဲ့ စည်းရုံးလှုပ်ရှားမှု စွမ်းရည်ကို ရုတ်တရက် မြင်လိုက်ရလို့ အားလုံး မှင်သက်အံ့သြသွားခဲ့ကြပါတယ်။ နောက် ၃ နှစ် အကြာမှာတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အစိုးရကိုယ်တိုင်က စတင် လုပ်ဆောင်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ထောက်ခံမှုကို အခုတာ့ လွှတ်တော်အမတ်ဖြစ်နေသူ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ပေးအပ်ခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ တော်တော်များများကို မသိကြသေးဘူးဆိုတာ မှန်ပေမယ့် နောက် ၃ နှစ်ကနေ ၅ နှစ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်း အနေအထားတွေကို လေ့လာသုံးသပ်ထိုက်ပါတယ်။ အဆိုပါ အချိန်ကာလအတွင်း မြန်မာနိုင်ငံက အာဆီယံရဲ့ အခမ်းအနားတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပေးပါမယ်။ နိုင်ငံအဆင့် ရွေးကောက်ပွဲတွေကို ၂၀၁၅ ခုနှစ်မှာ ကျင်းပပေးပါမယ်။ တိုင်းပြည်ကို ကမ္ဘာ့စီးပွားရေးလောကနဲ့ နောက်ထပ် နီးစပ်အောင် ပေါင်းစည်းပေးပါမယ်။ လက်ရှိသမ္မတ ဦးသိန်းစိန် ရာထူးသက်တမ်းကုန်လို့ အငြိမ်းစားယူသွားရင် တိုင်းပြည်ခေါင်းဆောင်သစ်တွေကို မွေးထုတ်ပေးပါလိမ့်မယ်။
ဖြစ်နိုင်ခြေ အလားအလာတွေကို မှန်းဆကြည့်တာက နိုင်ငံရေးအနာဂတ်ကို ခန့်မှန်းတွက်ချက်တာ မဟုတ်ဘဲ တိုင်းပြည် အနာဂတ်အတွက် အရေးပါတဲ့ လူပုဂ္ဂိုလ်တွေ (အဆိုပါ လူပုဂ္ဂိုလ်တွေရဲ့ အချင်းချင်းဆက်ဆံရေးတွေ) အချက်အလက်တွေကို မြင်သာအောင် မီးမောင်းထိုးပြလိုခြင်းသာ ဖြစ်ပါတယ်။ တိုင်းပြည်လျှောက်လှမ်းမယ့် နိုင်ငံရေးလမ်းကြောင်းက ဘယ်လိုပဲ ရှိပါစေ၊ အဆိုပါ လူပုဂ္ဂိုလ်တွေ အချက်အလက်တွေကတော့ အရေးပါနေဦးမှာပါ။
ထည့်သွင်းစဉ်စားရမယ့် အဓိက အရေးအကြီးဆုံး အကြောင်းအရာနဲ့ လူပုဂ္ဂိုလ်တွေကတော့ အစိုးရသစ်နဲ့ စစ်တပ်ရဲ့ ဆက်ဆံရေး၊ အုပ်ချုပ်ရေးကဏ္ဍနဲ့ ဥပဒေပြုရေးကဏ္ဍရဲ့ ဆက်ဆံရေး၊ အောင်ဆန်းစုကြည်နဲ့ NLD အပါအဝင် ဒီမိုကရက်တစ် အတိုက်အခံအုပ်စု၊ ဒီမိုကရေစီလိုလားတဲ့ တိုင်းရင်းသား အတိုက်အခံ ပါတီတွေနဲ့ တခြားဒီမိုကရေစီ လိုလားသူတွေ၊ မကျေနပ်တဲ့ စီမံကိန်းတွေအပေါ် လူထု တုံ့ပြန်မှုတွေ၊ ဆင်းရဲမွဲတွေမှု၊ စာမတတ်မြောက်မှု၊ နိုင်ငံရေး အကြမ်းဖက်မှု၊ အခြေခံအဆောက်အဦ ချို့တဲ့မှု ဆိုတဲ့ ရေရှည်ကိုင်တွယ် ဖြေရှင်းရမယ့် ပြဿနာတွေပါပဲ။
အခုအက်ဆေးမှာ အောက်ပါ မေးခွန်းတွေကို အကျဉ်းချုပ် စဉ်းစားပေးပါမယ်။
အခု ဖော်ဆောင်နေတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုက နောက်ကြောင်း ပြန်လှည့်နိုင်ပါသလား။ အခုလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အဓိက မောင်းနှင် ဖော်ဆောင်နေသူတွေက ဘယ်သူတွေလဲ။ ဖြစ်နိုင်ခြေ အနေအထား တခုချင်းစီမှာ ဘယ်သူတွေ ရှုံးနိမ့်ပြီး ဘယ်သူတွေ အောင်ပွဲခံနိုင်မလဲ။ အသွင်ကူးပြောင်းမှုမှာ ပါဝင် လုပ်ဆောင်နေသူတွေ အတွက် အန္တရာယ်တွေက ဘာတွေဖြစ်နိုင်မလဲ။ နိုင်ငံရေးလမ်းကြောင်း တခုလုံးကို ဘယ်လို အဖြစ်အပျက်တွေ လုပ်ဆောင်မှုတွေက တိမ်းစောင်းသွားအောင် လုပ်ပစ်နိုင်သလဲ ဆိုတာတွေပါ။
မြန်မာနိုင်ငံ လျှောက်လှမ်းမယ့် ဒီမိုကရေစီလမ်းကြောင်းက ခက်ခဲကြမ်းတမ်းမှာဖြစ်ပြီး တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ အသွင်းကူးပြောင်းမှုနဲ့ တူမယ်မဟုတ်ပါ။ အဆိုပါ နိုင်ငံတွေက ပြည်ပပို့ကုန် ဦးစားပေးစီးပွားရေးကို ဖော်ဆောင်ခဲ့ပြီး ပြည်တွင်းနိုင်ငံရေးကိုတော့ အစိုးရးက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားခဲ့ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးမှာ အဲဒီလို မူဝါဒချ လုပ်ဆောင်ခဲ့တာကြောင့် မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ တသီတသန်းကြီးကို သူတို့တွေက မကြုံတွေ့ခဲ့ကြပါ။
အခုအခြေအနေနဲ့ ပက်သက်ပြီး လာရီ ဒိုင်းမွန်း (Larry Diamond) ရေးသားထားတာကတော့ “ကဏ္ဍပေါင်းစံုံမှာ အသွင်ကူးပြောင်းမှုတွေကို မြန်မာနိုင်ငံက တပြိုင်နက် ရင်ဆိုင်လုပ်ဆောင်နေရပါတယ်။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီကို ကူးပြောင်းနေရပါတယ်။ စစ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးဆီကို ကူးပြောင်းနေရပါတယ်။ လက်ဝါးကြီးအုပ် တံခါးပိတ်စနစ်ကနေ အပြိုင်အဆိုင်ရှိတဲ့ တံခါးဖွင့်စနစ်ဆီကို ကူးပြောင်းနေပါတယ်။ တိုင်းရင်းသား လူမျိုးတွေကြား စိတ်ဝမ်းကွဲပြားပြီး ပြိုကွဲနိုင်ခြေရှိတဲ့ နိုင်ငံအဖြစ်ကနေ တည်ငြိမ်ပြီး အောင်မြင်တဲ့နိုင်ငံအဖြစ်ဆီ ရောက်အောင် ကူးပြောင်းနေရပါတယ်” လို့ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲ နောက်ပိုင်းကာလအတွင်း ဖြစ်နိုင်ခြေရှိတဲ့ နိုင်ငံရေး အနေအထား အခင်းအကျင်း ၄ ခုကို အခုအက်ဆေးမှာ လေ့လာကြည့်မှာ ဖြစ်ပါတယ်။ အခင်းအကျင်း နံပါတ် (၁) မှာ နိုင်ငံရေး အင်အားစုတွေ (စစ်တပ်၊ အရပ်သားအစိုးရသစ်၊ NLD နဲ့ တိုင်းရင်းသားအုပ်စုတွေ) က ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေကြတုန်း ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် ဖော်ဆောင်မယ်လို့ ယူဆထားပါတယ်။
အခင်းအကျင်း နံပါတ် (၂) မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေက မထိန်းနိုင်မသိမ်းနိုင် ဖြစ်လာပြီး သူ့ရဲ့အသာစီး အနေအထားကို လက်လွတ် ဆုံးရှုံးရတော့မယ်လို့ စစ်တပ်က စိုးရိမ်းပူပန်လာတဲ့အခါ အာဏာပြန်သိမ်းမယ်လို့ ယူဆထားပါတယ်။ အခင်းအကျင်း နံပါတ် (၃) မှာ NLD ပါတီက အင်အားနည်းနေပြီး နိုင်ငံရေးအရ လစ်ဟာနေတဲ့ နေရာမှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးတဲ့ အာဏာရှင်နိုင်ငံ ပေါ်ထွက်လာမယ်လို့ ယူဆထားပါတယ်။ အခင်းအကျင်း နံပါတ် (၄) မှာ အရပ်သားအစိုးရသစ်၊ NLD နဲ့ တိုင်းရင်းသားအုပ်စုတွေ ကြားမှာ ဆက်ဆံရေးတွေ ပြိုကွဲကုန်ပြီး နိုင်ငံရေးအရ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအရ သဘောတူညီမှုတွေ အစည်းပြေလို့ ပဋိပက္ခဖြစ်ပွားတဲ့ ကာလထဲ တိုင်းပြည် ကျရောက်သွားမယ်လို့ ယူဆထားပါတယ်။
အောက်ပါ လေ့လာသုံးသပ်ချက်တွေ၊ ယူဆချက်တွေအပေါ် မူတည်ပြီး ဖြစ်နိုင်ခြေ အခင်းအကျင်း ၄ ခုကို တည်ဆောက်ထားတာပါ။
၁) တိုင်းပြည်မှာ လုပ်ဆောင်နေတဲ့ ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲမှုတွေက နိုင်ငံရေးအာဏာ ကျင့်သုံးပုံကျင့်သုံးနည်းကို အကြီးအကျယ် ပြောင်းလဲလိုက်ပေမယ့် မြန်မာနိုင်ငံက စစ်အာဏာရှင်နိုင်ငံ ဖြစ်နေဆဲပါ။ ဗိုလ်ချုပ်ဟောင်းကြီးတွေက တိုင်းပြည်မှာ အရေးပါတဲ့ ဒီမိုကရေစီ အင်စတီကျုးရှင်း မှန်သမျှကို ချုပ်ကိုင်ထားပြီး စစ်တပ်ရဲ့ နိုင်ငံရေး အထူးအခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်း အကာအကွယ် ပေးထားပါတယ်။
၂) အတိုက်အခံလောကမှာ NLD ပါတီက အဓိကအင်အားကြီးပါတီ ဆက်ဖြစ်နေပြီး သူရဲ့ လူကြိုက်များ ထောက်ခံမှုနဲ့ သြဇာတိက္ကမတို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူကြိုက်များထောက်ခံမှု သြဇာတိက္ကမ ကြီးမားမှုတို့နဲ့ နီးနီးကပ်ကပ် ဆက်သွယ်နေဦးမှာ ဖြစ်ပါတယ်။ လူမျိုးအပေါ် အခြေမခံတဲ့ တခြား ဒီမိုကရေစီပါတီတွေနဲ့ အဖွဲ့အစည်းတွေက အရေးကြီးတဲ့ အင်အားစုတွေဖြစ်ပေမယ့် NLD ပါတီကို စိန်ခေါ်လောက်အောင် အင်အားကြီးမားတဲ့ အနေအထား မရှိကြပါ။ ပါတီခေါင်းဆောင်ပိုင်းမှာ အပြောင်းအလဲ ကြီးကြီးမားမား ရှိမယ်လို့ မယူဆထားတာကြောင့် သူတို့က ၂၀၁၅ ခုနှစ်အထိ NLD ပါတီကို ဆက်လက် ထောက်ခံကြပါလိမ့်မယ်။
၃) တိုင်းရင်းသားလူမျိုးအရေး ပြဿနာက တိုင်းပြည်မှာ စစ်အုပ်ချုပ်ရေး သက်တမ်းကြာရှည်မှုနဲ့ နီးနီးကပ်ကပ် ဆက်သွယ်နေပါတယ်။ ပြည်နယ်-ပြည်မကြား ဆက်ဆံရေးမှာ ရှိနေတဲ့ အဖုအထစ်တွေကို ဖြေရှင်းနိုင်ခြင်းက ဒီမိုကရေစီ ထူထောင်ရေးမှာ မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်း ဆက်ဖြစ်နေပါဦးမယ်။ အခုလက်ရှိ ချုပ်ဆိုထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပျက်ပြယ်သွားဖို့တော့ မဖြစ်နိုင်ပါ။ ဒါပေမယ့် အစိုးရ သဘောထားအမှန်ကို သိနိုင်ဖို့က ချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အစိုးရရဲ့ စီမံဆောင်ရွက်ပုံတွေကို သူတို့က မျက်ခြေမပြတ် လေ့လာစောင့်ကြည့်နေကြပါတယ်။
၄) တိုင်းပြည်ရဲ့ကဏ္ဍပေါင်းစုံမှာ စစ်တပ် ပါဝင်ပတ်သက်မှုကို လျှော့ချသွားဖို့က နိုင်ငံရေးပါတီ အုပ်စုအားလုံးရဲ့ ဆန္ဒဖြစ်နေတာကြောင့် ဒီမိုကရေစီ လိုလားတဲ့ တိုင်းရင်းသား ပါတီတွေနဲ့ NLD ပါတီတို့က ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်အထိ ပူးပေါင်း ဆောင်ရွက်ကြပါလိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေးအရ ဆွေးနွေးငြင်းခုံမှုတွေက ဗမာနဲ့ တိုင်းရင်းသား အုပ်စုတွေကြား အာဏာခွဲဝေရေးဆိုတဲ့ ပြဿနာဆီကို ရောက်သွားရင်တော့ ၂၀၁၅ ခုနှစ်လွန်ပြီး သိပ်မကြာခင်နဲ့ လွန်ပြီး ကြာမြင့်တဲ့ ကာလတွေမှာ ကြီးမားပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်။
၅) ကျန်းမာရေး ၊ ပညာရေး ၊ အလုပ်လက်မဲ့ဖြစ်မှုနဲ့ အခြေခံ အဆောက်အဦချို့တဲ့မှု (တခြား ပြဿနာတွေလည်း အများကြီး ရှိပါသေးတယ်) ဆိုတဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို စိန်ခေါ်နေတဲ့ ကိစ္စရပ်တွေက ဘယ်အစိုးရပဲ တက်လာတက်လာ အကြီးအကျယ် ဒုက္ခပေးနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ပြဿနာတွေကို အစိုးရသစ်က ရေတိုကာလအတွင်းမှာ မဖြေရှင်းနိုင်သေးရင်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်စေမှာတော့ မဟုတ်ပါ။
နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းမှာ တက်ကြွလှုပ်ရှားသူတွေ၊ စာနယ်ဇင်းသမားတွေ အများအပြား အတွက်ကတော့ “စေ့စပ်ညှိနှိုင်း အသွင်ကူးပြောင်းခြင်း” ခြင်းသည်သာ ဖြစ်နိုင်ခြေ အရှိဆုံး ဒီမိုကရေစီ ဖော်ဆောင်ရေးလမ်းကြောင်း ဖြစ်ရုံသာမက တခြား လမ်းကြောင်းတွေထက်လည်း ပိုနှစ်သက် သဘောကျစရာ ကောင်းပါတယ်။ မကြာသေးခင် အတိတ်ကာလတုန်းမှာတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြားက တော်လှန်ရေးဆင်နွှဲ၊ လူထုအုံကြွမှုတွေ လုပ်ဆောင်ပြီး ပြုပြင်ပြောင်းလဲဖို့သာ စိတ်ဝင်စားခဲ့တာကြောင့် အခု နိုင်ငံရေးလမ်းကြောင်းက ပြတ်ပြတ်သားသား ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် ကတော့ “လူငယ်ဘဝတုန်းကတော့ ကျနော်တို့ တော်လှန်ရေးကို ယုံကြည်ခဲ့တာပါ။ တော်လှန်ရေးသမားတွေလိုပဲ နေထိုင်လုပ်ကိုင်ခဲ့တယ်လေ။ ဒါပေမယ့် နိုင်ငံရေး အသွင်ကူးပြောင်းမှုထဲမှာ ပါဝင်လုပ်ဆောင်ဖို့ လိုတယ်ဆိုတာ ဒီနေ့အချိန်မှာ ကျနော်တို့ နားလည်ပါပြီ” လို့ ရှင်းပြပါတယ်။
အစိုးရချုပ်ကိုင်မှုတွေ ပါဝင်တဲ့ “စေ့စပ်ညှိနှိုင်း အသွင်ကူးပြောင်းခြင်း” ခြင်းကို ပညာရှင်တွေကလည်း လက်ခံကြပါတယ်။ အစိုးရကနေ ဖော်ဆောင်ပေးတဲ့ အသွင်ကူးပြောင်းမှု Top-driven မှာ အစိုးရ (စစ်တပ်) ရဲ့ အင်အားနဲ့ ဒူပေနာပေ ခံနိုင်မှု (အားနည်းမှု မဟုတ်) ကို ဖော်ထုတ်ပြသနေတယ်လို့ အဆိုပါ ပညာရှင်တွေက ပြောပါတယ်။
ဒါပေမယ့် အစိုးရ အားနည်းနေပြီဆိုတာကို ပြသတဲ့ အချက်အလက်တွေ မရှိရင်တောင် တခြား နိုင်ငံရေး လမ်းကြောင်းတွေကို စဉ်းစားကြည့်ဖို့ ဆိုတာလည်း အလွန်အရေးကြီးပါတယ်။ အရှေ့အလယ်ပိုင်းဒေသက အာရပ်နွေဦး တော်လှန်ရေးနဲ့ ပတ်သက်ပြီး (မြန်မာနိုင်ငံအတွက်လည်း ထပ်တူထပ်မျှ သက်ဆိုင်ပါတယ်) ဂရီဂိုရီ ဂေါက်စ် ကတော့ “အာဏာရှင်အုပ်စိုးမှုတွေ ကာလကြာမြင့် နေတာကြောင့် အာဏာရှင်အစိုးရတွေ သက်ဆိုးရှည်နေရတဲ့ အကြောင်းတရားတွေကိုပဲ ပညာရှင်တွေကလည်း အဓိပ္ပာယ် ဖွင့်ဆိုရှင်းပြနေတော့တာပါ။ အစိုးရ အားနည်းမှုကိုကျတော့ မပြောတော့ဘူး။ အဲဒီတော့ အရှေ့အလယ်ပိုင်း ဒေသတခုလုံးကို ရိုက်ခတ်သွားတဲ့ တော်လှန်ရေးတွေကို နားမလည်ကြတော့ဘူး” လို့ ရှင်းပြပါတယ်။
လှုပ်ခတ်စေသော ဖြစ်ရပ်များ (Disruptive Events)
ဖြစ်နိုင်ခြေ အခင်းအကျင်းတွေက လက်တွေ့ကျတဲ့ နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုတွေကို ထည့်သွင်း စဉ်းစားထားတာဖြစ်ပြီး သူတို့တခုချင်းစီက နားလည်ဖို့ လွယ်ကူတဲ့၊ အဓိပ္ပာယ်သတ်မှတ်ဖို့ လွယ်ကူတဲ့၊ ကြောင်းကျိုးဆီလျော်တဲ့၊ ခန့်မှန်းတွက်ချက်လို့ ရတဲ့ အဖြစ်အပျက်တွေကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ခန့်မှန်းတွက်ချက်ဖို့ မလွယ်ကူတဲ့ အခြေအနေတွေ၊ ကပြောင်းကပြန် ဖြစ်သွားစေမယ့် တခြားဖြစ်ထွန်းတိုးတက်မှုတွေကိုလည်း စဉ်းစားတွက်ချက်ဖို့ မဖြစ်မနေ အရေးကြီးပါတယ်။
အဆိုပါ အဖြစ်အပျက်တွေထဲမှာ အခြေအနေကို ရုတ်ချည်း ပြောင်းလဲစေတဲ့ မတော်တဆမှုများ (၂၀၀၄ ခုနှစ် ခရစ္စမတ် ဆူနာမီနဲ့ နာဂစ် ဆိုက်ကလုန်းမုန်တိုင်း ကဲ့သို့ သဘာဝကပ်ဘေးများ) ပါဝင်ပါတယ်။ မျှော်မှန်းမထားပေမယ့် ဆိုးဝါးပြင်းထန်တဲ့ စီးပွားရေး အကျပ်ရိုက်မှုများ၊ ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်ခြင်းလို အဖြစ်အပျက်တွေ ပါဝင်ပါတယ်။ ဒါကြောင့်မို့ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှု လမ်းကြောင်းကို လုံး၀ ပြောင်းလဲသွားစေနိုင်တဲ့ အဖြစ်အပျက်တွေကိုလည်း အနည်းအကျဉ်း စဉ်းစားပေးဖို့ လိုပါတယ်။
မျှော်လင့်မထားသော ခေါင်းဆောင်မှု အပြောင်းအလဲ
တိုင်းပြည်ကို မတည်မငြိမ်စေတဲ့ ဖြစ်ရပ်တွေထဲမှာ လက်ရှိ နိုင်ငံရေးခေါင်းဆောင်တွေ သေဆုံးခြင်း၊ ဒါမှမဟုတ် မသန်မစွမ်း ဖြစ်သွားခြင်းတို့ ပါဝင်ပါတယ်။ အရေးအကြီးဆုံး ခေါင်ဆောင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်းတို့ ပါဝင်ပြီး သူတို့အထဲမှာ အငယ်ဆုံးက အသက် ၆၅ နှစ်ရှိပါပြီ။ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေက သမ္မတ ဦးသိန်းစိန်နဲ့ အဓိက ချိတ်ဆက်ထားပြီး သူရဦးရွှေမန်းနဲ့လည်း သက်ဆိုင်နေပါတယ်။ ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းတို့က ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်တာကြောင့် သူတို့က စစ်တပ်အတွင်းမှာ သြဇာအာဏာနဲ့ လွှမ်းမိုးမှုတွေ ရှိနေပါသေးတယ်။ အဲဒီလို သြဇာအာဏာ ရှိတာကြောင့်် သဘောထား တင်းမာသူတွေကို ဘေးဖယ်ထုတ်ဖို့ ဝန်ကြီးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းတာ အပါအဝင် ပြုပြင်ပြောင်းလဲမှုတွေ၊ မူဝါဒ အသစ်တွေကို သူတို့က စတင် လုပ်ဆောင်လာနိုင်ပါတယ်။ အဆိုပါ ပြုပြင်ပြောင်းလဲမှုတွေကြောင့် စစ်တပ်ရဲ့ အခန်းကဏ္ဍကို စတင် လျှော့ချလာနိုင်ပါတယ်။ ဒါ့အပြင် ဝါရင့် စစ်ဖက်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းခေါက် ရွေးချယ်ထားသူတွေ ဖြစ်တာကြောင့် စစ်တပ်ကို ကိုယ်စားပြုတဲ့ အာဏာကို သူတို့က တစုံတခုသော အတိုင်းအတာအထိ ရယူထားနိုင်ပါသေးတယ်။
တဖက်မှာတော့ အောင်ဆန်းစုကြည်က အတိုင်အခံ အင်အားစုရဲ့ မရှိမဖြစ်၊ အစားမထိုးနိုင်တဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူရဲ့ ခေါင်းဆောင်မှုသာ မရှိရင် NLD အပါအဝင် ဒီ့ထက် ပိုကျယ်ပြန်တဲ့ ဒီမိုကရေစီ တပ်ပေါင်းစုကြီးက အချင်းချင်းကြားမှာ တင်းမာမှုတွေ ရှိလာပြီး ပြိုကွဲသွားနိုင်ပါတယ်။ တိုင်းရင်းသား အုပ်စုတွေရဲ့ ထောက်ခံမှုကို ထိန်းထားနိုင်ဖို့ အတွက်လည်း သူ့ရဲ့ ခေါင်းဆောင်မှုက မရှိမဖြစ် အရေးကြီးပါသေးတယ်။
သမ္မတ ဦးသိန်စိန် ဒါမှမဟုတ် သူရဦးရွှေမန်းသာ သေဆုံးသွားရင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ဘယ်လို အကျိုးသက်ရောက်လာမလဲ ဆိုတာ မသိနိုင်သေးပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း လုပ်ဆောင်ထားတဲ့ ဝန်ကြီးအဖွဲ့ အပြောင်းအလဲကို ကြည့်ခြင်းအားဖြင့် သူတို့မရှိလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ လမ်းကြောင်း ပြောင်းမသွားနိုင်ဘူးဆိုတာ တဖြည်းဖြည်း ထင်ရှားလာပါတယ်။ သူတို့နှစ်ယောက်နေရာကို ဝင်ရောက်လာမယ့် ခေါင်းဆောင်သစ်က သူတို့နှစ်ယောက်လိုမျိုး အာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ရဲ့ထောက်ခံမှုကို ဆက်လက်ရရှိရင် အတိုက်အခံတွေရဲ့ ယုံကြည်မှုကို ဆက်လက်ရရှိရင်တောင် ပြုပြင်ပြောင်းလဲရေးတွေကို မားမားမတ်မတ် ရပ်တည်ပြီး ဆက်လက် ဖော်ဆောင်နိုင်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို စစ်တပ်က ဆက်လက် ထောက်ခံနေသရွေ့တော့ အဆိုပါ ခေါင်းဆောင်သစ်က အချိန် အတိုင်းအတာတခုအထိ လုပ်ပိုင်ခွင့် ဆက်ရနေဦးမှာပါ။
ဖြစ်နိုင်ခြေ အနည်းဆုံး ဆိုပေမယ့် တကယ်ဖြစ်လာရင် ဆိုးကျိုးတွေ အကြီးမားဆုံး ရှိလာနိုင်တာကတော့ အင်အားကြီးမားတဲ့ တိုင်းရင်းသားပြည်နယ်တွေမှာ ရယူချုပ်ဆိုထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ပျက်စီးသွားတာ ဖြစ်ပါလိမ့်မယ်။ သဘောတူညီချက်တွေ ပျက်ပြယ်ဖို့ဆိုတာ ဖြစ်တော့မဖြစ်နိုင်သေးပါ။ ပထမဦးဆုံး အချက်အနေနဲ့ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကလွဲပြီး ကျန်တဲ့ တိုင်းရင်းသားအုပ်စုတွေထဲမှာ စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်အန်တုဖို့၊ စိန်ခေါ်ဖို့ ဘယ်အဖွဲ့ကမှ အင်အားမတောင့်တင်းကြပါ။ နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် တိုက်ပွဲ ဝင်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသားအဖွဲ့တွေ အများစုက “စေ့စပ်ညှိနှိုင်းထားတဲ့ အသွင်ကူးပြောင်းရေး” သည်သာ အကောင်းဆုံး နိုင်ငံရေးပြဿနာ ဖြေရှင်းရေး နည်းလမ်း ဖြစ်တယ်လို့ သဘောပေါက်ထားကြပါတယ်။ နောက်ဆုံးအချက်ကတော့ သဘောထား တင်းမာ ရန်လိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြန်ဖြစ်လာရင် စစ်တပ်အတွက်လည်း အကျိုးမရှိဘူး ဆိုတဲ့အချက်ပါ။ စစ်တပ်ရဲ့ နိုင်ငံရေး စီးပွားရေး လုပ်ပိုင်ခွင့်အာဏာတွေက ယုတ်လျော့ကျဆင်းထားပါပြီ။
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ပျက်စီးသွားရင် ဆိုးကျိုးတွေ ကြီးမားမယ်ဆိုတာ အထွေအထူး ပြောနေဖို့တော့ မလိုပါ။ တခြား အဖြစ်အပျက်တွေထက်စာရင် ဒီအဖြစ်အပျက်ကြောင့် စစ်တပ်ဆီက ပြန်လာမယ့် လက်တုံ့ပြန်မှုက ပိုဆိုးနိုင်ပါတယ်။ အကြောင်းကတော့ “နိုင်ငံတော် ပြိုကွဲတော့မယ်” ဆိုတဲ့ စစ်တပ်ရဲ့ အကြောက်တရားကို ပိုကြီးမားအောင် လုပ်ပေးလိုက်နိုင်တာကြောင့်ပါ။ တိုက်ပွဲတွေ ပြန်ဖြစ်လာရင် NLD အပေါ်လည်း ပြင်းထန်တဲ့ ဖိအားတွေ ကျရောက်လာပါလိမ့်မယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေပေမယ့် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို NLD က ဒီနေ့အချိန်အထိ ထောက်ခံမှု ပေးထားပါတယ်။ တိုက်ပွဲတွေ ပြန်ဖြစ်လာရင် ပြည်သူထူထုကြား တင်းမာမှုတွေကို ပြင်းထန်လာအောင် လုပ်ပေးလိုက်သလိုဖြစ်ပြီး တိုင်းပြည်ရဲ့ တစုတစည်းတည်း ရှိနေမှုကို စိန်ခေါ်လိုက်သလိုလည်း ဖြစ်သွားနိုင်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးအရ အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တာ (အထင်ရှားဆုံးကတော့ ရခိုင်ပြည်နယ်) ကိုလည်း တိုင်းပြည်က ရင်ဆိုင်ဖြေရှင်းရပါဦးမယ်။ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ လူများစု ရခိုင်တွေနဲ့ မွတ်စလင်တွေကြား တင်းမာမှုက အသစ်အဆန်းတော့ မဟုတ်ပေမယ့် တိုင်းပြည်ကို လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရက အဆိုပါ လူမျိုးရေးတင်းမာမှု ပြဿနာကို ပထမဆုံးအကြိမ် အနေနဲ့ တရားဝင် လူသိရှင်ကြား ဖြေရှင်းပေးရပါဦးမယ်။ ပြဿနာအတွက်အဖြေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် တွေ့နိုင်မှာ မဟုတ်ပေမယ့် အစိုးရရဲ့ ကိုင်တွယ်ပုံ ကိုင်တွယ်နည်းအပေါ် မူတည်ပြီး နောက်ဆက်တွဲကိစ္စတွေ အများကြီး ပေါ်ပေါက်လာပါဦးမယ်။
(ဆက်လက် ဖော်ပြပါမည်)
(ဘရိုင်ယန် ဂျိုးဇက်ဖ် (Brian Joseph) ၏ Political Transition in Burma: Four Scenarios in the Run-Up to the 2015 Elections ကို ဘာသာပြန် ဖော်ပြပါသည်။ ဘရိုင်ယန် ဂျိုးဇက်ဖ်သည် National Endowment for Democracy မှ အာရှနှင့် ကမ္ဘာလုံးဆိုင်ရာ ပရိုဂရမ်၏ ဝါရင့် ဒါရိုက်တာတဦး ဖြစ်ပါသည်။)