“Democracy Practice” ၊ “Democracy Principle” ဆိုသော စကားလုံးများကို ကျမတို့ နိုင်ငံမှာ စတင်အသုံးပြု နိုင်ခဲ့သည်မှာ ၂ နှစ်သာ ရှိသေးသည်။ နွားသတ္တဝါတို့က မွေးပြီးပြီးချင်း လမ်းလျှောက်တတ်၏။ လူသတ္တဝါတို့က လမ်းလျှောက်တတ်ရန် ၁ နှစ်ကျော် ကြာသည်။ ၂ နှစ်ဆိုလျှင် ဟိုပြေး ဒီပြေး ၊ ကားတိုက်မှာလည်း မရှောင်တတ်သေး။ ဒီမိုကရေစီ အရေး ဆိုတော့ ပိုကြာပေလိမ့်မည်။
မနက် မိုးလင်းပြီဆိုလျှင် ရောက်လာသော သတင်းစာ (ပုဂ္ဂလိက သတင်းစာ) ကို ဖတ်ရင်း နံနက်စာပင် ဖြောင့်ဖြောင့် မစားနိုင်တော့။ ဘာတွေ ဖြစ်ပြန်ပြီလဲ..? ဆိုတာ တထင့်ထင့်နှင့်၊ သတင်းခေါင်းစဉ် တခုကို ဖတ်လိုက်ရသည်။ “ကာတာ ကုမ္ပဏီ လိုင်စင်ပေးမှု အမျိုးသားရေး ဝါဒီအချို့ ဝေဖန်” တဲ့။ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းအတွက် နိုင်ငံခြား ကုမ္ပဏီ ၂ ခုကို တင်ဒါ ချပေးလိုက်သည့် ကိစ္စအပေါ် မကျေနပ်.. ဆို၏။ ဆိုးတာက ဓာတ်ပုံပါ။ အာရပ်အမျိုးသားများ ကုမ္ပဏီဖွင့်ပွဲ တခု လုပ်နေခြင်းကို ဝိုင်းဝန်းသြဘာ လက်ခုပ်ပေး နေသည့်ပုံ ဖြစ်၏။ အာရပ် မျက်နှာများ မြင်ရုံနှင့် သူတို့ ကန့်ကွက်သည့် အကြောင်းကို ဖတ်စရာ မလိုတော့ပေ။
ဘာကြောင့်များ ဤပုံကို မျက်နှာဖုံးမှာ ဦးစားပေး ဖော်ပြတာပါလိမ့်။ သည်လောက် ဆူပွက်နေသည့် ကြားမှာ မီးလောင်ရာ လေပင့်တာထက် ဓာတ်ဆီပုံး ယူလာရသလားဟု စိတ်မကောင်း ဖြစ်မိသည်မှအပ၊ ဘာမှ မတတ်နိုင်။ ဒါဟာ ဒီမိုကရေစီ သတင်းစာ။ ဒါဟာ ဒီမိုကရေစီ နိုင်ငံ။
နောက် သတင်း တခုက “လွှတ်တော် အရေးကြီး အဆို မရိုးဖြောင့်သည့် သဘော ယူဆ” ဟု ဖော်ပြထားသည်။ ဤ စကားကို ပြောရဲသူကား မီဒီယာ မဟုတ်။ လွှတ်တော် ကိုယ်စားလှယ် ကိုယ်တိုင် ဖြစ်၏။ “နိုင်ငံအတွင်း ဆက်သွယ်ရေး လုပ်ငန်း လိုက်စင် များ ရရှိသည့် ကုမ္ပဏီ ၂ ခု၏ အမည် စာရင်းကို ဇွန် ၂၇ တွင် ကြေညာရန် ရှိသည် ဖြစ်ပါလျက်၊ ဇွန် ၂၆ တွင် အရေးကြီးအဆို တင်ပြီး ထိုကြေညာမည့် ကိစ္စကို ရပ်ဆိုင်းရန် တင်သွင်းခြင်းမှာ မရိုးဖြောင့်သည့် သဘောဟု ယူဆကြောင်း” ပြောလိုက်သူကား ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦးဖြစ်၏။ ပြောသည့် နေရာက ပြင်ပရှိ မီဒီယာများကို ပြောခြင်းမဟုတ်၊ သတ္တမ ပုံမှန် အစည်းအဝေး တတိယနေ့၌ ပြောခြင်း ဖြစ်သည်။ လွှတ်တော်က ကန့်ကွက်ခဲ့သော်လည်း အစိုးရအဖွဲ့က အဆိုပါ လိုင်စင်ရ ကုမ္ပဏီများ အမည်စာရင်းကို ဇွန် ၂၇ ရက်နေ့ ညနေ ၆ နာရီတွင် ကြေညာခဲ့သည်။
အထက်ပါ သတင်းများ ဖတ်ရသောအခါ မနက်စာ မစားဘဲနှင့် ဗိုက်ပြည့်သွားရပါသည်။ အချို့က ဤ ဖြစ်ရပ်သည် လွှတ်တော်၏ ပုံရိပ်ကို ထိခိုက်စေသည် (အထင်သေးစေသည်) ဟု ဆိုကြ၏။ အထင်သေးအောင် လုပ်လျှင် လူ့သဘာ၀ အတိုင်း အထင်သေးခံရမှာပဲ ဖြစ်၏။ ဒေါ်တင်နွယ်ဦးက ရဲရဲဝံ့ဝံ့နှင့် “မရိုးဖြောင့်ဘူး” ဟု ယူဆသကဲ့သို့ လူထုအနေနှင့်လည်း ယူဆကြမည်ပင် ဖြစ်သည်။ “လွှတ်တော်အသံ ပြည်သူ့အသံ” ဟု ရုပ်မြင်သံကြားတွင် မကြာခဏ မြင်နေရသည်။ အမှန်တကယ်ရော ပြည်သူ့အသံ ထင်ဟပ်ပါရဲ့လား။
လွှတ်တော်ကို တံခါးပိတ် ကျင်းပခြင်း မဟုတ်ဘဲ၊ အားလုံး မြင်သာအောင် ထုတ်လွှင့်ပြခြင်းကလည်း လူထုကို ပွင့်လင်းမြင်သာ စေသဖြင့် ဝမ်းသာရ၏။ ပါတီတခုက လွှတ်တော်ထဲ ရောက်သွားခါစတွင် အဆိုတခုကို ဆွေးနွေးရာ သူ့ပါတီ ခေါင်းဆောင်၏ ကိုယ်ရည်ကိုယ်သွေးကို အမွှမ်း တင်နေသဖြင့် လွှတ်တော် ဥက္ကဋ္ဌက တူထုပြီး “ အဆိုကိုသာ ဆွေးနွေးပါ” ဟု တားခဲ့ရသည်မှာလည်း အထင်သေးစရာ တကွက် ဖြစ်ခဲ့သေးသည်။ ငြင်း၍မရပါ။ အဆိုးဆုံးက “အမတ်တွေ အိပ်ငိုက် မနေကြနဲ့” ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက သတိပေးခဲ့ပုံတည်း။ ကြားရတာ ဝမ်းသာရပါသည်။
မည်သို့ပင်ဖြစ်ပါစေ၊ သတင်းတပုဒ်၌ မြင်ရသကဲ့သို့ နိုင်ငံခြားရှိ အမတ်များ လွှတ်တော်အတွင်း လက်သီးထိုးနေကြတာမျိုး မဖြစ်တာပင် တော်ပါသေးသည်။ လွှတ်တော်တွင်း၌ ပါတီတခုနှင့် တခု၊ ပါတီတခု အတွင်း အမြင်ကွဲလွဲကြလျှင် မဖုံးမကွယ်၊ အားမနာတမ်း ပြောကြ ဆိုကြဖို့ လိုပါသည်။ အစိုးရအဖွဲ့နှင့် ကွဲလွဲတာလည်း ပြောကြရမည်ပင် ဖြစ်ပါသည်။ သို့မှသာ လူထုကလည်း “အမှန်”ကို စဉ်းစားနိုင်မည် ဖြစ်၏။ “အားလုံးကောင်းပါသည် ခင်ဗျား“ ကို မုန်းတီးခဲ့ရသော နှစ် ၅၀ လူထု ဖြစ်ပါသည်။
ပါတီတွင်း အစည်းအဝေး တခုတွင် သူ့ပါတီဝင်များအား “အမတ်” ရောဂါ ထနေကြောင်း ပြောသည်ကို၊ သူ ကိုယ်တိုင် သမ္မတရောဂါ ရှိနေသဖြင့် သူ့လူများလည်း ဒါလောက်တော့ ရှိမှာပေါ့ဟု ဝေဖန်သော ပြည်သူတဦး၏ အသံကိုလည်း ထုတ်လွှင့်သင့် ပါသေးသည်။ မည်သူ့တွင်မှ “အပြစ်” မရှိဟု ထင်ပါသည်။ ၂ နှစ်သားလေး လမ်းလျှောက်တတ်ခါစ ဟု နားလည်ပေးကြပါသည်။ သို့သော် မီဒီယာ ကိုယ်တိုင်လည်း ၂ နှစ်သားပင် မပြည့်သေးသဖြင့် ပို၍ ပို၍ သတိထားကြရပါဦးမည်၊ ကြိုးစားရပါဦးမည်။ မီဒီယာ ချော်လဲလျင် ၁၀ ဘီး ကားကြီး တိုက်တာ ခံရမည်။ နှစ်ပေါင်းများစွာ နောက်ကျကျန်ရစ်ခဲ့ရပြီးပြီ။ ထပ်မံ နောက်ကျ မသွားဖို့ အရေး လွှတ်တော်၊ နိုင်ငံရေးပါတီ များ၊ ပြည်သူများ၊ မီဒီယာများနှင့် ပြည်သူ့ဝန်ထမ်းများ အားလုံး သတိကြီးကြီးနှင့် ရှေ့ဆက်သွားကြရမည် ဖြစ်ပါကြောင်း။