တိုင်းမ်မဂ္ဂဇင်းကို သမ္မတရုံး ဘာကြောင့် ကန့်ကွက်ရလဲ

ထက်နိုင်ဇော်

This article has been converted from Zawgyi One to Unicode

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် ဦးဝီရသူအား မျက်နှာဖုံးတင်၍ “THE FACE OF BUDDHIST TERROR” ဆောင်းပါးအား ဖော်ပြခဲ့သည်ကို သမ္မတရုံးက ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ကြေညာချက်ကို မည်သည့်အတွက် ထုတ်ပြန်ရသည်၊ ကြေညာချက်သည် ဦးဝီရသူနှင့် ၉၆၉ အဖွဲ့ကို ထောက်ခံအသိမှတ် ပြု မပြု၊ တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်ရန် ရှိ မရှိတို့ကို သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းထားပါသည်။

မေး– အစိုးရအနေနဲ့ တိုင်းမ်မဂ္ဂဇင်းကို ဘာကြောင့်ကန့်ကွက်တာလဲဆိုတာ သိချင်ပါတယ်။

ဖြေ– ကျနော်တို့ ထုတ်ပြန်ချက်မှာလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ သူတို့ရဲ့ ရေးသားချက်တွေဟာ ကျနော်တို့ ဗုဒ္ဓသာသနာကို နိုင်ငံတကာက အထင်အမြင် လွဲမှားစေနိုင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံတို့ကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေခြင်းကို ထိခိုက်စေနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့ ကန့်ကွက်ရတာ ဖြစ်ပါတယ်။

မေး– တိုင်းမ်မဂ္ဂဇင်းကို အစိုးရအနေနဲ့ကန့်ကွက်လိုက်တော့ မျက်နှာဖုံးမှာ ဖော်ပြခံရတဲ့ ဦးဝီရသူဘက်ကနေပြီးတော့ ထောက်ခံရပ်တည်တဲ့ သဘောမျိုးဖြစ်နေမလား။

ဖြေ– မဆိုင်ပါဘူးဗျ။ ရေးထားတဲ့ အထဲမှာကြည့်ရင် ဦးဝီရသူဘက်ကနေမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိတယ်။ အခြေခံဥပဒေကလည်း ကာကွယ်ထားတယ်။ ဗုဒ္ဓဘာသာဟာလည်း သိမ်မွေ့နက်နဲတဲ့ နူးညံတဲ့ ငြိမ်းချမ်းရေးကို လုပ်တဲ့ဘာသာဖြစ်တယ်။ အခုအချိန်မှာ ပဋိပက္ခတွေကို ကာကွယ်ဖို့အတွက် အားလုံး ပူးပေါင်းဆောင်ရွက်နေတယ်။ အခုလိုဆောင်ရွက်နေတဲ့ အချိန်မှာ ရေးသားလာတဲ့အတွက် ကန့်ကွက်ရတာ ဖြစ်ပါတယ်ဗျ။

မေး– သမ္မတရုံးရဲ့ ကြေညာချက်က ၉၆၉ က ငြိမ်းချမ်းတဲ့သင်္ကေတ ဖြစ်တယ်ဆိုတာမျိုးရေးထားတော့ အစိုးရအနေနဲ့ ၉၆၉ ကို တရားဝင် အသိအမှတ်ပြုလိုက်တာလား။

ဖြေ– စာပိုဒ်ကို သေချာဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။ အဲဒီစာပိုဒ်မှာက ကျနော်တို့က ပြောတာမဟုတ်ဘူး။ ဟို သံဃာ့အစည်းအဝေးကနေပြီးတော့မှ ပြောတယ်လို့ ကျနော်တို့ ပြန်ကုတ်လုပ်ထားတာပါ။ တိုင်းမ်မဂ္ဂဇင်း မူရင်းဆောင်းပါးမှာက ၉၆၉ နဲ့ပတ်သက်လို့ သူရေးထားတာတွေရှိတယ်။ ဒါကြောင့်မိုလို့ ၉၆၉ အမှတ်တံဆိပ်ကို အလွဲသုံးတဲ့လူ ရှိရင်ရှိမယ်။ သို့သော် မူလဆရာတော်တွေကတော့ ဒီလိုပြောထားပါတယ်ဆိုတာကို ပြန်ကုတ်လုပ်ထားတာပါ။ခင်ဗျား သေချာဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။

မေး– ဆိုတော့ အစိုးရအနေနဲ့ ၉၆၉ ကို အသိအမှတ်မပြုသေးဘူးလို့ ပြောချင်တာလား။

ဖြေ– ကျနော်တို့က ၉၆၉ တံဆိပ်ရှိနေတယ်။ ၉၆၉ နဲ့တံဆိပ်နဲ့ ပတ်သက်လို့ ဆောင်းပါးမှာ ရေးတဲ့ဟာတွေက မူလလူတွေက ကာယကံရှင်တွေက ပြောထားတာ တစ်မျိုးဖြစ်တယ်ဆိုတာ ကျနော်တို့ပြန်ထောက်ပြတာပဲ ရှိပါတယ်။

မေး– အခု ၉၆၉ နဲ့ ဦးဝီရသူတို့ လုပ်နေတဲ့ မျိုးစောင့် ဥပဒေဆိုတာကိုရော သိလား။ အစိုးရက ဘယ်လိုသဘောထားလဲမသိဘူး။

ဖြေ– ဘာမှ မှတ်ချက်ပေးစရာ မရှိပါဘူး။ ဒါတွေက တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ နိုင်ငံသားများရဲ့ ရပိုင်ခွင့်အတိုင်းပဲ သူတို့ရဲ့သဘောထားကို သူတို့ ဖော်ထုတ်ပြောဆိုနေတာပဲလေ။ အမျိုးစောင့်ဥပဒေတင် မဟုတ်ဘူး။ လယ်ယာမြေကိစ္စနဲ့ ပတ်သက်လို့လည်း အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေက ဆန္ဒဖော်ထုတ်နေကြတာလည်း ရှိပါတယ်။ ကျနော်တို့က အဲသလိုပဲ သဘောထားပါတယ်။

မေး– အစိုးရအနေနဲ့ ဘာသာရေး လူမျိုးရေး ခွဲခြားနှိမ့်ချမှုတွေကို ဆန့်ကျင်ထိန်းချုပ်ဖို့ တားဆီးကာကွယ်ပေးဖို့ အစီအစဉ် ရှိပါသလား။

ဖြေ– ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၆၄ မှာ အတိအကျ ဖော်ပြထားပြီးပြီပဲ။ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေကို လက်မခံဘူးဆိုတဲ့ အကြောင်းလေ။ ဘာသာတရားတိုင်းကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်။ ကျနော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ပြီးပြီပေါ့ဗျာ။

မေး– အခုလို အစိုးရအနေနဲ့ တိုင်းမ်မဂ္ဂဇင်းကို တရားဝင်ကန့်ကွက်လိုက်ပြီဆိုတော့ ပြည်တွင်းမှာ တရားဝင်ထုတ်ဝေခွင့် ပိတ်ပင်မှာလား။

ဖြေ– ကျနော်တို့က နံပါတ် ၁ ကတော့ ဆောင်းပါးနဲ့ ပတ်သက်လို့ ပြောတာပေါ့နော်။ ဆောင်းပါးပါတဲ့ မဂ္ဂဇင်း Issue ကိုတော့ သာသနာရေး ဝန်ကြီးဋ္ဌာနရဲ့ သဘောထားအမြင်ကိုလဲ တောင်းထားပါတယ်။

မေး– ဒါဆို တိုင်းမ်းမဂ္ဂဇင်းကို ပိတ်သင့် မပိတ်သင့်ကို သာသနာရေး ဝန်ကြီးဋ္ဌာနရဲ့ သဘောထား အကြံပြုချက်အပေါ်မှာ စဉ်းစားမှာပေါ့။

ဖြေ– မှန်ပါတယ်။

မေး– တိုင်းမဂ္ဂဇင်းကို ကန့်ကွက်ကြောင်း အစိုးရထုတ်ပြန်ချက်က အင်္ဂလိပ်လို့ ဘာလို့ မထုတ်တာလဲ။

ဖြေ– မြန်မာနိုင်ငံရဲ့ ရုံးသုံးဘာသာစကားက မြန်မာစကားကိုး။

မေး– ထုတ်ပြန်ချက်မှာလည်း ဘာသာအားလုံးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုတယ်လို့ ရေးထားပါတယ်။ အဲဒီတော့ အစိုးရအနေနဲ့ အခုဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေမှာ ဘယ်ဘက်မှ မလိုက်ဘဲနဲ့ ကြားမှာရပ်တယ်ဆိုတဲ့ အနေအထားမျိုး ပြသနိုင်အောင် ဘာလုပ်မလဲ။

ဖြေ– သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာလဲ အကြိမ်ကြိမ်ပြောပြီးပါပြီ။ ကျနော်တို့ နိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ခွင့် ရှိပါတယ်။ လူတိုင်းဟာ ဥပဒေနဲ့အညီ မိမိချစ်ခင်မြတ်နိုးတဲ့ ဘာသာတရားကို ကျင့်သုံးခွင့်ရှိတယ်။ ဘာသာကို ကိုးကွယ်ခွင့်ရှိတယ်။ တခြားဘာသာကိုသွားပြီးတော့ အကြမ်းဖက်ဆက်ဆံတာမျိုးကိုလည်း ကျနော်တို့က လက်ခံမှာမဟုတ်ပါဘူး။ သမ္မတကြီးလည်း ဒီအကြောင်းကို မိန့်ခွန်းအကြိမ်ကြိမ် ပြောပြီးသလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ရေးဖော်ပြထားပြီး ဖြစ်ပါတယ်။

မေး– ဘာသာရေးဆိုတာ ထိလွယ်ရှလွယ်တော့ ဘယ်လိုအခြေအနေမျိုးမှာ အကြမ်းဖက်မှုလို့ သတ်မှတ်ပြီး ဘယ်လို အရေးယူမလဲဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ ရှိပါသလား။

ဖြေ– အခုလို နားလည်မှု တည်ဆောက်နေတဲ့အချိန်မှာ Social မီဒီယာတွေမှာလည်း အပြန်အလှန် ပုတ်ခတ်ရေးသားနေကြတယ်။ ဘာပဲပြောပြော Tension မြင့်သွားနိုင်တဲ့ အခြေအနေမိုလို့ ဒီလိုသိမ်မွေ့တဲ့ ကိစ္စမျိုးကို တစ်ဖက်သတ်မရေးဖို့ လိုတယ်ဆိုတဲ့အကြောင်း ကန့်ကွက်ရခြင်းဖြစ်ပါတယ်။

Loading