နိုင်ငံအသီးသီး၏ ရိုးရာ အစားအစာများ ရောင်းချသည့်ဆိုင်များကို သက်ဆိုင်ရာနိုင်ငံတို့၏ ယဉ်ကျေးမှုသံရုံးများဟု ဆိုလျှင် ရနိုင်ပါသည်။ ယခုအခါ အမေရိကန်နိုင်ငံ၏ အသေးဆုံးမြို့ငယ်လေးများတွင်ပင် ထိုင်းစားသောက်ဆိုင်များ၊ ဗီယက်နမ် ရိုးရာခေါက်ဆွဲနှင့် ကော်ပြန့်လိပ်များကို မြင်တွေ့နေရပြီဖြစ်သည်။ မလေးရှားနှင့် အင်ဒိုနီးရှား အပါအဝင် အခြားသော အရှေ့တောင်အာရှ နိုင်ငံများ သည်လည်း ပင်လယ်ရပ်ခြား စားသောက်ဆိုင်လုပ်ငန်းကို နိုင်ငံကိုယ်စားပြု လုပ်ကိုင်လာကြ သည်။ အမေရိကန်ပြည်ထောင်စုတွင် မြန်မာနိုင်ငံမှ လာရောက်အခြေချနေထိုင်သူ အမြောက်အများရှိနေသော်လည်း အမျိုးအစား စုံလင်လှသည့် မြန်မာ့ရိုးရာ အစားအစာများကို ဖော်ထုတ်ရောင်းချသူ အနည်းငယ်သာရှိသည်ကိုတွေ့ရ၏။
အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့ရှိ ယဉ်ကျေးမှုပေါင်းစုံကို မြင်တွေ့နိုင်သည့် Clement လမ်းတွင်ရှိသော Burma Superstar မြန်မာစားသောက်ဆိုင်သည် အောင်မြင်ပြီးလူသိများသည့် ဆိုင်တဆိုင်ဖြစ်သည်။ Oakland နှင့် Alameda တို့ တွင်လည်း ဆိုင်ခွဲများဖွင့်လှစ်ထားသည်။ ပိုင်ရှင်ဖြစ်သူ ဒက်စမွန် ထွန်းလင်းနှင့် ဇနီး ဂျိုစလင်းလီး တို့နှစ်ဦးက မုန့်ဟင်းခါး နှင့် လက်ဘက်သုတ်ကို ကယ်လီဖိုးနီးယား ပြည်နယ်မှာ လူကြိုက်များသည့် အစားအစာဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများကို မှတ်တမ်းပြုစုနေသည့် Maje စီမံကိန်းမှ Edith Mirante က ဧရာဝတီအတွက် Desmond Htunlin အားတွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။။ အမေရိကန်ကို ဘယ်တုန်းက ရောက်ပါသလဲ။ ခင်ဗျားနဲ့ ခင်ဗျားမိသားစု ဘယ်လိုအကြောင်းကြောင့် ဒီကို ရောက်လာကြတာလဲ။
ဖြေ။။ ကျနော်တို့ မိသားစု ဆန်ဖရန်စ္စကို ကို ၁၉၇၉ ခုနှစ်မှာ ရောက်ပါတယ်။ ကျနော်တို့ အိပ်မက်က ကမ္ဘာတဝှမ်း ကနေ ဒီကိုရောက်လာကြတဲ့ တခြားသူတွေနဲ့ တူတူပါပဲ။ မိသားစုအတွက် ပြည့်စုံကောင်းမွန်တဲ့ ဘဝတခုဖြစ်လာအောင် အလုပ်ကြိုးစားလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ့။ ဒီမှာကိုယ်ချစ်တဲ့ မြန်မာပြည်ထက် ပိုပြီးကောင်းမွန်တယ် ဆိုပေမယ့် ပြင်းပြင်းထန်ထန် ကြိုးစားလည်း အောင်မြင်ဖို့၊ ရည်မှန်းချက်ပြည့်စုံဖို့ တကယ်မလွယ်ပါဘူး။ မယုံနိုင်လောက်အောင် ခက်ခဲသလို ဆုံးဖြတ်ချက် ချဖို့လည်း မလွယ်ပါဘူး။ ကျနော်တို့ မိသားစု ၆ ယောက် ဆန်ဖရန်စစ္စကိုကို ရောက်လာတော့ လက်ထဲမှာ ဒေါ်လာ ၂၀၀ တောင်မပြည့်ပါဘူး။ အင်္ဂလိပ်စာကလည်း အနည်းအကျဉ်းပဲ တတ်ပါတယ်။ ဒီအခက်အခဲတွေက ကျနော်တို့ ရဲ့ အမေရိကန် အိပ်မက်ကို အကောင်အထည်ဖေါ်ဖို့ တွန်းအားတွေဖြစ်စေခဲ့တာပါ။ မိဘတွေက ကျနော်တို့ကို အမေရိကန်ကိုခေါ်လာဖို့ သတ္တိတွေဖြစ်လာစေတာပါ။ သူတို့ရဲ့သတ္တိအတွက် ကျနော်ဂုဏ်ယူပါတယ်။ ကျနော် လုပ်သမျှအားလုံးဟာ ကျနော့် မိဘတွေရဲ့ဆုံးဖြတ်ချက်မှန်တယ်ဆိုတာ အတည်ပြုပေးနေတာလို့ ကျနော်သေသေချာချာ ယုံကြည်ပါတယ်။
မေး။။ အပြိုင်အဆိုင်များတဲ့ စားသောက်ဆိုင်လုပ်ငန်းမှာ အောင်မြင်မှုရလာတာ ဘယ်အချက်တွေကြောင့်လို့ ထင်ပါ သလဲ။
ဖြေ။။ ကျနော်နဲ့ ကျနော့်ဇနီးတို့ ယုံကြည်ထားတာက ဆိုင်ကို လူတွေပထမ အကြိမ်လာစားကြမယ်။ သူတို့ကို ကျနော် တို့က ဂရုတစိုက်နဲ့ မြန်မာအစားအစာအကြောင်း ရှင်းပြရမယ်။ ဒီကလူတွေကြိုက်တတ်တဲ့ အရသာမျိုးဖြစ်အောင် လုပ်ပေးထားတယ်။ စားသောက်ဆိုင်ရဲ့ နေရာ၊ အပြင်အဆင်၊ ဒီဇိုင်း စတာတွေကို ဘယ်လိုပြင်ထားတယ်၊ ဘာကြောင့် ဒီလို ရွေးချယ်ရတယ် ဆိုတာတွေကို ရှင်းပြသင့်ပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးက အထူးတလည် မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ အလုပ်သမားတွေ၊ ဖေါက်သည်တွေနဲ့ အသိုင်းအဝိုင်းမှာ လုပ်ရိုးလုပ်စဉ်လို လုပ်ပေးနေကျပါပဲ။ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ တခြား အကျိုးစီးပွားတွေ အတွက်လည်း အဆင်ပြေအောင်စီစဉ်ပေးပါတယ်။ သူတို့အတွက် လုပ်ငန်းခွင်ဟာ ပျော်စရာ ကောင်းပြီး အလုပ် လုပ်ချင်စရာဖြစ်အောင်လည်းဖန်တီးပေးထားပါတယ်။
ဧည့်ဝတ်ကျေပွန်တယ်ဆိုတာ မြန်မာ့ယဉ်ကျေးမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါ။ ဒီတော့ မြန်မာနိုင်ငံမှာသာ ရနိုင်တဲ့ နွေးထွေးစွာ ကြိုဆိုမှုမျိုး ပေးနိုင်အောင်ကြိုးစားပါတယ်။ ဖောက်သည်တွေကို မှန်မှန်ကန်ကန် ဝန်ဆောင်မှုပေးတာ သာမဟုတ်ပါဘူး၊ လာစားတဲ့သူတွေအတွက် အမှတ်ရစရာ ပတ်ဝန်းကျင်ကိုလည်း ဖန်တီးပေးထားပါတယ်။ နောက်တခါ ဒီမှာ စားခဲ့တဲ့ အစားအစာကို ဘယ်လောက်ကောင်းတယ် ဆိုတာကိုလည်း သတိရနေအောင် ဖန်တီးပေးထားပါတယ်။
ကျနော်တို့ နေထိုင်တဲ့ လူ့အဖွဲ့အစည်းမှာ ရင်းနှီးမြှုပ်နှံရမယ် ဆိုတာလည်းသိပါတယ်။ ဒေသန္တရစာကြည့်တိုက်တွေကို ငွေ ကြေးထောက်ပံ့သလို ကျောင်းသားတွေအတွက် ပညာသင်ဆုပေးပါတယ်။ မြန်မာဒုက္ခသည်တွေနဲ့ အမေရိကန်ကို ရောက် လာခါစ လူတွေ အလုပ်အကိုင်ရရှိရေးကိုလည်း ကူညီပေးပါတယ်။ ဒီလိုကူညီပေးတဲ့အတွက် ပတ်ဝန်းကျင်အသိုင်းအဝိုင်း နဲ့ ဆက်ဆံရေးကို ခိုင်မြဲစေတာ တခုထဲမဟုတ်ပါဘူး၊ ကျနော်တို့ရဲ့ အလုပ်သမားတွေဟာလည်း ဒီလုပ်ငန်းရဲ့ တစိတ်တပိုင်း အဖြစ်ပါဝင်နေရတာကို ဂုဏ်ယူလာကြပါတယ်။
မေး။။ အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချနေထိုင်သူတွေ အများကြီးရှိတဲ့အနက် မြန်မာလူမျိုး အနည်း အကျဉ်းသာ စားသောက်ဆိုင်ဖွင့်တာတွေ့ရပါတယ်။ အများစုက မိမိတို့ရိုးရာ အစားအစာလုပ်ငန်းအစား ဂျပန် ဆူရှီ လုပ်ငန်း လုပ်ကြတာတွေ့ရပါတယ်။ ဘာကြောင့်ဒီလို ဖြစ်တယ်လို့ထင်ပါသလဲ။
ဖြေ။။ လူတွေက ကိုယ်နဲ့ရင်းနှီးပြီးသား အရာကသာ ကိုယ်နဲ့အဆင်ပြေမယ်လို့ ထင်တတ်ကြပါတယ်။ ဆန်ဖရန်စ္စကိုမြို့က စားသောက်ဆိုင်မှာ လာစားတတ်ကြသူတွေက တရုတ်အစားအစာမျိုးစုံနဲ့ ဂျပန် ဆူရှီတွေနဲ့သာ ရင်းနှီးကြတာ။ မြန်မာအစားအစာနဲ့ သိပ်မရင်းနှီးကြဘူး။ မြန်မာနိုင်ငံကိုတောင်သိပ်မသိကြဘူး။ ဒါကြောင့် ဒီလိုလူသိနည်း တဲ့ အစားအစာမျိုးကို ဈေးကွက်တင်ဖို့ လုပ်ငန်းရှင်တွေ မဝံ့မရဲ ဖြစ်နေကြတယ်လို့ထင်ပါတယ်။ စားသောက်ဆိုင် လုပ်ငန်း ဆိုတာက အပြိုင်အဆိုင်များလွန်းတော့ စိတ်ချရတာမျိုးပဲ ရောင်းဖို့ ဆုံးဖြတ်ကြတာဖြစ်ပါလိမ့်မယ်။ သတင်းကောင်း တခုက ကျနော်တို့ဆိုင်က မြန်မာ အစားအစာတွေ အောင်မြင်ခဲ့ပါတယ်။ ဆန်ဖရန်စစ္စကိုမြို့က လူတွေကို မြန်မာ အစားအစာတွေ နဲ့ အကျွမ်းတဝင်ဖြစ်အောင် လုပ်ပေးနိုင်ခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ လူတွေစိတ်ဝင်စားပြီး စားကြည့်ချင်စရာ အမယ် တွေ တည်ခင်းပေးနိုင်တဲ့ မြန်မာစားသောက်ဆိုင် အသစ်တွေ ပေါ်လာတော့မှာပါ။ မြန်မာ စားစရာတွေနဲ့ စားသောက် ဆိုင်လုပ်ငန်းထဲဝင်လာချင်တဲ့သူ တွေကို ကျနော် ဝမ်းမြောက်ဝမ်းသာစွာ ကူညီအကြံပေးမှာပါ။
မေး။။ ဆိုင်နာမည်ကို Burma Superstar လို့ဘာကြောင့် ပေးရတာလဲ။
ဖြေ။။ ကျနော်သိသလောက်ပြောရရင် ဆိုင်စဖွင့်တုန်းက အမေရိကန်မှာ မြန်မာစားသောက်ဆိုင်ဆိုလို့ ကျနော်တို့ တဆိုင်ပဲ ရှိပါတယ်။ မြန်မာနိုင်ငံအကြောင်းကိုလည်း အမေရိကန်တွေ နည်းနည်းပဲ သိကြပါတယ်။ ဒါပေမယ့် အံ့သြ ဖွယ်ရာကောင်းတဲ့ ယဉ်ကျေးမှုတွေ၊ အစားအစာတွေ၊ အနုပညာလက်ရာတွေနဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ သဘာ၀ အလှအပတွေကြောင့် မြန်မာနိုင်ငံဟာ အာရှမှာ စူပါစတားလို့ထင်ပါတယ်။ အခုဆိုရင် ကျနော်တို့ ဝန်းကျင်မှာ မြန်မာ စားသောက်ဆိုင်တွေ ဖွင့်လာကြတယ်။ မြန်မာဆိုင်တံခါးဝတွေမှာ နာရီနဲ့ချီပြီး တန်းစီစောင့်ကြရတာတွေတွေ့ရတဲ့ အခါ ဂုဏ်ယူမိပါတယ်။ ကျနော်တို့ရဲ့စားသောက်ဆိုင်ကြောင့် မြန်မာနိုင်ငံရဲ့နာမည်ကို ဆိုင်မဖွင့်ခင်ကထက် လူတွေပိုသိလာကြ တဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
မေး။။ Burma Superstar စားသောက်ဆိုင်မှာ ဗုဒ္ဓရဲ့ ရုပ်ပုံတပုံကို ဆိုင်ရဲ့ သင်္ကေတ အဖြစ်ထားရှိတာကို တွေ့ရပါ တယ်။ ဘာကြောင့် ဒီပုံကို ရွေးချယ်ခဲ့တာပါလဲ။
ဖြေ။။ ဆိုင်ကို ကိုယ်စားပြုတဲ့ သင်္ကေတတခုရွေးချယ်ဖို့ Joycelyn နဲ့ ကျနော်ရယ်၊ မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီး အများ ကြီး စဉ်းစားကြပါတယ်။ ပြုံးတော်မူနေတဲ့ ဗုဒ္ဓပုံတော်ဟာ ခေတ်မှီ ဗုဒ္ဓဘာသာ သင်တန်းကျောင်းကို ကိုယ်စားပြုတယ်။ ဒါ့ အပြင် ကောင်းတဲ့ဘဝကို ဒီကမ္ဘာလောကမှာ ရနိုင်တယ် လို့ အဓိပ္ပါယ်ဖွင့်ဆို နိုင်တယ်လို့သိရပါတယ်။ ဗုဒ္ဓမြတ်စွာဟာ ကျနော်တို့ ဘဝမှာ လိုအပ်တဲ့ ပျော်ရွှင်မှု၊ ကိုယ့်ကိုယ်ကိုအစိုးရနိုင်မှု၊ ရည်ရွယ်ချက်ရှိမှု တွေကို ဆောင်ကျဉ်း ပေး နိုင်တဲ့ ပုံတော်လို့လဲ ပြောကြတယ်။ အများအကျိုးကို စိတ်ပါလက်ပါ ဆောင်ရွက်ပေးနိုင်တဲ့ အစွမ်းတွေကိုလည်း ပေးနိုင်တယ်တဲ့။ နောက်ဆုံး တချက်ကတော့ အသိဉာဏ်ထူးတွေလဲ ရရှိနိုင်တယ်တဲ့။ ဒါကိုရနိုင်ဖို့ကတော့ ကြိုးစားရမှာပေါ့ဗျာ။ ကျနော် တို့ ခံစားသိမြင်တဲ့ ဘဝရဲ့ အနှစ်သာရနဲ့ ပျော်ရွှင်မှုတွေကို ဖောက်သည်တွေကို ဝေမျှပေးချင်ပါတယ်။
မေး။။ Burma Superstar စားသောက်ဆိုင်ဟာ နိုင်ငံရေးအရ မှန်ကန်တယ်လို့ဆိုတဲ့ ဒီမိုကရေစီရေး အတွက် အမြဲ တမ်းထောက်ပံ့ တာကိုတွေ့ရပါတယ်။ ဒီလိုထောက်ပံ့တဲ့အတွက်ကြောင့် လုပ်ငန်းအပေါ်မှာ သက်ရောက်မှုရှိတယ်လို့ ထင်ပါသလား။
ဖြေ။။ အခြားသူတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ သူတို့ရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်ဖို့ ကျနော် တို့ကြိုးစားနေတာပါ။ ကျနော်တို့ ရဲ့ အလုပ်သမားတွေ၊ ဖောက်သည်တွေအတွက်သာ မကပါဘူး မြန်မာလူမျိုးတွေ အတွက်လဲပါပါတယ်။ ဒါက စီးပွားရေးကို အခြေခံတဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ စိတ်ခံစားမှုကိုအခြေခံပြီး လုပ်ခဲ့တာပါ။ ကျနော်တို့ လှုပ်ရှားမှုတွေရဲ့ ဂုဏ်သိက္ခာက စီးပွားရေးအကျိုးအမြတ်တွေထက် ပိုအရေးပါပါတယ်။ ကျနော်တို့ဆိုင်ဟာ မြန်မာနိုင်ငံသားတွေ တွေ့ကြုံခံစားနေရတဲ့ အခက်အခဲတွေကို ကမ္ဘာက သိမြင်အာရုံစိုက်လာနိုင်ဖို့ ပြတင်းတပေါက် အဖြစ် ဆက်သွယ်ပေးနိုင်ခဲ့ပါတယ်။
မေး။။ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီကို ထောက်ပံ့လှူဒါန်းတာတွေ့ရပါတယ်။ အဲဒီအဖွဲ့ကို လှူဒါန်းဖို့ ဘာကြောင့်ရွေးချယ်ခဲ့ရတာပါပဲ။
ဖြေ။။ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီက ကျနော်တို့ကို လာပြီးဆက်သွယ်တာပါ။ မြန်မာဒုက္ခသည် တွေကို ဆိုင်မှာအလုပ်ပေးဖို့ စဉ်းစားပေးဖို့ အဲဒီအဖွဲ့က မေတ္တာရပ်ခံလာပါတယ်။ သင်တန်း အစီအစဉ်လေး တခုလုပ်ပေးပြီး အလုပ်ရဖို့ အခွင့်အလမ်းဖန်တီးပေးဖို့ပါ။ အဲဒါက တကယ်ကိုခက်ခဲပါတယ်။ ဒုက္ခသည် အများစုက အင်္ဂလိပ်စာ အရမ်း အားနည်းပြီးတော့ လုပ်ငန်းအတွေ့အကြုံလည်း မရှိကြပါဘူး။ အထူးသဖြင့် ကျေးလက်တောရွာက ရောက်လာကြတဲ့ သူတွေဆိုရင် ပိုဆိုးပါတယ်။ သူတို့ထဲက တချို့နဲ့ သင်တန်းစခဲ့ပါတယ်။ အင်္ဂလိပ်စာကနေ စပြီးတော့ နေထိုင်စားသောက်ပုံနဲ့ ကျန်းမာရေး အသိအမြင်ကအစ သင်ပေးရပါတယ်။ အခုဆိုရင် ဒုက္ခသည် ၂၀ ကျော်လောက်ကို ကျနော့် ဆိုင်နဲ့ တခြားနေရာတွေမှာ အလုပ်ရအောင် ကူညီပေးနိုင်ခဲ့ပါပြီ။ ကျနော်တို့ မိသားစုရောက်လာတုန်းကလို အခြေအနေမျိုးနဲ့ ရောက်လာကြသူတွေကို သူတို့ရဲ့ အနာဂတ်လမ်းကြောင်းကို ထိန်းသိမ်းနိုင်ပြီး သူတို့ကိုယ်ပိုင်နဲ့ မိသားစုဘဝတွေကို လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ကြတာကို မြင်ရတာ တကယ့် ဆုလဒ်ကြီး တခုပါပဲ။
မေး။။ မြန်မာနိုင်ငံမှာ ရှိတဲ့စားသောက်ဆိုင်တွေ တိုးတက်အောင်မြင်လာနိုင်ဖို့ ဘာတွေများ အကြံပြုချင်ပါသလဲ။
ဖြေ။။ စားသောက်ဆိုင်တွေ တိုးတက်အောင်မြင်ဖို့ဆိုရင် ကိုယ့်ဆိုင်ရဲ့ အစားအသောက် ကောင်း မကောင်း၊ အဆင့် အတန်းရှိ မရှိ အမြဲသုံးသပ်နေရမယ်။ စားသုံးသူတွေကို အမြဲလေ့လာနေရမယ် လို့ ကျနော်နဲ့ Joycelyn က ယုံကြည်ထား ပါတယ်။ စားသောက်ဆိုင်တွေဟာ ကိုယ့်ဆိုင်က ဘယ်လိုစားသုံးသူတွေအတွက် ရည်ရွယ်ပြီးဖွင့်တာလဲ၊ သူတို့ ဘာတွေ လိုအပ်ဆိုတာကြည့်နေရမယ်။ ကိုယ်ရည်ရွယ်ထားတဲ့ စားသုံးသူတွေ ကိုယ့်ဆိုင်ထဲရောက်လာအောင် လိုအပ်တဲ့ ပတ်ဝန်း ကျင် အခြေအနေတွေကိုလည်း ဖန်တီးပေးရမယ်။ စားသုံးသူတွေက သန့်ရှင်းပြီး သက်တောင့်သက်သာရှိတဲ့နေရာမျိုးကို လိုချင်ကြတယ်။ ဒီလိုနေရာမျိုးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ စားသုံးပြီး အရသာခံချင်တာလေ။ ဘယ်နေရာမှာပဲ ရှိတဲ့ စားသောက် ဆိုင်ဖြစ်ပါစေ အဲဒီဆိုင်မှာ ကိုယ့်အလုပ်ကိုယ်တန်ဖိုးထားပြီး လုပ်မယ့် ဝန်ထမ်းတွေ ရှိဖို့လိုပါတယ်။ စားသုံးသူတွေဟာ သူတို့သွားစားကြမယ့် ဆိုင်ကို မသိရင်တောင်မှ သူတို့ဘဝမှာ အမှတ်တရဖြစ်စေမယ့် သူတို့ရင်ထဲမှာ သိမ်းထားလို့ ရနိုင် မယ့် ခံစားမှု တစုံတရာ ပေးနိုင်မယ်ထင်တဲ့ ဆိုင်မျိုးကိုသာရွေးပြီးသွားကြမှာလေ။
မေး။။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ ရော အစီအစဉ်ရှိပါသလား။
ဖြေ။။ လောလောဆယ် ကျနော့်မှာ အစီအစဉ် မရှိသေးပါဘူး။ ကျနော်က လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တာတွေ နဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားပါတယ်။ ဆန်ဖရန်စစ္စကို မှာ အခြေစိုက်တဲ့ အမေရိကန်-မြန်မာ ကုန်သည်ကြီးများအသင်းရယ်၊ ဆန်ဖရန်စစ္စကို-ရန်ကုန် ညီအမမြို့တော်သတ်မှတ် ရေး ကနဦး အဖွဲ့ရယ် အဲဒီနှစ်ခုကို တည်ထောင်သူတွေထဲမှာ ကျနော်ပါပါတယ်။ အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက် ကောင်းမွန်ဖို့ ရည်ရွယ်ပြီး ဒီအသင်းတွေကို တည်ထောင်ခဲ့တာပါ။ ဒီအဖွဲ့တွေကတဆင့် ကျနော်တို့ အချင်းချင်း အပြန်အလှန် နားလည်မှုတွေရကြမယ်။ တနိုင်ငံနဲ့ တနိုင်ငံ ပိုပြီးချစ်ကြည် ရင်းနှီးလာမယ်။ ဒီလိုဖြစ်လာဖို့ ယဉ်ကျေးမှု၊ ပညာရေးနဲ့ အဖွဲ့အစည်းတွေ အပြန်အလှန် လဲလှယ်နိုင်ရပါမယ်။ အဲဒီအတွက် နည်းလမ်းကို ရှာနိုင်ရပါမယ်။ ဒါ့အပြင် တနိုင်ငံနဲ့ တနိုင်ငံ စီးပွားရေးဆိုင်ရာ အသိအမြင်တွေ ကူးလူးဆက်သွယ်နိုင်ဖို့ ပေါင်းကူးတွေတည်ဆောက်ထားရပါမယ်။ ဒါမှ နှစ်နိုင်ငံလုံး အကျိုးဖြစ်ထွန်းနိုင်ပါမယ်။
မေး။။ Burma Superstar ရဲ့ အစားအသောက်စာရင်းထဲမှာ ရှမ်းခေါက်ဆွဲ ဆိုတာတွေ့ပါတယ်။ ဒီမှာ ရောင်းချတဲ့ အစားအစာ နဲ့ပတ်သက်လို့ တခြားမြန်မာတိုင်းရင်းသားလူမျိုးစု အစားအစာတွေရဲ့ လွှမ်းမိုးမှုရှိပါသလား။
ဖြေ။။ကျနော်တို့ဆိုင်မှာ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်က ဝန်ထမ်းတချို့ ရှိပါတယ်။ ဒါကြောင့် သူတို့ လက်ရာ အစားအစာ တချို့ကို စာရင်းမှာထည့်ပေးထားတာပါ။
မေး။။ Burma Superstar စားသောက်ဆိုင်မှာ ဘယ်အစားအစာကို လူကြိုက်များပါသလဲ။
ဖြေ။။ လက်ဖက်သုတ်နဲ့ စမူဆာဟင်းရည်ပါ။ ကျန်တဲ့ ဟင်းတွေကလည်း အရသာကောင်းပါတယ်။
မေး။။ မြန်မာ အစားအစာကို အမေရိကန်တွေနဲ့ အဆင်ပြေအောင် ဘယ်လိုစီစဉ်ပေးပါသလဲ။
ဖြေ။။ ကျနော်တို့ရဲ့ ဖောက်သည်တွေဟာ မြန်မာအစားအစာနဲ့ စတင်ရင်းနှီးခါစပဲ ရှိပါသေးတယ်။ ဒါကြောင့် ရောင်းချ တဲ့အခါမှာ ဒီအစားအစာတွေထဲမှာ ဘာတွေပါဝင်သလဲဆိုတဲ့ ဗဟုသုတမျိုး ရရှိသွားနိုင်အောင်လုပ်ပေးရပါတယ်။ တခြား ရိုးရာစားသောက်ဆိုင်မျိုးတွေမှာထက် ပိုပြီး သိသွားနိုင်အောင်ရှင်းပြပေးပါတယ်။ ဥပမာပြောပြရမယ်ဆိုရင်၊ လဖက်သုတ် ရောင်းတယ်ဆိုပါစို့။ သူတို့ကို ပါဝင်တဲ့ အမျိုးအစားတွေ အကြောင်းရှင်းပြပြီးတော့ သူတို့ရှေ့မှာတင် အားလုံးပေါင်းပြီး လက်တွေ့သုတ်ပြပါတယ်။ သူတို့လည်း အစားအစာတမယ်ရဖို့ ဘယ်လိုပြင်ဆင်ရတယ် ဆိုတာသိသွားကြတာပေါ့။ ကျနော် တို့ လတ်လတ်ဆတ်ဆတ်ပဲ ရောင်းပါတယ်။ အော်ဂဲနစ် သီးနှံတွေဖြစ်နိုင်သမျှသုံးပါတယ်။ ဒီလိုနည်းတွေ သုံးပြီး တော့ ကျနော်တို့ရဲ့ မြန်မာအစားအစာ၊ ရှမ်းအစားအစာ၊ ချင်းအစားအစာ တွေကို အမေရိကန်တွေ လိုက်လျောညီထွေ အရသာခံနိုင်အောင် လုပ်ခဲ့ပါတယ်။
မေး။။ မြန်မာအစားအစာတွေထဲမှာ ဘာကိုအကြိုက်ဆုံးပါလဲ။
ဖြေ။။ ကျနော်နဲ့ Joycelyn က ပုဇွန်ငါးပိ၊ ငါးငံပြာရည်တွေနဲ့ ချက်ထားတဲ့ ဘာဟင်းမဆိုကြိုက်ပါတယ်။ ဒါပေမယ့် ကံမကောင်းတော့ ဒါတွေက အမေရိကန်မှာ အမြဲတမ်းမရနိုင်ဘူးလေ။ ကျနော်တို့ မုန့်ဟင်းခါးကိုတော့ တနေ့ တပန်းကန်စီ နေ့တိုင်းစား ကြပါတယ်။
( Edith Mirante ၏ Burmese Cuisine and the American Dream ကို တင်မောင်ယု ဘာသာပြန်သည်)