ဇွန်လ ၈ ရက်နေ့မှာ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ရုံးခန်းအတွင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မှာ ရှိတဲ့ စာပေအဖွဲ့ပေါင်းစုံ၊ သတင်းဌာန ပေါင်းစုံ၊ အသံလွှင့်ဌာန (FM) ပေါင်းစုံ စသည်ဖြင့် အသင်းအဖွဲ့ စုံပါဝင်ပါတယ်။ ကျမကိုလည်း “မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂ” အနေနဲ့ အမှုဆောင် အားလုံးကို ဖိတ်ပေးဖို့၊ ဖုန်းနဲ့ ရော စာနဲ့ပါ ဖိတ်ကြားခဲ့ပါတယ်။ အင်အား ဘယ်လောက် တက်ရောက်မှာလဲ ဆိုတဲ့အထိ အတော် အသေးစိတ်ပါ တယ်။ ဒု-ဝန်ကြီး ကိုယ်တိုင် ကြွရောက် ရှင်းပြမှာလို့လည်း ကြိုတင် သတင်းပေး ပါတယ်။
ပြန်ကြားရေး သတင်းစာ ရှင်းလင်းပွဲကို ရောက်သွားတော့ ခန်းမကြီးထဲမှာ လူတွေ ပြည့်လျှံနေပါပြီ။ ရှင်းလင်းတဲ့ ပုဂ္ဂိုလ်က ဒ-ုဝန်ကြီး တယောက်တင် မကပါဘူး။ ယူနက်စကို (UNESCO) က တာဝန်ခံပါတယ်၊ ဂျာမနီက ကျွမ်းကျင် ပညာရှင်ဆိုတာ ပါတယ်။ ဒု-ဝန်ကြီးက မြန်မာလို (ဆလိုက်ထိုးပြီး) ရှင်းပါတယ်။ ယူနက်စကိုနဲ့ ဂျာမနီက ပုဂ္ဂိုလ်များ ကတော့ အင်္ဂလိပ်လို ပြောကြတယ်။ သူတို့က ဖြေးဖြေးမှန်မှန်လေး ပြောပေးကြတာမို့ အတော်များများ အဓိပ္ပါယ် ပေါက်ကြပါတယ်။ အကျဉ်းချုံး ဘာသာပြန်လည်း လုပ်ပေးပါတယ်။
ဒု-ဝန်ကြီး ပြောတဲ့ အထဲမှာ ဒီ “အများပြည်သူမီဒီယာ” ဥပဒေကြမ်းကို ပြုစုတာက သူတို့ ပြန်ကြားရေး အဖွဲ့ဝင်များ အနောက် ဥရောပနိုင်ငံများ သွားရောက်ပြီး ညီလာခံတွေ အလုပ်ရုံ ဆွေးနွေးပွဲတွေ တက်ရောက်ခဲ့တယ်၊ အဲဒီ နိုင်ငံတွေ ကျင့်သုံးနေတဲ့ ပုံစံမျိုးကို နမူနာယူပါတယ်လို့ ဆိုတယ်။
ပြန်လည် ဆွေးနွေးကြတဲ့ အခါ အဓိက ဆွေးနွေးသူများက မြန်မာနိုင်ငံ ပရက်စ်ကောင်စီ (Press Council) က ပြောခွင့်ရ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။ (ကျမတို့ သမဂ္ဂကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြွီး ညှိနှိုင်းဆွေးနွေးချိန် မရလိုက်ပါဘူး။ ဒါကြောင့် သမဂ္ဂရဲ့ သဘောထားကို ယူမသွားနိုင်ခဲ့ဘူး။ သူတို့ ပြောတာတွေပဲ နားထောင်လိုက်ရပါတယ်။)
အဲဒီလို ဆွေးနွေးကြတဲ့ အခါမှာ ဝိရောဓိတွေ အများကြီး ပေါ်လာတယ်။
အဓိက အချက်က နိုင်ငံတော် သမ္မတ ကိုယ်တိုင်က မီဒီယာနဲ့ ပတ်သက်ပြီး “မီဒီယာဥပဒေ မူကြမ်း” တခု ရေးဆွဲ တင်ပြဖို့ ပရက်စ်ကောင်စီကို တာဝန်ပေးခဲ့ပြီး ဖြစ်တယ်။ ဒါကြောင့် မတင်ပြခင် ပြန်ကြားရေးကနေပြီး အများပြည်သူ သိအောင် ကြေညာခဲ့တယ်။ ပရက်စ်ကောင်စီက စကားပြောတော့ ဝန်ကြီးနဲ့ ကိုယ်တိုင် တွေ့ဆုံညှိနှိုင်းခဲ့ရာက အခု ဆိုရင် နှစ်ဖက် သဘောတူခဲ့တဲ့ ဥပဒေကြမ်းကို လွှတ်တော်က စဉ်းစားဆုံးဖြတ်ပြီးတဲ့ အဆင့် ဖြစ်နေပါပြီ လို့ သိရတယ်။
ဒါဆိုရင် ဘာဖြစ်လို့များ အခုလို မီဒီယာဥပဒေ တမျိုးထပ်ပြီး လုပ်ရတာလဲ။ လိုသေးလို့လား လို့ စောဒက တက်ကြတာ ပါ။ နောက်တခုက ကောင်စီတခု ရှိပြီးသားဟာကို နောက်ကောင်စီတခု ထပ်ဖွဲ့ဦးမယ် ဆိုတော့ အလုပ်တွေ “ထပ်” မကုန်နိုင်ဘူးလား။ ဥပဒေ တခုနဲ့ တခု ငြိမကုန်နိုင်ဘူးလားလို့ မေးခွန်းထုတ်ကြတယ်။
ထူးခြားတဲ့ အချက် ၂ ချက် ရှိပါသေးတယ်။ သူတို့က “အများပြည်သူ ဝန်ဆောင်မှု မီဒီယာကောင်စီ” ဆိုတာကို ၁၅ ဦးနဲ့ ဖွဲ့မယ်၊ အဲဒီ ၁၅ ဦးကို သမ္မတရယ်၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌရယ်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့ရယ်က ၅ ဦးစီ ရွေးပေးမှာ တဲ့။ အားလုံး ၁၅ ဦးပေါ့။ ဒီတော့ နိုင်ငံရဲ့ လူကြီးတွေက တိုက်ရိုက် ခန့်အပ်မယ် ဆိုတာကို မီဒီယာ သမားတွေက ဘဝင် မကျကြဘူး။ (ပရက်စ်ကောင်စီ တုန်းကလည်း မကျေနပ်လို့ ပြန်ဖွဲ့ပေးခဲ့ရတယ်။ ပုဂ္ဂလိက ကိုယ်စားပြုတွေ ပါလာခဲ့တယ်။)
နောက် မေကျေလည်ကြတဲ့ ကိစ္စက အသုံးစရိတ်အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို လွှတ်တော်က ထုတ်ပေးမယ်၊ ၃၀ ရာခိုင်နှုန်းကိုတော့ ကြော်ငြာနဲ့ ရှာပြီး ကျခံရမယ် ဆိုတာပါ။ ကိုသီဟစောက “ဒါဆိုရင် .. ဥပမာ Eleven က တနှစ်အတွက် အခွန်ဆောင်လိုက်တဲ့ ငွေ သိန်း ၁၂၀၀ ဟာ ကြေးမုံနဲ့ မြန်မာ့အလင်း သုံးဖို့ ဖြစ်သွားမှာပေါ့။ ဒါ တရားပါရဲ့လား။ ခု အသွင်ပြောင်းမယ် ဆိုတဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာခေါ် ကြေးမုံ၊ မြန်မာ့ အလင်း၊ ရုပ်/သံတွေက အသာစီး ရသွားမှာပေါ့” လို့ ပြောပါတယ်။
ပြောကြ ဆိုကြတာ အများကြီးပါပဲ။ ကိုသီဟစောနဲ့ ယူနက်စကိုတို့ ဂျာမနီတို့ အင်္ဂလိပ်လို ငြင်းကြ ခုန်ကြတော့ နားမလည်လို့ စိတ်ရှုပ်ပြီး အောက်ကို ဆင်းသွားတဲ့ လူတွေလည်း အများကြီး။ အောက်က ထမင်းဆိုင်လည်း ရောင်းမလောက်။ ပလက်ဖောင်းမှာလည်း သတင်းထောက်တွေ ဆာလောင်လို့ရယ်။
ကျမတို့လည်း ကိုယ်က သိပ်ကျွမ်းကျင်တာ မဟုတ်တဲ့ ဘာသာရပ်လည်း ဖြစ်နေ၊ ပြီးတော့ ထမင်းလည်း ဆာနေပြီမို့ အခမ်းအနား မပြီးခင်မှာပဲ (မျက်နှာ ပူပူနဲ့) အောက်ကို ဆင်းခဲ့ကြပါတယ်။ နောက်နေ့ သတင်းစာတွေမှာ ဒီကိစ္စ မကျေလည်တာတွေ ရေးလာကြပါတယ်။ ကျမက မရေးသေးဘဲ စဉ်းစားနေတာပါ။ ဘာကို စဉ်းစားနေတာလဲ ဆိုတော့ စကား အခေါ်အဝေါ်ကြောင့် ဖြစ်ပါတယ်။
ကျမတို့ ငယ်ငယ်ကစပြီး တလျှောက်လုံး သုံးနှုန်းလာခဲ့တာက အစိုးရ အမှုထမ်းကို (Government Servant) လို့ သုံးနှုန်းခဲ့ကြပါတယ်။ ဒါက ဗြိတိသျှ အသုံးအနှုန်းပါ။ အမေရိကန် အသုံးအနှုန်းကတော့ Public Service တဲ့။ အဲဒီ နှစ်ခုက အတူတူပဲ ဖြစ်ပါတယ်။
အစိုးရ အမှုထမ်းကို Government Servant ကို Public Service Employee လို့ ပြောင်းတာပါ။ ကျောင်းမှ စာသင်တဲ့ ဆရာ ဆရာမ တွေကိုလည်း အများပြည်သူနဲ့ ပတ်သက်တဲ့ အလုပ် လုပ်ရတာမို့ Public Service Employee တဲ့။ စာပို့သမားကိုလည်း အလားတူ ခေါ်ပါတယ်။ သူတို့ကို ပေးတဲ့ လစာကို National Bank က ထုတ်ပေးရတာ ဆိုတော့ အစိုးရ ဝန်ထမ်းပဲ မဟုတ်လား။
အခု ပြောနေကြတာက သတင်းစာ ကိစ္စ။ အရင်က ကြေးမုံ၊ မြန်မာ့အလင်း၊ မူလက ပုဂ္ဂလိက ပိုင်တွေပါ။ ပြည်သူပိုင်ဆိုပြီး သိမ်းတယ်။ အစိုးရပိုင် ပေါ့လေ။ အခု အဲဒီ အစိုးရပိုင် ဆိုတဲ့ အခေါ်အဝေါ်ကို ပြောင်းချင်တယ်။ (အခုကာလက အသွင်ပြောင်းလဲရေး ကာလလို့ ဆိုသကိုး။) ဒီတော့ သတင်းစာ၊ ရေဒီယို၊ တီဗွီ၊ အင်တာနက် တွေဟာ မီဒီယာဖြစ်တယ်၊ အများပြည်သူနဲ့ ပတ်သက်တယ်၊ အများပြည်သူ အတွက် အလုပ်လုပ်နေကြတာ ဖြစ်တယ်၊ ဒါကြောင့် Public Service (အများပြည်သူ ဝန်ဆောင်မှု) လို့ ခေါ်တွင်စေရမယ် ဆိုတဲ့ အနေအထားပါ။ မမှားပါဘူး။ အများပြည်သူ ဝန်ဆောင်မှုပါပဲ။ ဒါပေမယ့် အစိုးရပိုင် ဖြစ်နေပြန်တယ်။ (ပုဂ္ဂလိက လေကြောင်း မဟုတ်၊ ပုဂ္ဂလိက ဘဏ်မဟုတ်) Public ဆိုတာ အများပြည်သူမို့ ဒီနိုင်ငံမှာ အစိုးရ ကျောင်းတွေကို State School လို့ ခေါ်တာ၊ အမေရိကန်တွေက Public School တဲ့။ အတူတူပါပဲ။ အမည်းလို့ မခေါ်ချင်တာနဲ့ အနက်လို့ ပြောင်းခေါ်တာ လို့ ဆိုနိုင်တယ်။
ဒီတော့ကာ အစိုးရ သတင်းစာ၊ ရုပ်/သံ တွေကို နာမည်ပြောင်းတာဟာ ဘာမှ မထူးဆန်းပါဘူး။ ထူးခြားမလာပါဘူး။ ပြောင်းရင် ပိုလှလာမယ် ထင်လို့ ပြောင်းတာပဲ။ နိုင်ငံတကာမှာလည်း ဒီလို သုံးနှုန်းနေကြတာကိုး။ ဒီတော့ နိုင်ငံပိုင် လုပ်ငန်းတခု အတွက် နိုင်ငံအစိုးရအဖွဲ့က ကြီးကြပ်တာ ဘာမှ မထူးဆန်းဘူး။ ပိုပြီး လွတ်လပ်ခွင့်တော့ ပေးထားပါတယ်။ ဒါတော့ ပိုတယ်ပေါ့။ နားမလည် ကြတာက ရုပ်/သံလုပ်ငန်းက အများပိုင် ဖြစ်တော့မယ် တဲ့ ဆိုပြီး ပြောနေတာပါ။ အများပိုင်ဆိုတာကို ပုဂ္ဂလိကပိုင် ဆိုတာနဲ့ လွဲမှား နားလည်နေကြတာပါ။ ဒါက ကျမ သိမြင်မိတာကို တင်ပြတာပါ။ ကျမနဲ့ သဘော မတူသူများလည်း ရှိနိုင်ပါတယ်။ သေချာတာက ကျမ အနေနဲ့ ယခုကိစ္စကို “စကားလုံး အခေါ်အဝေါ်”သာ ပြောင်းလဲတာလို့ ရိုးသားစွာ ထင်မြင်မိခြင်း ပါပဲ။ အခေါ်အဝေါ် ပြောင်းရုံနဲ့ ဂုဏ်သတ္တိတွေ ပြောင်းမသွား နိုင်ပါ။ ထို့အတူ အပေါ်ယံ အပြောင်းအလဲ လုပ်ရုံနဲ့တော့ အနှစ်သာရ အပြောင်းအလဲ ဆိုတာ ဘယ်လိုမှ မရှိနိုင်ဘူး မဟုတ်လား။
နောက်ဆုံး အရေးအကြီးဆုံး ပြောချင်တာကတော့ အစိုးရဆိုတာ ပြည်သူအပေါ် ကျောသား ရင်သား မခွဲခြားဘဲ မျှမျှတတနဲ့ အကောင်းဆုံး အသင့်လျှော်ဆုံး အုပ်ချုပ်ရတာမို့ အခေါ်အဝေါ် ပြောင်းသည် ဖြစ်စေ၊ မပြောင်းသည် ဖြစ်စေ၊ လွှတ်တော်ပိုင် မီဒီယာနဲ့ ပုဂ္ဂလိကပိုင် မီဒီယာများအတွက် ချမှတ်တဲ့ ဥပဒေ ဆိုတာ တမျိုးတစားပဲ ရှိသင့်တယ်၊ တမျိုးတစားတည်းပဲ ရှိသင့်ပါတယ်။ ငါ့သားမို့ အခွင့်အရေး ပိုယူဆိုတာ လုံး၀ မလျော်ကန်ပါဘူး။ ဒါကြောင့် လွှတ်တော်တင်မယ့် ဥပဒေကြမ်းကို အရင်တင်ထားတဲ့ ဥပဒေကြမ်းနဲ့ တတန်းတည်းထားပြီး ဖြစ်နိုင်ရင် တခုတည်း ပေါင်းပြီး ပြဋ္ဌာန်း သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။