ကိုကာကိုလာ နမူနာ

ရွှေကူမေနှင်း

This article has been converted from Zawgyi One to Unicode

“ဆင်းရဲနွမ်းပါးမှု လျော့နည်းရေး” ဆိုသောစကားသည် ကာလနှင့် ညီညွတ်သော စကားဖြစ်၏။ ဆင်းရဲခြင်း လွတ်ကင်းအောင် ဟူ၍ မကြွေးကြော်နိုင်။ ဆင်းရဲခြင်းမှ လွတ်အောင် လမ်းပြ ကြံဆောင်ခြင်း မပြုနိုင်ချေ။ “လျော့ပါး”အောင်ကား ကြိုးစားကြမည်ဟု အားမာန်တင်းခြင်း ဖြစ်နိုင်ပါ၏။

စာရေးသူက ရွှေတကျပ်သား ၂၅၀ ကျပ် ခေတ်ကိုမီခဲ့သူဖြစ်ရာ မိမိအထက်တန်းပြဆရာမအဖြစ် အမှုထမ်းခဲ့စဉ် ရရှိသည့် လစာ ၃၅၀ ကျပ် သည် ရွှေတကျပ်နှင့် တမတ်သားဖိုး ညီမှျှနေသည်။ ယခုရွှေတကျပ်နှင့် တမတ်သား ဝယ်လျှင် အနည်းဆုံး ၈ သိန်းဖြစ်သည်။ သည်တော့ ယခုခေတ် အထက်တန်းပြဆရာမ လခကို ၈ သိန်းပေးဖို့ ကောင်းသည်။

ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာ မျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ် များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။

ကျမတို့သည် လစာထဲမှ လစဉ်ရွှေတမတ်သားစုနိုင်ခဲ့သည်။ နှစ်တိုင်း အပန်းဖြေခရီး ထွက်နိုင်သည်။ ပေါ်သမျှ ဆန်းသမျှ ဝယ်ဝတ်နိုင်သည်။ ရွှေတွဲလွဲ ငွေတွဲလွဲ ဖြစ်ရုံသာမက အိမ်တဆောင် မီးတပြောင်ပင် ဆောက်နိုင်ကြ၏။

သို့ဆိုလျှင် ဆင်းရဲနွမ်းပါးမှု လျော့ပါးဖို့ ဘာလုပ်ကြရမည်နည်း။ လစာဝင်ငွေ တိုးမပေးနိုင်လျှင် သုံးငွေလျော့အောင် လုပ်ရန်ဖြစ်မည်။ သုံးငွေလျော့ဖို့ “ခြိုးခြံချွေတာရေး” ဟူ၍ ပြောလှျှင် လူထုက မဲ့ရွဲ့ကြလိမ့်မည်။ သည့်ထက် လျှော့ပေါ့ချွေတာရလျှင် မစားဘဲနေရုံရှိတော့မည်။

သည်လိုဆိုလျှင် နည်းလမ်းမရှိတော့ဘူးလား။ ရှိပါသည်။ ဘာမျှ အထူးအဆန်းမဟုတ်ပါ။ ၁၉၆၂ မတိုင်ခင်ကလို ပြန်လုပ်ဖို့ပါပဲ။ ၁၉၆၂ မတိုင်မီက မြန်မာပြည်မှာ ထီး၊ ဖိနပ်၊ စောင်၊ မျက်နှာသုတ်ပဝါ၊ အင်္ကျီစ၊ လုံချည်၊ စက်ဘီး အထိ ပြည်တွင်းမှာ ပုဂ္ဂလိက ထုတ်သည်။

ကြက်ဆင်ဖဲထီးဆိုသည်မှာ တလက်ကို ၁၁ ကျပ် ပုံသေပါ။ ဖဲထီး ရောင်စုံဒီဇိုင်းနှင့် မိန်းကလေးတိုင်း မက်မောကြသည်။ ဖိနပ်ဆို မန္တလေးထွက် ကတ္တီပါများ၊ ဗိုလ်ချုပ်ဈေးမှာ အော်ဒါချုပ်နိုင်သော ဒေါက်ဖိနပ်များ၊ အားလုံး လှပတင့်တယ်ကြ၏။ လုံချည်(ကျား) ကို ၂/၈၀ အချော၊ ၂/၆၀ အကြမ်း၊ လုံး၀ ဆေးမကျွတ်။ အချောတထည်ကို ၁၁ ကျပ်ပါ။

အမျိုးသမီးဝတ်များက မုဒုံချိတ်ရောင်စုံ ၁၂ ကျပ်၊ ၁၃ ကျပ်။ ရခိုင်ချိတ် အလှဆုံးမှ ၁၆ကျပ်ပါ။ အင်္ဂလန်မှ သွင်းလာသော တူတယ်လ် အကောင်းစားလည်း ၁၈ ကျပ်ထက် မများချေ။ တရုတ်ပွင့်ရိုက် ဆေးခိုင်သော အဆင်စုံ လုံချည်တကွင်းစာကို ၅ ကျပ်ပဲရှိသည်။ နို့ဆီတလုံး ၁ကျပ် ၁၀ပြား (ပုံမှန်) ဘယ်နှယ့်လုပ် ဆင်းရဲပါတော့မည်နည်း။

သည်တော့ ထိုနှုန်းအတိုင်းပြန်ဖြစ်ရမည်ဟု မဆိုလိုပါ။ ကုန်သည်များကို ဈေးနှုန်းသတ်မှတ်၍လည်းမရ။ ဈေးနှုန်းကြီးခြင်း အကြောင်းအရင်းကိုသာ ရှာရန်လို၏။ ယခုအခါ သွားကြားထိုးတံကအစ ပြည်ပမှ တင်သွင်းနေခြင်းကြောင့် ဆိုသော အဖြေက အမှန်ဖြစ်၏။ ပြည်ပမှ တင်သွင်းလာပြီ ဆိုကတည်းက လုပ်ခ၊ သယ်ယူခ၊ အမြတ်အခွန်၊ ငွေလဲနှုန်း စသဖြင့် တက်ချင်တိုင်း တက်တော့သည်။ မိမိ တိုင်းပြည်အတွင်း ကုန်ကြမ်း ရှိပါလျှက် ကုန်ချောမလုပ်နိုင်၍ တင်သွင်းနေရသည်။ မိန်းကလေးများ ဆံပင်မှာတွယ်သော ဆံညှပ်ကအစ ပြည်ပမှ ယူလာခြင်းဖြစ်နေသည်။ ထို့ကြောင့် ကုန်ဈေးနှုန်းကျရန် အသေချာဆုံးနည်းကား ကုန်ချောကို ပြည်တွင်း၌ ထုတ်လုပ်ရန်တည်း။

မိမိပြည်တွင်း၌သာ ထုတ်လုပ်နိုင်ပါက လုပ်ခ သက်သာမည်။ သယ်ယူခ သက်သာမည်။ အခွန် သက်သာမည်။ လူထု အလုပ်အကိုင်ရမည်။ ဤအဖြေမှန်ကန်ကြောင်း “ကိုကာကိုလာ” က ပြနေပါပြီ။ လွန်ခဲ့သော ရက်အနည်းငယ်က အမေရိကန် မှ မယ်ဒလင်း အောလ်ဘရိုက် ကိုယ်တိုင် လာရောက်ဖွင့်လှစ်ခဲ့သော ကိုကာကိုလာ အချိုရည်စက်ရုံသည် မှော်ဘီ၌ တည်ရှိ၏။ နိုင်ငံရေးအရ လွတ်လပ်ပွင့်လင်းလာသဖြင့် ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံမှုများ၏ နိဒါန်းအဖြစ် ကိုကာကိုလာ စက်ရုံ တည်ဆောက် လည်ပတ်ခဲ့သည်။ ယခု ဖြန့်ဖြူးနေပြီ။ ယခင် ထိုင်း နိုင်ငံမှ တင်သွင်းရစဉ် ကိုကာကိုလာ အသေးတဗူး  ၅၀၀ကျပ် ဖြစ်၏။ ယခုပြည်တွင်း၌ ထုတ်သောအခါ အသေးတဗူး ၃၀၀ ကျပ်သာရှိ၏။ တဆခွဲ သက်သာသွားပြီ။

ဤနမူနာအတိုင်း လူသုံးကုန်ပစ္စည်းအားလုံး ပြည်တွင်း၌ ထုတ်လုပ်နိုင်ပါက ဆင်းရဲနွမ်းပါးမှု လျော့ဖို့ သေချာနေလေပြီ။ ထို့ကြောင့်လည်း ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်နေရခြင်းဖြစ်သည်။ ပြည်ပမှ လူများကို ယုံကြည်လာရန် မဖြစ်မနေ လိုအပ်ချက်ကား နိုင်ငံရေးတည်ငြိမ်မှုဖြစ်ရာ မိမိလူမျိုး ဆင်းရဲ နွမ်းပါးမှု လျော့ပါးရေးအတွက် ပြည်တွင်း ငြိမ်းချမ်း သာယာရေးကို မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။

Loading