လက်ရှိ အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဝင်နေတဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဦး (TNLA) ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသခံ လူထုတွေအကြားမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မှုနဲ့ ထောက်ခံမှုတွေ ရရှိနေပါတယ်။
အင်အား ၁၃၀၀ အထက်မှာ ရှိတယ်လို့ သိရတဲ့ TNLA ဟာ ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ယခင် ၂၀၀၅ ခုနှစ်က အစိုးရထံ လက်နက်အပ်နှံခဲ့တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA) ထိန်းချုပ်ခဲ့တဲ့ နေရာတွေမှာ ၂၀၁၂ ခုနှစ်မှာ ပြန်လည်ခြေချ ထိန်းချုပ်ခဲ့ပြီး အဲဒီဒေသမှာရှိတဲ့ ဘိန်းစိုက်ပျိုးမှု၊ ဖြန့်ဖြူးရောင်းချမှုနဲ့ သုံးစွဲမှုတွေ တိုက်ဖျက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
TNLA ရဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒ၊ တိုက်ဖျက်တဲ့အခါ အခြေအနေအခက်အခဲ၊ ဒေသတွင်း ဘိန်းနဲ့ မူးယစ်ဆေးဝါး ပျံ့နှံ့နေမှု၊ ထိခိုက်ဆုံးရှုံးမှုနဲ့ တိုက်ဖျက်နေတဲ့ အခြေအနေတွေကို ဧရာဝတီ သတင်းထောက် ကျော်ခနဲ့ သတင်းထောက် မုံရာတို့က TNLA စစ်ဦးစီးချုပ် ဒု ဗိုလ်မှူးကြီး တာဟိုပလန်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး TNLA က ချထားတဲ့ မူဝါဒကို သိချင်ပါတယ်။
ဖြေ။ ။ TNLA က ၂၀၁၂ မတ်လပိုင်းမှာ ကျနော်တို့ရဲ့ ဒီမှာရှိနေတဲ့ မဟာမိတ်တွေပေါ့နော၊ အခုဒီဘက်မှာ လှုပ်ရှားနေတဲ့ တပ်ရင်း တပ်ဖွဲ့တွေ၊ ပန်းဆေး တကြောမှာ နီးကပ်နေတဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ ကျနော်တို့ ထာဝရမဟာမိတ် KIO/KIA နဲ့ ပူးပေါင်းပြီးမှ ဒီမူးယစ်ဆေးဝါးကို တိုက်ဖျက်တာ။ ကျနော်တို့ ဟိုဖက် ၄၇၈၊ ၃၆၇၊ ၂၅၆၊ ၇၁၇ တပ်ရင်း နယ်မြေဖက်မှာတော့ ကျနော်တို့ရဲ့ တအာင်း TNLA ရဲ့ တဖွဲ့ ဗဟိုကော်မတီ အစည်းအဝေး နိုဝင်ဘာလ ၁၇ ရက်နေ့က ဆုံးဖြတ်ပြီးမှ ကျနော်တို့ရဲ့ မူက ၂၀၁၇ မှာ တအာင်း နယ်မြေမှာရှိတဲ့ မူးယစ်ဆေးဝါး ပပျောက်သွားအောင် ဆိုပြီးတော့ စီမံကိန်းချထားတာ။
မေး၊ ။ လက်ရှိ မူးယစ်ဆေးဝါး တိုက်ဖျက်နေတဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျနော်တို့ ပထမနှစ် မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့အခါမှာ အခက်အခဲအမျိုးမျိုး ကြုံတွေ့ရတာပေါ့။ မူးယစ်ဆေးဝါး တိုက်ဖျက်နေတဲ့ အချိန် တဖက်တလမ်း ရန်သူဖက်မှာလည်း တိုက်ရတယ်ဆိုတော့ တော်တော်လေး ပင်ပန်းတယ်။ မိုးတွင်းကာလလည်း ဖြစ်တယ်ဆိုတော့ တော်တော်လေးကို တိုက်ယူရတာပေါ့။ တချို့ လူထုတွေ၊ ကျနော်တို့ တအာင်းလူထုတွေ၊ သဘောမပေါက်နိုင်တဲ့ လူထုတွေ အများကြီး ရှိတယ်။ သဘောပေါက်နေတဲ့လူက ၁၀၀ ရာခိုင်နှုန်းမှာ ၇၅ ရာခိုင်နှုန်းကတော့ သဘောပေါက်တယ်၊ မူးယစ်ဆေးဝါး ကိစ္စပေါ့နော်။
မေး။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့ အခါမှာ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲက ဘာဖြစ်မလဲ။
ဖြေ။ ။ အခက်အခဲကတော့ ကျနော်တို့ တအာင်းလူထုတွေ၊ လုပ်ငန်းရှင်တွေ၊ လူထုအသံက စစတိုက်ဖျက်တဲ့ အချိန်က မဖြစ်နိုင်ဘူး။ ပြီးခဲ့တဲ့ အဖွဲ့အစည်းအမျိုးမျိုး အစိုးရတောင်မှ ဌာနဆိုင်ရာတွေ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့တွေ၊ ရဲအဖွဲ့တွေ၊ တပ်အဖွဲ့တွေ နှစ်တိုင်နှစ်တိုင်း လာတိုက်ဖျက်တောင်မှ မရဘူး။ အခုဟာ TNLA က တပ်စပြီး ထူထောင်နေတဲ့ အချိန်လည်း ဖြစ်တယ်၊ မနိုင်ဘူးလို့ စောစောပိုင်းက လူထု အဲလိုမျိုးမြင်တယ်။ ဒါပေမယ့် လက်တွေ့ တကယ် ပြတ်ပြတ်သားသား တိုက်ဖျက်ရတဲ့ အချိန်ကျ၊ သြော် … လာဘ်လည်းမယူဘူး၊ လာဘ်ပေးလာဘ်ယူလည်း လက်မခံဘူးဆိုတော့ ဒီပုံစံနဲ့ဆိုရင် မူးယစ်ဆေးဝါး တိုက်ဖျက်နိုင်မယ်လို့ လူထုက တဖြည်းဖြည်း အသိဝင်လာတာပေါ့။
မေး။ ။ ပြီးခဲ့တဲ့ ဘိန်းစိုက်ရာသီမှာ တိုက်ဖျက်ခဲ့တာ ဘယ်လောက်ရှိလဲ။
ဖြေ။ ။ ကျနော်တို့ စုစုပေါင်း မူးယစ်ဆေးဝါး အထွက်နှုန်းများတဲ့ ၃ နေရာပေါ့နော်၊ ကျနော်တို့ တိုက်ဖျက်တာ ဧကပေါင်း ၃၀၀၀ လောက်ရှိတယ်။
မေး။ ။ ဖျက်လိုက်တဲ့ ဘိန်းခင်းတွေက ဘယ်သူတွေရဲ့ အခင်းတွေလဲဗျ။
ဖြေ။ ။ ခပ်များများက ဒီမန်တုံမြို့နယ်က ရှိနေတဲ့ တအာင်းနယ်မြေမှာ၊ အထူးသဖြင့် မူးယစ်ဆေးဝါး စိုက်ပျိုးတဲ့ နေရာလည်း ဖြစ်တယ်။ အဲဒီဟာတွေ ခပ်များများက တအာင်လူမျိုးတွေ စိုက်ပျိုးနေတဲ့ တောင်သူ ၄၀ ရာခိုင်နှုန်းရှိတယ်။ တရုတ်တွေက ၆၀ ရာခိုင်နှုန်းရှိတယ်။
မေး။ ။ ဒီနယ်မြေမှာ ဘိန်းကို စိုက်ပျိုးခွင့်ပြုတာ အခွန်ကောက်တာက ဘယ်သူတွေလဲဗျ။
ဖြေ။ ။ လက်ရှိ ကျနော်တို့ မြင်တွေ့ရတဲ့ အဖွဲ့အစည်းဆိုရင် ဒီနားလေးမှာ ပန်ဆေး ကျော်မြင့် ပထမ၊ ဒုတိယက ဦးတီခွန်မြတ် တို့ အဲဒီနှစ်ဖွဲ့တော့ လိုင်စင်ရသလိုပေါ့၊ လူထုဆီ၊ လုပ်ငန်းရှင်ဆီမှာ လွတ်လွတ်လပ်လပ် စိုက်ပျိုးခွင့်ပေးတယ်။ အခွန်အခ ကောက်တဲ့ နေရာမှာလည်း လွတ်လွတ်လပ်လပ် ကောက်တယ်။ ဘိန်းထွက်တဲ့ အချိန်မှာလည်း ဘိန်းမည်းကို စုစည်းပြီးမှ အဖြူဖြစ်အောင်၊ ရာမဖြစ်အောင် ပြန်ပြီး ချက်တဲ့ စက်ရုံတွေလည်း ပန်ဆေး ကျော်မြင့်က ၁၂ လရာသီ လုပ်ငန်းကို လည်ပတ်အောင် သူတို့လုပ်တယ်။
မေး။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရတဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ ကျနော်တို့ မူးယစ်ဆေးဝါး အထူးသဖြင့် တိုက်ဖျက်ရတယ်ဆိုတော့ ကျနော်တို့ တအာင်းလူမျိုးတွေ အမျိုးသားတွေ တဖြည်းဖြည်းကနေ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ အမျိုးသားတွေ တပုံတခေါင်း ဖြစ်နေတယ်။ လူငယ်လူရွယ်တွေလည်း ပညာတတ်နေတဲ့ လူငယ်တွေတောင်မှ ရွာထဲပြန်လာပြီ ဆိုလို့ရှိရင် ဒီမူးယစ်ဆေးဝါးကိုပဲ စွဲသွားတာ။ တချို့ရွာမှာ နေနေတဲ့ အမျိုးသားတွေ၊ သူတို့ရှိနေတဲ့ အမျိုးသမီးတွေ၊ သားသမီးတွေလည်း ဒီစီးပွားရေးကဏ္ဍမှာ မလည်ပတ်တဲ့ အတွက် ခပ်များများက ဒီခေတ်ကြီးမှာ သူတို့ တရုတ်ပြည်ကို စိတ်ဝင်စားကြတယ်လေ၊ အလုပ်သွားလုပ်ကြတာ၊ ယောကျာ်က ဘိန်းနည်းနည်းစားပြီး စကားနည်းနည်း များပြီဆိုလို့ရှိရင် အမျိုးသမီးတွေက အသက်ရှုလမ်းကြောင်းက တရုတ်ပြည်ပဲသွားရင် ကောင်းမယ်ပေါ့။ သွားရင်းနဲ့ ဟိုဘက် တရုတ်ပြည်မှာ အိမ်ထောင်ကျတာ အများကြီး။ နောက်ကွယ်မှာ ဒီကလေးတွေပဲ ဒုက္ခရောက်တယ်။ ကျနော်တို့ တအာင်းနယ်မြေမှာရှိတဲ့ မြို့နယ် အသီးသီးတွေပေါ့နော၊ ကျနော်တို့ တအာင်းလူမျိုးတွေ နောက်ထပ် ၃ နှစ်လောက် ဒီအတိုင်း ထားလိုက်မယ်ဆိုလို့ရှိရင် တအာင်းအမျိုးသားတွေ မရှိသလောက်ဖြစ်သွားပြီ၊ တုံးသလောက်ဖြစ်သွားပြီး အားလုံး ဘိန်းသမားဖြစ်ကုန်ပြီ။ ဒါကြောင့် ကျနော်တို့ TNLA အထူးသဖြင့် ဒီမူးယစ်ဆေးဝါးကို တိုက်ဖျက်နေတာ။
မေး။ ။ ဘိန်းခင်းတိုက်ဖျက်တာ၊ ကျေးရွာအတွင်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်နေတာ ဘယ်လောက်အထိ အောင်မြင်လဲ။
ဖြေ။ ။ ကျနော်တို့တပ်ကို အမြဲအခြေချနေမယ့် နေရာတွေက ၇၅ ရာခိုင်နှုန်း အောင်မြင်တယ်လို့ ကျနော်တို့ ပြောနိုင်တယ်။ ကျနော်တို့ တချို့နေရာတွေ လက်လှမ်းမမီနိုင်တဲ့ နေရာတွေ၊ ၅၀ – ၆၀ ရာခိုင်နှုန်း အောင်မြင်မှုတော့ ရှိတာပေါ့နော။ အခုကျနော်တို့ (အထူးတပ်ရင်း) ၁၁၂ နေတဲ့နေရာတွေ သူတို့ အမြဲလှုပ်ရှားနေတဲ့ နေရာတွေမို့လို့ ၇၅ ရာခိုင်နှုန်း အောင်မြင်တယ်လို့ ပြောနိုင်တယ်။
မေး။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို တကယ်လုပ်နေတယ်ဆိုတဲ့ TNLA တပ်မတော် အနေနဲ့ရော မူးယစ်ဆေးဝါး စိုက်ပျိုးတဲ့ ဖက်မှာရော၊ ထုတ်လုပ်တဲ့ဘက်မှာရော၊ အခွန်ကောက်တဲ့ ဘက်မှာရော အဲဒီနေရာတွေမှာ ကင်းရှင်းမှု ရှိရဲ့လား။
ဖြေ။ ။ ကင်းရှင်းမှုရှိတယ်။
မေး။ ။ ဘာကြောင့်ပြောနိုင်တာလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့ ဦးတည်ချက်က အမြန်ဆုံး ဘိန်းပပျောက်သွားနိုင်အောင်၊ ဒီလာဘ်ပေးလာဘ်ယူ စနစ်က ကင်းရှင်းရမယ်၊ မူးယစ်ဆေးဝါး စိုက်ပျိုးနေတဲ့ တောင်သူတွေရဲ့ အပင်ကိုလည်း ဖျက်ပစ်ရမယ်၊ ရောင်းဝယ်သူလည်း တားဆီးရမယ်၊ သုံးစွဲသူကိုလည်း အမြန်ဆုံး ပညာပေး တားဆီးအနေနဲ့တော့ အဲဒီအပိုင်းတွေက လုပ်ရမယ်။
မေး။ ။ TNLA အနေနဲ့ ဘိန်းတိုက်ဖျက်ဖို့ ကိစ္စ လာမယ့် ဘိန်းရာသီမှာ ပိုပြီးတော့ တိုက်ဖျက်ဖို့ အစီအစဉ်တွေ ရှိလား။
ဖြေ။ ။ ရှိတယ်၊ အဲဒါ အထူးသဖြင့် ကျနော်တို့ TNLA ရဲ့ ပထမ တိုက်ပွဲပေါ့။ အထူးသဖြင့် အင်အားသုံးပြီး မူးယစ်ဆေးဝါး နှိမ်နှင်းနိုင်မယ့် အခုကတည်းက ကျနော်တို့ ပြင်ဆင်ထားတဲ့ အတိုင်းအတာတွေ ရှိတယ်။
မေး။ ။ အဲဒီလိုဆိုရင် ပြည်သူ့စစ်နဲ့ TNLA တို့ အကြားမှာ ဘိန်းစစ်ပွဲတွေ ဖြစ်မလာနိုင်ဘူးလား။
ဖြေ။ ။ ဘိန်းတိုက်ဖျက်ရေးရဲ့ စစ်ပွဲကို ကြိုတင်မြင်ပြီးမှ မူးယစ်ဆေးဝါးကို တိုက်ဖျက်နေတာတော့ မဟုတ်ဘူး။ ကျနော်တို့ ဦးတည်တဲ့ဟာက မူးယစ်ဆေးဝါးကိုပဲ တိုက်ဖျက်နိုင်အောင်။ ဒါပေမယ့် တကယ်လို့ ကျနော်တို့အပေါ်မှာ သံသယဝင်လာပြီးမှ၊ ရန်သူတွေ အင်အားစုပြီးမှ ကျနော်တို့ကို တိုက်လာမယ်ဆိုလို့ရှိရင် စစ်ရဲ့ လုပ်ထုံးလုပ်နည်းပေါ့နော၊ ကျနော်တို့ရဲ့ မျှော်မှန်းချက်က ဘိန်းကိုနိုင်ဖို့အရေးက ကျနော်တို့မှာ ပြည့်ပြည့်စုံစုံတော့ လုပ်ထားတာရှိတယ်။
မေး။ ။ ဒီနှစ်မှာ (ဘိန်းခင်း) ဧက ၃၀၀၀ လောက် ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတော့ လာမယ့်နှစ်မှာ ဘယ်လောက်ထိ ဖျက်ဆီးနိုင်မယ်လို့ မျှော်လင့်ထားလဲ။
ဖြေ။ ။ လာမယ့်နှစ်က ကျနော်တို့ တအာင်းနယ်မြေမှာ ဘိန်းစိုက်ပျိုးနေတဲ့ တောင်သူတွေဟာ ရာခိုင်နှုန်းလျှော့တယ်လို့ ကျနော်တို့ အခုပြောနိုင်တယ်။ ပြီးခဲ့တဲ့နှစ်က ကျနော်တို့ တအာင်းနယ်မြေမှာ ဧက ၅၀၀၀ ရှိမယ် ဆိုလို့ရှိရင် ဒီနှစ်က ဧက ၃၀၀ လောက်ပဲ သူတို့စိုက်မှာ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ ထိထိမိမိ လုပ်သွားတဲ့ အတိုင်းအတာတွေလည်း လူထုက ၇၅ ရာခိုင်နှုန်းလောက် ရှိထားတယ်လေနော။
မေး။ ။ ဘိန်းခင်းတွေ ဖျက်ဆီးလိုက်တဲ့ အတွက်ကြောင့် တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ဆိုတယ်။ အဲဒီကာလက နောက်ထပ် ဘိန်းစိုက်ရာသီ ဘယ်ကာလလောက်ဖြစ်မလဲ၊ အဲဒီအတွက်ရော TNLA ဘက်က ဘယ်လောက်အထိ ပြင်ဆင်ထားလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့ ခြေလှမ်းက ဒုတိယနဲ့ တတိယ ပြင်ဆင်ထားတယ်။ ပထမပြီးခဲ့တဲ့လပေါ့နော၊ လူထုစီမှာလည်း စည်းရုံးရေးတွေ၊ စာတွေရော ဖြန့်ထားတယ်။ ဒုတိယ အောက်တိုဘာလပေါ့။ ကျနော်တို့ရဲ့ စစ်ကြောင်းတွေ လွှတ်ပြီးမှ စိုက်ပျိုးနေတဲ့ တောင်ပေါ်တွေ၊ ခြံတွေ အမြန်ဆုံး ဒုတိယနေရာမှာ တားဆီးဖို့ ပွဲတကယ့်ကြမ်းရမယ့်အချိန်က ဖေဖော်ဝါရီ ဒုတိယ အပတ်နဲ့ မတ်လ ဒုတိယအပတ်က တကယ်ကြမ်းတမ်းမယ့် တိုက်ဖျက်ရေး အချိန်လည်း ဖြစ်တယ်။
မေး။ ။ တအာင်းလူမျိုးတွေ အနေနဲ့ကျတော့ရော ဘိန်းကြောင့် ဘယ်လောက်တောင် ထိခိုက်ပျက်စီးမှုမျိုးတွေ ရှိနေလို့လဲ။
ဖြေ။ ။ ကျနော်တို့ တအာင်းလူမျိုးတွေ ဘက်စုံကနေ မူးယစ်ဆေးဝါးကဏ္ဍမှာ ဆုံးရှုံးတဲ့ အပိုင်းမှာ အများကြီးပေါ့နော။ ပထမ ကျနော်တို့ အားကိုး ကိုးကွယ်ရမယ့် ဗုဒ္ဓဘာသာရေးပေါ့နော၊ ဘာသာရေးနေရာမှာလည်း ကျသွားတဲ့ အပိုင်းတွေလည်း မြင်တွေ့ ရတယ်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးပေါ့၊ အမျိုးမျိုးကနေ ဒီတအာင်းလူမျိုးတွေ ၁၀၀ ရာခိုင်နှုန်းမှာ ၇၅ ရာခိုင်နှုန်းဟာ ဒီမူးယစ်ဆေးဝါးစစ်ပွဲထဲမှာ ကျဆုံးတယ်လို့ ကျနော်တို့ပြောနိုင်တယ်။
မေး။ ။ ဘိန်းဆိုတာကို စစ်ဦးစီးချုပ်အနေနဲ့ ဘယ်လိုမြင်လဲ။
ဖြေ။ ။ ဘိန်းက အထူးသဖြင့် ကျနော်တို့ရဲ့ ရန်သူပဲ။ ကျနော်တို့ တအာင်းဒေသမှာ သေနတ်သံ မထွက်ဘဲနဲ့ လူတွေက သေသေသွားရတဲ့ အပိုင်းတွေ။ အထူးသဖြင့် ကျနော်တို့ရဲ့ ရန်သူပဲ။ ကျနော်တို့ PSLF ရဲ့ ဗဟိုကော်မတီရယ်၊ ကျနော်တို့ TNLA ရယ်ပေါ့နော်၊ ရှေ့နောက်ကနေ အားလုံးဆန်းစစ်ပြီးမှ မူးယစ်ဆေးဝါးကဏ္ဍမှာ အမြန်ဆုံး မူးယစ်ဆေးဝါး ရှိနေသရွေ့တော့ ဘာပဲလုပ်လုပ် အဆင်မပြေနိုင်ဘူး၊ ဘာပဲလုပ်လုပ် အောင်မြင်မှုမရနိုင်ဘူး။
TNLA ပေါ်လာတဲ့ အချိန်မှာလည်း ဒီမူးယစ်ဆေးဝါး ရှိနေသရွေ့တော့ ကျနော်တို့ရဲ့ လိုရာခရီး ပန်းတိုင်တော့ မရောက်နိုင်ဘူး၊ မူူးယစ်ဆေးဝါး တအာင်းနယ်မြေမှာ အခန်းကဏ္ဍ ပေါင်းစုံပေါ့၊ ကျနော်တို့ တအာင်းလူမျိုးတွေ ဖွံ့ဖြိုးလာမှပဲ။ ကျနော်တို့ သူများလို၊ မြန်မာနိုင်ငံမှာရှိနေတဲ့ တိုင်းရင်းသားတွေလို တန်းတူရေး ပညာကဏ္ဍမှာ အခုလက်ရှိ ခေတ်ဖွံ့ဖြိုးတိုးတက်တဲ့ ကဏ္ဍမှာ ကျနော်တို့ တအာင်းလူမျိုးတွေ ဒီအတိုင်းပဲ ကျဆုံးအမှောင်ဘဝကနေ နေရမယ့် ဘဝမဖြစ်စေချင်ဘူး။ အထူးသဖြင့် ကျနော်တို့ TNLA က မူးယစ်ဆေးဝါးကို နံပါတ်တစ် ဦးစားပေးနေရာကနေ တိုက်ယူရတာ။