သမ္မတရုံး ဝန်ကြီးတပါးဖြစ်တဲ့ ဦးအောင်မင်းဟာ ရာထူးက နုတ်ထွက်စာတင်တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။
အကယ်၍ ဦးအောင်မင်း လက်ရှိ ရာထူးက ထွက်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ စဉ်းစားစရာပါ။ ဦးအောင်မင်းဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အားထားရတဲ့သူ တဦးဖြစ်ပါတယ်။
ဒီ့အပြင် သမ္မတ ဦးသိန်းစိန် အားထားရသူတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ အပေါ် လွှတ်တော် အုပ်စု၊ ကြံ့ခိုင် ရေး ပါတီ အုပ်စုတွေနဲ့ စစ်တပ်တွင်း တွေမှာ မနာလိုမှု မကျေနပ်မှုတွေကြောင့် တိုက်ခိုက်မှု၊ ခြေထိုးမှုတွေ ရှိတယ် ဆိုတဲ့ ပြောဆို သံတွေလည်း ထွက်ပေါ်နေပါတယ်။
ဦးအောင်မင်းဟာ မီးရထား ဝန်ကြီး တာဝန် ထမ်းဆောင်စဉ် ကတည်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေ လုပ်ပြီး အပစ်အခတ် ရပ်စဲရေး သဘော တူညီမှုတွေ ရဖို့၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ဖု့ိ အဓိက တာဝန်ယူ ခဲ့သူပါ။
သမ္မတ ဦးသိန်းစိန် ကလည်း ဦးအောင်းမင်းကို လက်ရှိ ရာထူးက ပေးထွက်မှာ မဟုတ်ဘူးလို့ ယူဆ ရပါတယ်။ အကယ် ၍ ဦးအောင်မင်းကို ရာထူးက နုတ်ထွက်ခွင့် ပေးလိုက်တယ် ဆိုရင် လက်ရှိ သူ အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆိုင်ရာ လုပ်ငန်း စဉ်ကြီးဟာ လမ်းကြောင်း ပြောင်းသွားနိုင်တယ်လို့ ဦးသိန်းစိန်က စဉ်စားနိုင်ပါတယ်။
နိုင်ငံတကာကလည်း မြန်မာနဲ့ စီးပွားရေး ပူူးပေါင်းဆောင်ရွက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်နိုင်စေဖို့ မြန်မာအစိုးရ ကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဦးဆောင်အကောင်အထည်ဖော်ဖို့ တိုက်တွန်းမှုတွေရှိနေသလို ငြိမ်းချမ်းရေးဖော် ဆောင်ဖို့အတွက် ရန်ပုံငွေတွေလည်း ထောက်ပံ့ပေးထားကြပါတယ်။
အခု ဇူလိုင်လထဲမှာ သမ္မတ ဦးသိန်းစိန် အစိုးရဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲ လုပ်ဖို့ အစီအစဉ် ရှိနေချိန်လည်းဖြစ်ပါတယ်။
ဦးအောင်မင်း နုတ်ထွက်စာ တင်တယ်ဆိုတာနဲ့ပတ်သက်ပြီး နောက်ထပ် သမ္မတရုံး ဝန်ကြီးတပါးဖြစ်တဲ့ ဦးစိုးသိန်း ကတော့ နေပြည်တော်မှာ ဒီသတင်းအပေါ် ဧရာဝတီက မေးမြန်းစဉ် ငြင်းဆိုသွားခဲ့ပါတယ်။
နောက်ဆုံးရတဲ့ သတင်းအရ ဦးအောင်မင်း ရာထူးက နုတ်ထွက်မှာ မဟုတ်ဘူးဆိုတော့ လက်ရှိသွားနေတဲ့ ငြိမ်းချမ်း ရေး အစီအစဉ်တွေနဲ့ ပတ်သက်တာတွေအတွက် အပြောင်းအလဲမရှိနိုင်ဘူးလို့ ယူဆရမယ် ထင်ပါတယ်။
ထူးခြားတာကတော့ မြန်မာအစိုးရဘက်က တဖက်သတ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ၊ အမေရိကန် သမ္မတ ဟောင်း ကာတာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဂျင်မီကာတာတို့ကို တက်ရောက်ဖို့ ဖိတ်ကြားမှုတွေရှိသလို အဆိုပါ ပုဂ္ဂိုလ် တွေကလည်း တက်ရောက်ဖို့ ပြင်ဆင်မှုတွေ ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က အခုလို မြန်မာအစိုးရ စီစဉ်နေတဲ့ တနိုင်ငံလုံး အတိုင်း အတာနဲ့ အပစ် အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်ကြသေးပါဘူး။
တိုင်းရင်းသားတွေဘက်က လက်မှတ်ထိုးဖို့ အဆင်သင့် မဖြစ်သေးတာကလည်း မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့တွေကြား တပ်များနေရာချထားရေးကအစ၊ Code of Conduct ဆိုင်ရာ ၂ ဖက် သဘောတူညီမှုကိစ္စနဲ့ နိုင်ငံရေးရေး ဆွေးနွေးပွဲ ကိစ္စအဆုံး ခိုင်မာတဲ့ သဘောတူညီမှုတွေ မရသေးတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
နောက်တခုကလည်း တိုင်းရင်းသား ဒေသတချို့မှာ မြန်မာအစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တချို့ ကြား လတ်တလော တိုက်ပွဲတွေဖြစ်နေတာကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက မြန်မာအစိုးရအပေါ် ယုံကြည်မှုအပြည့် ရှိဖို့ အခက်အခဲတခုပါ။
ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်မြောက်ပိုင်း(SSPP/SSA)၊ TNLA စတဲ့ တိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့တချို့နဲ့ လတ်တလော စစ်ပွဲတွေဖြစ်နေချိန်မှာ မြန်မာအစိုးရ ဖော်ဆောင်ပြလိုတဲ့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူမှုရရေးဟာ တကယ်တော့ အကန့်အသတ်တွေရှိနေဆဲပါ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့လည်း သက်ဆိုင်ရာ အဖွဲ့အတွင်း ညီညွှတ်ရေး အားနည်းချက် တချို့ရှိ သလို အဖွဲ့တဖွဲ့နဲ့ တဖွဲ့ ကြားလည်း ညီညွှတ်ရေး အားနည်း ချက်တချို့ရှိနေတာလည်း အကြောင်းတခုပါ။
မြန်မာအစိုးရဘက်ကတော့ အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ထိုးပွဲကို လုပ်ချင်နေတဲ့အကြောင်းအရင်းတွေများစွာ ရှိပေမယ့် အထင်အရှားဖြစ်တာကတော့ လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာအနေနဲ့ အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နိုင်တယ်ဆိုတာ နိုင်ငံတကာကို ပြသလိုတာလည်း တခု အပါ အဝင် ဖြစ်နိုင်ပါတယ်။
အခုလို မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ မျက်နှာစာမှာ ပြယုဂ်ကောင်းအောင် လုပ်ဆောင်နေတာတွေနဲ့ပတ်သက်ပြီး နိုင်ငံတွင်းက ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေဟာ မြန်မာငြိမ်းချမ်းရေးစင်တာ ခေါ်တဲ့ MPC က အဓိက တာဝန်ယူတာ မဖြစ်နိုင်ဘဲ နိုင်ငံတကာမှာ ကျွမ်းကျင်တဲ့ မဟာဗျူဟာဆိုင်ရာ အကြံပေး အကျိုးဆောင် အဖွဲ့(လော်ဘီ) တခုခုက လုပ်ပေးနေတယ်လို့ ယူဆနေသူတွေလည်း ရှိပါတယ်။
ဒါကလည်း တချိန်က မြန်မာစစ်အစိုးရအတွက် အမေရိကန် လော်ဘီ ကုမ္ပဏီတွေဖြစ်တဲ့ ဝါရှင်တန် ဒီစီအခြေစိုက် DCI လို မဟာဗျူဟာမြောက် ဆက်သွယ်ရေး လော်ဘီလုပ်ပေးတဲ့ ကုမ္ပဏီမျိုးတွေကို ငှားရမ်း အသုံးပြုတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုတဲ့ လုပ်ငန်းစဉ်ကြီး အကောင် အထည်ဖော်ဖို့ဆိုတာမှာ မြန်မာအစိုးရဘက်ကလည်း လိုအပ်ချက်တွေ ရှိနေသေးသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း လိုအပ်ချက်တွေ ရှိနေဆဲမို့ အချိန်တခုတော့ လိုအပ်မယ်လို့ ပြောရပါမယ်။ ။