တိုင်းမ်မဂ္ဂဇင်း မီးလောင်ရာ လေပင့်တာလား

သစ္စာနီ

This article has been converted from Zawgyi One to Unicode

ဇွန်လ ၁၃ ရက်နေ့တွင် သံဃာ အစည်းအဝေးတခုမှ “ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ကန့်သတ်ဥပဒေကြမ်း” တခုကို ထုတ်ပြန်ကြေညာလိုက်သည်။ အတိုကောက် “အမျိုးစောင့် ဥပဒေ” ဟု သိကြသည်။ မြန်မာနိုင်ငံ လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် ဂယက်ထ၍သွားသည်။ ထောက်ခံသူကထောက်ခံ ကန့်ကွက်သူက ကန့်ကွက်။ ဖေ့စ်ဘွတ်ခ်တွေ ဝက်ဘ်ဆိုက်တွေမှာ၊ ဂျာနယ်စာမျက်နှာများပေါ်မှာ သဘောထား အမျိုးမျိုး ထုတ်ဖော်လာကြသည်။ ထိုဂယက်မှ မတည်ငြိမ်သေးခင်မှာ တိုင်းမ် မဂ္ဂဇင်းက ဦးဝီရသူကို မျက်နှာဖုံးတင်ကာ “ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်မှုရဲ့ မျက်နှာစာ” ဟု ကင်ပွန်းတပ်လိုက်သည်။ အထဲတွင်လည်း “ဗုဒ္ဓဘာသာဝင်များ ဆိုးလေသောအခါ” ဟူသောအမည်ဖြင့် ဆောင်းပါးရှည်တစောင်ရေးလိုက်ရာ ပြဿနာမှာ မီးလောင်ရာလေပင့် ဖြစ်သွားတော့သည်။

ကျနော်သည် အယူအဆရေးရာနှင့် ပတ်သက်လာလျှင် လက်ဝဲ၊ လက်ယာ မည်သည့် အစွန်းရောက်မှုမျိုးကိုမှ လက်သင့်ခံသူ မဟုတ်ပါ။ နိုင်ငံရေး၊ လူမှုရေး နယ်ပယ်တွင် သြဇာရှိသူတဦး မဟုတ်သော်လည်း၊ အများယောင်တိုင်း လိုက်ယောင်လေ့မရှိဘဲ အရာရာကို အကောင်းဖက်မှ ရှုမြင်ကာ မျှတသောအမြင်ဖြင့် တင်ပြနိုင်ရန် ကြိုးစားလေ့ရှိပါသည်။ ဦးဝီရသူ၏ လုပ်ရပ်တချို့ကို မထောက်ခံနိုင်ပါ။ ယခု မျိုးစောင့်ဥပဒေလို ကိစ္စမျိုးမှာတော့ စေတနာလွန်ကာ တပ်ဦးကျွံနေသည် ဟုသာမြင်ပါသည်။ အမျိုး၊ ဘာသာ၊ သာသနာကို သူချစ်ခင်ကြောင်း သံသယဖြစ်စရာမလိုပါ။ အမှုကိစ္စတခုကို ဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိဖို့ရန်မှာ အခြေအနေအချိန်အခါနှင့် ကိုက်ညီရုံမက အများစု ထောက်ခံမှုရရန်လည်း လိုအပ်ပါသည်။ ဒီလို (အမျိုးစောင့် ဥပဒေ) အရေးကြီးသော ကိစ္စမျိုးကို ဆောင်ရွက်မည်ဆိုလျှင်၊ ကိုယ့်ထက် သမ္ဘာရင့် ဝါရင့်သော ဆရာတော် သမားတော်ကြီးများကို အရင်လျှောက်ထားကာ အကြံဉာဏ်ပေးမှု လမ်းညွှန်မှုကို ခံယူသင့်ပါသည်။

သစ္စာနီသည် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာရေး၊ နိုင်ငံရေး၊ သရော်စာ၊ ဘာသာပြန်၊ သိပ္ပံဝတ္ထု၊ အနုပညာ ဝေဖန်ရေး စသည့် စာပေ လက်ရာစုံကို မဂ္ဂဇင်း၊ ဂျာနယ် များတွင် ရေးသားလျက် ရှိပြီး လုံးချင်း စာအုပ် များစွာ ကိုလည်း ရေးသား ထုတ်ဝေလျက်ရှိသည့် စာရေးဆရာ တဦးဖြစ်သည်။

မည်သို့ဆိုစေ အင်မတန် အရှိန်အဝါကြီးမားကာ ကျနော် ကိုယ်တိုင် အစဉ်အဆက်လေးစား၍ အမြဲဖတ်ရှုနေရသည့် မဂ္ဂဇင်းကြီးတခုက မလျော်ကန်သော အသုံးအနှုန်းများဖြင့် စွပ်စွပ်စွဲစွဲ ရေးသားတင်ပြလိုက်ခြင်းကို နားမလည်နိုင်အောင် ဖြစ်ရပါသည်။ ဦးဝီရသူသည် အစဉ်အလာကြီးမားပြီး မြန်မာ သာသနာဝင်သမိုင်းမှာ အမည်ကြားရုံနဲ့ ဗုဒ္ဓဘာသာဝင်တိုင်း လေးစားရသော မစိုးရိမ် (မန္တလေး) တိုက်သစ်က စာချ ဆရာတော်ဖြစ်ပါသည်။ သွေးအထပ်ထပ်စွန်းနေသော ၉/၁၁ ၏ တရားခံ အကြမ်းဖက်သမား ဘင်လာဒင်နှင့် ဘယ်အချက်တွေတူလို့ နှိုင်းယှဉ်ရတာလဲ။ ထို့ပြင် ငြိမ်းချမ်းစွာ တရားတော်နဲ့ အညီ ဝိနည်းသိက္ခာနဲ့ နေထိုင်တော်မူတဲ့ ရဟန်းသံဃာ ၅ သိန်း နဲ့ ငြိမ်းချမ်းစွာ မေတ္တာ သီလနဲ့ နေထိုင်တဲ့ ဗုဒ္ဓဘာသာဝင် များ အားလုံးကို ဝါးလုံးရှည်နှင့် သိမ်းရမ်းခြင်း ဟု ခံစားမိသည်။

“ဦးဝီရသူ နေထိုင်ပြီး သွေးထိုးလှုံ့ဆော်တဲ့ တရားတွေဟောနေတဲ့မြန်မာနိုင်ငံ” … “အခြားဘာသာဝင်တွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေလိုပဲ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘုန်းတော်ကြီးတွေဟာလည်း နိုင်ငံရေးနဲ့ ဂိုဏ်းဂဏစွဲ အချောင်သမားဝါဒရဲ့ လွှမ်းမိုးမှုကို မလွန်ဆန်နိုင်ခဲ့ပါဘူး” ဆိုတဲ့ Hannah Beech ရဲ့ အသုံးအနှုန်းတွေက ဒီအချက်ကိုထင်ရှားစေပါသည်။ ဦးဝီရသူတို့ အုပ်စုကိုသာမက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီ လမ်းကြောင်းကိုလည်း “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေဖြစ်ပေါ်စေမယ့် အစွန်းရောက်ဝါဒကို ပျိုးထောင်ပေးပါတယ်”လို့ ကမ္ဘာက အထင်အမြင်လွဲအောင် သုံးသပ်ပြပြီး အစိုးရက လူမျိုးဘာသာ မခွဲခြားဘဲ အကြမ်းဖက်သူ မှန်သမျှ တားဆီး အရေးယူနေတာ၊ အထင်အရှား သတင်းထုတ်ပြန်နေတာကိုလည်း လစ်လျူရှုပြီး “သွေးထွက်သံယို အကြမ်းဖက်မှုတွေဟာ အစိုးရရဲ့ အထိန်းအကွပ် မရှိဘဲ နိုင်ငံရဲ့ အခြားဒေသတွေကိုပါ ဆက်လက်ပျံ့နှံ့ ခဲ့ပါတယ်” လို့ ရေးသားခဲ့ပါသည်။

နောက်ပိုင်းမှာတော့ ဆောင်းပါးရှင်ရဲ့ ရည်ရွယ်ချက်ကို ပိုပြီး သဘောပေါက်လာပါသည်။ သူက သီရိလင်္ကာနဲ့ ထိုင်းတောင် ပိုင်း အစွန်းက အဖြစ်အပျက်တွေကို ထုတ်ပြပြီး အဲဒီနေရာတွေမှာပါ လူနည်းစု မူဆလင်တွေဟာ ဖိနှိပ် ညှင်းပန်းမှုဒဏ် ခံနေရပါတယ်လို့ ရေးလိုက်သည်။ ထိုင်းတောင်ပိုင်း ပတ်တနီ၊ လာခ်မောင်း၊ နာရာသီဝက် စတဲ့ဒေသတွေဟာ မြန်မာနိုင်ငံ ဘူးသီးတောင်၊ မောင်တော အဖြစ်မျိုးနဲ့ ကြုံနေရသည်။ အဲဒီဒေသတွေမှာ မူဆလင် ၈၀ ရာခိုင်နှုန်း ရှိသည်။ အဲဒီ ဒေသမှာ ဒေသမှာ ဝန်ထမ်းတွေက ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် သူတို့တွေကို တိုက်ခိုက်ရာက ဘုန်းကြီးတွေပါ ပစ်မှတ် ဖြစ်လာသည်။ ဒါကြောင့် အစိုးရက ပြည်သူ့စစ်ဖွဲ့ပေးထားရပြီး ဘုန်းကြီးတွေ ဆွမ်းခံကြွတဲ့အခါ ဘေးက ကာကွယ် ဖို့ လိုက်လံစောင့်ရှောက်ရသည်။

အဲဒါကိုပဲ Hannah Beech က “စစ်သားတွေ ဘုန်းကြီးကျောင်းထဲ ဖိတ်ခေါ်ခြင်းဟာ ဘာသာရေးနဲ့ စစ်တပ်ကို ရောထွေးလိုက်တာပါပဲ” လို့ ပုတ်ခတ်လိုက်ပြန်ပါသည်။ လာခ်မောင်း က ဘုန်းကြီးကျောင်းဝန်းထဲမှာ ကျောင်းလုံခြုံရေးအတွက် စခန်းချနေထိုင်တဲ့ စစ်သားတွေ ရှိနေတာကို ရည်ရွယ်တာပါ။ နောက် သီရိလင်္ကာနဲ့ ပတ်သက်ပြီး “သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေက ၂၆ နှစ်ကြာ တမီလ်ကျားသူပုန်တွေကို လွန်ခဲ့တဲ့ လေးနှစ်အကြာက ရှင်းလင်း ပြီးတဲ့နောက် လူနည်းစုတွေဖြစ်တဲ့ မူဆလင်နဲ့ ခရစ်ယန်တွေဘက်ကို မျှားဦးလှည့်လာတယ်” လို့ ရေးလိုက်ပြန်ပါသည်။

တမီလ်ကျားသူပုန်တွေကို ရှင်းလင်းတာ အစိုးရ လက်နက်ကိုင် တပ်မတော်မှန်း တကမ္ဘာလုံးသိပါသည်။ အဲဒါကို တိုင်းမ်ရဲ့ အကြီးတန်း သတင်းထောက်ကတော့ သိဟန်မတူဘဲ “သဘောထားတင်းမာတဲ့ ဘုန်းကြီးတွေက ရှင်းလင်းတယ်” လို့ ရေး တာလဲ အံ့သြစရာပါပဲ။ နောက်ဆုံးတော့ သူဆိုလိုချင်တဲ့ အချက်ဟာ ဘာဆိုတာ ထင်ရှားလာပါသည်။ သူ့ ဆောင်းပါး တနေရာမှာ ရေးလိုက်တဲ့ “အစွန်းရောက် ဗုဒ္ဓဘာသာဟာ အာရှရဲ့ ဒေသ အများစုမှာ ပေါ်ထွက်လာနေပါတယ်” ဆိုတဲ့ အချက် ဖြစ်ပါသည်။ အစွန်းရောက် ဘာသာတရားတခုလို့ ဗုဒ္ဓဘာသာကို ဇွတ်အတင်းဆွဲညှိလိုက်ခြင်းသာ ဖြစ်ပါတယ်။

ဂုဏ်သိက္ခာရှိတယ် လို့ ထင်ရတဲ့ Time မဂ္ဂဇင်းက ဘာကြောင့် ဒီအကြောင်းကို ရှေ့တန်းတင်ပြီး ဒီလိုအချက်အလက် မခိုင်မာ၊ အဆင့်အတန်းမရှိတဲ့ စွတ်စွဲချက်တွေ ပြည့်နှက်နေတဲ့ ဆောင်းပါးမျိုးကို အသုံးပြုခဲ့ရတာလဲ။ သေသေချာချာ မစိစစ်ဘဲ ဒီဆောင်းပါးကို ထောက်ခံတယ် ပြောနေတာဟာ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးက အကြမ်းဖက်သမားတွေပဲလို့ ဝန်ခံရာရောက်နေတယ် ဆိုတာကိုမှ သဘောပေါက်ကြရဲ့လား မသိပါ။ ဦးဝီရသူ နဲ့ ကျနော် ဘယ်လိုမှ မပတ်သက်ပါ။ သူတို့ အုပ်စုကိုလည်း အကာအကွယ်ပေးရန် ရေးခြင်းမဟုတ်ပါ။ မြန်မာတနိုင်ငံလုံးက ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ကိုယ်စား ဒီဆောင်းပါးနဲ့ တိုင်းမ် မဂ္ဂဇင်းကို ကန့်ကွက်လိုက်ပါသည်။

Loading