လူမျိုးရေး ဘာသာရေး ခွဲခြားဆက်ဆံမှု အဆုံးသတ်သင့်ပြီ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

အရှိန်ရလာခဲ့ပြီးသော မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို လက်ရှိ အကြီးအကျယ် ခြိမ်းခြောက်နေသည်မှာ နက်နက်ရှိုင်းရှိုင်း ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သော ဘာသာရေး လူမျိုးရေး ခွဲခြားဆက်ဆံမှုများပင် ဖြစ်သည်။

ထိုခြိမ်းခြောက်မှုများကို ကိုင်တွယ် ဖြေရှင်းရမည့်သူမှာ နိုင်ငံတော်အစိုးရ သာ ဖြစ်သည်။ သို့သော် ခွဲခြားဆက်ဆံမှုနှင့် ပဋိပက္ခများ ရပ်တန့်စေရေး၊ လူမျိုးစုများနှင့် ယုံကြည်မှု ကွဲပြားသူတွေကြား အပြန်အလှန် လေးစားသည်းခံစေရေး သမ္မတ ဦးသိန်းစိန်အနေဖြင့် မိန့်ခွန်းများ မကြာခဏ ပြောဆိုရုံသာ တတ်နိုင်သောကြောင့် နိုင်ငံရေးအရ ဆန္ဒရှိသည်ဆိုနိုင်သော်ငြား ခိုင်မာသော အရေးယူမှုမျိုးအဖြစ် ကြိုးစားအားထုတ်ခြင်းကို မမြင်ရသေး၍ အပြောသက်သက်သာရှိပြီး အလုပ်မဖြစ်သေးဟု ဆိုရပေမည်။

ရခိုင်ပြည်နယ်၊ မိတီ္ထလာ၊ လားရှိုးနှင့် ဥက္ကံမြိုကများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က တရားစွဲဆိုနိုင်ခဲ့ရုံဖြင့် အကြမ်း ဖက် တိုက်ခိုက်မှုများ ဆက်လက်မဖြစ်ပွားနိုင်တော့ဟု အာမ မခံနိုင်ပေ။ Myanmar Spring ဟု တချို့က သုံးနှုန်းခေါ်ဆိုနေသည့် မြန်မာ့နွေဦး အပြောင်းအလဲသည် လူမျိုးရေး ဘာသာရေး ပဋိပက္ခကို ဖန်တီးပေးနေသော သွေးသံရဲရဲနှင့် အပြောင်းအလဲမျိုး မဖြစ်သင့်ပေ။

တကယ့် အမှန်တရားမှာ အမုန်းမီးများကို တောက်လောင်စေသော လူမျိုးရေး ဘာသာရေး ခွဲခြားကန့်သတ်မှုများ ဒေသဆိုင်ရာ အမိန့်နှင့် နိုင်ငံတော်အဆင့် ဥပဒေများတွင် တွေ့ရှိနေရပြီး ယင်းကို ဆက်လက်ကျင့်သုံးနေခြင်းက မြန်မာ့ခေတ်ပြောင်းရေးအတွက် ကြီးစွာသော အဟန့်အတား ဖြစ်နေဆဲပင်။

ဥပမာ ရခိုင်ပြည်မြောက်ဖျားတွင် နေထိုင်သူ မွတ်စလင်များ ကလေး ၂ ယောက်သာယူရန် အမိန့်နှင့်“သွေး”ကို အခြေခံသည့်“လူမျိုမှ လူမျိုးပြုတ်မည်”ဟု လူမျိုးရေး ခွဲခြားကန့်သတ်ထားသော ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ပိုင်ခွင့်ဥပဒေတို့သည် ဘာသာကွဲ လူမျိုးစုများနှင့် ပြန်လည်ရင်ကြားစေ့မည့် နိုင်ငံတော်သစ် ပြန်လည် တည်ဆောက်ရေးနှင့် နိုင်ငံတကာ သံတမန်ရေး ဇာတ်ခုံတွင် မြန်မာတို့ ပြန်လည် ဝင်ဆန့်ရေးတို့အတွက် နောက်ပြန်ဆွဲနေသည်။

အကြောင်းမှာ ယင်းခွဲခြားကန့်သတ်ထားမှုကြောင့် ခရစ်ယာန်၊ မွတ်စလင်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်သူ ဘာသာကွဲများနှင့် သွေးနှောသည့် နိုင်ငံသား လူမျိုးစုများ နိုင်ငံသားအခွင့်အရေး တန်းတူညီမျှမှု မရှိဖြစ်ခြင်း၊ ထိပ်ပိုင်း အာဏာပိုင်တာဝန်နှင့် ရာထူးများ မခန့်အပ်ခြင်းတို့ကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး ယင်းကို မဖျက်သိမ်းနိုင်ပါက နေပြည်တော်အစိုးရအနေဖြင့် လတ်တလော ကြိုးပမ်းနေသော တိုင်းရင်းသားလူမျိုးစုများနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးသည်လည်း ရေရှည်ခံမည်မဟုတ်ပေ။

ထို့အပြင် ယင်းခွဲခြားကန့်သတ်မှု ဥပဒေများကို လက်တလုံးခြား ရှောင်လိုသူတို့ကလည်း လုပ်ပိုင်ခွင့်အာဏာကို ချုပ်ကိုင်ထားသူတို့ကို မလွှဲမရှောင်သာ လာဘ်ထိုးရသောကြောင့် အကျင့်ပျက်ခြစားမှုများ ကျယ်ပြန့်လာစေသည်။

အဆိုးဆုံးမှာ ထိုသို့ ခွဲခြားနှိမ်ချသော အစဉ်အလာများကို အခွင့်ကောင်းယူ အကြောင်းပြကာ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းများထံ ဦးတည်သည့် အမုန်းမျိုးစေ့များ ပျိုးခြင်းနှင့် ပဋိပက္ခ အမြင့်ဆုံး အနေအထားတွင် လူသတ်ခြင်း၊ မီးရှို့ခြင်း အစရှိသော ရာဇဝတ်မှု ကျူးလွန်ခြင်းများကိုပင် တရားမျှတကြောင်း မျက်စိမှိတ် ယုံကြည်သည်အထိ စိတ်ဓာတ်ရေးရာ ချွတ်ခြုံကျလာစေခြင်းတို့ ဖြစ်သည်။

ထိုအရုပ်ဆိုး အကျည်းတန် ဖြစ်ရပ်များကို ငြိမ်းချမ်းသည့် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သော မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည်မှာ အံသြ စရာဖြစ်ပြီး ထို လုပ်ရပ်များကို တားဆီးနိုင်စွမ်း ရှိသည့် အာဏာပိုင်များက လက်ပိုက်ကြည့်နေခြင်းသည်လည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။ တရား ဥပဒေ စိုးမိုးရေးဟု တဖက်က အော်နေပြီး တရား ဥပဒေမဲ့စေရန် မင်းမဲ့ စရိုက်များကို ဖန်တီး လှုံ့ဆော်နေသူများမှာ မည်သူတွေနည်း၊ အစိုးရက ပြောနေသည့် နောက်ကွယ်မှ ကြိုးကိုင်နေသူများမှာ မည်သူတွေနည်း ဟုလည်း မေးခွန်း ထုတ်ရပေတော့မည်။

ပွင့်လင်းမြင်သာပြီး ကောင်းမွန်သော အုပ်ချုပ်ရေးကို ထူထောင်လိုပါလျှင် ဘာသာရေး လူမျိုးရေး ခွဲခြားကန့်သတ်မှုကို အစိုးရက ဆန့်ကျင်တိုက်ဖျက်ရမည်။ ဘာသာရေး လူမျိုးရေး ခွဲခြား နှိမ်ချမှုကို ၂၁ ရာစု ယဉ်ကျေးသော လူ့ဘောင်အဖွဲ့အစည်းတွင် နေရာမပေးသင့်တော့။

ယခု အရှိန်ရနေသည်ဟု ဆိုနိုင်သော ပြုပြင်ပြောင်းလဲမှုသည် နိုင်ငံ့ကောင်းကျိုးအတွက် အကောင်းဆုံး စဉ်းစားတွေးခေါ်မြော်မြင်မှုနှင့် အကောင်းဆုံး တာဝန်ထမ်းရွက်ခြင်းတို့ကို ဘာသာ လူမျိုးမရွေး နိုင်ငံသားတို့ထံမှ လိုလိုလားလား တက်တက်ကြွကြွ ပါဝင်ဆောင် ရွက်မှုကို ဖော်ဆောင် ဖန်တီးပေးသင့်သည်။

သို့မှသာ တန်းတူညီမျှမှုနှင့် လူ့ဂုဏ်သိက္ခာပြည့်ဝစေခြင်းဖြင့် နိုင်ငံသားတဦးချင်းစီသည် နိုင်ငံအပေါ် ချစ်ခင်မြတ်နိုးစိတ် အစစ်အမှန်ဖြင့် သစ္စာစောင့်သိကာ နိုင်ငံနှင့် နိုင်ငံသားတို့အကျိုး လိုလိုလားလား ထမ်းပိုးချင်ပေလိမ့်မည်။

နိုင်ငံတော်အစိုးရ အနေဖြင့် အမုန်းတရား ဝါဒဖြန့်ချိမှု မှန်သမျှကို ထိရောက်စွာ အရေးယူပြီး အကြမ်းဖက်မှုများ ဖြစ်ပွားလာပါက လည်း လုံခြုံရေးတာဝန်ရှိသူများက ထိထိရောက်ရောက် ချုပ်ကိုင်နှိမ်နင်းခြင်းဖြင့် အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူများကို ကာကွယ် ပေး ရမည်။ အကြမ်းဖက်မှု ဖြစ်ပွားပြီးလျှင်လည်း တရားခံများကို ဖော်ထုတ်ကာ ထိရောက်စွာ အပြစ်ပေး အရေးယူပြီး အကြမ်းဖက် ခံရ သူတို့၏ ခုခံပိုင်ခွင့်ကို ဥပဒေအရ အကျိုးခံစားခွင့် ပေးရန်လိုသည်။

ထိုသို့ နိုင်ငံသားတို့ကို အကာအကွယ်ပေးမှသာ ယခု တိုင်းပြည် စီးပွားရေး တံခါးအဖွင့်တွင် ဝင်ရောက်လာမည့် ပြည်ပ က ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် ရပိုင်ခွင့်ကို အကာအကွယ် ပေးနိုင်လိမ့်မည်ဟု ယုံကြည်သက်ဝင်လာပေမည်။

သို့သော် ဇွန်လ ၅ ရက်မှ ၇ ရက်ထိ နေပြည်တော်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ် နောက်ဆက်တွဲ နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာကောင်းများကို သမ္မတဦးသိန်းစိန် အစိုးရက ထိထိရောက်ရောက်နှင့် အကျိုးရှိရှိ စီမံဆောင်ရွက်နိုင်မည့်ပုံ မပေါ်သေးဟု တွေ့မြင်နေရပေသည်။ ။

Loading