ကျမတို့ လူမျိုးတွေမှာ မှားတာကို မှားကြောင်း ရဲရဲဝံဝံ ဝန်ခံရဲတဲ့သူ နည်းကြပါတယ်။ တခုခုကို မှားယွင်း ဆုံးဖြတ် လုပ်ကိုင်မိတဲ့အခါ မှားသွားတာပဲလို့ မှားတာကို မှားကြောင်း ဝန်ခံရဲတဲ့သူနည်းသလို ကိုယ့်ရဲ့ အမှားကိုလည်း ဝန်ချတောင်းပန်ဖို့ အင်မတန် အားနည်းကြပါတယ်။ ကိုယ့်ကြောင့် အမှားတခုဖြစ်လာပြီဆိုရင်ဖြင့် သူများကို အပြစ်ပုံချ လွှဲချတတ်တာ၊ရှောင်ပုန်း ထွက်ပြေးတတ်တာ၊ ရရှိထားတဲ့ နေရာ(အာဏာ)ကို အလွဲသုံးစားလုပ်ပြီးတော့ မသိချင်ယောင်ဆောင် နေတတ်ကြတာ ဒါတွေကို ကျမတို့ ဝန်းကျင်မှာ နေ့စဉ် မြင်တွေ့ နေကြရတာပါပဲ။ ဘာကြောင့် အဲဒီလို ဖြစ်ကြရပါလိမ့်လို့ ကျမ မကြာမကြာ တွေးမိပါတယ်။
အမှန်တော့ အမှားကို ဘာကြောင့် ဝန်မခံရဲသလဲ ဆိုတဲ့ အကြောင်းကို သေသေချာချာ တွေးကြည့်မယ် ဆိုရင်တော့ဖြင့် ကျမတို့ဟာ ဟိုးငယ်ငယ်လေးကတည်းက အမှားတခုခုကို လုပ်မိကိုင်မိလိုက်ပြီ ဆိုတာနဲ့ တပြိုင်နက် အမှားနဲ့ မလိုက်အောင်ကို အပြစ်တင်ရှုတ်ချခြင်း၊ ဆူပူခြင်း ခံကြရတာ များလို့ပါပဲ။ ဒါဟာ အမှားကို ကြောက်စေခြင်း တနည်းပြောရရင် ကိုယ့်ရဲ့ အမှားကို ဝန်မခံရဲခြင်းရဲ့ အကြောင်းရင်းတရပ်ပါပဲ။
တကယ်တော့ အမှားဆိုတာ ကြောက်စရာ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ လူ့လောကမှာ မမှားတဲ့လူ၊ မမှားဘူးတဲ့အရာ၊ မမှားယွင်းတဲ့ စမ်းသပ်ချက်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အောင်မြင်သွားတဲ့ သိပ္ပံတွေ့ရှိချက်များဟာ မအောင်မြင်ခင်မှာ မှားခဲ့တဲ့ အမှားယွင်းပေါင်းများစွာကို လက်ခံပြင်ဆင်ရင်းကမှတဆင့် အောင်မြင်ခဲ့ကြရတာပါပဲ။ ဒါပေမယ့် ကျမတို့ဟာ ကံဆိုးလှစွာပဲ အမှားကို ကြောက်သွားအောင်၊ အမှားကို ရှောင်ပြေးချင်လောက်အောင်အထိ အမှားတခုခုလုပ်မိပြီဆိုတာနဲ့ ငယ်ငယ်ကတည်းက အပြစ်တင်ဝေဖန်ခံခဲ့ကြရပါတယ်။ မတော်တဆ ပန်းကန်ကျကွဲတာမျိုးကအစ အရိုက်ခံခဲ့ကြရပါတယ်။ အမှန်တော့ ပန်းကန်ကျကွဲတဲ့အခါမှာ ကလေးတယောက်ကို မှတ်အောင်ဆိုပြီးတော့ ရိုက်နှက် ဆူပူမယ့်အစား သင်ပေးရမှာပါ။ ကြွေပန်းကန်ဟာ ကွဲတတ်တာမို့ ကြွေပန်းကန်ကို ကိုင်တဲ့အခါမှာ လက်နှစ်ဖက်နဲ့ သေသေချာချာကိုင်ဖို့ လိုတယ်ဆိုတဲ့အကြောင်းကို ကလေးကို သင်ပေးရပါမယ်။
အဲဒီလိုပဲ ကလေးတို့ လေးကြောင်းမျဉ်းထဲမှာ ဝလုံးလေးတွေကို ဝိုင်းအောင် မရေးတဲ့အခါမှာ ကလေးရဲ့လက်ကလေးကို ရိုက်မယ့်အစား ခဲဖျက်လေးနဲ့ ဖျက်ပြီးတော့ မဝိုင်းဝိုင်းအောင် ပြန်ရေးခိုင်းရပါမယ်။ ဝလုံးပိန်ရှုံ့ရှုံ့လေးဟာ ခဲဖျက်နဲ့ ဖျက်လိုက်ပြီးတော့ ပြန်ရေးတာနဲ့ ဝိုင်းဝိုင်းလေးတွေ ဖြစ်သွားတယ်ဆိုတဲ့အကြောင်း ကလေးကို သိအောင်သင်ပေးရမှာပါ။
အမှားကနေတဆင့် အမှားယွင်းကနေ သင်ယူရမယ့်အရာများကို ကလေးတို့ သိသွားအောင် လမ်းပြပေးဖို့ လိုသလို၊ အမှားကို ပြင်ဆင်ဖို့အတွက်ပါ ကလေးကို လုပ်ပေးရပါမယ်။ ဒါဟာ ကိုယ့်ရဲ့ အမှားကို ကိုယ်တာဝန်ယူရမယ်ဆိုတဲ့ အသိလေးကိုပါ ကလေးတို့ရင်ထဲ စွဲသွားအောင်လို့ သင်ပေးခြင်းပါပဲ။
ဥပမာ နံရံပေါ်ကို ကလေးက ဘောပင်နဲ့လျှောက်ခြစ်နေတယ်ဆိုပါစို့။ ကလေးကို ဆူပူ ရိုက်နှက်မယ့်အစား နံရံပေါ်ကို ဘောပင်နဲ့ လျှောက်မခြစ်ရဘူး ဆိုတဲ့အကြောင်း ကလေးနားလည်အောင်လို့ ရှင်းပြရပါမယ်။ ပြီးတဲ့အခါမှာတော့ အဝတ်ကို ရေစွတ်ပြီးတော့ ကလေးနဲ့အတူတူ နံရံကို သုတ်ရပါမယ်။ သူတို့လုပ်ထားတဲ့အလုပ်ကို သူတို့ကိုယ်တိုင် တာဝန်ယူပြီးတော့ ပြန်လုပ်စေရပါမယ်။ ဒီလိုလုပ်ခိုင်းခြင်းဖြင့် ကလေးတို့ရဲ့ စိတ်ထဲမှာ နောက်တခါ နံရံကို မခြစ်ရဘူး ဆိုတဲ့ အသိစိတ်ကလေးကို တခါတည်း ဝင်သွားအောင်လို့ လုပ်ပေးရာရောက်သလို ကိုယ့်ရဲ့ အမှားကို ကိုယ်တိုင် တာဝန်ယူရမယ်ဆိုတဲ့ အသိစိတ်လေးကိုပါ သွင်းပေးရာ ရောက်ပါတယ်။
အမှန်တော့ အမှားဆိုတာဟာ လူတိုင်းနဲ့ မကင်းတဲ့အရာတခုပါ။ ကလေးတို့ ပြုမူ ပြောဆို လုပ်ကိုင် လိုက်တဲ့ အမှားများကို လူကြီးများက မြင်တိုင်း တွေ့တိုင်း ဆူပူနေမယ်ဆိုရင်တော့ သူတို့ရင်ထဲမှာ အမှားကို ကြောက်တဲ့စိတ်ဝင်သွားနိုင်ပါတယ်။ အမှားကို ကြောက်လာတာမို့ မတော်တဆ မှားယွင်းမိလာရင်တောင်မှ အမှားကနေ ရှောင်ပြေးတတ်လာပါတယ်။ ကိုယ့်အမှားကိုယ် ဝန်မခံတာ၊ ကိုယ့်ရဲ့အမှားကို သူများကို ပြစ်တင်လွှဲချတာမျိုးတွေ လုပ်လာတတ်ပါတယ်။ ဟန်ဆောင်တတ် လိမ်ညာတတ်လာကြပါတယ်။
အမှားကို ကြောက်ရွံ့တဲ့သူဟာ မှားမှာကို စိုးရိမ်တဲ့အတွက် ဘာကိုမှ ရဲရဲဝံ့ဝံံ မလုပ်ချင် မလုပ်တတ်တော့ပါဘူး။ ဘယ်ကိစ္စကိုမဆို တာဝန်ယူပြီးတော့ မဆုံးဖြတ်ရဲပါဘူး။ ဒီလို တာဝန်မယူရဲတဲ့ လူတွေ၊ မှားမှာကို ကြောက်တဲ့လူတွေ မြောက်များစွာ ပေါ်လာတဲ့အတွက် မလုပ် မရှုပ် မပြုတ် ဆိုတဲ့ စကား ကျမတို့ လူ့အဖွဲ့အစည်းမှာ ပေါ်လာရတာပါပဲ။ ဒါဟာ အမှန်တော့ လူ့အဖွဲ့အစည်းတခုအတွက် အင်မတန်မှ အန္တရာယ်ကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြီးပါ။
တကယ်လို့ မှားလာခဲ့ရင်လည်း ကိုယ့်ရဲ့ အမှားကို အာဏာနဲ့ဖုံးလွှမ်းပစ်တာ၊ ပိုက်ဆံနဲ့ ဖုံးလွှမ်းပစ်တာ၊ ဘာကိုမှ ဝန်မခံဘဲနဲ့ မျက်နှာပြောင်ပြောင်နဲ့ အရှက်မဲ့စွာ နေထိုင်နေကြတာ ဒါတွေကိုလည်း ကျမတို့ လူ့အဖွဲ့အစည်းမှာ အံ့သြစရာကောင်းအောင်ပဲ မြင်တွေ့နေကြရတာပါပဲ။ ဒါတွေဟာလည်း စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရဲ့ လက္ခဏာများပါပဲ။
နောင်မျိုးဆက်မှာ အဲဒီလို စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြီးဖြစ်မလာစေဖို့အတွက် ကျမတို့ ပြင်ဆင်ကြဖို့ လိုပါပြီ။ ဒါကြောင့်မို့ ကလေးတို့ကို ငယ်ငယ်ကတည်းက ကျမတို့ လေ့ကျင့်ပြုစု ပျိုးထောင်ပေးဖို့ လိုပါတယ်။ ဘာကိုပဲ ကလေးတို့ မှားလာလာ၊ အမှားတခုကို တွေ့တိုင်း တွေ့တိုင်းမှာပဲ ကလေးကို သင်ကြားပေးဖို့ အခွင့်ရေးရပြီဟဲ့ ဆိုပြီးတော့ ကျမတို့ ဝမ်းသာကြရပါမယ်။
ကျမအနေနဲ့ကတော့ ကလေးတယောက်ကို ပြုစုပျိုးထောင်တယ် ဆိုတာဟာ လူ့အဖွဲ့အစည်းတခုကို ပြုစုပျိုးထောင်တာ၊ နိုင်ငံတော်ရဲ့ အနာဂါတ်ကို ပြုစုပျိုးထောင်တာလို့ ယုံကြည်ပါတယ်။ တိုင်းပြည်တပြည် ပြောင်းလဲဖို့ ဆိုတဲ့နေရာမှာ လူ့အဖွဲ့အစည်းတခုထဲမှာ ရှိနေတဲ့လူများရဲ့ ဖြောင့်မတ်မှု၊ ရိုးသားမှု၊ တာဝန်ယူမှု၊ စည်းကမ်းရှိမှု ဆိုတာနဲ့လည်း အများကြီး ပတ်သက်ပါဝင်နေပါတယ်။ အနာဂတ်လူ့အဖွဲ့အစည်းကို ဦးဆောင်ကြရမယ့် ကလေးများကို မှန်ကန်စွာ ပြုစုပျိုးထောင်ပေးရမယ့်ကိစ္စဟာ သိပ်ကိုမှ အရေးကြီးလှပါတယ်။ ဒါကြောင့်မို့ အမှားကို မကြောက်တတ်တဲ့၊ အမှားကနေ သင်ခန်းစာယူတတ်တဲ့၊ ကိုယ့်အမှားကိုယ် ရဲရဲဝံ့ဝံံံ့ ဝန်ခံရဲတဲ့၊ တာဝန်ယူတတ်တဲ့ လူကြီးတွေ များလာစေဖို့အတွက် ကလေးတို့ကို ငယ်စဉ်ကတည်းက ပြုစု ပျိုးထောင်ပေးဖို့လိုတာမို့ မိဘ ဆွေမျိုးများ ဆရာများ အနေနဲ့ ကလေးတို့ကို အမှားမကြောက်အောင် သင်ကြားပေးပါလို့ တိုက်တွန်းလိုက်ရပါစေ။