သမ္မတ ဦးသိန်းစိန်ဖွဲ့စည်းပေးထားသော ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခတားဆီးရေး အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီက ဦးဝီရသူ၏ မျက်နှာဖုံး ဓာတ်ပုံနှင့် “THE FACE OF BUDDHIST TERROR” ဆောင်းပါး ဖော်ပြခဲ့သော ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းကို မတည်မငြိမ်မှုများ ထပ်မံ မဖြစ်ပွားစေရန် ဆိုသော အကြောင်းပြချက်ဖြင့် ပြည်တွင်းတွင် ဖြန့်ချိခွင့် ပိတ်ပင်လိုက်သည်။ ယင်းပိတ်ပင်မှုအပေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က သတင်း လွတ်လပ်ခွင့်ကို ထိပါးစေသော လုပ်ရပ်အဖြစ် ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်ပြီး တိုင်းမဂ္ဂဇင်းကလည်း ၎င်းတို့ ဖော်ပြခဲ့သော ဆောင်းပါး အပေါ် လုံး၀ ရပ်တည်ကြောင်း ထုတ်ပြန်ခဲ့သည်။ တိုင်းမဂ္ဂဇင်း ပိတ်ပင်ခံရမှုနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနက သတင်းစာဆရာ ၁၀ ဦးကို ဧရာဝတီသတင်း ဌာနမှ အကြီးတန်းအထူးသတင်းထောက် သာလွန်ဇောင်းထက်နှင့် သတင်းထောက် ထက်နိုင်ဇော်တို့က ဆက်သွယ်မေးမြန်း ထင်မြင်ချက် တောင်းခံခဲ့ရာ တချို့က အလုပ်လုပ်ရာ သတင်းဌာန များ၏ မူဝါဒကြောင့်၊ ဘာသာရေး ဖြစ်သည့် အတွက်ကြောင့် မဖြေလိုဟု ငြင်းဆန်ကြသော်လည်း အများစုကမူ သူတို့၏ အမြင်များကို ပြောဆိုကြသည်။
ဦးသီဟစော
အယ်ဒီတာချုပ်၊ Open News Journal
တိုင်းမဂ္ဂဇင်းရဲ့ ဖော်ပြချက်ကို တုံ့ပြန်တာက နိုင်ငံတကာမှာ လုပ်နေတဲ့ လုပ်နည်းလုပ်စဉ်တွေနဲ့ မတူဘူးလို့ မြင်တယ်။ နိုင်ငံတကာမှာ ဆိုရင် အဲဒီလိုမျိုး ပါလာရင် စပြီး ကန့်ကွက်တယ်၊ ဝေဖန်တာတွေရှိတယ်။ အဲဒီအရေးအသားက တော်တော် လွန်တယ်ဆိုရင် တရားစွဲကြတဲ့ ထုံးစံရှိတယ်။ ဥပမာ စင်ကာပူက လီကွမ်ယုဆိုရင် TIME မဂ္ဂဇင်းကို တရားစွဲဖူးတယ်။ Asia Week တို့၊ Wall Street ဂျာနယ်တို့ကို သူ့ဘက်က မှန်တယ်ထင်ရင် တရားစွဲလိုက်တာပဲ။ ဒီမှာက အဲဒီလို မတွေ့ရဘူး။ တယောက်ချင်း တုံ့ပြန်တာရှိတယ်၊ အဖွဲ့အစည်းနဲ့ တုံ့ပြန်တာရှိတယ်၊ အစိုးရက ကြေညာချက်ထုတ် တုံ့ပြန်တာရှိတယ်။ ဒါပေမယ့် အခု နောက်ဆုံး အရေးပေါ် ကာလ စီမံခန့်ခွဲမှု ကော်မတီက ပိတ်ပင်တယ်လို့ ကြေညာတာ အခုသွားနေတဲ့ မီဒီယာပြုပြင်ပြောင်းလဲရေးနဲ့ တော်တော်ကြီးကို ဆန့်ကျင်တဲ့ပုံ ပေါက်နေပြီ။ Media Reform မှာ ပြည်တွင်း စာနယ်ဇင်း လွတ်လပ်ခွင့် ရသလိုပဲ၊ ပြည်ပ စာနယ်ဇင်းတွေလည်း လွတ်လပ်ခွင့်ရှိရမယ်။ လွတ်လပ်ခွင့် ဘောင်ကျော်သွားတယ်ဆိုရင် အရေးယူလို့ ရမယ့် ဥပဒေရှိပြီးသား။ ကျနော်တို့ နိုင်ငံမှာလည်း ရှိသလို နိုင်ငံတကာ မှာလည်း ရှိတယ်။ ဥပဒေနဲ့ မတုံ့ပြန်ဘဲ တနေရာကနေ ပိတ်ဆို့တယ်၊ ဆင်ဆာလုပ်သလိုမျိုး ပိတ်ပင်တာ၊ တားဆီတယ်ဆိုတာက သတင်းလွတ်လပ်ခွင့်ကို သွားနေတဲ့ လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ ဘဝင်မကျဘူး။
ဦးကိုကို
အမှုဆောင် အရာရှိချုပ်၊ Yangon Media Group
လူတိုင်းမှာက သူတို့ရဲ့ ထင်မြင်ချက်ကို လွတ်လပ်စွာ ဖော်ပြခွင့် ရှိပါတယ်။ Freedom of Expression ပေါ့။ မကျေနပ်ရင်တော့ ပြန်ရေးသားတာတွေပဲ ရှိတယ်။ ဒီမိုကရေစီကို သွားနေတဲ့အချိန်မှာ ပိတ်လိုက်တာမျိုး ကတော့ ကသိကအောင့် ဖြစ်တယ်။ အခုလိုပိတ်ပင်တာမျိုးထက်၊ တချို့နိုင်ငံတွေမှာ ဘာလုပ်လဲဆိုရင် ဒီဟာကိုမကျေနပ်ဘူးဆိုရင် ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်ကြတယ်။ တချို့ မကျေနပ်တဲ့သူတွေက စာအုပ်တွေကို ပုံပြီးမီးရှို့တာမျိုး တွေတောင် လုပ်ကြတာပဲ။ မိမိရဲ့ ဒေါသကို ပြန်ပြီး ပြတာ ပေါ့လေ။ ဒီမိုကရေစီအစိုးရ အနေနဲ့ကတော့ ဒီလို ပိတ်ပင်တာထက်စာရင် သူ့ဟာသူ ပြန်တုံ့ပြန်တာမျိုးကိုပဲ ခွင့်ပြုတာက ပိုကောင်းတယ် ထင်တယ်။ အဲဒါဆိုရင် ပိုပြီးတော့ လှပပြီးတော့ ဒီမိုကရေစီနဲ့ ညီတဲ့ အခင်းအကျင်း ဖြစ်လိမ့်မယ်လို့ထင်တယ်။ အခုလို ပိတ်ပင်တာမျိုး မလုပ်တာ တော်တော်ကြာခဲ့ပြီ။ ပြောရရင် ဆင်ဆာမရှိတော့တဲ့ နောက်ပိုင်း ကတည်းက ဒါတွေ မရှိတော့ဘူးလေ။ ပြည်တွင်း သတင်းစာတွေကိုလည်း မပိတ်ဘူး၊ ပိတ်တယ်ဆိုတဲ့ နည်းလမ်းက တကယ့်ကို မလွဲမရှောင်သာလို့ နောက်ဆုံးအခြေအနေမှ သုံးသင့်တယ်လို့ မြင်တယ်။ တခြားနည်းလမ်းတွေ အများကြီးရှိပါတယ်။
အခုလိုပြောလို့ တိုင်း မဂ္ဂဇင်းကို ထောက်ခံတာ မဟုတ်ဘူးနော်။ ကျနော်တို့မှာလည်း တချို့ သဘောမတူပါဘူး။ မကြိုက်လို့ သတင်းစာရဲ့ အာဘော်ကနေ တုံ့ပြန်ခဲ့တာပဲ။ အဲဒီလို ပြန်တုံ့ပြန်လို့ရတာပဲ။ နောက်ပြီးတော့ ကော်မတီတခုကနေ ပိတ်လိုက်တာ မျိုးကိုလည်း စိုးရိမ်တယ်။ နိုင်ငံခြား သတင်းဌာနကို လုပ်တာဆိုပေမယ့် နောက်ပိုင်း ပြည်တွင်း သတင်းစာ တွေကို လုပ်လာမလားဆိုတာ သေချာ စောင့်ကြည့်နေတယ်။ ကော်မတီရဲ့ နာမည်ကိုက အရေးပေါ် ကာလ စီမံခန့်ခွဲရေး ကော်မတီလို့ သုံးထားတော့ တို့နိုင်ငံက တကယ့် အရေးပေါ်ကာလကို ရောက်နေသလား။ အရေးပေါ်ကာလလို့ သုံးတာတော့ သိပ်ကြီးကျယ်တယ်လို့ မြင်တယ်။ အရေးပေါ်ပုံစံ သုံးသပ်ပြီး တုံ့ပြန်တာကတော့ နည်းနည်းပြင်းထန်တယ်လို့ မြင်တယ်။
ဦးမြင့်ကျော်
မြန်မာဂျာနယ်လစ် ကွန်ရက် အမှုဆောင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင်
အခုပဋိပက္ခတွေမှာ အောက်ခြေမှာ ဖြစ်နေတာတွေကို မဖြေရှင်းပေးနိုင်ဘူး။ တိုင်းမဂ္ဂဇင်း စောင်ရေ အနည်းငယ် ဝင်လာတာ လေးကို ပိတ်ရုံနဲ့ ပြီးမလား။ လှုံ့ဆော်တဲ့ သူတွေက တကယ်တမ်းကျတာ့ အစွန်အဖျား လေးတွေလောက်ပဲ မိတယ်။ နောက်ပြီးတော့ လှုံ့ဆော်တဲ့ စကား ပြောနေတဲ့ဟာတွေကိုတော့ သူတို့အရေးမယူနိုင်ဘဲ၊ တိုင်းမဂ္ဂဇင်းကို အရေးယူတာက လွယ်တဲ့ဟာကို အရင်လုပ်သလို ဖြစ်နေတယ်။ တိုင်းကို မှန်တယ် မမှန်တယ် ကျနော်ပြောတာ မဟုတ်ဘူး။ ဒီမဂ္ဂဇင်းကို ပိတ်တာက လွယ်တာကိုး။ ကျန်တဲ့ဟာတွေကိုတော့ ဘာလို့ မလုပ်နိုင်တာလဲ၊ ဘာလို့ မလုပ်ချင်တာလဲ မသိဘူး။
ဒီမဂ္ဂဇင်း ဖြန့်ချိခွင့်ကို တရားရုံးကို လွှဲစေဆိုပြီး တရာရုံးက အမိန့်ထုတ် မဖြန့်နဲ့ ဆိုတာမျိုးက ပိုအဓိပ္ပာယ်ရှိမယ်လို့
မြင်တယ်။ အခုလို လွယ်တာကို ထလုပ်လို့ လူအများရဲ့လက်ခုပ်သံရအောင် ထလုပ်သလို ဖြစ်နေတယ်။ လူထုတွေ ကြားထဲမှာ ဖြစ်နေတာတွေက ပိုအရေးကြီးတယ်။
ဦးဇော်သက်ထွေး
သမဂ္ဂဂျာနယ်၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင်
တိုင်း က ဒီလိုရေးသားဖို့အတွက် Freedom of Expression အရ အခွင့်အရေး ရှိတယ်။ ဒါပေမယ့် သူက ဗုဒ္ဓဘာသာကို Terror လို့ နှိုင်းယှဉ် သုံးစွဲလိုက်တဲ့ အတွက်ကြောင့်၊ ဗုဒ္ဓဘာသာရဲ့အဓိပ္ပာယ် လွဲမှားသွားတဲ့အတွက် ဒီအပေါ်မှာတော့ ခုခံ ချေပခွင့်ရှိတယ်။ ဒါပေမယ့် အခုလို ဘာသာရေးအပေါ်မှာ အခြေခံ ပြီးတော့ အခုလို ဖြစ်ခဲ့ရတဲ့အတွက် အခုလို ဒီမိုကရေစီကို ဦးတည် သွားတဲ့အချိန် လူ့အဖွဲ့အစည်းထဲမှာ ဒီဟာက ရိုက်ခတ်မှု ဖြစ်ပေါ်ခဲ့တယ်။ အခုလို ဖြစ်ပေါ်ခဲ့တာဟာ လူ့အဖွဲ့အစည်း အတွက်တော့ အနုတ် လက္ခဏာပဲ။ တိုင်းမဂ္ဂဇင်းကို အစိုးရရဲ့ကော်မတီက ပိတ်လိုက်တာကလည်း စိတ် မသက်မသာ ဖြစ်မိတယ်။ ဒါဟာ သိပ်ပြီး ထိရောက်မှာ မဟုတ်ဘူး။ တိုင်းမဂ္ဂဇင်းရဲ့ ဆောင်းပါး အယူအဆကို သဘောမတူပေမယ့် တိုင်းမဂ္ဂဇင်းကို အစိုးရ အာဏာနဲ့ ပိတ်ပင် တားဆီးမှုက စတုတ္ထမဏ္ဍိုင် သတင်းမီဒီယာတွေ အတွက် စိုးရိမ်စရာဖြစ်နေပြီ။
ဦးနိုင်မင်းဝေ
The Voice သတင်းထောက်ချုပ်၊ မြန်မာဂျာနယ်လစ်ကွန်ရက် အမှုဆောင်
တိုင်း မဂ္ဂဇင်းကို ပိတ်လို့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိမယ်လို့လည်း မယူဆဘူး။ အခုလို ပိတ်လိုက်တော့ ဘာကိုပြလဲဆိုရင် သူတို့ (အစိုးရ) လုပ်နိုင်တာ ဒါပဲလို့ပြတာ။ အစိုးရအဖွဲ့ရဲ့ Capacity ကို ပြတာပဲ။ တိုင်း မဂ္ဂဇင်းကို ပိတ်လိုက်လို့လည်း အခု ဖြစ်နေတဲ့ အဓိကရုဏ်းတွေက ငြိမ်သက်သွားမှာမှ မဟုတ်တာ။ ဒါက ဖြေရှင်းနည်းလမ်း မဟုတ်ဘူး။ တခုခုဆိုရင် ပိတ်လိုက် မယ်၊ ဖြုတ်လိုက်မယ်။ ဒီအတိုင်းပဲ လုပ်တယ်။ အဲဒီလို လုပ်တာက လူ့အဖွဲ့အစည်းထဲမှာ သံသယတွေ ဖြစ်စေတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလမှာ Trust ဆိုတာလိုတယ်ဗျ။ အခုပဲ လူတွေက ထင်ကြေးပေး ပြောဆိုနေတာက ၉၆၉ ကပဲ တရားဝင်သွား သလိုလို၊ လူ့အဖွဲ့အစည်းကြားထဲမှာ သံသယတွေ ကြီးလာတယ်။ အခု စာနယ်ဇင်းတွေ ကြားထဲမှာက ငါတို့ရော ဘယ်တော့ အပိတ်ခံ ထိမလဲ ဆိုတဲ့ စိတ်တွေဖြစ်လာတယ်။ အဲဒါ သူတို့အမျှော်အမြင် နည်းပြီးတော့ ကိုင်တွယ်တာ မတတ်လို့ပေါ့။ နောက်ဆုံးအချက်က ဒီဟာကို ပိတ်မယ့်အစား ပြည်သူ လူထုနဲ့ ပူးပေါင်းပြီး အဖြေရှာသင့်တယ်။ Hate Speech နဲ့ ပတ်သက်လို့ ပွဲတွေ ဘာတွေ လုပ်မယ်ဆိုတာ အပေါ်ယံပဲ။ တကယ်လုပ်မယ် ဆိုရင် သေချာ စီမံချက် ချပြီးလုပ်မှရမယ်။ အပြသက်သက် ဝိုင်းလုပ်နေတဲ့ ပုံစံနဲ့ကတော့ ဒီပြဿနာက ပြေလည်မှာမဟုတ်ဘူး။
ဦးမျိုးမင်းထိုက်
အယ်ဒီတာချုပ်၊ Venus News Weekly
တိုင်းမဂ္ဂဇင်းကို ပိတ်ပင်တာက သတင်းလွတ်လပ်ခွင့်ကို ထိပါးပိတ်ပင်တဲ့ လုပ်ရပ်လို့ထင်တယ်။ ကျနော်တို့လည်း တိုင်းမဂ္ဂဇင်း ဆောင်းပါးကို သဘောမတူဘူး။ ဒါပေမယ့်လည်း တခြား တုံ့ပြန်လို့ရတဲ့ နည်းလမ်းတွေရှိတယ်။ ရှုံ့ချတာ လုပ်လို့ရတယ်။ နောက်ဆုံး တရားစွဲလို့ရတယ်။ ဒီလိုမျိုး ပိတ်ပင်တာမျိုးက စစ်အစိုးရ လက်ထက်က လုပ်နည်းလုပ်စဉ် အတိုင်းပါပဲ။
ဦးသီဟသွယ်
သတင်းထောက်၊ NHK ဂျပန် သတင်းဌာန
အခြေအနေကို ငြိမ်သက်အောင်လုပ်ဖို့ နောက်ထပ် အဓိကရုဏ်းတွေ ထပ်ဖြစ်လာမှာစိုးလို့ အုပ်ချုပ်ရေးအာဏာနဲ့ တိုင်း မဂ္ဂဇင်းကို ကန့်သတ်တာမျိုးက လက်ခံလို့ရတယ်။ ဒါပေမယ့် အစိုးရရဲ့ ထုတ်ပြန်ချက်က အဲဒီလို ထုတ်ပြန်ချက် မဟုတ်ဘူး။ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်က ဦးဝီရသူ ဘက်က ရပ်တည်နေသလို ဖြစ်နေတယ်။ တိုင်းမဂ္ဂဇင်းကို ပိတ်ပင်တဲ့ အကြောင်း ပြချက်တွေက အငြင်းပွားမှုကို ပိုပြီးရှုပ်ထွေးစေတယ်၊ အငြင်းပွားမှုတွေ ထပ်ဖြစ်စေတယ်။ ပိုဆိုးအောင် လုပ်နေတဲ့ ပုံစံ ဖြစ်နေတယ်။ ပိတ်ပင်တယ် ဆိုတာက သတင်းလွတ်လပ်ခွင့်ကို ထိပါးနေတယ်။ ထိခိုက်တယ်။