အမေရိကန်အခြေစိုက် တိုင်းမ်မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဗုဒ္ဓဘာသာ၏ အကြမ်းဖက်မှု မျက်နှာစာ ဟူသော စာသားနှင့် ဆရာတော်ဦးဝီရသူ၏ ပုံကို ယှဉ်တွဲ ရိုက်နှိပ်သည်နှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်များ၊ သံဃာတော်များအကြား ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ တိုင်းမ် မဂ္ဂဇင်း၏ ဖော်ပြမှုကို ကန့်ကွက်မှုများလည်း ရှိခဲ့သည်။ ထိုကိစ္စများနှင့်ပတ်သက်ပြီး မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်၊ ဓမ္မသဟာယကျောင်းမှ စာချဆရာတော် ဦးဝီရသူ၏ သဘောထားအမြင်များကို ဧရာဝတီ သတင်းထောက် ဇာနည်မာန်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ တိုင်းမ်မဂ္ဂဇင်းမှာ ပါလာတဲ့ ဗုဒ္ဓဘာသာရဲ့ အကြမ်းဖက်မှု မျက်နှာစာဆိုတဲ့ စာသားနဲ့ ဆရာတော်ရဲ့ပုံကို အသုံးပြုထားတဲ့ cover story နဲ့ ပတ်သက်ပြီးတော့ ဆရာတော်ရဲ့ သဘောထား ဘယ်လိုရှိပါလဲ ဘုရား။
ဖြေ ။ ။ ဦးဇင်းကို တိုက်ခိုက်တယ်လို့ပဲ ယူဆတယ်ပေါ့နော်။ ဟိုး အင်္ဂလိပ်ခေတ်တုန်းက ကနောင်ကျရင် မန္တလေး ရပြီပေါ့။ အဲ့ဒီတော့ ကနောင်လည်း လုပ်ကြံခံလိုက်ရရော မန္တလေးကို ရယူမယ်လို့ အင်္ဂလိပ်တွေက ကြွေးကြော်ကြတယ်ပေါ့။ အခုလည်း အဲ့လိုပဲ ဝီရသူကို လုပ်ကြံလိုက်ရင် မြန်မာပြည်ကို ငါတို့ ရပြီလို့ မြန်မာပြည်ကို မွတ်စလင်နိုင်ငံ လုပ်ချင်တဲ့ အင်အားစုတွေက ကြွေးကြော်နေကြတာပေါ့။ အဲ့ဒီတော့ ဦးဇင်းကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တယ်လို့ပဲ ဦးဇင်း ယူဆတယ်။ ဗုဒ္ဓဘာသာတခုလုံးကို တိုက်ခိုက်တယ်လို့တော့ မယူဆဘူး။ ဦးဇင်းကို ဖမ်းစေချင်တယ်။ ဦးဇင်းကို သတ်ချင်တယ်။ အဲ့ဒီလိုကြောင့် ဦးဇင်းကို မျက်နှာဖုံးတပ်ပြီးတော့ ရေးတယ်လို့ ယူဆတယ်။
မေး ။ ။ ဘာကြောင့် ဆရာတော်ကိုပဲ တိုက်ခိုက်တယ်လို့ ယူဆရတာလဲ ဘုရား။
ဖြေ ။ ။ အဓိကကတော့ မွတ်စလင်တွေရဲ့ ခြေလှမ်းကို သိတဲ့သူတွေ အများကြီး ရှိတာပေါ့နော်။ အထူးသဖြင့် ရခိုင်တွေ အသိဆုံးပေါ့။ သို့သော်လည်းပဲ ဦးဇင်းလို ဖွင့်ချတဲ့သူကလည်း ဦးဇင်းတပါးပဲ ရှိတယ်ပေါ့။ ဥပမာအားဖြင့် ဦးဇင်း ဖေ့စ်ဘွတ်က မွတ်စလင်ဝဘ်ဆိုက်လို ဖြစ်နေတာပေါ့။ မွတ်စလင်တွေ မြန်မာလူမျိုးကို စော်ကားတဲ့ဟာတွေ၊ နောက် ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာကို ဖျက်ဆီးတဲ့ဟာတွေ၊ နောက် အဲ့ဒါတွေနဲ့ ပတ်သက်တဲ့ဟာတွေ အမြဲလိုလို ဦးဇင်းက တင်နေတော့ သူတို့ မွတ်စလင်တွေကို ဦးဇင်းက သိက္ခာချနေတယ်လို့ ယူဆကြတယ်။ နောက်တခုက မွတ်စလင်တွေက မြန်မာပြည်ကို မွတ်စလင်နိုင်ငံ ဖြစ်ဖို့အတွက် နံပါတ်တစ်က ငွေကြေးအင်အားနဲ့ အလုံးအရင်း ထောက်ပံ့နေတာတွေ ရှိတယ်။ နံပါတ် နှစ် လက်နက်အင်အားနဲ့ အပြည့်အ၀ ထောက်ပံ့နေတာ ရှိတယ်။ နံပါတ် သုံး နည်းပညာနဲ့ ထောက်ပံ့တာ ရှိတယ်။ စစ်သင်တန်းပေးတာတို့ အိုင်တီပညာတွေ သင်တန်းပေးတာမျိုးနဲ့ အပြည့်အ၀ ထောက်ပံ့နေတာမျိုးရှိတယ်။ နောက်နံပါတ် လေးက လူအင်အားနဲ့ပေါ့။ ဥပမာဆိုကြပါစို့။ အာရပ်နိုင်ငံတွေကနေ ငွေထောက်ပံ့တာတို့၊ ဘင်္ဂလားဒေ့ရှ်ကနေ လူအင်အားအနေနဲ့ လူတွေ မြန်မာပြည်ဖက် ပို့နေတာတို့မျိုးတွေပေါ့။ နံပါတ်ငါးကျတော့ အကြံဉာဏ်အရ။ ဒါကျတော့ မီဒီယာတွေလည်း ပါတာပေါ့နော်။ အဲဒါတွေကို ဦးဇင်းတို့က အကုန်လုံးမြင်နေတဲ့ အခါကျတော့ နောက်ပြီးတော့ ကမ္ဘာကြီးသိအောင်လည်း ပြောနေတဲ့အခါကျတော့ ရန်သူတော် နံပါတ် ၁ အဖြစ် သတ်မှတ်ပြီးတော့ ဦးဇင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာပေါ့။ တကယ်တမ်းကျတော့ တိုင်းမ် မဂ္ဂဇင်းက ဦးဇင်းကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးတော့ မဟုတ်ဘူးပေါ့။ ဦးဇင်းကို တိုက်ခိုက်ခိုင်းတဲ့အဖွဲ့အစည်းက တိုက်ခိုက်တာပေါ့။
မေး။ ။ ဆရာတော်ဟာ ဗုဒ္ဓဘာသာ အစွန်းရောက်ဝါဒီ၊ ဗုဒ္ဓဘာသာနဲ့ မအပ်စပ်တဲ့ အကြမ်းဖက် တရားတော်တွေကို ဟောကြားနေတဲ့သူလို့ တိုင်းမ်က ဆောင်းပါးမှာ ရေးထားတာတွေ တွေ့ရတယ်။ တချို့ကလည်း ဒီလိုပဲ ဝေဖန်ပြောကြတယ်။ အဲ့ဒါတွေက အမှန်တကယ်လားဘုရား။
ဖြေ။ ။ တိုက်ချင်တဲ့သူက ဦးဇင်းတရားဟောတာတွေ မရပ်မချင်း တိုက်နေမှာပဲ။ ဦးဇင်းအနေနဲ့က မုန်းတီးရေးတရားလည်း မဟောဘူး၊ ဆန့်ကျင်ရေးတရားလည်း မဟောဘူး။ စော်ကားတဲ့ တိုက်ခိုက်တဲ့ တရားတွေလည်း မဟောဘူး။ ဦးဇင်းလူမျိုးကို ဦးဇင်း ကာကွယ်တဲ့တရား၊ အမျိုးသား လုံခြုံရေး တရားလို့လည်း ပြောလို့ရတယ်၊ အမျိုးသားရေး တရားလို့လည်း ပြောလို့ရတယ်၊ အမျိုးသား ကာကွယ်ရေး တရားလို့လည်း ပြောလို့ရတယ်။ ဥပမာဆိုကြပါစို့ ကလေးတယောက် အနိုင်ကျင့်ခံရတယ်။ ဒီအနိုင်ကျင့်ခံရတဲ့ ကလေးက အော်မငိုရဲလောက်အောင် ကြိတ်မှိတ် ခံစားနေရမှာလား။ ဒါမှမဟုတ် ကျနော် အနိုင်ကျင့်ခံရပါတယ်ဆိုပြီးတော့ မိဘပြည်သူကို အကူညီတောင်းတာကို လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ဆိုမှာလား။ အဲ့လိုအကူညီတောင်းတာကို အနိုင်ကျင့်တဲ့သူနဲ့ မိဘပြည်သူကြား ရန်တိုက်ပေးနေတယ်၊ အမုန်းတရားတွေ ဖြန့်ဝေပေးနေတယ်လို့ ပြောမှာလား။ ဦးဇင်းတို့က ကိုယ်အရိုက်ခံရတာကို အရိုက်ခံရတယ်လို့ လွတ်လပ်စွာ ငိုကြွေးခွင့်ရှိတယ်။ လွတ်လပ်စွာ တိုင်ကြားခွင့်ရှိတယ်။ အဲ့ဒီအတွက် ဦးဇင်းတို့က ဒီတရားတွေဟောတယ်။
မေး ။ ။ ဒါပေမယ့် ဆရာတော် ဒီလို တရားတွေ ဟောပြီးတိုင်းမှာ အဲ့ဒီတရားတွေ ဟောတဲ့ နေရာပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုတွေ ဖြစ်ဖြစ်လာတယ်လို့ ထောက်ပြတာတွေ ရှိတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ရော ဆရာတော့်အနေနဲ့ ဆင်ခြင်သုံးသပ်မိတာ ရှိပါသလား။
ဖြေ ။ ။ သုံးသပ်မိတာရှိပါတယ်။ ဦးဇင်းရောက်တဲ့ အရပ်ဒေသနဲ့ ဦးဇင်းတို့ တရားတွေ၊ စတစ်ကာတွေ ပြန့်သွားတဲ့ အရပ်မှာက အဓိကရုဏ်းမဖြစ်ဘူး။ ပြဿနာမဖြစ်ဘူး။ ဦးဇင်းဟောတာက မေလ ၁၈၊ ၁၉ မူဆယ်မှာ ဟောတာ။ ဖြစ်တာက လားရှိုးမှာ ၂၈ ရက်နေ့ကဖြစ်တာ။ မူဆယ်မှာဖြစ်လို့ ဒါက ဦးဇင်းဟောပြီးမှ ဖြစ်တာဆိုရင် ဒါက ဦးဇင်းမှာ တာဝန်ရှိတာပေါ့။ ဒါက သူတို့စွပ်စွဲတာ ဦးဇင်းက လက်ခံရမှာ။ အခုက လားရှိုးက အသွားတုန်းက ဖြတ်သွားတယ်။ ဒါပေမယ့် ကားပေါ်မှာ အိပ်ပျော်နေတော့ ဖြတ်သွားတာတောင် မသိလိုက်ဘူး။ အဲ့ဒီတော့ ဖြတ်သွားဖြတ်လာလေး လုပ်လိုက်တဲ့မြို့မှာ ဖြစ်သွားတာတော့ ကျုပ်လည်း မတတ်နိုင်ဘူးနော်။ နောက် မိတီ္ထလာပေါ့။ မိတီ္ထလာကျတော့ ခင်ဗျားကလည်း ဦးဇင်းဟောခဲ့တာက အောက်တိုဘာလ၊ ဖြစ်တာက မတ်လ။ အဲ့ဒီတော့ ဦးဇင်းတရားဟောလို့ ဖြစ်တယ်လို့ စွပ်စွဲရင် ဦးဇင်း ဘယ်လိုပြောရမလဲ။ နောက်ပြီးတော့ အကယ်လို့ ရွှေဆိုင်မှာ ပြဿနာ မဖြစ်ခဲ့ရင် ရွှေဆိုင် အဖျက်ခံရမလား။ နောက်ပြီးတော့ ဒဟတ်တန်းက မွတ်စလင်တွေက ဦးသောဘိတကို မသတ်ခဲ့ရင် မိထ္ထီလာက အခုလို ဖြစ်လာမလား။ အဲ့ဒီတော့ ဦးဇင်း တရားဟောတာက ကြာပြီ။ ၄ လတောင်ရှိသွားပြီ။ ပြီးတော့ ဖြစ်တာက ကိုယ်ဖန်တီးလို့ဖြစ်တာ မဟုတ်ဘူး၊ ဗမာဖန်တီးလို့ ဖြစ်တာ မဟုတ်ဘူး။ ဗမာအနိုင်ကျင့်ခံရလို့ ဖြစ်တာ။ အဲ့ဒါကြီးကို ဦးဇင်းအပြစ်ရှိတယ်လို့ ပြောရင်တော့ ဦးဇင်းလည်း ဘယ်လို ပြန်ပြောရမလဲ။ နောက်တခုက ဦးဇင်းဟောတာက ညီညွတ်ရေးတရားနဲ့ ငြိမ်းချမ်းရေး။ ဆန့်ကျင်ရေးတခုမှ မပါဘူး။ အမှန်ဆိုရင် ဦးဇင်းဟောလို့ ဒီလိုဖြစ်တာပါဆိုရင် ဒီတရားမှာ ဘယ်အချက် ဘယ်အချက်က ငြိစွန်းလည်းဆိုပြီး ထောက်ပြပြီး စွပ်စွဲရမှာပေါ့နော်။ အခုကျတော့ အဲ့ဒီတရားကိုကျတော့ ဖွက်ထားပြီး ဦးဇင်းဟောလို့ဖြစ်တာချည်း စွပ်စွဲရင်တော့ ဒါက အခြေအမြစ် မရှိဘူးပေါ့နော်။
မေး ။ ။ ဒါဆိုရင် အခု မြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေက ဆရာတော်ရဲ့ တရားနဲ့မဆိုင်ဘူး။ ပဋိပက္ခ ဖန်တီးချင်တဲ့ လူတယောက်ယောက်နဲ့ ဆိုင်တယ်လို့ ဆိုလိုချင်တာလား ဘုရား။
ဖြေ ။ ။ တယောက်ယောက်တောင် မဟုတ်ဘူး။ နှစ်ယောက်၊ နှစ်ဖက်ပေါ့။ မွတ်စလင် အဖွဲ့ကလည်း ပြဿနာ ဖန်တီးနေတာ။ အကြောင်း၂ချက်ရှိတယ်။ တစ်အချက်က မြန်မာပြည်ကို ဂျီဟတ် လုပ်ချင်နေတာ။ မိထ္ထီလာလို ပုံစံမျိုး။ ဒါမျိုးသာ နောက်တခေါက် ထပ်ဖြစ်ရင် သေချာပေါက် နိုင်ငံတကာက အစွန်းရောက်တွေက မြန်မာပြည်ကို ဂျီဟတ်ကြေညာတော့မှာ။ ဒါကြောင့် လားရှိုးကို ပြဿနာ မဖြစ်ဖြစ်အောင်ဖန်တီးတာ။ နှစ်အချက်က ဝီရသူကို ဖမ်းချင်တာ။ ဒါကြောင့်မို့လို့ ဗလီတွေကို ထိုးကျွေး၊ ဆိုင်တွေကို ထိုးကျွေး၊ အိမ်တွေ ထိုးကျွေးနေတာ။ ဒီတရားတွေဟောလို့ ဒါဖြစ်ရပါတယ်၊ မန္တလေးမှာလည်း အဓိကရုဏ်းဖြစ်ဖို့ ကောလဟာလတွေထုတ်၊ ပခုက္ကူမှာလည်း ထုတ်။ အဲ့လိုလုပ်နေတာ မွတ်စလင်တွေကလည်း တဖွဲ့၊ ဗမာတွေလည်းရှိတယ်။ ဗမာတွေဆိုတာကတော့ ဦးဇင်း လိုက်လေ့လာကြည့်တော့ သူတို့ရဲ့ နောက်ကွယ်မှာ တစုံတရာ ညွှန်ကြားမှုတော့ မရှိဘူးပေါ့။ ပြောရရင် လမ်းသူရဲလို့တောင် ပြောလို့ရတယ်။ အလုပ်မရှိ အကိုင်မရှိ လက်ကြောတင်းအောင် လုပ်ကိုင်မစားသောက်ဘဲနဲ့ သူများပစ္စည်းကို အချောင်လိုချင်နေတဲ့ လူတစုပေါ့။ သူတို့တွေက အရေးအခင်းဖြစ်ပြီဆိုရင် ပွတာပေါ့ဗျာ တောကြောင်တွေပေါ့။ အဲ့ဒီပုဂ္ဂိုလ်တွေကလည်း ကောလဟလတွေထုတ်လွှင့်ပြီးတော့ ပြဿနာတွေ လိုက်ဖန်တီးနေတာပေါ့။ အဲ့လိုပုဂ္ဂိုလ်မျိုးတွေကို အနယ်နယ်အရပ်ရပ်မှာ တွေ့တယ်၊ အဲ့ဒါက ဦးဇင်းတရားနဲ့မဆိုင်ဘူး။ အဲ့ဒီအုပ်စုနှစ်စုနဲ့ပဲ ဆိုင်တယ်။
မေး ။ ။ ဆရာတော်မိန့်တဲ့ တရားတော်တော်များများမှာ မွတ်စလင်ဘာသာကိုပဲ ဦးတည်နေတော့ လူ့အခွင့်အရေးသမားတွေက ထောက်ပြကြတယ်။ လူနည်းစုဖြစ်နေတဲ့ ဘာသာကို ဦးတည်ထားတယ်ပေါ့။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာအပြင် တခြားဘာသာတွေလည်းရှိနေတဲ့အထဲကမှ ဘာကြောင့် ဒီဘာသာကိုပဲ ဦးတည်ပြီး တရားတွေ ဟောနေရတာလဲ ဘုရား။
ဖြေ ။ ။ နံပါတ်တစ်ကတော့ မျက်စိဖွင့်နားဖွင့်ထားတဲ့ ဘာသာနဲ့လူမျိုးက အန္တရာယ်မကြီးဘူး။ ဦးဇင်းတို့ သူတို့အားလုံးနဲ့ ပေါင်းလို့ရတယ်။ ဥပမာ ခရစ်ယာန်၊ သူတို့တွေက တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေပဲ။ မျက်စိဖွင့်နား ဖွင့်ထားတဲ့အတွက် သူတို့က အယူမသည်းဘူး၊ အစွန်းမရောက်ဘူး။ အဲ့ဒီတော့ ဦးဇင်းတို့က ခရစ်ယာန်ကို ဘာလို့ဦးတည်မလဲ။ နောက်တခုက ဟိန္ဒူ။ သူ့ဟာသူ အေးအေးဆေးဆေးနေတာ။ သူတို့ အမျိုးသားတွေကလည်း တခြားဘာသာနဲ့ အိမ်ထောင်မပြုကြဘူး။ သူတို့ အမျိုးသမီးတွေကလည်း တခြားဘာသာနဲ့ ယူထားတာ မရှိဘူး။ အတော့်ကို ရှားပါးတယ်။ သူ့ဘာသာသူ အေးအေးနေတဲ့လူမျိုးကို ကျုပ်က ဘာလို့ပြောမလဲ။ အခုဟာက ငပွကြီးဒဏ်ကို ခံနေရလို့ ကမ္ဘာကို ကျုပ်တို့က အကူအညီ တောင်းနေရတာ။
မေး ။ ။ အမျိုးစောင့် ဥပဒေမူကြမ်း တင်သွင်းတာနဲ့ ပတ်သက်ပြီး ဒါက လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ချိုးဖောက်တာလို့ ဝေဖန်ကြတာတွေရှိတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း ထောက်ပြနေကြတယ်။ ဒါက အငြင်းပွားစရာ ဖြစ်မနေဘူးလားဘုရား။
ဖြေ ။ ။ ဒါကတော့ သူတို့တွေက ဒီမူကြမ်းကြီးကို ကိုင်ပြီး ပြောရတာဆိုတော့ ပြောစရာဖြစ်သွားတာပေါ့။ တကယ်တမ်းကျတော့ အဲ့ဒီမူကြမ်းကြီးက လွှတ်တော်ထဲကို သွားမယ့်မူကြမ်းမဟုတ်ဘူး။ လွှတ်တော်ထဲကို သွားမယ့်မူကြမ်းက ၂၇ ရက်နေ့မှ ထုတ်ပြန်မှာ။ အဲ့ဒါက အရေးပေါ်လို့ ရေးထားတဲ့အတိုင်းပဲ ပြည်သူလူထုကို ချပြပြီးတော့ သဘောထား ကောက်ခံတဲ့ ပုံစံချထားတာလေ။ နောက်ပြီးတော့ ဦးဇင်းတို့တွေက အမျိုးသမီး အခွင့်အရေးကို ချိုးဖောက်တာမဟုတ်ဘူး။ အမျိုးသမီးအခွင့်အရေး ချိုးဖောက်တာကို မကျေနပ်လို့ ကာကွယ်တာ။ ဦးဇင်းတို့က လူ့အခွင့်အရေး ချိုးဖောက်တာ မဟုတ်ဘူး။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အိမ်ရှင်ဖြစ်ပါလျက်နဲ့ ပက်ပက်စက်စက်ကြီး ချိုးဖောက်ခံနေရလို့ ကာကွယ်နေတာ။ အဲ့ဒီတော့ ဦးဇင်းတို့သည် လူ့အခွင့်အရေးကို အပြည့်အ၀ လိုက်နာမယ်။
အမျိုးသမီး အခွင့်အရေးကို အပြည့်အ၀ ရစေချင်တယ်။ မွတ်စလင်နဲ့ ညားတဲ့ ခရစ်ယာန် အမျိုးသမီးတွေ၊ ဗုဒ္ဓဘာသာ အမျိုးသမီးတွေ အိမ်ရှင်မ အခွင့်အရေး အပြည့်အဝရလား၊ အမျိုးသမီးအခွင့်အရေး အပြည့်အဝရလား၊ လူ့အခွင့်အရေး အပြည့်အဝရလား။ သူတို့တတွေ စစ်သုံ့ပန်းလို နေနေရတဲ့ဘဝကို ဦးဇင်းတို့က ကယ်ချင်တာ။ နောက်နောင် ဒီစစ်သုံ့ပန်းလို နေရမယ့်ဘဝမျိုးကို နောင်လာမယ့်မျိုးဆက်သစ် အမျိုးသမီးတွေ ဒုက္ခမရောက်စေချင်ဘူး။ ဒီဆန္ဒတွေနဲ့ ဦးဇင်းတို့က လုပ်နေတာကို လူထုထဲကို ဆင်းမကြည့်ဘဲနဲ့ ရမ်းပြီး ကန့်ကွက်နေတာကိုတော့ မတရားဘူးလို့ ပြောချင်တာပဲ။
မေး ။ ။ ဒါဖြင့် အရင်ရှိပြီးသား မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဥပဒေက အမျိုးသမီးတွေကို မကာကွယ်ပေးနိုင်လို့လား။
ဖြေ ။ ။ အမျိုးသမီး အခွင့်အရေးတွေတင် မကဘူး ဘာသာတရား အခွင့်အရေးလည်း မကာကွယ်ပေးနိုင်ဘူး၊ အမျိုးသား လုံခြုံရေးနဲ့ပတ်သက်လို့ ဘာဥပဒေမှ သတ်သတ်မှတ်မှတ် မရှိဘူး။ သူများနိုင်ငံမှာ၊ သူများလူမျိုးမှာ သူများဘာသာ သတ်သတ်မှတ်မှတ် ဥပဒေရှိတယ်။ ခြံစည်းရိုး ရှိတယ်။ ကျုပ်တို့နိုင်ငံ၊ ကျုပ်တို့လူမျိုး၊ ကျုပ်တို့ဘာသာမှာ ဘာခြံစည်းရိုးမှ မရှိလို့ တောရိုင်းမျိုးစုံ ဝင်ပြီး နှောင့်ယှက်ခံရသလို ဖြစ်နေတယ်။
မေး ။ ။ ဆရာတော် ဟောပြောနေတဲ့ တရားတော်တွေနဲ့ ဒီမျိုးစောင့်ဥပဒေဆိုတာကို တင်ပြတာတွေက ဗုဒ္ဓတရားတော်တွေနဲ့ ကိုက်ညီပါရဲ့လား ဘုရား။
ဖြေ ။ ။ ကုလဝံသော စိရန္တသတ္တိဆိုတာ ဘုရားဟောထားတယ်လေ။ အမျိုးစောင့်ရမယ်တဲ့။ ခင်ဗျားတို့လည်း ငယ်ငယ်က သင်ခဲ့ရတယ်မှတ်လား။ စောင့်လေမျိုးနွယ်ဆိုတာ ပါတယ်မဟုတ်လား။ အဲ့ဒါ ဘုရား တရားဟောထားတာတွေ။ အမျိုးစောင့်ဖို့ဟောတာကို ဘုရားရဲ့တရားနဲ့ မညီဘူးလို့ ပြောလို့မရဘူး။ ဒါက ဘုရားတရားနဲ့အညီကို ရေးတာ ဥပဒေကိုက။ နောက် ဦးဇင်းဟောတဲ့တရားက ဇာတ်တော်၊ ဝတ္တု၊ သုတ္တန် ဒီသုံးခု မလွတ်စေရဘူး။ ပထမ အဲ့ဒီ ၃ ခုကို တခုခု မူတည်ဟောပြီးမှ ဒုတိယ အဲ့ဒီ ၃ခုနဲ့ သင့်တော်တဲ့ အကျုံးဝင်တဲ့ အခုခေတ် မျက်မှောက် အဖြစ်အပျက်တွေကို ဦးဇင်းက ဖော်ပြတယ်။
မေး ။ ။ ဆရာတော်ကတော့ ၉၆၉ ဆိုတာကို ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်တွေဆိုပြီး ပြောတယ်။ ဒါပေမယ့် တချို့ကိစ္စတွေမှာ ဒါကို အသုံးချပြီး အကြမ်းဖက်မှုတွေဖြစ်လာတော့ ၉၆၉ ဆိုတာ ဗုဒ္ဒဘာသာတွေက အကြမ်းဖက်ဖို့ လုပ်တာဆိုပြီး ဖြစ်လာတယ်လို့ ပြောကြတယ်။ အဲ့ဒီအပေါ်ကိုရော ဆရာတော့်သဘောထားက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ဒါမျိုး ရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် မှော်ဘီ သံဃာ့ညီလာခံဆိုပြီး ကျင်းပခဲ့ရတာလေ။ အဲ့ဒီမှာ သတင်းထုတ်ပြန်တယ်၊ ကြေညာတယ်၊ ဆုံးဖြတ်ချက်ချတယ်။ အဲ့ဒါက ဘာလဲဆိုရင် ဒီငြိမ်းချမ်းရေး သင်္ကေတဖြစ်တဲ့ ဒီရတနာ သုံးပါးရဲ့ ဂုဏ်တော်တွေကို သတ်မှတ်ထားတဲ့ ၉၆၉ ပေါ့နော်။ အဲ့ဒါကို မလိုအပ်တဲ့ နေရာတွေမှာ အသုံးမပြုဖို့၊ အခုလိုပေါ့ အကြမ်းဖက်မှုတွေမှာ အသုံးမပြုဖို့၊ ပြီးတော့ သာသနာ ညိုးနွမ်းစေတဲ့နေရာတွေမှာ အသုံးမပြုဖို့ ဦးဇင်းတို့က ထုတ်ပြန်ထားတာ။ လူတစုက အဲ့ဒီလိုလုပ်သွားတာနဲ့ ၉၆၉ ကြီးတခုလုံးကို အကြမ်းဖက် အဖွဲ့အစည်းလို့တော့ ပြောလို့တော့ မရဘူးပေါ့ဗျာ။ ဘာသာမတူ လူမျိုးမတူတွေကို သတ်ပစ်မယ်ဆိုပြီး အဲ့လိုမျိုးကြီး ပါလာရင်တော့ပြောပေါ့။ ၉၆၉ မူဝါဒကိုက အဲ့ဒါတွေ မပါဘူး။ အကြမ်းမဖက်ဖို့၊ ကိုယ်က အကြမ်းဖက်ဖို့နေနေသာသာ ကိုယ့်ကို အကြမ်းဖက်လာရင်တောင် အကြမ်းမဖက်တဲ့နည်းနဲ့ပဲ တုံ့ပြန်ဖို့၊ ဥပဒေဘောင်ထဲကပဲ တုံ့ပြန်ဖို့ ဦးဇင်းတို့က မူဝါဒချထားတာ။ အဲ့ဒါကို အကြမ်းဖက်တယ်လို့ ပြောတာက လုံးဝကို ယုတ္တိမရှိဘူးပေါ့။
မေး ။ ။ တိုင်းမ်မဂ္ဂဇင်းနဲ့ ပတ်သက်ပြီးတော့ဒါက ဆရာတော်ကို ထိခိုက်တယ် သာသနာကိုလည်း ထိခိုက်တယ်လို့ ဆိုတာတွေရှိတော့ ဆရာတော်အနေနဲ့က ဒီအတွက် တုံ့ပြန်တာတွေ လုပ်မှာလား။
ဖြေ ။ ။ အစတုန်းကတော့ အစီစဉ်ဆွဲတာပေါ့။ ဒီမှာလာပြီး အင်တာဗျူးထားတာကို အင်တာနက်မှာတင်မယ်ပေါ့။ နောက်တခုက လာဗျူးသွားတဲ့ သတင်းထောက်မှာ ဟန်နာဘိချ်ကို အိတ်ဖွင့်ပေးစာရေးမယ်ပေါ့။ ပြီးရင် အားလုံးကို ထုတ်ပြမယ်ပေါ့။ ဒါပေမယ့် ဦးဇင်းတို့အနေနဲ့က တရားစွဲတာ ဓားဆွဲတာတွေ မဖြစ်ချင်ဘူး။ သူလုပ်တာကတော့ တရားစွဲသင့်တဲ့ အချက်လက်တွေအများကြီး ပါတာပေါ့နော်။ တနိုင်ငံလုံး၊ တသာသနာလုံး စော်ကားတဲ့ပုံသဏ္ဍာန်မျိုး ဖြစ်သွားတာကိုး။ ဒါပေမယ့် ဦးဇင်းတို့တွေက ဒါက သာသနာကို စော်ကားတာ မဟုတ်ဘူး။ ဒါက ဝီရသူကိုပဲ တိုက်ခိုက်တာ။ ဆိုတော့ ဦးဇင်းက ပုဂ္ဂိုလ်ရေးရာမှာ ဘယ်လိုလူမျိုး၊ ဘယ်လိုဘာသာပဲဖြစ်ဖြစ် သည်းခံမယ်။ ဒါပေမယ့် ဘာသာ၊ သာသနာနဲ့ လူမျိုးကို ထိပါးလာရင်တော့ ဘယ်လိုလူမျိုး ဘယ်လိုဘာသာဝင်ကိုမှ သည်းမခံနိုင်ဘူးဆိုတဲ့ ခံယူချက်က ဦးဇင်း ငယ်ငယ်လေးကတည်းက ရှိတာ။ ဒါကြောင့်လည်း အခုက ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်တာလို့ပဲ သဘောထားလိုက်ပြီးတော့ ကျုပ်က တရားစွဲတာ ဓားဆွဲတာတွေ မလုပ်ချင်ဘူး။ ။