ဒီအချိန်ဒီကာလဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးအတွက် တနိုင်ငံလုံး စိတ်ဝင်တစား စိုင်းပြင်း ဆောင်ရွက်နေ ချိန်ဖြစ်ကြောင်း အားလုံးသိပြီးဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေက ပြည်သူ့အသံကို နားစွင့်ပြီး ပြင်ဆင် သင့်တဲ့အချက်တွေကို ကြိုတင်ညှိနှိုင်းပြုစုနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ အရေးကိစ္စတွေအပေါ် သုံးသပ်အကြံပြုဖို့ကိစ္စမှာတော့ ကျနော့်အနေနဲ့ ဝင်မရှုပ်လိုပါ။
သူလိုငါလို သာမန်ပြည်သူတယောက်ထက်ပိုပြီး နားလည်တတ်ကျွမ်းသူလည်း မဟုတ်ပါ။ ဒီကိစ္စမှာ ကျွမ်းကျင်တဲ့ နိုင်ငံရေး ပါတီတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ လုပ်ကြပါလိမ့်မယ်။ ဒါပေမယ့် ‘ပညာရှိ သတိဖြစ်ခဲ’ ‘အလှမ်းကျယ် အလယ်လပ်’ ဆိုရိုးစကားအတိုင်း ထည့်သွင်းစဉ်းစားဖို့ မေ့လျော့နေမယ့်အချက်တွေလည်း ရှိကောင်းရှိနေနိုင်ပါတယ်။ ပြည်သူတယောက်အနေနဲ့ သို့မဟုတ် ပန်းချီအနုပညာသမားတယောက်အနေနဲ့ တခုတော့ တောင်းဆိုအကြံပြုချင်ပါတယ်။ အဲဒါကတော့ နိုင်ငံတော် အလံ ပြင်ဆင်ပေးဖို့ ကိစ္စပါ။
နိုင်ငံတော်အလံ ဆိုတာ နိုင်ငံရဲ့အထွဋ်အမြတ်သင်္ကေတတခု ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတိုင်း ဦးညွှတ် အလေးပြု ရတယ်။ နိုင်ငံအတွင်းနေထိုင်သူ၊ အလည်အပတ်ရောက် လာသူ နိုင်ငံခြားသားတွေလည်း လေးစားရိုသေစွာ အလေးပြုကြ ရတယ်။ ဆီးဂိမ်းစ်လို၊ အေးရှားဂိမ်းစ်လို၊ အိုလံပစ်လို နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာလည်း နိုင်ငံစုံက ပွဲကြည့်ပရိဿတ်နဲ့ ပြိုင်ပွဲဝင် အားကစား သမားတွေ အလေးပြုကြရတယ်။ ဒါဟာ လူတိုင်း တွေ့နေ မြင်နေ သိနေပြီးသားမို့ အထူးပြောစရာမလိုပါ။ ဒါပေမယ့် အဲဒီ ‘နိုင်ငံတော် အလံ’ဆိုတာကြီး ဖြစ်ထွန်းပေါ်ပေါက်လာဖို့ ဆိုတာကတော့ ပေါ့သေးသေးမဟုတ်၊ ပြီးပြီးရောမဟုတ်၊ သိပ်ကို အရေးကြီး တဲ့ကိစ္စမို့ အထူးပြောစရာ လိုလာပါပြီ။
နိုင်ငံတော်အလံဆိုတာ ဗေဒင်တွေ ယတြာတွေ ဂြိုဟ်စီးဂြိုဟ်နင်းတွေနဲ့ စီရင်တွက်ချက်ပြီးမှ ရေးဆွဲဖန်တီးရတဲ့ အရာ မဟုတ်ပါ။ နိုင်ငံတော် အလံဆိုတာ “ဟေ့ကောင် မင်း ကြည့်လုပ်လိုက်စမ်းကွာ”ဆိုပြီး ဘာမှမသိတဲ့ အနားက တပည့်တယောက်ကို ခိုင်းလို့ ရကောင်းတဲ့ အရာမျိုးလည်းမဟုတ်ပါ။ နိုင်ငံတော်အလံဆိုတာ “ငါလဲ ကွန်ပျူတာဒီဇိုင်းလေးဘာလေး နည်းနည်းပါးပါး လုပ်တတ်ပါတယ်ကွ” ဆိုပြီး လက်တည့်စမ်းလုပ်သင့်တဲ့ အရာမျိုးလည်းမဟုတ်ပါ။
ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ချင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုပြီး အတည်ပြုထားတဲ့ လက်ရှိ နိုင်ငံတော်အလံကို ပန်းချီသမားအမြင် (ကျနော့်တယောက်တည်းရဲ့သဘော) ပြောပါဆိုရင် မကြိုက်ပါခင်ဗျား။ ကျနော်တင်မဟုတ် ကျနော်လက်လှမ်းမှီသလောက် ကျနော့်ပတ်ဝန်းကျင်က လူအတော်များများလည်း မကြိုက်ကြပါ။ “အလံဒီဇိုင်း သိပ်ကောင်းတာပဲ” လို့ ပြောတဲ့သူ ဒီနေ့အထိတော့ တယောက်မှ မတွေ့ဖူးသေးပါ။ ဒီဇိုင်း အနုပညာသဘောအရ သုံးသပ်ဝေဖန်ရရင် အားနည်းချက်တွေ အများကြီးရှိနေပါတယ်။ ဆောင်းပါးရှည်မှာစိုးလို့ ပညာရပ်ဆိုင်ရာကိစ္စတွေကိုတော့ အသေးစိတ်ရေးမပြတော့ပါ။
အဲဒီအားနည်းချက်ကြောင့် မကြိုက်တာအပြင် တခြားအရေးကြီးတဲ့ အချက်တချက်က အဲဒီအလံ ဘယ်ပုံဘယ်နည်း ပေါ်ပေါက်ဖြစ်ထွန်းလာတယ်ဆိုတာ ကျနော်တို့ပြည်သူတွေ မသိရလို့လည်း ပါပါတယ်။ ဘယ်ပညာရှင်က ဘယ်လိုစိတ်ကူးနဲ့ ဘယ်ကဲ့သို့ ဖန်တီးလိုက်တယ်ဆိုတာ ကျနော်တို့ သိခွင့်မရပါ။ အသေအချာသိရှိသူ တယောက်ယောက်ကများ ဒီမိုကရေစီနိုင်ငံတော်ကြီးက ကျနော်တို့ ပြည်သူတွေကို အနည်းငယ်လောက် အသိပေးရှင်းပြမယ်ဆိုရင် ကျေးဇူးတင်ချင်ပါတယ်။ သန်း ၆၀ ကျော် ပြည်သူတွေ ဦးညွှတ်အလေးပြုရမယ့် နိုင်ငံတော်အလံဟာ တစုံတယောက်ကို တိုးတိုးတိတ်တိတ် ကြိတ်ခိုင်းပြီး ကြိတ်လုပ်လိုက်တာမျိုး လုံးဝမဖြစ်သင့်ပါခင်ဗျား။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတရပ်လုံးက တခဲနက်ထောက်ခံထားတာပဲ .. အဲဒီအထဲမှာ နိုင်ငံတော် အလံလဲ အပါအဝင်ပဲလေ .. အခုမှ မကြိုက်ဘူး ပြင်ချင်တယ်ဆိုလို့ ဘယ်ဖြစ်မလဲ” လို့ ပြောလို့မရပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်စဉ်က ကျနော်တို့နိုင်ငံဟာ စစ်အုပ်ချုပ်ရေးအောက်မှာ ပြားပြား ဝပ်နေရတဲ့အချိန်ဆိုတာ မေ့လို့မဖြစ်ပါ။ အကြောက်တရားနဲ့ဖိနှိပ်ခံထားရတဲ့ ပြည်သူတွေရဲ့မဲပြားဟာ သူတို့ရင်ထဲက တကယ့်ဆန္ဒအစစ်အမှန် ဖြစ်နိုင် မဖြစ်နိုင် အခုလို ပွင့်လင်းလွတ်လပ်လာတဲ့အချိန်မှာ လွတ်လပ်တဲ့ဦးနှောက်တွေနဲ့ ဆင်ခြင်စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။
နိုင်ငံတော်အလံဆိုတာ ကမ္ဘာ့အလည်မှာ သီးသီးသန့်သန့် တင့်တင့်တယ်တယ် လွှင့်ထူနိုင်ရပါမယ်။ ဟိုအလံနဲ့ တူသလိုလို၊ ဒီအလံနဲ့ ရောထွေးနေသလိုလို ထင်ယောင်ထင်မှား မဖြစ်ရပါဘူး။ နိုင်ငံတော်အလံသစ် ပေါ်ထွက်လာပြီးတဲ့နောက် အရပ်ထဲ ဈေးထဲမှာ လက်ဖက်ရည်ဆိုင်မှာ အင်တာနက်စာမျက်နှာတွေပေါ်မှာ အဲဒီအလံကိစ္စ ပြောလိုက်ကြတာ တယောက်တပေါက်၊ နားစွင့်မထားလည်း အလိုလိုကြားနေရတယ်။
အခုလက်ရှိ ဒို့နိုင်ငံတော်အလံဟာ ဂါနာနိုင်ငံအလံနဲ့ ခပ်ဆင်ဆင်ဖြစ်နေသတဲ့။ သည့်အရင်က အလံကျပြန်တော့ ထိုင်ဝမ်နိုင်ငံအလံလိုလို အဝေးကကြည့်ရင် ခွဲဖို့မလွယ်ဘူးတဲ့။ တချို့ကလည်း အနီနဲ့နက်ပြာရောင်ပါတဲ့ အလံတွေမှ တိုးတက်ပြီး ချမ်းသာတဲ့ နိုင်ငံတွေတဲ့။ ဝါစိမ်းနီပါတဲ့ အလံတွေဟာ ကမ္ဘာမှာ ဆင်းရဲတဲ့နိုင်ငံတွေ များသတဲ့။ ဒါကြောင့် ဝါစိမ်းနီ ဖြစ်နေတဲ့ ဒို့နိုင်ငံအလံကို မကြိုက်ဘူးတဲ့။ ပွင့်လင်းလွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်လာပြီဆိုတော့ ကိုယ်ထင်မြင်ယူဆတဲ့အတိုင်း ရိုးသားပွင့်လင်းလွတ်လပ်စွာ ပြောဆိုဝေဖန်ကြတာကို အပြစ်မဆိုသာပါ။
နိုင်ငံတော်အလံဆိုတာ အရောင်တွေစုံဖို့ အကြောင်းအရာအဓိပ္ပါယ်တွေ ရှုပ်ထွေးများပြားဖို့ထက် ရိုးရှင်းပြီး လွယ်ကူစွာ ခွဲခြားမှတ်မိနိုင်တဲ့ ဒီဇိုင်းဖြစ်ဖို့က ပိုပြီးအရေးကြီးပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ကိုယ့်အလံကိုယ် သေသေချာချာမမှတ်မိပဲ ဇောက်တိဇောက်ထိုး လွှင့်ထူမိတာတွေ ဘာတွေ ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့နိုင်ငံမှာကိုပဲ မကြာသေးခင်က အရေးကြီးတဲ့ အခမ်းအနားတွေမှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီးတွေကိုယ်တိုင် အလံဇောက်ထိုးလွှင့်ထူမိတာ ၂ ကြိမ်တိတိ ရှိခဲ့ပါပြီ။ ဟိုးလေးတကျော်ဖြစ်ရပ်မို့ သိပ်ရှက်စရာကောင်းပါတယ်။ ဖြစ်နိုင်ရင်တော့ မူလတန်းကလေးကအစ အလွယ်တကူ အလွတ်ရေးဆွဲနိုင်တဲ့ ဂျပန်အလံလို ဗီယက်နမ်အလံလို ဆိုရင် သိပ်ကောင်းမှာပဲလို့ တောင့်တမိပါတယ်။
စကားကြုံတုန်း စင်္ကာပူနိုင်ငံ စာအုပ်ထုတ်ဝေရေးကုမ္ပဏီတခုမှာ ကျနော် ပန်းချီဆရာအဖြစ် အလုပ်လုပ်စဉ်က အတွေ့အကြုံလေးတခုကို ပြောပြပါရစေ။ တခါတော့ Social Studies လို့ခေါ်တဲ့ ကျောင်းသုံးစာအုပ်တအုပ်ကို ကျနော်တို့ကုမ္ပဏီက တင်ဒါရလို့ လုပ်ရပါတယ်။ အဲဒီထဲမှာ အာဆီယံနိုင်ငံတွေအကြောင်း ပါပါတယ်။ တနိုင်ငံချင်းစီ ရဲ့ ပထဝီအနေအထား၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့အကြောင်းတွေကို မြေပုံတွေ အလံတွေ ဓါတ်ပုံတွေနဲ့ ဖော်ပြရပါတယ်။ မြေပုံတွေ အလံတွေကို မှီငြမ်းစာအုပ်တွေထဲကအတိုင်း ကွန်ပျူတာနဲ့ပြန်ကူးဆွဲရပါတယ်။ အဲဒီမှာ ဒီဇိုင်းဆရာတွေ ခေါင်းကိုက်ရတဲ့အလံကတော့ ကျနော်တို့ မြန်မာနိုင်ငံအလံပါပဲ။ အခုလက်ရှိအလံ မဟုတ်ပါ။ ၁၉၉၅ လောက်ကဆိုတော့ သည့်အရင်အလံပါ။ စာအုပ်ထဲက မူရင်းပုံက ကြည်လင်ပြတ်သားမှုမရှိတဲ့အပြင် အလံဒီဇိုင်းကလည်း ရှုပ်ရှုပ်ထွေးထွေးဆိုတော့ သူတို့ခေါင်းကိုက်တာ မဆန်းလှပါဘူး။
နောက်ဆုံးတော့ တဦးတည်းသော မြန်မာနိုင်ငံသားပန်းချီဆရာ ကျနော့်စားပွဲပေါ် ရောက်လာပါတော့တယ်။ တာဝန်ခံအယ်ဒီတာက “မင်းတို့နိုင်ငံအလံ မင်းပဲဆွဲပေတော့” တဲ့။ တလက်စတည်း “အလံပေါ်က ရှုပ်ရှုပ်ထွေးထွေးပုံတွေက ဘာတွေလဲ ရှင်းပြစမ်းပါ” လို့ လည်း ကျနော့်ကို ဆက်မေးပါသေးတယ်။ သိချင်နေတဲ့ တခြားအယ်ဒီတာတွေ ဒီဇိုင်းနာတွေ ပန်းချီဆရာတွေ ကျနော့်စားပွဲနား ဝိုင်းအုံလာကြတယ်။ မှတ်ထားကြ၊ ဒါက ပင်နယံခေါ်တယ်၊ အလုပ်သမားလူတန်းစားကို ကိုယ်စားပြုတာ။ ဒါက စပါးနှံ၊ လယ်သမားလူတန်းစားပေါ့။ ဒီကြယ်ဖြူ ၁၄ လုံးကတော့ တိုင်းနဲ့ပြည်နယ် ၁၄ ခုကို ကိုယ်စားပြုတာ။ အနီရောင်က ဘာ၊ အပြာရောင်က ဘာ စသဖြင့် .. တတ်သလောက် မှတ်သလောက် ဘိုလိုပြောလိုက်တာ ပြီးလည်းပြီးရော အားလုံး ခေါင်းတခါခါ လည်တခါခါ မအီမသာနဲ့ လှည့်ထွက်သွားကြပါတယ်။
ကျနော့်ကို အားနာလို့ ဘာမှတော့ ပြောမသွားကြပါ။ တာဝန်ခံအယ်ဒီတာ အမျိုးသမီးကြီးကပဲ လူကြီးပီပီ ကျနော့် ပုခုံးကိုဖက်ပြီး “မင်းသာ အခုလိုရှင်းမပြရင် ငါတို့အားလုံး ဘာမှန်းသိမှာမဟုတ်ဘူး ကျေးဇူး” တဲ့။ အင်း .. ကိုယ့်နိုင်ငံအကြောင်း ပြောချင်တာတွေ ပြချင်တာတွေ အကုန်လုံး ဒီအလံလေးထဲ စုပြုံပြွတ်သိပ်ထည့်ရေးလည်း ကြည့်သူက ဘာမှနားမလည်ရင် ဒီဇိုင်းရှုပ်တာပဲ အဖတ်တင်မယ်လို့ ကျနော်ပညာရလိုက်ပါတယ်။
နိုင်ငံတော်အလံဆိုတာ နိုင်ငံသူနိုင်ငံသားတွေရဲ့ ရင်ထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲချစ်မြတ်နိုးပြီး တန်ဖိုးထား လေးစားနိုင်မယ့် သင်္ကေတဒီဇိုင်းတခု ဖြစ်ကိုဖြစ်ရပါမယ်။ ဟုတ်ပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုတာ ကြုံရာလူနဲ့ ကြုံသလို ဖြစ်ကတတ်ဆန်း တော်ရိရော်ရိ လုပ်လို့မရပါဘူး။ လူမသိ သူမသိ ဆရာတပည့်နှစ်ယောက်ထဲ ကြိတ်လုပ်လို့ ရတာမျိုးလည်း မဟုတ်ပါဘူး။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ထင်သာမြင်သာ ရှိရပါမယ်။ ပြည်သူတွေကို အသိပေးပြီး၊ ပြည်သူကြားက ပေါ်ထွက်လာတဲ့ဒီဇိုင်းတခုဖြစ်ဖို့ ကြိုးပမ်းရပါမယ်။
ဒီနေရာမှာ နားလည်တတ်ကျွမ်းတဲ့၊ လူရိုသေရှင်ရိုသေ (ပြည်သူချစ်တဲ့) ပညာရှင်ကြီးတွေရဲ့ အကူအညီ အများအပြားလိုအပ်ပါတယ်။ ကျနော်တို့နိုင်ငံမှာ ပန်းချီဒီဇိုင်းပညာရပ်နဲ့ပတ်သက်လို့ နိုင်ငံတကာအဆင့်မှီ ပညာရှင်တွေ အများကြီးရှိပါတယ်။ ပုဂ္ဂိုလ်ရေးဆန်သွားမှာစိုးလို့ ပညာရှင်တွေရဲ့အမည်ကို ရေးမပြတော့ပါဘူး။
ကျနော်တို့တိုင်းပြည် ဆင်းရဲတာမှန်ပေမဲ့ ပန်းချီဒီဇိုင်း အနုပညာအဆင့်ကတော့ မဆင်းရဲလှပါ။ ပညာရှင်တွေရဲ့ ပူးပေါင်းပါဝင်မှုကို တောင်းခံဖို့ဆိုရင် နိုင်ငံလုံးဆိုင်ရာ တရားဝင်အဖွဲ့အစည်း ‘ပန်းချီပန်းပုအစည်းအရုံး’ နဲ့ တိုင်ပင် ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံအတွင်းမှာ ပညာရှင်မဟုတ်တဲ့ ဝါသနာရှင်ရွက်ပုန်းသီးတွေလည်း ရှိနေနိုင်တာမို့ သူတို့ပါ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်အောင် ပြိုင်ပွဲသဘောမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်။ နားလည်တတ်ကျွမ်းတဲ့ အနုပညာရှင်တွေ၊ လူထုလူတန်းစားအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ၊ အစိုးရကိုယ် စားလှယ်တွေ ပါဝင်တဲ့အဖွဲ့က ရွေးချယ်ဆုံးဖြတ်ပေါ့။ ပြီးမှ လွှတ်တော်တင်ပြီး အတည်ပြုချက်ရယူပေါ့။ ဒီလိုနည်းနဲ့ဆိုရင်တော့ ပြည်သူတွေ ဝမ်းမြောက်ဝမ်းသာ လက်ခံနိုင်မယ့် နိုင်ငံတော်အလံစစ်စစ်ကို ရရှိနိုင်မှာ အသေအချာပါပဲ။
နိုင်ငံတကာအဖွဲ့အစည်းတွေမှာလည်း ဒီလိုနည်းကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးကြပါတယ်။ ထင်ရှားတဲ့ဥပမာတခု ပြရရင် ၂၀၁၁ ခုနှစ်တုန်းက ကမ္ဘာသုံး လူ့အခွင့်အရေး လိုဂိုဒီဇိုင်းတခုရဖို့ ဖိတ်ခေါ်ပြိုင်ပွဲပြုလုပ်ခဲ့တယ်။ ကမ္ဘာ့ ဘယ်နေရာက ဘယ်သူမဆို ရေးဆွဲဝင်ပြိုင်ခွင့်ရှိတယ်။ ဘာမှ သတ်မှတ်မထားဘူး။ ဒီဇိုင်းကို မြေကြီးပေါ်မှာ သစ်ကိုင်းခြောက်နဲ့ရေးခြစ်ပြီး တင်သွင်းရင်လဲ လက်ခံမယ်လို့ ဆိုတယ်။ စိတ်ဝင်တစား ပေးပို့လိုက်ကြတာ နိုင်ငံပေါင်း ၁၉၀ ကျော်က ဒီဇိုင်းပေါင်း တသောင်းခွဲကျော်ကျော် လက်ခံရရှိခဲ့တယ်။ ကျနော်ကိုယ်တိုင်လဲ ဒီဇိုင်းတခု ပေးပို့ဝင်ပြိုင်ခဲ့တယ်။ ဆုရဖို့ မရဖို့ထက် လူ့အခွင့်အရေးကို အသည်းအသန်လိုချင်လှပါချည်ရဲ့ ဆိုတဲ့နိုင်ငံက ဒါမျိုးကျတော့ စိတ်ဝင်စားမှု မရှိပါလား ဆိုတဲ့မှတ်ချက်မျိုး အပေးမခံချင်လို့ပါ။ ကျနော့်အပြင် ဝင်ပြိုင်တဲ့ တခြားမြန်မာနိုင်ငံသားတွေလဲ ရှိနိုင်ပါတယ်။ အသေအချာတော့ မသိပါ။
အကဲဖြတ်အဖွဲ့ဝင် အယောက် ၃၀ ကျော် မှာ ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ဂေါ်ဘာချော့ဗ်၊ ဂျင်မီကာတာ စတဲ့ ကမ္ဘာကျော် ခေါင်းဆောင်တွေလည်း ပါပါတယ်။ နောက်ဆုံးမှာတော့ လက်ဖဝါးနဲ့ လက်ချောင်းငါးချောင်းကို ချိုးငှက်ပုံဖေါ်ထား တဲ့ ဒီဇိုင်းက ဆုရသွားပါတယ်။ ရေးဆွဲသူက ဆာဘီးယားနိုင်ငံသား ဒီဇိုင်းနာ Predrag Stakic’ ဆိုသူပါ။
ကျနော်တို့နိုင်ငံရဲ့ အစိုးရဝန်ကြီးဌာနတွေမှာ အဲဒီလို အများဆန္ဒကို တလေးတစားဖော်ထုတ်တဲ့ အလေ့အကျင့်တွေ၊ ပညာရှင်တွေရဲ့ ပူးပေါင်းပါဝင်မှုကို ချဉ်းကပ်ဖိတ်ခေါ်တဲ့အလေ့အကျင့်တွေ သိပ်ကိုနည်းပါးလွန်းပါတယ်။
ဒီနှစ်ထဲ အိမ်ရှင်အဖြစ်ကျင်းပမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်အတွက် လိုဂိုဒီဇိုင်းဆိုရင်လည်း ပြိုင်ပွဲတွေ ဘာတွေ ခေါ်တယ်မကြားမိ၊ ဘယ်သူက ဘယ်လိုဖန်တီးလိုက်မှန်းလည်းမသိ၊ မိုးပေါ်ကကျလာသလို ဘွားကနဲ ပေါ်လာပါတယ်။ ကျနော်တို့နိုင်ငံက ပန်းချီဒီဇိုင်းပညာရှင်တွေ အဲဒါထက် အဆပေါင်းများစွာ ပိုကောင်းအောင် ဖန်တီးနိုင်စွမ်းရှိကြပါတယ်။ ကျနော့်ထက်ပိုပြီး တော်တဲ့တတ်တဲ့ ပညာရှင်တွေ အများကြီးရှိမှန်းသိနေလို့လည်း ကျနော်ဒီလိုပြောရဲတာပါ။ ဒါပေမယ့် လုပ်ခွင့်မရကြပါဘူး။
လူတဦးတယောက်က ဝါသနာပါလို့ ကိုယ့်မိသားစု စီးပွားရေးလုပ်ငန်းအတွက် လိုဂိုအမှတ်တံဆိပ်ကို ကိုယ့်ဖာသာကိုယ် ဖန်တီးရေးဆွဲတာမျိုးကို ကျနော်တို့ ဘာမှပြောစရာမရှိပါ။ ကောင်းကောင်း ညံ့ညံ့ သူ့သဘော သူ့ ကိစ္စပါ။ ဒါပေမယ့် နိုင်ငံတကာနဲ့ ဆက်ဆံပြီး နိုင်ငံ့မျက်နှာပြရမယ့် ဆီးဂိမ်းစ်လိုကိစ္စမျိုးမှာတော့ ပညာရှင်တွေကို ပူးပေါင်းပါဝင်ခွင့်ပေးမှ အဆင့်အတန်းရှိရှိ တူတူတန်တန် လိုဂိုဒီဇိုင်းမျိုးရမှာပါ။ ဒါမျိုးဆိုရင် ‘အနုပညာရှင်တွေလည်း တိုင်းပြည်ချစ်တတ်ကြောင်း’ ပြဖို့ ဘယ်သူကမှ ဝန်လေးနေမှာ မဟုတ်ပါ။
ကဲပါဗျာ အခုလက်ရှိအလံဟာ ဘယ်ပုံ ဘယ်နည်းနဲ့ပဲ ပေါ်လာပေါ်လာ ပြည်သူတရပ်လုံးက ဒါကိုပဲကြိုက်တယ် ဆန္ဒပြုတယ်ဆိုရင်ရော ။ ဒါဆိုလည်း ဒီမိုကရေစီနိုင်ငံကြီးသား ဖြစ်ချင်သူတယောက်ပီပီ အများဆန္ဒကို ကျေကျေ နပ်နပ်လက်ခံပါ့မယ်။ ဆန့်ကျင်ငြင်းဆန်နေမှာ မဟုတ်ပါ။ ဒါပေမယ့် ပြည်သူ့ဆန္ဒ စစ်စစ်မှန်မှန်ဖြစ်ကြောင်းကိုတော့ အခုလိုပြောလာတဲ့ လူကြီးမင်းတို့ဘက်က အပြည့်အ၀ တာဝန်ခံရပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံသူနိုင်ငံသားတွေ နောင်နှစ်ပေါင်းများစွာတိုင်အောင် ရိုရိုသေသေ ဦးညွှတ်အလေးပြုကြရမယ့် နိုင်ငံတော်အလံဟာ သူတို့ရင်ထဲက ဆန္ဒနဲ့အညီ ဒီမိုကရေစီနည်းလမ်းအတိုင်း ပေါ်ထွက်လာတဲ့အလံ ဖြစ်သင့်ကြောင်း အလေးအနက် အကြံပြုတင်ပြရကြောင်းပါ ခင်ဗျာ။
ပြည်သူ့အသံကို နားစွင့်နေသော ပြည်သူ့ကိုယ်စားလှယ်တွေ ကြားနိုင်ကြပါစေ။