မြန်မာပြည်၌ လူသတ်မှုများပြားနေခြင်း၊ မိမိ ကိုယ်ကိုယ် သတ်သေသည့် မှုခင်းများ နေ့စဉ်ရက်ဆက် ဆိုသလို အင်တာနက် စာမျက်နှာများ၊ ဂျာနယ်၊ သတင်းစာများတွင် တွေ့ရှိနေခြင်းတို့ကြောင့် လူသတ်မှု၊ မိမိကိုယ်ကိုယ် သတ်သေမှုများသည် စိတ်ကျန်းမာရေး အခြေအနေနှင့် သက်ဆိုင်မှု၊ ဆက်နွှယ်မှု ရှိမရှိ ကိစ္စကို ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံကြီး ဆေးတက္ကသိုလ် ၁ ပါမောက္ခ ဌာနမှူး စိတ်ကျန်းမာရေး စီမံချက် မန်နေဂျာ ဒေါက်တာ ဝင်းအောင်မြင့်အား ဧရာဝတီ သတင်းထောက် မေစစ်ပိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ မြန်မာနိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သူတွေ များလာတယ်၊ လူသတ်မှုတွေမှာလည်း စိတ္တဇဆန်တဲ့ ရက်ရက်စက်စက် လူသတ်မှုတွေကို ကြားသိနေရပါတယ်။ အဲဒါ ဘာကြောင့်လို့ ထင်လဲ၊ ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ လူသတ်တာတွေမှာ စိတ်ရောဂါကြောင့် လူပိုသတ်တယ် ဆိုတာကိုတော့ လက်မခံပါဘူး။ စိတ်ရောဂါ သည်တွေက လူသတ်မှု ဖြစ်တယ်ဆိုရင် အနီးကပ်မှာ ရှိတဲ့သူတွေနဲ့ အိမ်သားတွေကို သတ်တာ ပိုများတယ်၊ အပြင်က လူတွေကို သတ်တာတော့ ရှိပေမယ့် ရှားတယ်။ ပြောရမယ်ဆိုရင်တော့ မီဒီယာပေါ့၊ ပုံကြီးချဲ့ပြောတာလည်း ပါတယ်၊ ရုပ်ရှင် ဗီဒီယို တွေကလည်း စိတ္တဇ လူသတ်သမားဆိုပြီး ရိုက်နေတာတွေကြောင့် လူသတ်မှုတွေနဲ့ စိတ်ရောဂါသည်တွေ ဆက်စပ်မှု မလိုအပ်ဘဲ ပိုများလာတယ်လို့ ထင်တယ်။ စိတ်ရောဂါသည်တွေက လူသတ်တာမှန်ပေမယ့် လူကောင်း ပကတိတွေက လူသတ်မှု ပိုဖြစ်နေတယ်လို့ ပြောချင်တာပါ။ သတ်သေမှုတွေ ပိုများလာတယ်လို့ ဆိုတာကလည်း အချက်အလက် သေချာဖို့တော့ လိုအပ်ပါတယ်။
မေး။ ။ တခြားနိုင်ငံတွေမှာက သတ်သေတဲ့ နှုန်းတွေကို အချက်အလက် ကောက်တာရှိတယ်။ မြန်မာနိုင်ငံမှာကော ရှိပါသလား။
ဖြေ။ ။ နိုင်ငံတိုင်းမှာ သတ်သေတဲ့နှုန်းတွေကို ပြောတာရှိပါတယ်။ ပြောလည်း ပြောပြရတယ်၊ ပြောရမယ့် တာဝန်လည်း ရှိပါတယ်။ ဒီနိုင်ငံမှာကတော့ အကြောင်းကြောင်းကြောင့် လုပ်ခဲ့တာမရှိခဲ့ဘူး။ နောက်ပိုင်းမှာတော့ ပြောမှာပါ။ အခုတော့ အာဆီယံ နိုင်ငံတွေထဲမှာ၊ အာဆီယံ ကျန်းမာရေး ကိစ္စတွေထဲမှာ စိတ်ကျန်းမာရေးလည်း ပါတယ်၊ အဲဒီထဲမှာမှ သတ်သေမှုနှုန်း ကိစ္စလည်း ပါနေတော့ အချက်အလက်တွေတော့ ကောက်နေပါပြီ၊ ရသင့်သလောက်တော့ ရပြီဆိုပေမယ့် တိကျတဲ့ အချက်အလက်ရမှပဲ မြန်မာနိုင်ငံရဲ့ သတ်သေမှုနှုန်းရဲ့ အတက်အကျကို သေချာသိရမှာပါ။
မေး။ ။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာက စိတ်ကျရောဂါနဲ့ ဆိုင်သလား။
ဖြေ။ ။ သတ်သေတာရဲ့ ၇၀ ရာခိုင်နှုန်းက စိတ်ကျရောဂါကြောင့်ပဲ၊ ကျနော်တို့ တကယ်တမ်း ကုသပေးနိုင်တာကလည်း ၅ ရာခိုင်နှုန်းပဲရှိပြီး ၉၅ ရာခိုင်နှုန်းက ကုသပေးနိုင်တဲ့ အခြေအနေမရှိဘူး။ စိတ်ကျရောဂါရှင် ကိုယ်တိုင်က သူ့ကိုသူ ဖြစ်မှန်း မသိတာရှိတယ်၊ ဖြစ်နေတာကို ပတ်ဝန်းကျင်သိမှာကြောင့်၊ ခွဲခြားဆက်ဆံ ခံရမှာကြောင့် မပြောတာရှိတယ်၊ မိသားစုကလည်း ရှက်စိတ်နဲ့ လူသိမှာစိုးပြီး ဖွက်ထားတာရှိတယ်။ တချို့က ပယောဂဆိုပြီး ကုနေတာတွွေလည်း ရှိနေတယ်။ မီဒီယာ တချို့မှာကလည်း သတ်သေမှုတွေကို ဖော်ပြတဲ့အခါမှာ အသေးစိတ် ကြိုးက ဘယ်နှပေ၊ ဘယ်အမြင့်၊ ဆေးက ဘာ အမျိုးအစား၊ ဘယ်နှလုံးသောက်တယ် ဆိုတာကအစ ကျင့်ဝတ်နဲ့မညီ ဖော်ပြနေကြတော့ သတ်သေချင်တယ်၊ ဘယ်လို သတ်သေရမှန်း မသိတဲ့သူတွေကို လမ်းပြပေးသလို ဖြစ်နေတာတွေရှိတော့ ရှောင်သင့်ပါတယ်။
မေး။ ။ သတ်သေပေမယ့် မသေသေးဘဲ ရှိနေတဲ့အချိန်မှာ လူတွေက မှုခင်းဆိုပြီး ရဲကိုအရင် အကြောင်းကြားလို့ အချိန်ကြန့်ကြာတာ၊ ဆေးခန်း၊ ဆေးရုံတွေက လက်မခံတွေလည်းကြောင့် အသက်ဆုံးရှုံးရတဲ့ အခြေအနေတွေကိုရော
ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အမှန်က လူနာ အသက်ရှိနေသေးတယ် ဆိုတာနဲ့ တပြိုင်နက် ဆေးရုံကြီး အရေးပေါ်ဌာနကို အရင်ဆုံးပို့သင့်တယ်၊ ရဲစခန်းကို နောက်မှ သွားသင့်တယ်၊ အရေးပေါ်ဆိုရင် လူနာအသက်ရှင်ဖို့က အဓိက ကျလို့ ဆေးရုံအရင်ပို့၊ ရဲစခန်းက အဓိကမဟုတ်ဘူး။ ပုဂ္ဂလိက ဆေးခန်းတွေ ကတော့ သူတို့ရဲ့အခြေအနေအရ လက်မခံတာမျိုးတွေ ရှိနေတော့ ဆေးရုံကြီးကို တိုက်ရိုက်သွားတာ အကောင်းဆုံးပဲ။
မေး။ ။ ဒါဆို လက်ရှိ သတ်သေမှု တွေရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ လက်ရှိကောက်ခံထားတဲ့ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ် နှစ်တဝက် ကောက်ခံချက်တွေ အရတော့ မြန်မာနိုင်ငံမှာရှိတဲ့ လူတသိန်းမှာ ၂ ဦး သတ်သေတာ တွေ့ရတော့ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အရမ်းနည်းပါတယ်၊ အာဆီယံနိုင်ငံထဲမှာ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံရဲ့ သတ်သေသူနှုန်းက အတူတူလောက် ဖြစ်နေတယ်။ လက်ရှိ ဒေတာတွေအရတော့ မြန်မာနိုင်ငံမှာ သတ်သေနှုန်း မမြင့်မားဘူး။ ကမ္ဘာ့သတ်သေ နှုန်းမှာ လူတသိန်းမှာ ၁၆ ဦး ရှိနေတယ်။
မေး။ ။ တခြားနိုင်ငံတွေလိုမျိုး သတ်သေမှုတွေကို ကြိုတင်ကာကွယ်တာတွေ လုပ်ဖို့ရော ရှိပါသလား။
ဖြေ။ ။ မြန်မာနိုင်ငံမှာက သတ်သေမှုကို ကြိုတင်ကာကွယ်နိုင်မယ့် ပေါ်လစီ (Suicide Prevention Policy) မရှိသေးဘူး၊ ဒီကိစ္စကိုတော့ ဝန်ကြီးဌာနကို တင်ပြဖို့ ရှိပါတယ်။ လူတယောက်က ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် ဆိုတာ နိုင်ငံအတွက်၊ မိသားစုအတွက် ဆုံးရှုံးမှုပါပဲ။ ဒါတွေကို ကာကွယ်ဖို့ လိုပါတယ်။ ပေါ်လစီကတော့ လက်ရှိလုပ်နေပေမယ့် အခြေအနေအရ လာမယ့်နှစ်တွေ ဆိုရင်တော့ ထွက်လာမယ်လို့ ထင်တယ်။ စာရွက်မှာ ချရေးရတာလွယ်ပေမယ့် လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာ မှာတော့ အခက်အခဲတွေ ရှိပါတယ်။ တကယ့်လက်တွေ့မှာ လူမူဝန်ထမ်း၊ ပြန်ကြားရေး၊ ပညာရေး၊ ပြည်ထဲရေး၊ အရပ်ဘက် အဖွဲ့အစည်းနဲ့ NGO အဖွဲ့အစည်းတွေကလည်း ပူးပေါင်းဖို့ လိုပါတယ်။ တခြား အကူအညီတွေလည်း အများကြီး လိုတယ်။
မေး။ ။ ပေါ်လစီ ထွက်လာဖို့က ကြာဦးမှာဆိုတော့ အဲဒီ အချိန်မရောက်ခင် ကြိုတင် ကာကွယ်မှုတွေကို ဘယ်လိုလုပ်ဖို့ ရှိပါလဲ။
ဖြေ။ ။ ပေါ်လစီ မထွက်လာသေးခင်တော့ ပညာပေးတာတော့ လုပ်ရမယ်၊ ရုပ်မြင်သံကြားတွေ ကလည်း ဆွေးနွေး တာတွေ လုပ်မယ်၊ မီဒီယာကတဆင့် ပညာပေးတာတွေ လုပ်မယ်၊ လက်ရှိ အချက်အလက် အရတော့ တချို့ထင်နေသလို မြန်မာနိုင်ငံမှာ သတ်သေနှုန်းက မြင့်နေတာတော့ မဟုတ်ပေမယ့် ပစ်ထားလို့တော့မရဘူး၊ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ နိုင်ငံလည်း ဖြစ်နေတဲ့အပြင် ပတ်ဝန်းကျင်ကလည်း ဖေးမကူညီတဲ့အသိုင်းအဝိုင်းလို့ပြောလို့ရတာကြောင့် အဲဒါကိုက သတ်သေတာကို ကာကွယ်ပေးနိုင်တဲ့ အချက်တခုဖြစ်နေတယ်။
မေး။ ။ အစိုးရရဲ့ စိတ်ကျန်းမာရေး စီမံချက်အပေါ် ဆောင်ရွက်ပေးနေမှုကရော ဘယ်လို အခြေအနေရှိပါလဲ။
ဖြေ။ ။ အစဉ်အလာအရတော့ ကူးစက်ရောဂါတွေကို ဦးစားပေးပြီး ဘတ်ဂျက်က သွားနေတယ်။ မကူးစက်တတ်တဲ့ ရောဂါတွေအတွက် ဘတ်ဂျက် ကတော့ ဦးစားပေးမှု နည်းနေတယ်လို့ထင်တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ အခုနောက်ပိုင်း စိတ်ဝင်စားလာတယ်။ လက်ရှိ ဝန်ကြီးလက်ထက်မှာတော့ ဒီကိစ္စတွေကို အရင်ကထက် စာရင် ပိုနားလည် လာတယ်လို့ ထင်တယ်။ ဒါပေမယ့် စိတ်ကျန်းမာရေး ကိစ္စကတော့ ဝန်ကြီးဌာနရဲ့ မူထဲမှာ အောက်ဆုံးအဆင့်မှာပဲ ရှိတယ်လို့ ယူဆရတယ်။
မေး။ ။ ဆောင်ရွက်ပေးမှု အားနည်းနေတော့ ဆရာတို့ဘက်ကရော ဘယ်လို ဆက်လုပ်မှာလဲ။
ဖြေ။ ။ ဒီမှာက စိတ်ရောဂါသည်တွေကို ကုသပေးရုံနဲ့တော့မရဘူး။ စိတ်ကျန်းမာရေးကို မြှင့်တင်တဲ့ လုပ်ငန်းတွေ၊ စိတ်ရောဂါ မဖြစ်အောင် ကာကွယ်မှုတွေ လုပ်ဖို့တော့ လိုအပ်တယ်။ ကာကွယ်၊ ကုသမှု၊ စောင့်ရှောက်မှု အပိုင်းအလိုက် မျှမျှတတ လုပ်ဖို့တော့ လိုတယ်။ ကျနော်တို့ ဘက်ကတော့ လိုအပ်တာတွေကို အထက်ကို တင်ပြထားတယ်၊ သူတို့တတွေ ကလည်း လုပ်ပေးလို့ ရတာတွေတော့ လုပ်ပေးနေတာတွေ ရှိပါတယ်။ အကောင်အထည်တော့ စပေါ်လာပြီလို့ ခံစားလို့ ရတယ်။
နိုင်ငံတကာမှာတော့ သတ်သေမှုနှုန်းတွေ လျော့နည်းအောင် ဆိုပြီးတော့ အရပ်ဘက် အဖွဲ့အစည်းတွေက သတ်သေမှု ကာကွယ်ဖို့ သက်သက်အဖွဲ့တွေ ဖွဲ့ထားတာတွေရှိတယ်။ သူတို့တတွေက ဖုန်းနံပါတ်တွေ ကြေညာတယ်၊ မြို့နယ်အလိုက် တာဝန်ခံတွေ ထားတယ်၊ တခုခုဖြစ်ပြီလို့ အကြောင်းကြားတာနဲ့ ချက်ချင်း ရောက်နိုင်တော့ သတ်သေမှုကို အတိုင်းအတာ တခုအထိ ကာကွယ်ပေးနိုင်တယ်။ ဒီနိုင်ငံမှာတော့ အဲဒီလိုအ ဖွဲ့အစည်းတွေမရှိသေးဘူး၊ လုပ်သင့်တယ်လို့ ယူဆတယ်၊ ကြိုဆိုတယ်။ ။