အမျိုးစောင့် ဥပဒေ ဆိုတာ ပုထုဇဉ် လူပုဂ္ဂိုလ်တွေရဲ့အလုပ်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အမျိုးစောင့် ဥပဒေဟု အမည်ပေးထားသည့် “မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ အရေးပေါ် ဥပဒေ” တွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် ဘာသာတူချင်းသာ လက်ထပ်ရမည်ဖြစ်ပြီး၊ ဘာသာခြား၊ လူမျိုးခြားဖြစ်ပါက ထိုအမျိုးသမီး လက်ထပ်မည့် အမျိုးသားသည် ဗုဒ္ဓဘာသာဝင် အဖြစ် ကူးပြောင်းရမည် ဆိုသည့် အချက်များ ပါဝင်သည်။ ထို အချက်များနှင့် ပတ်သက်၍ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သဘောမတူသည့် အကြောင်းအရာများကို စာစောင် တချို့တွင် တွေ့ရသည်။ ထို့ကြောင့် ၎င်းနှင့်စပ်လျဉ်း၍ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင်ကို ဧရာဝတီ သတင်းထောက် ညိမ်းပြည့်စုံက တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။     ။ အမျိုးစောင့် ဥပဒေနဲ့ ပတ်သက်လို့ ဦးစစ်မြိုင်တို့ ကော်မရှင်အနေနဲ့ ဘယ်လို မြင်လဲ ဆိုတာလေး သိပါရစေ။

ဖြေ။     ။ အမျိုးစောင့် ဥပဒေ ဆိုတာက လောကီရေးရာ ဖြစ်နေတဲ့အတွက် ပုထုဇဉ် လူပုဂ္ဂိုလ်တွေရဲ့အလုပ်ပါ။ နောက်ပြီး ဥပဒေတခုကို ဆွဲမယ်ဆိုရင် နားလည် တတ်ကျွမ်းတဲ့ ပညာရှင်တွေကသာ ရေးဆွဲရမှာလေ။ ဆွဲချင်တဲ့ သူက ဆွဲချင်တိုင်း ဆွဲလို့ မရဘူး။ ဒီတော့ နိုင်ငံတော်က တာဝန်ရှိသူများက ရေးဆွဲပြီးတော့ တင်သွင်းတဲ့ ဥပဒေကြမ်း ဆိုရင်တော့ ကျနော်တို့ ပြောစရာ ရှိလာမှာပေါ့။ အခုက ဒီလို မဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့ အနေနဲ့ ဘာမှ စဉ်းစားတွေးနေဖို့ ဆွေးနွေးနေဖို့ အကြောင်းမရှိဘူး။

မေး။     ။ ဒါဆို ဒီဥပဒေကြမ်းကို သဘောမတူဘူးလို့ ပြောမလား။

ဖြေ။     ။ ဒီ ဥပဒေကြမ်းကို အခုမှ အင်တာနက်က ရှာတွေ့တာ။ အခုမှ ဖတ်ခါစ ရှိသေးတယ်။ ဒီတော့ ဆိုလိုချင်တာက ဥပဒေကြမ်းကို ရေးဆွဲခွင့် ရှိသူတွေက ရေးဆွဲ ပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ခွင့်ပြုထားတဲ့ လမ်းကြောင်းအတိုင်း တင်ပြထားတဲ့ ဟာမျိုးဆိုတော့ ကျနော်တို့လည်း လေ့လာသင့်တာ လေ့လာပြီးတော့ လူ့အခွင့်အရေးနဲ့ ညီ၊ မညီဆိုတာကို သုံးသပ်လို့ရတယ်။ အခုက ဒီလို လမ်းကြောင်းက မဟုတ်ဘူးဆိုတော့ ကျနော်တို့ အနေနဲ့ သုံးသပ်ဖို့က ရည်ရွယ်ချက် မရှိဘူးပေါ့ဗျာ။

မေး။     ။ ဒီ အမျိုးစောင့် ဥပဒေလို ဥပဒေမျိုးတွေ နိုင်ငံတကာမှာရော ရှိသလား။

ဖြေ။     ။ ဒါကတော့ ပြောဖို့ခက်တယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံရဲ့ တည်ဆဲ ဥပဒေတွေအရတော့ မြန်မာအမျိုးသမီးတွေကို အကာအကွယ် ပေးထားတဲ့ ဥပဒေတွေ အများကြီး ရှိတယ်။ နောက်ပြီး ဘာသာရေးကို အကာအကွယ်ပေးထားတဲ့ ဥပဒေ တွေက ရှိပြီးသားပါ။ ဒါတွေကတော့ သူ့နိုင်ငံနဲ့သူ ရှိနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မေး။     ။ အမျိုးစောင့် ဥပဒေကြမ်းကို နိုင်ငံတကာက ဒီလိုမျိုး အလားတူ ဥပဒေတွေနဲ့ နှိုင်းယှဉ်ကြည့်တာရော လုပ်ပြီးပြီလား။

ဖြေ။     ။ လောလောဆယ်မှာတော့ ဒီဥပဒေကို ဝေဖန်တာမျိုးတွေ၊ နှိုင်းယှဉ်တာမျိုးတွေတော့ မရှိသေးဘူး။

မေး။     ။ ၂၅ ရက်နေ့က ကျင်းပတဲ့ လွှတ်တော် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က “အဓိကက ယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားတဲ့ လူတွေရဲ့ ယုံကြည်မှု ခိုင်မာရင် ဘယ်အရာကမှ ဘယ်သူကမှ လာလှုပ်လို့ မရဘူး” လို့ ပြောသွားတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဘာများ မှတ်ချက် ပေးချင်ပါသလဲ။

ဖြေ။     ။ မိဘ ဗုဒ္ဓဘာသာဖြစ်တိုင်း သားသမီး ဗုဒ္ဓဘာသာဖြစ်တယ်လို့ ထင်နေကြတယ်။ တကယ်တမ်း မိဘ ဗုဒ္ဓဘာသာ ဖြစ်တိုင်း သားသမီး ဗုဒ္ဓဘာသာ မဖြစ်ဘူးဆိုတာကို တွေ့ရတယ်။ သားသမီး ဗုဒ္ဓဘာသာ ဖြစ်ဖို့အတွက် ၁။ ရတနာ သုံးပါးကို ယုံကြည် သက်ဝင်ရမယ်၊ ၂။ ကံ၊ ကံ၏ အကျိုးကို ယုံကြည်ရမှသာလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်မယ်လို့ ကျနော်တို့ လေ့လာ ချက်တွေအရ၊ ဆရာတော်တွေရဲ့ သွန်သင်မှုတွေ အရ တွေ့ခဲ့ရတယ်။ ဗုဒ္ဓဘာသာဝင်တွေမှာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ ရှိတယ်။ နောက်တမျိုးက ဗုဒ္ဓဘာသာကို တကယ် သက်ဝင်ယုံကြည်ပြီး လေးစားကြည်ညိုလို့ ဗုဒ္ဓဘာသာဝင် ဖြစ်လာတာ ရှိတယ်။ ဒီတော့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေက ရတနာသုံးပါးနဲ့ ဗုဒ္ဓဘာသာအပေါ်မှာ ယုံကြည်မှု အားနည်းတယ်။ အဲဒီ ယုံကြည်သက်ဝင်မှု အားနည်းတဲ့ သူတွေကို တခြား ဘာသာဝင်တွေက စည်းရုံးသိမ်းသွင်းတဲ့ အခါမှာ အလွယ်တကူ ပါသွား နိုင်တယ်။ ဗုဒ္ဓဘာသာကို တကယ့်ကို ယုံကြည်သူဆိုရင်တော့ ဘယ်တော့မှ ဘာသာမပြောင်းဘူး။ ဘုရားဟောမှာ ပါသလို အသက်သာ အသေခံမယ်၊ ညှဉ်းပန်း နှိပ်စက်သာ ခံမယ်၊ ယုံကြည်ချက်ကတော့ မပြောင်းဘူး။ သူတို့ကို ရာထူး၊ ငွေကြေးနဲ့ ဖျားယောင်းလို့ မရဘူး။ ဒါကို ပထမတန်းစား ဗုဒ္ဓဘာသာလို့ ခေါ်တယ်။ ဒီတော့ ကျနော်ပြောချင်တာက အားလုံးဟာ ပထမတန်းစား ဗုဒ္ဓဘာသာတွေ ဖြစ်နေမှ ရမယ်လို့။

မေး။     ။ အမျိုးစောင့် ဥပဒေကြမ်းကို လွှတ်တော်မှာ တင်သွင်းပြီး ဒီဥပဒေကို ရေးဆွဲပေးဖို့ တောင်းဆိုလာမယ်ဆိုရင် ဦးစစ်မြိုင်တို့ ကော်မရှင်အနေနဲ့ ဘယ်လို အခန်းကဏ္ဍ ကနေ ဘယ်လိုတွေ အကြံပေးသွားဖို့ ရှိမလဲ။

ဖြေ။     ။ ကျနော် ပြောချင်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လူတိုင်းကို ဥပဒေ တင်သွင်းခွင့် ပေးမထားဘူး။ ဥပဒေကို ရေးဆွဲခွင့် ရှိတဲ့ အဖွဲ့အစည်း ရှိတယ်၊ တင်သွင်းခွင့်ရှိတဲ့ အဖွဲ့အစည်း ရှိတယ်။

မေး။     ။ အခု လတ်တလောမှာ မြန်မာအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဘယ်လို လှုပ်ရှားမှုတွေ ရှိပါသလဲ။

ဖြေ။     ။ လတ်တလောအနေနဲ့ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းကို မြန်မာဘာသာပြန်ပြီး ဖြန့်ဝေနေတယ်။ ဒီလို လုပ်တာ ၂ ပတ်လောက်တော့ ရှိပြီ။ ကျနော်တို့ အနေနဲ့ ပြောမယ်ဆိုရင် ဒီလို ဖြန့်တာဟာ တရားဝင် ပထမဆုံး ဖြန့်ဝေတာပေါ့။ အရင်က ဖြန့်ချိခဲ့တာတွေဟာ ခွင့်ပြုချက်နဲ့ တရားဝင် မဟုတ်ဘူး၊ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြန့်ခဲ့တာ။ နိုင်ငံတော်ရဲ့ ပွင့်လင်း လာမှုနဲ့ လူ့အခွင့်အရေးတွေကို သတိထား အသိအမှတ်ပြုလာတဲ့ သဘောလို့ ပြောလို့ရတာပေါ့။ ကျနော်တို့ရဲ့ လူ့အခွင့်အရေး ဥပဒေကို သမ္မတရုံးက တဆင့် လွှတ်တော်ကို တင်ပြီးပြီ။ ဥပဒေရဲ့ ပြဌာန်းချက်တွေကို၊ ကျိုးကြောင်း ဖော်ပြချက်တွေကို ရှင်းလင်းပြီး၊ ရေးပြီးတော့ ဖော်ပြမှာပေါ့။ လွှတ်တော်ကို တင်ခဲ့တာကတော့ ဇွန် ဒုတိယ အပတ်ထဲမှာ တင်သွင်းခဲ့တာပါ။

မေး။     ။ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပြဿနာ ရပ်တွေကို ဘယ်လို ကိုင်တွယ်တာမျိုး လုပ်ပေးလဲ။

ဖြေ။     ။ လူ့အခွင့်အရေး ကော်မရှင်က သူ့ရဲ့ လုပ်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေနဲ့ အကြံပြုခြင်း၊ တိုက်တွန်းခြင်း၊ စေ့စပ် ဖြန်ဖြေ ပေးခြင်းတွေကို လုပ်ပေးပါတယ်။ ကျနော်တို့ အဲဒီလို နည်းလမ်းတွေနဲ့ လုပ်ပေးနိုင်ပါတယ်။ အစိုးရ အဖွဲ့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြံပြု တိုက်တွန်းရတာဟာ ကျနော်တို့ရဲ့ တာဝန်ပဲပေါ့။ ဖြေရှင်းတယ် ဆိုတာ အဲဒါမျိုးပေါ့။ တခါထဲ ပြဿနာကို ဖော်ထုတ် ဖြေရှင်းတာမျိုး မဟုတ်ဘူးပေါ့။

မေး။     ။ ဦးစစ်မြိုင်တို့ ကော်မရှင်ရဲ့ တိုက်တွန်းခြင်း၊ အကြံပေးခြင်းတွေကို အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လက်ခံကြလား။

ဖြေ။     ။ လက်ခံပါတယ်။ တော်တော်များများတော့ လက်ခံပါတယ်။ ကျနော်တို့က အထူးသဖြင့် ကွင်းဆင်း ဆောင်ရွက်တာ များတယ်။

မေး။     ။ လက်နက်ကိုင် အဖွဲ့တွေနဲ့ အခွင့်အာဏာပိုင် တွေကနေ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်လို့ ဦးစစ်မြိုင်တို့ တတွေ အရင်က ဧရာဝတီကို ပြောဖူးတယ်။ အဲဒါတွေက ဘာအကြောင်းအရာတွေကို ပြောတာလဲ ဆိုတာ သိချင်ပါတယ်။

ဖြေ။     ။ ဒါတွေကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတာပဲ ပြောလို့ ကောင်းပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဖို့က ဒီအချိန်မှာ ဘယ်လိုမှ ပြောဖို့မသင့်ပါဘူး။ ကျနော်ကတော့ သက်သေ အထောက်အထား အခိုင်အလုံ ရှိလို့ အခုလို ပြောရတာပါ။ သတင်းကြားလို့ ပြောတာမဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီးတော့ သက်သေတွေ ခေါ်စစ်တဲ့ အခါမှာ ကိုယ်တိုင် မျက်မြင်၊ ကိုယ်တွေ့၊ နားကြားပြီးမှ သိရတာ။ သို့သော် ပြောချင်တာက လက်နက်ကိုင် ပဋိပက္ခရှိတဲ့ နေရာတွေ တိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတာပဲလေ။ ဒါ သဘာဝပဲလေ။ မည်သည့်နေရာ၊ မည်သည့် နိုင်ငံမဆို လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့နေရာတိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတာပါပဲ။

မေး။     ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျောင်းပြဌာန်းစာအုပ်တွေမှာ ဘယ်လိုထပ်ပြီး သင်ကြားဖို့ အစီအစဉ် ရှိသလဲ။

ဖြေ။     ။ ကျနော်တို့ တပ်မတော်အစိုးရ လက်ထက်ကတည်းက ဆောင်ရွက်ထားတယ်။ ကျနော် မှတ်မိသလောက်တော့ ၂၀၀၄ ခုနှစ်လို့ ထင်တယ်။ အဲဒီကတည်းက ၅ တန်း ကနေ ၉ တန်း အထိကို လူ့အခွင့်အလမ်းဆိုတဲ့ ဘာသာရပ်ကို ထည့်သွင်းပြဌာန်းထားတယ်။ ဒါကြောင့် ကလေးတွေက ရသင့်ရထိုက်တဲ့ လူ့အခွင့်အလမ်းကို နည်းနည်းပါးပါး သိတာပေါ့။ အခုတော့ ၃ တန်းနဲ့ ၄ တန်းကိုပါ ထည့်သွင်း ပြဌာန်းထားပါတယ်။ ဒီတော့ အခုဆို ကျောင်းပြဌာန်းစာအုပ်တွေမှာ ၃ တန်းကနေ ၉ တန်းအထိ ထည့်သင်ပြီး အသိပညာ ပြန့်ပွားအောင် လုပ်ပေးတာပေါ့။ ဒါတွေ သင်ရတဲ့ အကြောင်းအရာတွေထဲမှာ ၁။ အသက်ရှင်သန်ရေး၊ ၂။ ဖွံ့ဖြိုးတိုးတက်ရေးပေါ့။ ဒီ ဖွံ့ဖြိုးတိုးတက်ရေးထဲမှာ ပညာရေးတွေသာ မကဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်း ဆိုင်ရာ၊ ကျင့်ဝတ်ပိုင်း ဆိုင်ရာတွေ ပါဝင်တာပေါ့၊ ၃။ ကာကွယ်စောင့်ရှောက်ရေး၊ ဒီ ကာကွယ်စောင့်ရှောက်ရေးထဲမှာ ကလေးတွေကို ကာကွယ်စောင့်ရှောက်တာ ပါတာပေါ့၊ ၄။ ပါဝင်ဆောင်ရွက်ခွင့်၊ ဒါကတော့ ကလေးတွေဟာ သူတို့နဲ့ ပတ်သက်တဲ့ အခန်း ကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်ခွင့် ရှိတယ်၊ ဆွေးနွေးပွဲတွေ၊ အခမ်းအနားတွေ၊ ဟောပြောပွဲတွေ၊ အကြံဉာဏ် ဖလှယ်ပွဲတွေမှာ ကလေးတွေက ပါဝင်ဆောင်ရွက်ခွင့် ရှိတယ်ဆိုပြီး ဒီ စောစောကပြောတဲ့ ကဏ္ဍကြီး ၄ ခုကို အဓိက ထည့်သွင်း ဖော်ပြ ထားပါတယ်။

မေး။     ။ လူ့အခွင့်အရေး ပညာပေးဌာန၊ မြန်မာနိုင်ငံ (HREIB) တို့လိုမျိုး အဖွဲ့အစည်းတွေနဲ့ရော ပူးပေါင်း လုပ်ဆောင် သွားဖို့ အစီအစဉ်တွေ ရှိလား။

ဖြေ။     ။ ကျနော်တို့က HREIB ရယ်လို့မှ မဟုတ်ဘူး။ တခြား အရပ်ဘက် အဖွဲ့အစည်းတွေနဲ့လည်း ထိတွေ့တယ်၊ ဆက်ဆံတယ်၊ ပူးပေါင်းသင့်ရင် ပူးပေါင်းတယ်။ ကျနော်တို့ ကွင်းဆင်းလေ့လာရင် သူတို့ဆီက သတင်း အချက်အလက်တွေနဲ့ အချက်အလက်ချင်း ဖလှယ်ကြရတယ်လေ။ ကွန်ရက်တွေနဲ့ပဲ ပူးပေါင်းလို့မရဘူး။ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းမှ ရတယ်။

မေး။     ။ ကွန်ရက်တွေ အနေနဲ့ ပြောမယ်ဆိုရင်ရော ဘယ်လို ကွန်ရက်တွေနဲ့ ပူးပေါင်းထားလဲ။

ဖြေ။     ။ ကျနော်တို့က အမြဲ ပူးပေါင်းထားတယ် ရယ်လို့တော့ မရှိပါဘူး။ ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေပေါ်မှာ မူတည်ပြီးတော့ အဲဒီ နယ်မြေပေါ်မှာ ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ရတာပေါ့။ ဒီလောက်ပါပဲ။

မေး။     ။ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ပြဿနာတွေကို ကွင်းဆင်း လေ့လာတဲ့အခါမှာ၊ ပြဿနာကို ကိုင်တွယ်ဖို့ လုပ်တဲ့ အခါမှာ အခက်အခဲတွေ ရှိလား။

ဖြေ။     ။ ရှိတာပေါ့။ နိုင်ငံတနိုင်ငံက စနစ် အပြောင်းအလဲတခုမှာ အခက်အခဲ ဆိုတာလည်း အများကြီးပဲ။ ပြဿနာ ဆိုတာလည်း အများကြီးပဲ။ သဘော ပြောရရင်တော့ အခက်အခဲ ဆိုတာတွေကတော့ ရှိသင့်သလောက် ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ အခက်အခဲတွေ ရှိနေလည်း ကိုယ်လုပ်နိုင်သလောက် လုပ်သွားပါတယ်။

မေး။     ။ ဘယ်လို အခက်အခဲတွေ၊ ပြဿနာတွေ အများဆုံး ကြုံတွေ့ရလဲ။

ဖြေ။     ။ လူ့အခွင့်အရေး ဆိုတာကတော့ ပြည်သူတွေအတွက် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ယှဉ်ပြီးတော့ အရေးကြီးတဲ့ ကဏ္ဍကြီးတရပ်ကို လက်ခံရတာပေါ့။ သဘောပြောရရင်လေ၊ လူ့အခွင့်အရေးဆိုတာ ပြည်သူတွေအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာလည်း ပြဌာန်းထားပြီးသား ဖြစ်တဲ့အတွက် ထိထိရောက်ရောက် အကာအကွယ်ပေးရမယ်။ လူ့အခွင့်အရေးတွေ မြှင့်တင် ပေးရမယ်ဆိုတာ ဌာနဆိုင်ရာတွေက လက်ခံလာဖို့ လိုတယ်။ အဖွဲ့အစည်းတွေက လက်ခံလာဖို့ လိုတယ်။ ပြည်သူလူထု ကိုယ်တိုင်ကလည်း မှန်မှန်ကန်ကန် လက်ခံလာဖို့ လိုတယ်။ အဲဒါတွေကို မှန်မှန်ကန်ကန် လက်ခံခြင်း၊ အသိအမှတ် ပြုခြင်း မရှိသေးဘူး ဆိုရင်တော့ ဒါဟာ အကြီးဆုံး ပြဿနာ ဖြစ်လာတာပေါ့။

မေး။     ။ ဒါဆိုရင် သူတို့တွေ အားလုံးက မှန်မှန်ကန်ကန် လက်ခံလာဖို့အတွက် ဘယ်လိုတွေ လုပ်မလဲ။

ဖြေ။     ။ ဒီ အသိပညာ ပေးတာတွေ၊ ဥပမာ – သင်တန်းတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပေါင်းလုပ်တယ်။ လူ့ အခွင့်အရေး ဟောပြောပွဲတွေ အခါအားလျော်တာနဲ့ လုပ်တယ်။ ကျောင်း ပြဌာန်းစာအုပ်တွေမှာ ထည့်သင်တယ်။ စသည်ဖြင့် အသိပညာ မြှင့်တင်ပေးတာပေါ့။ အသိပညာ မြှင့်တင်ပေးခြင်း အားဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့နည်း လာနိုင်တာပေါ့။ နောက်ပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ဝေမယ်။

မေး။     ။ ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါမှာတော့ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်း ပေးနိုင်တာတွေ ရှိပြီလား။

ဖြေ။     ။ ဖြေရှင်းပေးတယ် လို့တော့ ပြောလို့ မရဘူးပေါ့နော်။ ကျနော်တို့က အကြံပြုတာ၊ တိုက်တွန်းတာ သက်သက်ပဲ လုပ်လို့ ရတာလေ။ ကျနော်တို့ရဲ့ အကြံပြုချက်၊ တိုက်တွန်းချက် တွေကို လက်ခံတယ်၊ လက်မခံဘူး ဆိုတဲ့ အပေါ်မှာပဲ အဖြေက မူတည်တာပေါ့။ ဥပမာ – လက်ပန်းတောင်းတောင် ကိစ္စလိုမျိုးဆိုရင် ကော်မရှင်ကြီး မသွားခင် ၂ လ လောက် ကတည်းက ကျနော်တို့အရင် ကွင်းဆင်း လေ့လာခဲ့တယ်။ အကြံပြုချက်တွေ ပေးခဲ့တယ်။ ကျနော်တို့ အကြံပြုချက်တွေ ကလည်း ကော်မရှင်ကြီးရဲ့ အကြံပြုချက်တွေနဲ့ တော်တော်လေးကို တူပါတယ်။ ဘာမှ သိပ်မကွာပါဘူး။ သို့သော် ကော်မရှင်ကြီးမှာကျတော့ အကောင်အထည် ဖော်ရေးဆိုတဲ့ အဖွဲ့ ဖွဲ့လိုက်တဲ့အတွက် သိပ်ထိရောက်သွားတယ်။ အကြံပြုချက်ချင်း တူတယ်။ အနေအထားချင်း မတူတဲ့ အခါကြတော့ ထိရောက်မှုခြင်းလည်း မတူတော့ဘူးပေါ့။

မေး။     ။ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အစိုးရဌာနတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လက်မခံဘူးဆိုရင် ဘယ်လိုဖြေရှင်းလဲ။

ဖြေ။     ။ လက်မခံဘူးဆိုတာကို လက်ခံလာအောင် ရှင်းလင်းမယ်၊ ဆွေးနွေးမယ်၊ လက်မခံခံအောင် ကြိုးစားမှာပေါ့။ ဒါပေမယ့် များသော အားဖြင့်ကတော့ လက်မခံဘူးလို့ ဗြောင်ကြီး မပြောကြပါဘူး။ လက်ခံနိုင်တဲ့ အပိုင်းရှိတယ်၊ လက်မခံနိုင်တဲ့ အပိုင်းတွေ ရှိတယ်ပေါ့။ တခုလုံးကြီးကို လက်မခံဘူးဆိုတာတော့ မရှိပါဘူး။

မေး။     ။ ဦးစစ်မြိုင်တို့ ကော်မရှင်ဟာ ပြည်သူတွေ အားကိုး အားထားလောက်တဲ့ ကော်မရှင်ဖြစ်နေပြီလား။

ဖြေ။     ။ ကြိုးစားရဦးမယ်လို့ ထင်ပါတယ်။ ပြည်သူတွေက ကျေနပ်ပြီ၊ လက်ခံပြီလို့ မမျှော်မှန်းရဲ သေးပါဘူး။ ပြည်သူတွေ လက်ခံလာအောင်သာ ကျနော်တို့ ကော်မရှင်က လူတွေ အားလုံးက ကြိုးပမ်းသွားမှာပါ။

မေး။     ။ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဘယ်လို ပြဿနာတွေကို အများဆုံး ကိုင်တွယ်ခဲ့ရသလဲ။

ဖြေ။     ။ တိုင်စာတွေမှာတော့ မြေယာ ပြဿနာတွေပဲပေါ့။ တိုင်ကြားစာတွေမှာတော့ မြေယာ အငြင်းပွားမှုတွေ အများဆုံးပဲ။

မေး။     ။ ပြဿနာပေါင်း ဘယ်နှခုလောက်ကို ကိုင်တွယ်ခဲ့ပြီးပြီလဲ။

ဖြေ။     ။ မတ်လအထိအောင် ဆိုရင်တော့ ပြဿနာပေါင်း ၃ ထောင် ကျော်လောက်ကို ၁ နှစ်ခွဲ အတွင်းမှာ ကိုင်တွယ်ခဲ့ပြီးပြီ။ နောက်ပိုင်း စာရင်းတွေကတော့ ကျနော့်ဆီ မတက်လာသေးဘူး။ ပြဿနာတွေကို ဘယ်လို ကိုင်တွယ်သလဲဆိုရင်တော့ အဖွဲ့နဲ့ထိုင်တယ်၊ တိုင်စာကို ဖတ်ကြားတယ်။ သူ့ရဲ့ ဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တယ်။ ဥပဒေတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ဆွေးနွေး သုံးသပ်တယ်။ ဒီပြဿနာဟာ အမှန်တကယ် လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ဟုတ်၊ မဟုတ် သုံးသပ်တယ်။ နောက်ပြီး ဒီပြဿနာဟာ ဥပဒေကြောင်းနဲ့ ဆောင်ရွက်နေတာလား၊ လူ့အခွင့်အရေးအရ ထိခိုက် နစ်နာနေတယ် ဆိုပေမယ့် တရားရုံးမှာ စီရင်နေတယ် ဆိုရင် ကျနော်တို့ ကိုင်တွယ်လို့ မရဘူး။ မဟုတ်ရင် လွတ်လပ်စွာ တရားစီရင်ခွင့်ကို ထိခိုက် သွားနိုင်တယ်။ ဒီလိုမှမဟုတ်ဘဲ ကျနော်တို့ ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုရင်တော့ တိုင်ကြားစာကို အစိုးရ အဖွဲ့နဲ့ဆိုင်ရင် ပြည်ထောင်စု အစိုးရ ရုံးကို ဒီ ပြဿနာရပ်ကို စဉ်းစား ဆုံးဖြတ်ပေးပါလို့ ပို့မယ်၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တယ် ဆိုရင်လည်း အဲဒီ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ပို့ပေးတယ်။ လိုအပ်ရင် ၂ ဘက်ခေါ်ပြီး ညှိနှိုင်း ပေးတယ်။ အဖြေရှာပေးတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading