စီးပွားရေး အကျပ်ရိုက်ခြင်း သို့မဟုတ် သဘာဝကပ်ဘေးများ
၂၀၀၇ ခုနှစ်ကနေ စတင် ရေတွက်လိုက်မယ်ဆိုရင် အဖြစ်အပျက် နှစ်ခုကြောင့် တည်ငြိမ်မှုတွေ အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။ ပထမ တခုကတော့ လောင်စာစီ ဈေးနှုန်းတွေ မြင့်တက်လာရာကနေ စတင်မြစ်ဖျားခံလာတဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဖြစ်ပြီး နောက်တခုကတော့ ၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းပဲ ဖြစ်ပါတယ်။ ရွှေဝါရောင် တော်လှန်ရေးက အာဏာရှင်အစိုးရရဲ့ တရားဝင်မှုကို တရားနည်းလမ်းကျကျ တိုက်ရိုက် စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။
နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကို အစိုးရကိုင်တွယ်ဖြေရှင်း ပုံကတော့ ပြည်သူတွေအပေါ် ထားတဲ့ အာဏာာရှင်အစိုးရရဲ့ ရက်စက်တဲ့ သဘောထားကို ပေါ်လွင်စေခဲ့ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်စေတဲ့ အဆိုပါ အဖြစ်အပျက်နှစ်ခုလုံးကို စစ်အစိုးရက ကျော်လွှား ဖြတ်သန်းနိုင်ခဲ့ပေမယ့် နိုင်ငံရေး အင်အားစုအသစ်တွေ ပေါ်ထွက်လာခဲ့ပြီး ပြောင်းလဲမှုတွေကို အလျင်အမြန် လုပ်ဆောင်လာစေဖို့ မျိုးစေ့ချပေးခဲ့ပါတယ်။
မြန်မာ့စီးပွားရေး အခြေအနေက လုံးဝကို အထိအခိုက်မခံ ဖြစ်နေပြီး တိုင်းပြည်မှာ လူသားဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့နေတာကြောင့် လောင်စာဆီဈေးနှုန်းတွေ နောက်ထပ်မြင့်တက်လာတာ၊ အိမ်ခြံမြေ ဈေးနှုန်းတွေ ကျဆင်းသွားတာ ရေကြီးရေလျှံတာ စတဲ့ အဖြစ်အပျက်တွေကိုလည်း နိုင်ငံရေးတွက်ချက်ရင် ထည့်သွင်းစဉ်းစားသင့်ပါတယ် (ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်က ပြုစုခဲ့တဲ့ နိုင်ငံ ၁၆၉ နိုင်ငံပါ ၂၀၁၀ ခုနှစ် လူသားဖွံ့ဖြိုး တိုးတက်မှု အညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၁၃၂ ပဲရှိပြီး အရှေ့တောင်အာရှ နိုင်ငံတွေကြားထဲမှာ အနိမ့်ဆုံး ဖြစ်ပါတယ်)။
လွန်ခဲ့တဲ့ ၅ နှစ် လောက်တုန်းကဆိုရင် တိုင်းပြည်မှာ လွတ်လပ်တဲ့ မီဒီယာဆိုတာ မရှိခဲ့ပေမယ့် အခုတော့လွတ်လပ်တဲ့ သတင်းဌာနတွေ များပြားလာတာ၊ လက်ကိုင်ဖုန်းတွေ များပြားလာတာ၊ အင်တာနက်ကို အသုံးပြုသူတွေ များပြားလာတာကြောင့် လူထုကို ထိန်းချုပ်ဖို့ဆိုတာ တဖြည်းဖြည်း ခက်ခဲလာပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လုပ်ဆောင်ခဲ့တဲ့ တခြားနိုင်ငံတွေမှာလိုပါပဲ၊ မြန်မာနိုင်ငံမှာလည်း ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ မျှော်မှန်းချက်တွေက ပိုမြင့်မားလာကြပါတယ်။
လွတ်လပ်မှုကို ပိုမိုလိုလားလာကြသလို ပိုမိုကောင်းမွန်တဲ့ ဘဝကိုလည်း တောင့်တလာကြပါတယ်။ ဒါပေမယ့် စီးပွားရေး အကျပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းဖို့ သဘာဝကပ်ဘေးတွေကို တွန်းလှန်တုန့်ပြန်ဖို့ လုပ်ဆောင်ရာမှာ အစိုးရစွမ်းရည်က အားနည်းချို့တဲ့နေမယ်ဆိုရင် ပြည်သူလုထုတွေရဲ့ ဆန္ဒပြ တောင်းဆိုမှုတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။
အားလုံးကို အနှစ်ချုပ် ပြန်ပြောရမယ်ဆိုရင် မီဒီယာအပေါ်မှာ ချုပ်ကိုင်မှု လျော့နည်းလာတာ လူတွေရဲ့ လွတ်လပ်စွာ စုဝေးခွင့် အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ခွင့်ကို ပိုမိုခွင့်ပြုလာရတွေကြောင့် အစိုးရအနေနဲ့ လိုက်လျော ဖြည့်ဆည်းပေးရမှာ တွေပိုများလာသလို ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေ လိုအင်ဆန္ဒတွေကို အပြည့်အ၀ မလိုက်လျောနိုင်တာလည်း ဖြစ်နေဦးမှာပါ။
ဖြစ်နိုင်ခြေ အနေအထား ၄ ခု
ကြီးကျယ်လေးနက်ပြီး သက်ရောက်မှု အတိုင်းအတာ ကြီးမားတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်ထဲမှာ မြန်မာနိုင်ငံက ဖြတ်သန်းနေရပါတယ်။ အပြောင်းအလဲတွေရဲ့ အတိုင်းအဆနဲ့ အမြန်နှုန်းက အခုအချိန်အထိတော့ ကြီးမားပေမယ့် ဖြေရှင်းစရာ အကြောင်းကိစ္စတွေ အများအပြား ကျန်နေဆဲဖြစ်ပြီး အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက် လားရာကိုလည်း မသိရသေးပါ။ “စေ့စပ်ညှိနှိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်ရေး” ဆိုတာကို နိုင်ငံရေးအုပ်စုတွေ အားလုံးက လိုလား နှစ်သက်ကြသလို အောင်မြင်ဖို့ အနီးစပ်ဆုံးလည်း ဖြစ်ပေမယ့် တကယ်သာ ဖြစ်လာရင် ဒါက တောင်အာရှ ဒါမှမဟုတ် အရှေ့တောင်အာရှမှာ ပထမဆုံးဖြစ်လာမယ့် (အစိုးရနဲ့ အတိုက်အခံတို့ကြား) “နှစ်ဖက်ညှိနှိုင်း အသွင်ကူးပြောင်းရေး” လည်း ဖြစ်လာပါလိမ့်မယ်။ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုက ရှည်လျား၊ ခက်ခဲ ကြမ်းတမ်းပြီး ကြိုတင်ခန့်မှန်းဖို့လည်း မလွယ်ကူပါ။ အခု လေ့လာတင်ပြမယ့် ဖြစ်နိုင်ခြေ အနေအထား ၄ ခုက မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပက်သက်နေတဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အင်အားစုတွေကို မြင်သာအောင် မီးမောင်းထိုးပြတာဖြစ်ပြီး မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုကို (ခန့်မှန်းဖို့မဟုတ်) ပိုမိုနားလည်အောင် အားထုတ်ကြိုးစားမှုလည်း ဖြစ်ပါတယ်။
ဖြစ်နိုင်ခြေ အနေအထား (၁)
စေ့စပ်ညှိနှိုင်း အသွင်ကူးပြောင်းခြင်း၊ ပါလီမန်ကို NLD ထိန်းချုပ်နိုင်ခြင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ရဲ့ နိုင်ငံရေး ထောက်ခံမှုကို ရယူထားနိုင်တာကြောင့် အစိုးရ ဖော်ဆောင်နေတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုက ရှေ့ကို ဆက်လက်ဦးတည်နေပါမယ်။ ပြုပြင်ပြောင်းလဲရေးတွေရဲ့ ရလဒ်ဖြစ်လာတဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို ၂၀၁၅ ခုနှစ်မှာ ကျင်းပနိုင်ရင် NLD က အပြတ်အသတ် အနိုင်ရပါလိမ့်မယ်။ ၂၀၁၂ နဲ့ ၂၀၁၅ ခုနှစ်တွေကြားမှာ အစိုးရက အမျိုးအစား စုံလင်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက် လုပ်ဆောင်ပြီး အဆိုပါ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ပိုအားကောင်း ကျယ်ပြန့်လာတဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့ မီဒီယာတွေ ပေါ်ထွန်းလာပြီး နိုင်ငံရေးပါတီတွေ ပိုအားကောင်းလာကာ စီးပွားရေး အခွင့်အလမ်းတွေ ပိုအရည်အသွေး ပြည့်ဝလာပါလိမ့်မယ်။
၂၀၁၂ သြဂုတ်လမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဝန်ကြီးအဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းလိုက်သလို လက်ရှိအစိုးရကလည်း သဘောထား ပျော့ပျောင်းသူတွေကို နေရာပေး ချီးမြှင့်မြှောက်စားပြီး သဘောထား တင်းမာသူတွေကို ဘေးဖယ် ထုတ်ထားပါလိမ့်မယ်။ ရွေးကောက်ပွဲ ပြီးသွားတဲ့နောက်ပိုင်းမှာ စစ်တပ်က သူ့ရဲ့အာဏာတွေကို နောက်ထပ် ဖြေလျှော့ ပေးလိုက်တာကြောင့် အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ စတင် ကြိုးပမ်းအားထုတ်လာပါလိမ့်မယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဆူဟာတို ပြုတ်ကျပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့သလိုပါပဲ။ စစ်တပ်က နောက်ပိုင်းမှာ နိုင်ငံရေးကနေ ထာဝရ ထွက်ခွာပေးမယ်လို့ သဘောတူပြီး အဲဒါကို အပြန်အလှန် လိုက်လျောတဲ့အနေနဲ့ နိုင်ငံရေးမှာ အတိုင်းအတာတခုအထိ စစ်တပ် ဆက်လက် ပါဝင်ပက်သက်နေမှာကို NLD က သဘောတူပါတယ်။
ဒီဖြစ်စဉ် အနေအထားအရ ၂၀၁၅ ရွေးကောက်ပွဲတွေက ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တခုလုံးရဲ့ အရေးကြီးတဲ့ အဆင့်တခုလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေကြောင့် ခေါင်းဆောင်သစ်တွေ အာဏာရလာရုံတင်မကဘဲ ရွေးကောက်ပွဲစနစ်အရ တနိုင်ငံလုံးမှာ ပေးတဲ့ မဲအားလုံးရဲ့အများစုကို အနိုင်ရဖို့ ပါလီမန်မှာ အခုထက် နေရာတွေပိုရဖို့ NLD က အခြေအနေ ကောင်းနေပါတယ်။ ၁၉၉၀ မေလ ရွေးကောက်ပွဲတွေနဲ့ ၂၀၁၂ ဧပြီလ ရွေးကောက်ပွဲတွေမှာ NLD အတွက် လူထုထောက်ခံမှုတွေက ဧရာမ ရွေးကောက်ပွဲ အောင်ပွဲကြီးတွေအဖြစ် ကူးပြောင်းသွားခဲ့ပါတယ်။
စစ်တပ်အနေနဲ့ သူတို့မှာ လူထုထောက်ခံမှု ရှိမရှိဆိုတာကို ၂၀၁၅ ရွေးကောက်ပွဲတွေက (သူကိုယ်တိုင် ရွေးကောက်ပွဲ ဝင်တာ မဟုတ်ပေမယ့် သူတို့ ထောက်ခံမှု ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ကနေတဆင့် ) စမ်းသပ်ပါလိမ့်မယ်။ လက်ရှိ အခြေခံဥပဒေအရ တပ်မတော်ကို နိုင်ငံရေး လုပ်ပိုင်ခွင့် အမြဲတမ်းပေးအပ်ထားပေမယ့် ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲမှာ လုံလောက်တဲ့ အတိုင်းအတာ အနိုင်မရရင် အခြေခံဥပေဒထဲက ဒီမိုကရေစီကို ပိတ်ပင်ဟန့်တားထားတဲ့ ဥပဒေတွေ ပုဒ်မတွေကို အလေးထား စဉ်စားလာဖို့ အတိုက်အခံတွေက ပိုကျယ်ကျယ်လောင်လောင် ပြောဆိုလာမှာ ဖြစ်ပါတယ်။ အနာဂတ် ရွေးကောက်ပွဲတွေကို သုံးသပ်ခန့်မှန်းဖို့ သမိုင်းကို လမ်းညွှန်အဖြစ် ကြည့်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ရေးပါတီက အခြေအနေ မကောင်းနိုင်ပါ။ ၁၉၉၀ မေလ ရွေးကောက်ပွဲတွေမှာ စစ်တပ်ထောက်ခံ ထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က ၁၀ နေရာသာ အနိုင်ရခဲ့ပြီး ၂၀၁၂ ဧပြီလ ရွေးကောက်ပွဲတွေမှာတော့ ကြံ့ခိုင်ရေးပါတီက ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့ပါတယ်။
ဒီဖြစ်နိုင်ခြေ အနေအထားအတိုင်းဆိုရင် နိုင်ငံရေးမှာ စစ်တပ်ပါဝင်ပက်သက်မှုကို NLD က အတိုင်းအတာတခုအထိ လက်ခံပေမယ့် ပိုကြီးကျယ်လေးနက်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ကို ဆက်လက် တွန်းအားပေးသွားမှာပါ။ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ ပြည်တွင်းနဲ့ နိုင်ငံတကာမှာ တရားဝင်မှုရအောင် NLD ရဲ့ ထောက်ခံမှု လိုတယ်ဆိုတာ အစိုးရက လက်ခံပါတယ်။ ဒါမှပဲ ပြောင်းလဲမှုတွေ အောင်မြင်နိုင်မှာပါ။ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ နိုဗဲလ် ငြိမ်းချမ်းရေးဆုကို နောက်ကျပြီး လက်ခံရယူတော့ ဒေါ်အောင်ဆန်းစုကြည်က ပြုပြင် ပြောင်းလဲရေးတွေ ဘယ်ပုံဘယ်နည်းနဲ့ တိုးတက် ဖြစ်ထွန်းသင့်တယ်ဆိုတာ ပြောခဲ့ပါတယ်။
“အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဖော်ဆောင်ရာမှာ ကျမနဲ့ NLD က ကျရာနေရာကနေ ပါဝင်ဖို့ဆန္ဒရှိသလို ပါဝင်ဖို့လည်း အသင့်ပါပဲ။ ပြည်တွင်း အင်အားစုတွေ အားလုံးက ညဏ်ပညာရှိရှိနဲ့ ပါဝင်ပူးပေါင်းမှသာ သမ္မတ ဦးသိန်းစိန် စတင် ကမကထ လုပ်ပေးထားတဲ့ ပြောင်းလဲရေးဖြစ်စဉ်က ရေရှည် ဆက်လက်လုပ်ဆောင်လို့ ရမှာပါ။ စစ်တပ် တိုင်းရင်းသားအုပ်စုတွေ၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းက ပုဂ္ဂိုလ်တွေနဲ့ အရေးအကြီးဆုံးကတော့ ပြည်သူလူထု အားလုံးပါဝင်မှ အောင်မြင်မှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
နောက်ကြောင်းပြန်လှည့် ဖိနှိပ်တာတွေ ဖြစ်မလာအောင် ကိစ္စရပ် တော်တော်များများမှာNLD နဲ့ အစိုးရတို့ နှစ်ဖက် သဘောတူထားတာတွေ ရှိပါတယ်။ အသွင်းကူးပြောင်းရေးကာလ တရားစီရင်မှု၊ စီးပွာရေးအရ အကျိုးစီးပွားတွေ၊ အမျိုးသားလုံခြုံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ စသဖြင့် ကျယ်ပြန်တဲ့ ကိစ္စတွေဖြစ်ပြီး သူတို့က စစ်တပ်တွင်း သဘောထား တင်းမာသူတွေအတွက် အရေးကြီးပါတယ်။ အဆိုပါ သဘောထားတင်းမာသူတွေက အခုအချိန်အထိတော့ နှုတ်ဆိတ်နေဆဲ ဖြစ်ပေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင် အာခံလာနိုင်ပါသေးတယ်။
တချိန်တည်းမှာပဲ ၂၀၁၅ ရွေးကောက်ပွဲတွေက တိုင်းရင်းသား လူမျိုးစုတွေနဲ့ NLD တို့ကြား ဆက်ဆံရေးရဲ့ ခိုင်မာမြဲမြံမှုကို စမ်းသပ်နိုင်ပါသေးတယ်။ သူတို့နှစ်ဖက်ကြား ဆက်ဆံရေးကို ၁၉၉၈ ခုနှစ်တည်းကစပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ရဲ့ ဦးဆောင်မှုအောက်မှာ ခိုင်မာအောင် တည်ဆောက်ခဲ့ပါတယ်။ NLD နဲ့ တိုင်းရင်းသားပါတီတွေက တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပါဝင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတာကြောင့် အရင်စစ်အစိုးရကို အတိုက်အခံပြုနေတဲ့ နိုင်ငံရေးပါတီတွေ အဖြစ်ကနေ အစိုးရကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် အသွင်ပြောင်းကြဖို့ ခက်ခက်ခဲခဲ လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အချိန်ဆွဲ ဖြည်းဖြည်းချင်း လုပ်ဖို့ NLD နဲ့ အစိုးရတို့က သဘောတူထားကြရင်တောင် ကြံ့ခိုင်ရေးပါတီနဲ့ အစိုးရအတွင်း သဘောထား တင်းမာသူတွေက ဒီဖြစ်နိုင်ခြေ အလားအလာထဲမှာ ဆိုးဆိုးဝါးဝါး အရေးနိမ့်နေဆဲ ဖြစ်ဦးမှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်နေရာတွေကို ဆောင်ကျဉ်းပေးလာနိုင်တဲ့ နိုင်ငံရေးပါတီ ကောင်းကောင်းတခုကို သူတို့မှာ မရှိရုံသာ မဟုတ်ဘဲ အခုလောလောဆယ် လုပ်ဆောင်ထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် သူတို့ရဲ့ သြဇာအာဏာတွေ တော်တော် များများက ဆုံးရှုံးထားပါပြီ။ အဆိုပါ ပြုပြင် ပြောင်းလဲမှုတွေထဲမှာ စစ်တပ်ရဲ့ စီးပွားရေး အနေအထားကို အားနည်းချည့်နဲ့ သွားစေတဲ့ ငွေလဲနှုန်း မူဝါဒအသစ်နဲ့ ဒီမိုကရေစီ အင်စတီကျုးရှင်းတွေကို အသစ်ဖွဲ့စည်းခြင်း ခိုင်မာအောင် လုပ်ပေးခြင်းတို့ ပါဝင်ပါတယ်။ အရေးပေါ် အခြေအနေကို ကြေညာဖို့ အခြေခံဥပဒေအရ လုပ်ပိုင်ခွင့် ပေးထားပေမဲ့ စစ်ဖက် (အရပ်သားတပိုင်း အစိုးရနဲ့ အခုတော့တခြားစီ ဖြစ်သွားပါပြီ) မှာ နိုင်ငံရေးအရ တရားဝင်မှု အခုတော့ မရှိသလောက် နည်းနည်းပဲ ကျန်ပါတော့တယ်။
ဖြစ်နိုင်ခြေ အနေအထား (၂)
စစ်တပ်က အာဏာကို ပြန်လည်ချုပ်ကိုင်ခြင်း
ဒီဖြစ်နိုင်ခြေ အလားအလာမှာတော့ နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်က အစိုးရရဲ့ ချုပ်ကိုင်မှုကို ခြိမ်းခြောက်လာတဲ့ ဖြစ်ရပ်တွေ ရှိလာနေတာကြောင့် တုန့်ပြန်တဲ့အနေနဲ့ စစ်တပ်က နိုင်ငံရေးအာဏာကို ပြန်လည် ချုပ်ကိုင်လာပါတယ်။ ဒီလိုဖြစ်လာအောင် စေ့ဆော်ပေးတဲ့ အကြောင်းတွေထဲမှာ သမ္မတ ဦးသိန်းစိန် ကျန်းမာရေး မကောင်းလို့ ရာထူးကနေ နှုတ်ထွက်သွားပြီး နောက်တက်လာတဲ့ ခေါင်းဆောင်သစ်က သူ့ရဲ့အာဏာကို ခိုင်မာအောင် မတည်ဆောက်နိုင်တာ၊ သမ္မတ ဦးသိန်းစိန်နဲ့ အောက်လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ကြား ဆက်ဆံရေး ယိုယွင်းပျက်စီးသွားတာ၊ မျှော်လင့်မထားဘဲ ကျရောက်လာတဲ့ ပြင်းထန်တဲ့ စီးပွားရေး ကမောက်ကမဖြစ်မှုကို ပြည်သူတွေက ပြင်းပြင်းထန်ထန် တုန့်ပြန်တာ၊ ကျယ်ပြန်တဲ့ လူမှုအသိုက်အဝန်းတွေမှာ ဖရိုဖရဲဖြစ်ကုန်တာ (မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်သလိုမျိုး) နဲ့ တိုင်းရင်းသားပြည်နယ်တွေမှာ တိုက်ပွွဲတွေ ပြန်ဖြစ်တာ စတဲ့ အကြောင်းတရာတွေ ပါဝင်ပါတယ်။
အတိတ်မှာ ဖြစ်ထားဖူးသလိုမျိုး ၂၀၁၅ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရသွားရင်လည်း စစ်တပ်က သူ့ရဲ့အာဏာကို ပြန်လည်ရယူ ချုပ်ကိုင်လာနိုင်ပါတယ်။ ရွေးကောက်ပွဲမှာ NLD နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ အခြေခံဥပဒေအရ စစ်တပ်က နိုင်ငံရေးမှာ လွှမ်းမိုးထားနိုင်ဦးမှာ ဖြစ်ပေမယ့် လွှတ်တော်မှာ နေရာအများစု ရထားပြီး တန်ခိုးကြီးလာတဲ့ NLD နဲ့ NLD အပေါ်လူထုရဲ့ တခဲနက်ထောက်ခံမှု၊ တိုင်းရင်းသား လူမျိုးအခြေခံ နိုင်ငံရေးပါတီတွေနဲ့ မဟာမိတ်ဖွဲ့ထားမှုဆိုတဲ့ အကြောင်းအချက်တွေ ပေါင်းဆုံသွားရင် သဘောထား တင်းမာသူတွေကို ခြိမ်းခြောက် အန္တရာယ် ပေးသွားနိုင်ပါတယ်။ နိုင်ငံရေး စီးပွားရေး လူမှုရေးတွေမှာ သူတို့ရဲ့ အနေအထားတွေ ဆုံးရှုံးသွားမှာကိုသာ အစိုးရအတွင်း သဘောထား တင်းမာသူတွေက ကြောက်ရွံ့တာ မဟုတ်ဘဲ အတိတ်က သူတို့ ကျုးလွန်ထားတဲ့ ပြစ်မှုတွေကို အပြစ်ပေး အရေးယူလာမှာကိုလည်း သူတို့က ကြောက်ပါတယ်။
နိုင်ငံတော် ကာကွယ်စောင့်ရှောက်သူအဖြစ် သူ့ရဲ့အခန်းကဏ္ဍကို အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ထားတဲ့ စစ်တပ်က ကဏ္ဍတိုင်းမှာ အပေါ်စီးကနေ နေရာယူထားတဲ့ အင်စတီကျုးရှင်း ဖြစ်နေပြီး တိုင်းပြည်အပေါ်ကို အန္တရယ်တွေ တကယ် ကျရောက်လာရင်ပဲဖြစ်ဖြစ်၊ ကျရောက်လာတယ်လို့ ထင်မြင်ယူဆရင်ပဲ ဖြစ်ဖြစ် စစ်တပ်က ဘေးထွက်ထိုင်နေမယ်တော့ မဟုတ်ပါ။ ထင်ရှားတဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းက တက်ကြွလှုပ်ရှားသူ တယောက်ပြောပုံကတော့ “စစ်တပ်ဆိုတာ အစိုးရလုပ်ဖို့ ချောင်းနေတဲ့ အဖွဲ့ပါ” တဲ့။
စစ်တပ်က နိုင်ငံရေးအာဏာကို ပြန်ပြီး ချုပ်ကိုင်လာရင်တောင် ယနေ့အချိန်အထိ ဖော်ဆောင်ထားတဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှု တော်တော်များများကို ပြန်လည် ချေဖျက်ဖို့ဆိုတာ မဖြစ်နိုင်သလို လုပ်ဖို့ကြိုစားရင်လည်း မအောင်မြင်နိုင်ပါ။ အဆိုပါ ပြုပြင်ပြောင်းလဲမှုတွေထဲမှာ ငွေလဲနှုန်းကို ပြင်ဆင် သတ်မှတ်ထားတာမျိုး၊ အာဆီယံထဲကို တင်းပြည့် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားတာမျိုး၊ နိုင်ငံရေးအာဏာရှိတဲ့ အပြိုင်အဖွဲ့တွေ (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ စစ်ဖက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ) ကို တည်ထောင်ထားတာ၊ ဒါမှမဟုတ် အားကောင်းအောင် လုပ်ထားတာမျိုး၊ ခေတ်မီ သတင်းဆက်သွယ်ရေး နည်းပညာတွေကို လူအများ လက်လှမ်းမီအောင် လုပ်ပေးထာတာမျိုးနဲ့ အရေးအကြီးဆုံးကတော့ ဈေးပေါတဲ့ လက်ကိုင်ဖုန်းတွေ ကိုင်နိုင်အောင် လုပ်ပေးထာတာမျိုးတွေ ပါဝင်ပါတယ်။
အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေက အခုကိုပဲ စတင် အသက်ဝင် လုပ်ဆောင်နေပြီး သူတို့ကို စတင် မိတ်ဆက် လုပ်ဆောင်ခဲ့တုန်းကလည်း အခက်အခဲ ရှိခဲ့ပုံ မရတာကြောင့် ဖိနှိပ်ချုပ်ချယ် ကန့်သတ်ပြီး တံခါးပိတ် ဆက်ဆံတတ်တဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဆိုတဲ့ အစိုးရမျိုးတွေကို စစ်တပ်က ဦးဆောင်ပြီး ပြန်လည် ကြိုးစားဖွဲ့စည်းဖို့ဆိုတာ မဖြစ်နိုင်တော့ပါ။ လုံခြုံရေး စီးပွာရေး ဒေသဆိုင်ရာအရေး ကမ္ဘာကြီးနဲ့ နီးနီးကပ်ကပ် ပူးပေါင်းရေးဆိုတဲ့ စစ်တပ်အတွက် တခြားအရေးကြီးတဲ့ အကျိုးစီးပွားတွေ ရှိနေသေးတာကြောင့် နောက်တကြိမ် အာဏာပြန်သိမ်းမယ် ဆိုရင်တောင် ရည်ရွယ်ချက်က အစိုးရကို တိုက်ရိုက် ချုပ်ကိုင်တာထက်စာရင် နောင်တက်လာမယ့် အရပ်သားအစိုးရတွေက စစ်တပ်ကို စိန်ခေါ်မေးခွန်း မထုတ်နိုင်အောင် အစွယ်ချိုးထားဖို့ ဖြစ်ပါလိမ့်မယ်။
ဒီဖြစ်နိုင်ခြေ အလားအလာ (စစ်တပ် အာဏာသိမ်းမှုမှာ) ရှုံးနိမ့်သွားသူတွေက ရာထူးကနေ ဖယ်ရှားခံလိုက်ရသူ ပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ဟောင်းတွေတင် မဟုတ်ဘဲ အစိုးရ ပြုပြင်ပြောင်းလဲရေးတွေမှာ နိုင်ငံရေးအရ ပုံအော ရင်းနှီးမြှုပ်နှံထားတဲ့ ဒီမိုကရေစီ အတိုက်အခံတွေလည်း ပါဝင်ပါလိမ့်မယ်။ အဆိုပါ အတိုက်အခံ အင်အားစုတွေထဲမှာ NLD ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ (SNDP)၊ ချင်းအမျိုးသားပါတီ (CNP) တို့ ပါဝင်ပါလိမ့်မယ်။ စစ်တပ်ကသာ နိုင်ငံရေးအာဏာကို ပေါ်ပေါ်တင်တင် ပြန်လည် ထိန်းချုပ်နိုင်ရင် အချိန်ယူ စေ့စပ်ညှိနှိုင်းထားတဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လုပ်ကိုင်ဖို့ ချမှတ်ထားတဲ့ အဆိုပါ အတိုက်အခံပါတီတွေရဲ့ မဟာဗျူဟာက ပျက်စီးသွားရုံတင် မဟုတ်ဘဲ ပြည်သူတွေက သူတို့ကို ယုံကြည်နေမှုမှာပါ ဆုံးရှုံးသွားနိုင်ပါတယ်။ အာဏာသိမ်းမှုသာ ပြန်ဖြစ်လာရင် လွန်ခဲ့တဲ့ ၁၈ လအတွင်း အသံတိတ် နှုတ်ဆိတ်နေခဲ့တဲ့ အတိုက်အခံ အုပ်စုတွေအတွင်းက သဘောထား တင်းမာသူတွေ (စစ်တပ်နဲ့ အစိုးရက မယုံကြည်ရဘူးလို့ ပြောထားသူတွေ) ကလည်း အသံပြန်ထွက်လာနိုင်ပါတယ်။
ဖြစ်နိုင်ခြေ အနေအထား ၃
စီးပွာေးရးဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးအစိုးရ
တတိယဖြစ်နိုင်ခြေ အနေအထားမှာ အစိုးရက စီးပွာရေး ပြုပြင်ပြောင်းလဲမှုတွေကို စိုက်လိုက်မတ်တတ် ဆက်လက် အကောင်အထည်ဖော်မှာ ဖြစ်ပေမယ့် အစိုးရပုံစံကိုတော့ မြန်မာနိုင်ငံထက် ပိုအောင်မြင်နေပြီး အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ စင်ကာပူနဲ့ (ယခင်) အင်ဒိုနီးရှားအစိုးရ ပုံစံတွေ အတိုင်း ဦးတည် ဖော်ဆောင်ပါလိမ့်မယ်။ ဒီဖြစ်နိုင်ခြေ အနေအထားမှာ အရေးကြီးတဲ့ အချက်ကတော့ အင်အားတောင့်တင်း အသာစီးနေရာရပြီး စည်းလုံးညီညွတ်တဲ့ အတိုက်အခံတွေ (ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ကို ဆိုလိုတာပါ) ကွယ်ပျောက်နေခြင်းပါ။ တောင့်တင်းတဲ့ အတိုက်အခံရှိမှသာ “ကရုဏာထားတဲ့ အာဏာရှင်” (Benevolent Authoritarianism) မပေါ်ထွက်အောင် တားဆီးနိုင်ပါလိမ့်မယ်။ တိုက်ရိုက် ထုတ်မပြောပေမယ့် ယုံကြည်ထားကြတာက ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အသံတွေသာ ကွယ်ပျောက်သွားရင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု (စီးပွားရေးပြုပြင်ပြောင်းလဲမှုကိုတော့ ဆက်လုပ်မှာပါ) ကို ဆက်လုပ်ဆောင်ဖို့ အစိုးရရဲ့ စိတ်ဆန္ဒနဲ့ စေ့ဆော်မှုတွေ နည်းပါးသွားနိုင်တယ် ဆိုတာပါ။
အတော်အသင့် လျင်မြန်တဲ့ အသွင်ကူးပြောင်းရေးကို ပူးပေါင်းလုပ်ဆောင်နေတဲ့ အားကောင်းကောင်း အတိုက်အခံ မရှိရင်တောင် ပြုပြင်ပြောင်းလဲရေး (အထူးသဖြင့် စီးပွားရေးအရ ပြုပြင်ပြောင်းလဲရေး) တွေကို အစိုးရက ဆက်လက် အားစိုက်လုပ်ဆောင်ပါလိမ့်မယ်။ ဒီဖြစ်နိုင်ခြေ အနေအထားအတိုင်းဆိုရင် ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်အောင် စေ့ဆော်ပေးခဲ့တဲ့ အကြောင်းတရားတွေကို လက်ရှိအစိုးရက နိုင်ငံရေးထိန်းချုပ်မှုကို လက်လွှတ်စရာမလိုဘဲ ဆက်ပြီး အာရုံစိုက် လုပ်ကိုင်နိုင်ပါလိမ့်မယ်။ အကြောင်းတရားတွေထဲမှာ အဆင့် ၇ ဆင့်ပါ နိုင်ငံရေးလမ်းညွှန် မြေပုံအတိုင်း လုပ်ဆောင်ခြင်း၊ ဝါရင့်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အငြိမ်းစားယူသွားခြင်း၊ နိုင်ငံရေး စီးပွားရေး စစ်ရေးမှာ တရုတ်နိုင်ငံကို အလွန်အကျွံ မှီခိုအားထားနေရတယ်လို့ သဘောပေါက်လာခြင်း၊ နောက်ထပ် လူထုအုံကြွမှုတခု ဖြစ်လာမှာကို ကြောက်ရွံ့ခြင်း၊ အနောက်တိုင်းနဲ့ ဆက်ဆံဖို့ လိုအပ်တယ်ဆိုတာ နားလည်လာခြင်း၊ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ လိုလာခြင်းဆိုတာတွေ ပါဝင်ပါတယ်။ ဒီဖြစ်နိုင်ခြေ အနေအထားအတိုင်းဆိုရင် စစ်တပ်အနေနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)၊ SLORC နဲ့ SPDC တို့လို အစိုးရမျိုးကို အစကနေ ပြည်လည် တည်ဆောက်လိမ့်မည် မဟုတ်ချေ။ အရှေ့တောင်အာရှ အစိုးရ ပုံစံများအတိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးသော အာဏာရှင် အစိုးရမျိုးကိုသာ မျှော်မှန်းကြည့််လိမ့်ပါမယ်။ မဆလရဲ့ ဆိုရှယ်လစ် စီးပွားရေးစနစ်ကနေ လမ်းကြောင်း ခွဲထွက်ပြီး ပိုမို တံခါးဖွင့် လွတ်လပ်သော စီးပွာရေးစနစ်ဆီကို ၁၉၉၀ ပြည့်နှစ်တွေ အစောပိုင်းထဲက စစ်တပ်အနေနဲ့ ဦးလှည့်ထားခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာပြည်သူ ပြည်သားများ (မြန်မာ့အရေး ကျွမ်းကျင်သူများလည်း အပါအဝင်) ကြိုက်နှစ်သက်တဲ့ စီးပွာရေးစနစ် ပုံစံများမှာ အရှေ့နဲ့ အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့ရဲ့ စီးပွားရေးစနစ်များပင် ဖြစ်ပါတယ်။ ထိုနိုင်ငံ တခုချင်းရဲ့ အောင်မြင်သော စီးပွားရေးစနစ်များကို၊ နိုင်ငံရေး လွတ်လပ်ခွင့်များကို ထိန်းချုပ်ထားပြီး စီးပွာေးရးဖွံ့ဖြိုး တိုးတက်မှုကိုပဲ အားပေးတဲ့ အာဏာချုပ်ကိုင် အစိုးရတွေ လက်ထက်အတွင်း တည်ဆောက်ခဲ့တာပါ။ စစ်အာဏာရှင် အစိုးရတွေကတော့ ပြည်တွင်း ပြည်ပ ဆန့်ကျင်ကန့်ကွက်မှုများကို ရင်ဆိုင်ကြရပါတယ်။ သို့သော် တိုင်းသူပြည်သားများရဲ့ စားဝတ်နေရေး ပြည့်စုံမှု (အရပ်ဖက်နဲ့ နိုင်ငံရေးလွတ်လပ်ခွင့်များ မဟုတ်) ကို ဂရုစိုက် ဆောင်ရွက်ပေးတဲ့ အစိုးရမျိုးကို ပြည်သူလူထု အများစုက အုံနဲ့ကျင်းနဲ့ ဆန့်ကျင်အာခံတာမျိုး မဖြစ်နိုင်ချေ။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေး အစိုးရမျိုးကို နေပြည်တော်နဲ့ ရန်ကုန်မှာ လူထုက ထောက်ခံပြီး အာဏာခြေကုပ် မြဲမြံနိုင်မှာ ဖြစ်ပေမယ့်၊ ဗမာလူမျိုးအများစု နေထိုင်ရာ ပြည်မကြီးမှာ သည်းခံခွင့်လွှတ်ကြမှာ ဖြစ်ပေမယ့် တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဖြစ်နေတဲ့ တင်းမာမှုမျိုးကို ထိုအစိုးရမျိုးက ပိုပြီးဆိုးဝါးအောင် လုပ်ပေးပါလိမ့်မယ်။ တိုင်းရင်းသားလူမျိုးတွေ နေထိုင်ရာနယ်မြေမှာ သယံဇာတတွေ ပေါကြွယ်ဝပြီး သူတို့က ဗဟိုအစိုးရကို အယုံအကြည် မရှိကြပါ။ ထို့အပြင် မြန်မာ့စီးပွားရေးကို ဒေသတွင်း စီးပွားရေး ကမ္ဘာ့စီးပွားရေး စနစ်တွေနဲ့ ပေါင်းစပ်နိုင်ဖို့ဆိုရင် တိုင်းရင်းသားလူမျိုးတွေ နေထိုင်ရာ ဒေသအတွင်းမှာရော ဒေသကို ဖြတ်သန်းပြီးတော့ပါ အခြေခံ အဆောက်အဦတွေကို ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်နိုင်ဖို့ လိုပါတယ်။ မော်တော်ကားလမ်းတွေ၊ မီးရထားလမ်းတွေ၊ ဆည်တွေ၊ ရေကာတာတွေ၊ ပိုက်လိုင်းတွေ အများကြီး တည်ဆေက်ဖို့ လိုအပ်နေပါတယ်။ တိုင်းရင်းသားအုပ်စုတွေရဲ့ နိုင်ငံရေးထောက်ခံမှုကို မရယူနိုင်ရင် (လက်ရှိ သဘောတူထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေမှာ နိုင်ငံရေးပြဿနာကို ဖြေရှင်းမထားလို့ အားနည်းပြီး ပျက်ပြယ်သွားနိုင်ပါတယ်) ဗမာလူမျိုးအများစု ပါဝင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးတဲ့ အစိုးရက သူ့ရဲ့မူဝါဒ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ ဧရာမ အခက်အခဲတွေကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ခြေ အနေအထား ၄
နိုင်ငံရေးစည်းလုံးမှု ပြိုကွဲပြီး တိုင်းရင်းသား အချင်းအချင်းသွေးကွဲခြင်း
မြန်မာ့နိုင်ငံရေးကို NLD နဲ့ စစ်တပ် ဆိုတဲ့ အဓိက နိုင်ငံရေးအင်အားစုကြီး ၂ ခုက လွှမ်းမိုးထားပါတယ်။ အစိုးရသစ်နဲ့ စစ်တပ်ကို ကြံ့ခိုင်ရေးပါတီက ကိုယ်စားပြုပါတယ်။ အဆိုပါ အင်အားစုကြီး ၂ ခုအနက်က တခုခု ဒါမှမဟုတ် ၂ ခုစလုံး အင်အားနည်းသွားပြီး သူတို့နဲ့ အပြိုင် နိုင်ငံရေးအင်အားစုတွေ ပေါ်လာရင် တိုင်းပြည်ရဲ့ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ဘယ်လို အကျိုးသက်ရောက်လာမလဲဆိုတာ မေးခွန်းထုတ်ကြည့်ရပါမယ်။ ဒါအပြင် NLD နဲ့ တိုင်းရင်းသားပါတီတွေကြား တည်ထောင်ထားတဲ့ နိုင်ငံရေးမဟာမိတ်ဖွဲ့ထားမှု ပြိုကွဲသွားရင် ရှေ့ကိုဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာာကိုလည်း မေးခွန်းထုတ်ကြည့်ရပါမယ်။ အကြောင်းကတော့ NLD နဲ့ တိုင်းရင်းသားပါတီတွေကြား နိုင်ငံရေးမဟာမိတ်ဆိုတာက လွန်ခဲ့တဲ့ အနှစ် ၂၀ လုံးလုံး မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ အရေးကြီးတဲ့ နေရာကနေ အသုံးတော်ခံခဲ့လို့ပါ။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နိုင်ငံရေးလောကမှာ အရေးအကြီးဆုံး အတိုက်အခံပုဂ္ဂိုလ် ဖြစ်နေဆဲပါ။ သူ့ရဲ့အခန်းကဏ္ဍက ပါတီခေါင်းဆောင် ဆိုတာထက် ကျော်လွန်နေပြီး နိုင််််ငံရေးလောကမှာ သူ့တယောက်တည်းကိုပဲ တခြား ဗမာနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေက ရိုသေလေးစားကြ၊ ယုံကြည်ကြပါတယ်။ သူသာ နိုင်ငံရေးလောက ကနေ ထွက်ခွာသွားရင် အားလုံးက ယုံကြည်လေးစားတဲ့၊ တတိုင်းပြည်လုံးက အသိအမှတ်ပြုတဲ့ နိုင်ငံရေး ခေါင်းဆောင်တယောက်ကို NLD ပါတီက ဆုံးရှုံးသွားသလိုပါပဲ။ ဒါ့အပြင် ပါတီအတွင်းမှာ ခိုအောင်းနေတဲ့ နိုင်ငံရေးအယူအဆ ကွဲလွဲမှုတွေ ပြန်လည်ပေါ်ထွက်လာပြီး ဗမာလူမျိုးတွေ အဓိကပါတဲ့ NLD နဲ့ တိုင်းရင်းသားပါတီတွေ ကြားမှာလည်း တင်းမာမှုတွေ ပြန်လည် ပေါ်ပေါက်လာပါလိမ့်မယ်။ ဒီအကြောင်းတရားတွေကို ထည့်သွင်း မစဉ်စားဘူးဆိုရင်တောင် ဒေါ်အောင်ဆန်းစုကြည်သာ နိုင်ငံရေးလောကကနေ ထွက်ခွာသွားရင် လက်ရှိ နိုင်ငံရေး အခင်းအကျင်း အနေအထားက ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် (ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ဖြစ်နိုင်ပါတယ်) မှာ ပြင်းထန်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ NLD သာ အင်အားချည့်နဲ့သွားရင် စစ်တပ်က သူ့ရဲ့ နိုင်ငံရေးယန္တရားကို ကြံ့ခိုင်ရေးပါတီ ဒါမှမဟုတ် သူ့ကို ဆက်ခံတဲ့ နိုင်ငံရေးပါတီကနေ တဆင့် ပြန်လည် အသက်သွင်းဖို့ အခွင့်အရေးရရုံသာ မဟုတ်ဘဲ တခြားနယ်မြေဒေခံ အခြေခံ၊ အယူအဆ အခြေခံ နိုင်ငံရေးပါတီတွေလည်း အင်အားကောင်းလာ၊ ဒါမှမဟုတ် ပေါ်ထွက်လာပါလိမ့်မယ်။
အခုလက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေက ဒီ့ထက် ပိုအရှိန်ရလာရင် NLD အနေနဲ့ နောက်ထပ် နိုင်ငံရေးအရ အလျှော့ပေး လိုက်လျောရတာတွေ လုပ်လာရမှာဖြစ်ပြီး တချို့လိုက်လျောမှုတွေကို တိိုင်းရင်းသား မဟာမိတ်ပါတီတွေက ကျေနပ် လက်ခံလိမ့်မယ် မဟုတ်ပါ။ တိုင်းရင်းသား ပြည်နယ်တွေထဲက အရေးအကြီးဆုံး ပြည်နယ်တခုဖြစ်တဲ့ ကချင်ပြည်နယ်မှာ တိုက်ပွွဲတွေ ဆက်ဖြစ်နေရင် NLD အနေနဲ့ သမ္မတ ဦးသိန်းစိန်ကို ဆက်လက် ထောက်ခံဖို့ဆိုတာကို သေချာထောက်ချင့် စဉ်းစားဖို့ လိုလာပါလိမ့်မယ်။ တိုင်းရင်းသားအုပ်စုတွေ အများစုနဲ့ စစ်တပ်တို့က အပစ်အခတ်ရပ်စဲရေး သဘောတူထားပြီဆိုပေမယ့် တိုင်းရင်းသားအုပ်စုတွေက စစ်တပ်နဲ့ အစိုးရသစ်ကို မယုံကြည်သေးပါဘူး။ တိုင်းရင်းသား လူမျိုးတွေအရေးကို ဘယ်လိုဘယ်ပုံ ဖြေရှင်းမယ်ဆိုတာနဲ့ အရပ်သား အစိုးရသစ်လက်ထက်မှာ စစ်တပ်ရဲ့ သြဇာအာဏာက ဘယ်လောက်အထိ ရှိနေသေးလဲဆိုတဲ့ မေးခွန်းတွေအတွက် ယုံကြည်စိတ်ချ၊ ခိုင်မာတဲ့ အဖြေတွေကို ရှာနိုင်ဖို့ ကချင်ပြည်နယ်က အရေးအခင်းတွေကို သူတို့က အနီးကပ် စောင့်ကြည့်နေကြပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဌ ခွန်ထွန်းဦးက “ဗမာပြည် ကွန်မြူနစ်ပါတီကလွဲပြီး ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရယူနိုင်ဖို့၊ တတိုင်းပြည်လုံးအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ချုပ်ဆိုနိုင်ဖို့ လက်ရှိ အစိုးရအဖွဲ့ခေါင်းဆောင် ဦးသိန်းစိန်က ကြိုးစားနေပါတယ်။ တချိန်တည်းမှာပဲ ထာဝရ ငြိမ်းချမ်းရေးကို ရအောင်ယူဖို့ လွှတ်တော်အမတ်တွေကလည်း တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ထိုးပြီးတာနဲ့ နောက်ထပ်တိုက်ပွဲတွေ ထပ်ဖြစ်နေပုံပါပဲ။ ဗမာ့တပ်မတော်ရဲ့ နယ်မြေခံတပ်တွေက တိုင်းရင်းသား နယ်မြေတွေထဲကို ဝင်ရောက်နေချိန်မှာ နှစ်ဖက် ခေါင်းဆောင်တွေက ငြိမ်းချမ်းရေးကို ဆွေးနွေးနေမယ်ဆိုရင် ဒါက အားတက် မျှော်လင့်စရာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါ” လို့ ရေးသားထားပါတယ်။
တခြား ပြည်နယ်တွေမှာလည်း သဘောထားတွေ တင်းမာလာပြီး တိုက်ပွဲတွေ ပြန်စလာဖို့ဆိုတာ မဖြစ်နိုင်သေးပေမယ့် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက် သက်ဆိုးရှည်လေ တိုင်းရင်းအား အုပ်စုတွေအနေနဲ့ သူတို့ရဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ၊ သူတို့ရဲ့ နိုင်ငံရေး မဟာမိတ်ဖွဲ့ထားမှုကို ပြန်လည် စဉ်းစားသုံးသပ်ဖို့ ဖိအားတွေ ပိုတိုးပေးခံလာရနိုင်ပါတယ်။ စီးပွားရေးကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးလိုက်ပြီး နိုင်ငံရေးလွတ်လပ်ခွင့်မှာ ထိန်းချုပ်ထားတာတွေကို ဖြေလျှော့ပေးလိုက်တာက ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ အမြစ်တွယ်နေတဲ့ တိုင်းရင်းသား မကျေနပ်ချက်တွေကို ဖြေရှင်းရာမှာ အရေးကြီးပေမယ့် နှစ် ၅၀ ကြာအောင် ဆင်နွှဲထားတဲ့ ပြည်တွင်းစစ်က နောက်ထပ် အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် အားလုံး အသင့် ပြင်ဆင်ပေးထားပါတယ်။
တိုင်းရင်းသားလူမျိုး ပြဿနာကို မဖြေရှင်းနိုင်ရင် (ဖြေရှင်း ဖို့အတွက် လေးနက်တဲ့ စိတ်ဆန္ဒတွေ ရှိနေပါတယ်ဆိုတာ မပြသနိုင်ရင်) နိုင်ငံရေး မတည်ငြိမ်မှု ကာလတခုကို မြန်မာနိုင်ငံက နောက်ထပ် ရင်ဆိုင်ဖြတ်သန်းရပါဦးမယ်။ ဘာသာစကား ကိုးကွယ်ရာဘာသာနဲ့ သယံဇာတ အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေက အတိမ်းအစောင်းမခံတဲ့ နိုင်ငံရေးအခြေအနေကို နောက်ထပ် ယိုင်နဲ့သွားစေပြီး အရင်ကဖွဲ့ထားတဲ့ မဟာမိတ်တွေကို ရန်ဖက်ဖြစ်အောင် ပြောင်းလဲပေးပါလိမ့်မယ်။ ဘာတေးလ် လစ်တနာက “တိုင်းရင်းသား အခွင့်အရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်က ဖိအားပေး လုပ်ကိုင်လာရင် စစ်တပ်နဲ့ ထိပ်တိုက် တွေ့နိုင်တဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းသလို ဖြစ်ပါလိမ့်မယ်။ သူ့အနေနဲ့ အဲဒီလိုမှ မလုပ်ဘူးဆိုရင်လည်း တိုင်းပြည်ရဲ့ ဆယ်စုနှစ်တွေနဲ့ချီ ကြာနေပြီဖြစ်တဲ့ နိုင်ငံရေး၊ တိုင်းရင်းသားအရေး တအုံနွေးနွေး ကိစ္စရပ်ကြီးက ဆက်လက် တောက်လောင်နေပါလိမ့်မယ်။ အဲဒီအတွက် တိုင်းပြည်ရဲ့ နောက်ထပ် ကြေကွဲစရာ ဆိုးကျိုးတွေက ပိုလို့တောင် ပြင်းထန်မှာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းဒေသက လူတွေအနေနဲ့ ကာလကြာရှည် ခံစားရပါလိမ့်မယ်။
သမ္မတ ဦးသိန်းစီန်နဲ့ တခြား ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ ခေါင်းဆောင်တွေက ၂၀၁၅ မှာ အငြိမ်းစားယူမယ်လို့ မျှော်လင့်ရတာကြောင့် ဘယ်သူတွေက အာဏာကို ဆက်ခံမလဲ၊ ဆက်ခံသူတွေက ပြုပြင်ပြောင်းလဲရေးတွေကို ဘယ်လောက်အထိ ဆက်ပြီး စိုက်လိုက်မတ်တတ် ဆက်လုပ်မလဲဆိုတာ မရှင်းသေးပါ။ တိုင်းရင်းသားပါတီတွေနဲ့ NLD တို့အကြား တင်းမာမှုတွေ မြင့်မားနေတာကြောင့် သူတို့နှစ်ဖက်ကြား နောက်ထပ်သွေးကွဲမှုတွေ (ပေါ်ပေါ်တင်တင် ရန်လိုမှုတွေကိုတောင်) ဖန်တီးဖို့ အခွင့်အလမ်းတွေကို အစိုးရနဲ့ စစ်တပ်အတွင်း အဖျက်သမားတွေက ချောင်းမြောင်း စောင့်ဆိုင်းနေနိုင်ပါတယ်။ အဲဒီလိုမှပဲ အစိုးရက စစ်တပ်ကို ပြန်လည် အားကိုးရတဲ့ အခြေအနေတွေ ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို အကြောင်းပြပြီး အဖျက်သမားတွေက ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
နိဂုံးချုပ်
အကျိုးသက်ရောက်မှု ကြီးမားပြီး အားလုံး မျှော်လင့်မထားတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို မြန်မာနိုင်ငံက ရင်ဆိုင် ဖြတ်သန်းနေရပါတယ်။ နိုင်ငံရေး အသွင်ကူးပြောင်းမှုကြောင့် မြန်မာနိုင်ငံသားတွေ သာမက နိုင်ငံခြား လေ့လာသုံးသပ်သူတွေပါ အငိုက်မိ အံအားသင့်သွားကြပါတယ်။ လူထုတရပ်လုံးက အုံကြွတော့မယ်၊ စစ်တပ်အတွင်း အချင်းချင်း ကွဲတော့မယ်၊ စစ်အစိုးရပဲ ဆက်လက် အုပ်ချုပ်နေဦးမယ် စတဲ့ နိုင်ငံရေးဖြစ်စဉ် ပုံစံတွေ ဟောကိန်းတွေကို အားလုံးလိုလိုက ပြောဆိုခဲ့ကြပေမယ့် အခုတော့ အဲဒီလို ဖြစ်မလာခဲ့ပါ။
တချိန်တည်းမှာပဲ အဆိုပါ ဟောကိန်းထုတ်ထားတဲ့ နိုင်ငံရေးဖြစ်စဉ်တွေ အားကောင်းအောင် ပံ့ပိုးပေးတဲ့ အခြေအနေတွေကို အခု နိုင်ငံရေးအကူးအပြောင်းထဲမှာ ဆက်ပြီး တွေ့နေရသလိုပါပဲ။ ကဏ္ဍပေါင်းစုံမှာ ခြေကုပ် ကောင်းကောင်းယူထားပြီး အင်အားတောင့်တင်းပေမယ့် ထိပ်တန်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အငြိမ်းစား ယူသွားတဲ့အခါ နိုင်ငံရေးလမ်းကြောင်းသစ်ကို ချပြနိုင်ခဲ့တဲ့ စစ်တပ်၊ လူထုထောက်ခံမှုကို တခဲနက်ရရှိပြီး စုစုစည်းစည်း ရှိနေတဲ့အပြင် ၎င်းက ထောက်ခံလိုက်လို့ လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေက ပြည်တွင်းမှာရော ပြည်ပမှာပါ တရားဝင် အနေအထား ရရှိသွားတဲ့ အတိုက်အခံ စတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။
နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေ အားလုံးမှာ အထူးသဖြင့် မြန်မာနိုင်ငံလို ရှုပ်ထွေးတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ အခြေအနေတရပ်ရပ်က သေချာပေါက် ဆက်ဖြစ်မယ်လို့ ခန့်မှန်းရင် မှားပါတယ်။ အုပ်ချုပ်သူဘက်က စတင် ဖော်ဆောင်ပြီး ထိန်းချုပ်ထားတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုဆိုပေမယ့် ချောမွေ့ပြေပြစ်ပါတယ်။ ပြုပြင် ပြောင်းလဲမှုတွေကို အစိုးရက ရှေ့တိုး လုပ်ဆောင်သွားရင် သူ့ရဲ့ ထိန်းချုပ်မှုနယ်ပယ် အပြင်က နိုင်ငံရေး အင်အားစုတွေကို ဖြေလွှတ်ပေးလိုက်ပါလိမ့်မယ်။ မီဒီယာ ပြုပြင်ပြောင်းလဲရေးကြောင့် သဘောထား အမြင်အသစ်တွေ အယူအဆ အသစ်တွေ ပိုကြားလာရနိုင်ပြီး လွတ်လပ်စွာ စုဝေးခွင့်၊ အသင်းအပင်း ဖွဲ့နိုင်ခွင့်ကို ဖြေလျှော့ ပေးလိုက်တာကြောင့် နိုင်ငံရေး ဗဟိုချက်မ အသစ်တွေ ပေါ်ပေါက်လာပါလိမ့့်မယ်။ စီးပွာရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် လယ်ယာမြေ အခွင့်အရေး၊ လူထုလှုပ်ရှားမှု၊ ကျန်းမာရေးနဲ့ ပညာရေးစတဲ့ လူမှုဘဝကဏ္ဍ ပေါင်းစုံမှာ ကြီးမားကျယ်ပြန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာပါလိမ့်မယ်။ စီးပွားရေး နိုင်ငံရေး လူမှုရေး စတာတွေမှာ ပြုပြင် ပြောင်းလဲရေးတွေက တပြိုင်နက် ဖြစ်ပွားနေပြီး အားလုံးမှာ ရှင်းလင်းတဲ့ ရည်မှန်းချက်ပန်းတိုင် မရှိပါ။
ဒါ့အပြင် အဆိုပါ စီးပွားရေး နိုင်ငံရေး လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ အချင်းချင်းကြားမှာ အပြန်အလှန် ပဲ့ပြင် ထိန်းကျောင်းမှုတွေ ရှိနေတာကြောင့် အနာဂတ်ကို ခန့်မှန်းရတာလည်း အများကြီး ပိုခက်သွားပါတယ်။ မူဝါဒချ မှတ်သူတွေ အတွက် စိန်ခေါ်မှုကတော့ ဖြစ်နိုင်ခြေ အနေအထား အများကြီး ရှိတဲ့အနက် အားလုံးနဲ့ အဆင်ပြေတဲ့ မူဝါဒတွေကို ချမှတ်ကျင့်သုံးနိုင်ဖို့ဖြစ်ပြီး မျှော်လင့်မထားတဲ့ အခြေအနေတွေ ပေါ်ပေါက်လာရင် လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်ဖို့ပါ။ ရည်ရွယ်ချက် တခုတည်းအတွက် ပြင်ဆင်ထားတဲ့ မူဝါဒတွေက ဖြစ်နိုင်ခြေ အရှိဆုံးဆိုတဲ့ အနေအထားအတွက် ကြိုတင် ပြင်ဆင်ထားရင်တောင် ကျဆုံးပျက်စီးဖို့ များပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေထဲက အခိုင်မာ အပြတ်သားဆုံး ခေါင်းဆောင်တယောက်၊ လူထုရဲ့ ရိုသေလေးစားမှုကို အများဆုံး ခံယူရရှိထားတဲ့ ခေါင်းဆောင်တယောက်နဲ့ သတ္တိအပြောင်မြောက်ဆုံး အတိုက်အခံ အင်အားစုကို ရရှိထားတာက မြန်မာနိုင်ငံအတွက် ကံကောင်းပါတယ်။ ဒါပေမယ့် တဖက်မှာတော့ နှစ် ၆၀ ကြာ ပြည်တွင်းစစ် စီးပွာရေးကို တလွဲတချော် စီမံခန့်ခွဲမှုနဲ့ အကျင့်ပျက် လာဘ်စားတဲ့ ဗျူရိုကရေစီစနစ်တို့ရဲ့ နှိပ်စက်ဖျက်ဆီးတာကိုလည်း တိုင်းပြည်က ခံနေရပါတယ်။ အစိုးရနဲ့ အတိုက်အခံတို့က နိုင်ငံရေး စိတ်စေတနာ ကောင်းပြီး နှစ်ဖက်ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပေမယ့် တိုင်းပြည်ရင်ဆိုင်ရမယ့် ပြဿနာတွေ၊ စိန်ခေါ်မှုတွေက အတိုင်းအတာ ကြီးမားလှပါတယ်။ တိုင်းပြည်က အသွင်ကူးပြောင်းရေးရဲ့ အစပိုင်းမှာသာ ရှိပါသေးတယ်။ တိုင်းပြည် လျှောက်လှမ်းရမယ့် လမ်းကြောင်းကို ခန့်မှန်းဖို့ မလွယ်လောက်အောင် အချိန် စောလွန်းနေပေမယ့် ကြိုတင် ခန့်မှန်းသုံးသပ်ထားတဲ့ လမ်းကြောင်းတခုခုကို လျှောက်လှမ်းဖို့ ဆိုတာလည်း မဖြစ်နိုင်သလောက်ပါပဲ။
အပိုင်း (၁) ဖတ်ရှုရန်
https://burma.irrawaddy.com/archives/42185
(ဘရိုင်ယန် ဂျိုးဇက်ဖ် (Brian Joseph) ၏ Political Transition in Burma: Four Scenarios in the Run-Up to the 2015 Elections ကို ဘာသာပြန် ဖော်ပြပါသည်။ ဘရိုင်ယန် ဂျိုးဆက်ဖ်သည် National Endowment for Democracy မှ အာရှနှင့် ကမ္ဘာလုံးဆိုင်ရာ ပရိုဂရမ်၏ ဝါရင့် ဒါရိုက်တာတဦး ဖြစ်ပါသည်။)