အမုန်းမီးများ ငြှိမ်းပေးပါ

အေးချမ်းမြေ့

This article has been converted from Zawgyi One to Unicode

အကြိတ်အခဲ အဖုအထစ်များသည် သာမန် သူငယ်ချင်းချင်း စကားဝိုင်းငယ်ကလေးများသို့ပါ ပျံ့နှံ့နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး နေလာသော သူငယ်ချင်း အသိုင်းအဝိုင်းများအကြား စကားလေး တခွန်းပင် အမှားမခံသည့် အဖြစ်အပျက်မှာ အတော်ကလေး အံ့သြစရာ ကောင်းလှသည်။

ကျမက နှစ်ခြင်း ခရစ်ယာန်ဘာသာဝင် တဦး၊ ကျမတို့ ငယ်စဉ်ကတည်းက တွဲခဲ့သည့် သူငယ်ချင်းအုပ်စုထဲတွင် ခရစ်ယာန်ပါသည်၊ ဗုဒ္ဓဘာသာ ပါသည်၊ ဟိန္ဒူလည်းပါသည်၊ မွတ်စလင်က သူငယ်ချင်း အရင်းအချာထဲတွင် အလွန် နည်းသည်။ ရှိတော့ရှိသည်။

အားလုံး ငယ်စဉ်ကတည်းက ပေါင်းသင်းလာသောကြောင့် တယောက် သဘော တယောက်သိကြသည်။ ဘာပြဿနာမှ မဖြစ်ဖူးကြ။ ဘာသာတရား အကြောင်း ဆွေးနွေးခဲကြသော်လည်း တဦးအကူအညီလိုလျှင် တဦးက ပေးမြဲ၊ ဘာသာရေး ပွဲတော် များတွင်ပင် တဦးကိုတဦးက ကူညီနေကြ၊ အတူ နွှဲနေကြဖြစ်သောကြောင့် မကြာသေးက မြန်မာပြည်တွင်း ဖြစ်ပွား ခဲ့သည့် ပဋိပက္ခကိစ္စများကိုလည်း အားလုံးနှင့် သက်ဆိုင်သည်၊ အားလုံးတွင် တာဝန်ရှိသည်ဟု ယူဆကြသည်၊ ဘယ်ဘာသာ တရားကိုမှ လွှဲချခြင်းမရှိဘဲ၊ ထိုကိစ္စ ဆွေးနွေးစဉ် တာဝန်ရှိသူ တဦးတယောက်ကိုသာ ဦးတည် အပြစ်တင် ကြသည်။ အထူးသဖြင့် ကျမတို့ သူငယ်ချင်း အုပ်စုထဲတွင် မွတ်စလင်က မပါသလောက် ဖြစ်သော်လည်း အစ္စလမ်ဘာသာကိုပင် အပြစ်တင်ခြင်း မရှိကြ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် ပျော်ရွှင်နိုင်ကြသည်ဟု ကျမထင်သည်။

အေးချမ်းမြေ့သည် ဧရာဝတီ သတင်းဌာန၏ မြန်မာပိုင်း အယ်ဒီတာ တဦး ဖြစ်သည်။ တခြား ကလောင်ခွဲ ဖြစ်သည့် တူးတူးသာ အမည်ဖြင့်လည်း ဝတ္ထုတို၊ ရသ စာပေများ ရေးသားနေသူ ဖြစ်သည်။

သို့သော် မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် Time မဂ္ဂဇင်း မျက်နှာဖုံးတွင် ဦးဝီရသူပုံပါလာခြင်း၊ ဆောင်းပါးပါလာခြင်း စသည့် အဖြစ်အပျက်များ နောက်ပိုင်းတွင်တော့ သူငယ်ချင်းများ အကြား မတူသည့်အမြင်များ ပေါ်လာရုံမက၊ တချို့သူငယ်ချင်းများ၏ အမုန်းတရားများကိုပါ အံ့သြစရာ ကောင်းလောက်အောင် မြင်တွေ့ခဲ့ရသည်။

လွန်ခဲ့သည့် တပတ်က ကျမတို့ သူငယ်ချင်း ၃၊ ၄ ယောက် စကားဝိုင်းဖွဲ့ဖြစ်ကြသည်။ ကျမနှင့် ရွယ်တူပါသလို၊ ကျမထက် ငယ်ရွယ်သူ များလည်း ပါသည်။ ထုံးစံအတိုင်း ကျမတို့ စကားဝိုင်း များသည် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိသည်ဖြင့် ဦးတည်ရာမဲ့ အဆင်ပြေသလို ပြောဆိုနေရာမှ Time မဂ္ဂဇင်းနှင့် ဦးဝီရသူ ကိစ္စသို့ စကားရောက်သွားသည်။ ထိုသူငယ်ချင်းက ပညာတတ် လူငယ်တယောက်၊ အလုပ်အကိုင် ကောင်းမွန်သည်၊ စင်ကာပူနှင့် မြန်မာနိုင်ငံကို အပတ်စဉ် ဥဒဟို အသွား အပြန် လုပ်နေသူ တဦး ဖြစ်သောကြောင့် သူ့ကိုတော့ အမြင်ကျယ်သူ အဖြစ် ကျမက သတ်မှတ်မိသည်။ သို့သော် ကျမအထင် လုံးဝ လွဲချော်သွားသည်။ ထိုသူငယ်ချင်းက မွတ်စလင် အမုန်းတရား၊ Time ဆန့်ကျင်ရေး စကားများ စပြောလာသည်။ သူ၏ မုန်းတီးမှုကို ကျမ မဝေဖန်လိုပါ။ သို့သော် သူမုန်းရုံတင်မက စကားဝိုင်းတွင် ထိုင်နေသူ အားလုံး သူ့ကို ထောက်ခံစေချင်သည်၊ သူမုန်းသလို လိုက်မုန်းတီးစေချင်နေသည်။

အမှန်အတိုင်း ပြောရလျှင် ကျမ အနေဖြင့် မွတ်စလင်များကို ချစ်ခြင်း မုန်းခြင်း ဘာမှ သိပ်မရှိ။ မုန်းတီးရလောက် အောင်လည်း ကျမနှင့် အငြိုးအတေး၊ ရန်စ မရှိ။ ချစ်ခင်ရလောက်အောင်လည်း ကျမတို့ သူငယ်ချင်း အရင်းအချာထဲတွင်ပင် မွတ်စလင်များ မပါဝင်သလောက် နည်းသည်။ အိမ်နီးချင်း မွတ်စလင်များနှင့်မူ ပုံမှန်ဆက်ဆံရေး ရှိသည်၊ သူ့ပွဲတော်တွင် သူကျွေးသည့် မုန့်ကို စားသည်၊ ကျမတို့ ပွဲတော်တွင် သူတို့ကို ဖိတ်ကြားသည်။ ဒီလောက်ပဲ။

ဆက်ရလျှင် သူငယ်ချင်းက စကားဝိုင်းတွင် ထိုင်နေသူများ အားလုံး မွတ်စလင် ဆန့်ကျင်စေချင်နေသည်ကိုတော့ ကျမ ဘဝင်မကျ။ ကျမတို့ စိတ်နှင့် ကျမတို့ကိုယ် မုန်းချင်လည်း မုန်းမည်၊ ချစ်ချင်လည်း ချစ်မည်၊ အလကားနေရင် မုန်းကြစို့ ဆိုတာမျိုးတော့ ကျမ လက်မခံ။ ထိုကိစ္စကို ကျမက ပြောပြတော့ သူက ကျမမျက်နှာကို လက်ညှိုးငေါက်ငေါက် ထိုးကာ “အစ်မတို့ ခရစ်ယာန်တွေမှ မခံရသေးတာ၊ ကဲ … ဒါဆို အစ်မတို့ ခရစ်ယာန်တွေ — ပဲ ဆိုရင် အစ်မ ကျနော်တို့ ဗုဒ္ဓဘာသာတွေကို ဘာပြောမလဲ” ဟု ရိုင်းစိုင်းစွာ ပြောဆိုလာသည်။

ကျမက စိတ်ဆိုးရမည့်အစား ရယ်သာ ရယ်ချင်မိသည်။ သူက ကျမစိတ်မဆိုး ဆိုးအောင် ဆွခြင်းဖြစ်သော်လည်း ကျမ စိတ်မဆိုးနိုင်။ သူ စိတ်ပါလက်ပါ ရိုင်းစိုင်းခြင်း မဟုတ်သည်ကို ကျမသိသည်။

“နင်အဲဒီလို ပြောရုံနဲ့ နင်တို့ ဗုဒ္ဓဘာသာဝင်တွေကို ဘာပြောရမှာလဲ။ အခုရိုင်းတာ နင်ရိုင်းတာပဲ၊ နင်တို့ ဗုဒ္ဓ ဘာသာ အားလုံး ရိုင်းတာမှ မဟုတ်တာ။ အဲဒီတော့ တကယ်လို့ ငါ စိတ်ဆိုးတယ် ဆိုရင်တောင် နင့်ကိုပဲ စိတ်ဆိုးမှာပေါ့။ အခုတော့ နင့် ရည်ရွယ်ချက်ကို ငါသိလို့ နင့်ကိုလည်းငါ စိတ်မဆိုးပါဘူး” ဟု ကျမ ပြန်ပြောမိသည်။

ပညာတတ် လူယဉ်ကျေး တယောက်အနေနှင့် သူပြောမိသည့် ရိုင်းစိုင်းသော စကားအတွက် သူ့ဘာသာ ရှက်သွားပုံရသည်။ ကျမကို အထပ်ထပ် အခါခါ ပြန်တောင်းပန်သည်။ ကျမကို ပြန်တောင်းပန် သော်လည်း သူ၏ မွတ်စလင် အမုန်းတရားက မလျော့ပါး။ သတ်မည် ဖြတ်မည် ဆိုသည့် စကားလုံးများပါ ပါလာသည်။ ကျမ အတော်လေးတော့ စိတ်ပျက်မိသည်။

သူက “မွတ်စလင်တွေက လူသတ်တယ်ဗျ၊ တခြားဘာသာတွေက လူမသတ်ဘူး” ဟု ဆိုပြန်သည်။ သူက မလေးရှားတွင် မြန်မာများ အသတ်ခံရမှုကို ညွှန်းခြင်း ဖြစ်သည်။ ဒီတော့ကျမက မွတ်စလင်ကော၊ ခရစ်ယာန်ကော၊ ဗုဒ္ဓဘာသာကော ဘယ်ဘာသာမဆို အစွန်းရောက်သူများ၊ လူသတ်ချင်စိတ် ရှိသူများ လူသတ်ကြသည်ဟု ပြန်ပြောတော့ သူ လက်မခံပြန်။ သီရိလင်္ကာက ဗုဒ္ဓဘာသာ အစိုးရ၏ တမီလ် ကျားသူပုန်နှိမ်နင်းမှု၊ ဗုဒ္ဓဘာသာကို လူသိရှင်ကြား ယုံကြည်ဆည်းကပ်ပြနေသော စစ်အာဏာရှင် အစိုးရအဆက်ဆက် မတရား လူသတ်ခဲ့ကိုလည်း ပညာတတ်သော သူ သိသည်ပင်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များ လူသတ်သည်ဟု ဆိုရမည်လား။

ကျမအမေ၏ နေအိမ်က သန်လျင်မြို့၏ အကြီးဆုံး မွတ်စလင်ရပ်ကွက် ဖြစ်သည့် ဒါရ်ဂါ ရပ်ကွက်နှင့် ကပ်လျက်တွင် ရှိသည်။ ထို ဒါရ်ဂါ ရပ်ကွက်သည် အစ္စလမ်ဘာသာ သာသနာပြု ၅ ဦး၏ ဂူသချႋုင်းကို အစွဲပြု၍ ဆောက်လုပ်ခဲ့သော ဒါရ်ဂါ ဗလီ ကို အစွဲပြုကာ ဖြစ်ပေါ်လာခဲ့သည်။ လွန်ခဲ့သော တောင်ငူဘုရင် နတ်သျှင်နောင် လက်ထက် သန်လျင်သို့ ဆိုက်ရောက်လာသော အစ္စလမ် သာသနာပြု ၅ ဦးကို သန်လျင်တွင် အရင်ရောက်နေသည့် ပေါ်တူဂီလူမျိုး ကက်သလစ် ခရစ်ယာန် ဘာသာဝင် ငဇင်ကာက ဆီး၍ ကွပ်မျက်ခဲ့သောကြောင့် ကွယ်လွန်ခဲ့သည်ကို အစွဲပြုကာ ၎င်းတို့ ဂူသချႋုင်းတွင် ဗလီ တည်ဆောက် ခဲ့သည်ဟု ဒါရ်ဂါ သမိုင်းတွင် ကျမ ဖတ်ဖူးသည်။ ယခုလက်ရှိ အချိန်အထိ ဒါရ်ဂါ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ နှစ်စဉ် ဒီဇင်ဘာလ ရောက်တိုင်း ကျင်းပကြသည်။ အနယ်နယ် အရပ်ရပ်မှ အစ္စလမ်ဘာသာဝင်တို့ လာရောက် နွှဲလေ့ရှိသော ပွဲတော်လည်း ဖြစ်သည်။ ယင်းဗလီ အနီးတဝိုက်တွင် အစ္စလမ် ဘာသာဝင် အများစု နေထိုင်ကြသည်။ ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ထောက်လှမ်းရေး ခေတ်က ထိုရပ်ကွက်ကို “ရာဇာဓိရာဇ်” ရပ်ကွက်ဟု အမည်သစ်ပေးသော်လည်း မည်သူ တဦးတယောက် ကမှ ရာဇာဓိရာဇ်ဟု မခေါ်ကြ၊ ကားစပယ်ယာများ၊ သန်လျင်သူ သန်လျင်သားများက “ဒါရ်ဂါ လမ်းဆုံ ပါတယ်” ဟုသာ အော်ကြသည်။ အခုတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့်လက်ထက်က ထူခဲ့သော “ရာဇာဓိရာဇ် ရပ်ကွက်” ဆိုသည့် သစ်သား ဆိုင်းဘုတ်လည်း မရှိတော့ပေ။ ငဇင်ကာ လူသတ်ခဲ့သည်နှင့် ခရစ်ယာန်ဘာသာဝင်များ လူသတ်သည်ဟုဆိုလျှင် တရားပါမည်လား။

ပြောချင်သည်က ဘယ်ဘာသာ တရားကမှ လူသတ်ခြင်းကို မထောက်ခံ၊ အားမပေး၊ ဘယ်ဘာသာကမှ လူသတ်ခြင်း မဟုတ်ဘဲ လူတို့ကသာ ဝါဒအစွန်းရောက်၍ လူသတ်ခြင်းဖြစ်သည်။ ဒါကိုလည်း ကျမသူငယ်ချင်းက သိသည်။ သို့သော် သူ့အစွဲနှင့် အမုန်းတရားကို မစွန့်နိုင်။ နောက်ပိုင်း သူပြောပုံများက ဝါးလုံးရှည်ကို ချေးသုတ်ရမ်းသည်နှင့် တူလာသောကြောင့် ကျမတို့ စကားဝိုင်း၏ ခေါင်းစဉ်ကို ပြောင်းပစ်ရသည်။ ထိုသို့ ပြောင်းလိုက်သည့် တိုင်အောင် ကျမတို့စကားဝိုင်းက ခါတိုင်းလို ပျော်စရာ မကောင်းတော့ကြောင်း အားလုံးခံစားမိကြသည်။

ထိုတိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး အငြင်းပွားမှုများ၊ အမုန်းတရားကို ဖောက်ခွဲမှုများ ပညာတတ် လူငယ် လူရွယ်များ အကြား၊ သာမန်လူများအကြား ဘယ်လောက်ထိ ပြန့်နှံ့နေသလဲ ကျမ မပြောတတ်သော်လည်း ရှိနေသည်ကတော့ ငြင်းမရ။ facebook ပေါ်မှ အမုန်းတရားများ၊ တဦးနှင့်တဦး အပြန်အလှန် ရိုင်းပြ ဆဲဆိုမှုများမှာလည်း မြင်မကောင်းအောင် တွေ့နေရသည်။ facebook ပေါ်တွင်သာမက လူမှုဝန်းကျင် တကယ့်လောကထဲတွင်ပါ အကြောင်းမဲ့ မုန်းတီးမှုများ ပျံ့နှံ့လာသည်ကိုတော့ လူယဉ်ကျေးတိုင်း လက်ခံနိုင်မည်ဟု ကျမ မထင်ပါ။

ကျမ စုပေါင်း တက္ကစီ စီး၍ အိမ်ပြန်သည့်အခါ ကားနောက်ခန်းတွင် မွတ်စလင် တယောက်ယောက် ပါလာပါက သူ့နားတွင် ထိုင်ကြရန် တွန့်ဆုတ်နေသည်ကို တွေ့ရသည်။ တခါလည်း ကားဒရိုင်ဘာနှင့် ရှေ့ခန်းတွင် ထိုင်စီးသူ တဦးတို့ မွတ်စလင် မုန်းတီးရေးကို အတိုင်အဖောက် ညီစွာ ပြောဆိုနေကြသည်ကို ကြားရသည်။ ကားနောက်ခန်းတွင် လိုက်ပါလာသော အိန္ဒိယသွေး နှောသူတဦးအတွက် ကျမ အားနာရသည်။ သူ မွတ်စလင်ဟုတ်မဟုတ်တော့ ကျမ မသိ။ ဘတ်စ်ကားပေါ်တွင် ထိုင်စရာ ရှားပါးသည့် တိုင်အောင် မွတ်စလင်တယောက်ယောက် ဘေး၌ ထိုင်ခုံလွတ်နေပါက ဝင်မထိုင်ကြသည်ကို တွေ့ရသည်။ တခါလည်း ကျမအမေက မင်္ဂလာဈေးတွင် ကော်ဇောသွားဝယ်ခဲ့ပြီး ကားငှားစဉ် ဒရိုင်ဘာက အမေကော်ဇောဝယ်ပြီး ထွက်လာသည့် မွတ်စလင် ဆိုင်ကို ညွှန်း၍ “ဗုဒ္ဓဘာသာဆိုင်တွေ ဒီလောက်ရှိတာ၊ ဘာကြောင့် အဲဒီဆိုင်မှာ ဝယ်ရတာလဲ” ဟု မေးခွန်း ထုတ်ကြောင်း အမေပြောပြလို့ သိရသည်။ ကျမတို့နှင့် အိမ်နီးချင်း မွတ်စလင် မိသားစုတစုကို အိမ်ရှင်က ဆက်မနေရန် ပြောသောကြောင့် တခြားအိမ်ငှားရန် လိုက်ရှာသည်၊ မွတ်စလင်မို့ မငှားဟု အငြင်းပယ်ခံရသည်။ လက်ရှိနေသည့် အိမ်ရှင်ကို တောင်းပန်ကာ ဆက်နေရသည်။ ထို အဖြစ်အပျက်များ ကျမ ပတ်ဝန်းကျင်တွင် တော်တော် များသည်။ ကျမ တယောက်တည်း ကြုံရသည့် အဖြစ်အပျက်များပင် ဒီလောက်ရှိနေလျှင် တခြား သတိထားမိသူများ၏ အတွေ့အကြုံများနှင့် ပေါင်းလိုက်ပါက အမုန်းတရား ပျံ့ပွားမှု နည်းလိမ့်မည် မထင်။

သေချာသည်ကတော့ ပညာတတ်၊ ပညာမဲ့ လူတန်းစားမျိုးစုံ၏ အကြားတွင် အေးစက်သည့် အမုန်းတရားက ပျံ့နှံ့နေပြီ။ ပေါက်ကွဲခါနီး ဗုံးတလုံးလို ငြိမ်သက်နေသော်လည်း အချိန်မရွေး ထပေါက်မည့် အနေအထား ဖြစ်သည်။ ထိုဗုံးက မပေါက်ကွဲဘဲ သူ့ဘာသာသူ ငြိမ်သက်သွားလျှင်တော့ ကောင်းပါသည်။

ကျမ တဦးတည်း အနေဖြင့်ဆိုလျှင် လက်သည်းဆိတ် လက်ထိပ် နာကြသည် ဆိုဦးတော့ အပြစ်မဲ့ ပြည်သူများ၊ ရဟန်းသံဃာ များကို ထောင်သွင်းအကျဉ်းချ ခဲ့သော၊ ခေတ်အဆက်ဆက် ပြည်သူလူထု ခေါင်းမထူနိုင်အောင် နှိပ်ကွပ်ခဲ့သော စစ်အာဏာ ရှင် အစိုးရ အဆက်ဆက်ကိုပင် ဥပက္ခောပြုနိုင်ခဲ့ပြီး ဘာရန်ငြိုးမှ မရှိသော၊ မိမိပတ်ဝန်းကျင်မှ သာမန်လူများကို သတ်ချင် ဖြတ်ချင်စိတ် ဖြစ်နေသည်က တရားနည်းလမ်းမကျဟု ထင်သည်။ ဖိနှိပ်ခဲ့သည့် စစ်အာဏာရှင် အစိုးရအဆက်ဆက်ကို ဥပက္ခော ပြုထားကြခြင်းမှာ ကြောက်စိတ် ကြောင့်လားဆိုသည့် မေးခွန်းလည်း မေးရာရှိပါသည်။

လူတဦးချင်း၊ တယောက်ချင်းစီကို မုန်းတီးရန် အခြေခံ အကြောင်းတရားတော့ လိုအပ်သည်ဟု ထင်ပါသည်။ မိမိကို ဘာမှ ရန်မရှာသူတဦးကို မုန်းတီးခြင်းက အဓိပ္ပာယ်မဲ့လွန်းလှသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ စစ်ထောက်လှမ်းရေး ခေတ်တွင် လက်ဖက်ရည်ဆိုင်၌ စကားဟဟပင် မပြောရဲလောက်အောင် အကြောက်တရားဖြင့် လူငယ်ဘဝတခုလုံး ဖြတ်သန်းခဲ့ရသည့် ကျမတဦးတည်း အနေဖြင့်တော့ ကျမ၏ လူမှု ဝန်းကျင်တွင် မွတ်စလင်တဦးနှင့် စစ်ဗိုလ်တဦးကို တွေ့ပြီး တဦးဦးကို ရှောင်ကွင်းသွားရမည် ဆိုပါက စစ်သားကိုသာ ရှောင်ကွင်း သွားမိပါလိမ့်မည်။ အမုန်းတရားကြောင့်တော့ မဟုတ်ပါ၊ တသက်လုံး ကြောက်ခဲ့ရသည့် အကြောက်တရား အရှိန် မသေသေးသောကြောင့်ဟု ဝန်ခံချင်သည်။

လူလူချင်း အလကားနေရင်း မုန်းနေကြသည်ကို ကျမ နားမလည်ပါ။ အမုန်းတရားများ ကြီးထွားလာပြီး ထိန်းမနိုင်သိမ်းမရ အခြေအနေမှ တဆင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးရမှာကိုလည်း မလိုလားပါ၊ ဒီထက်ပို၍ ပြောရလျှင် ရထားသည် ဒီမိုကရေစီလေး လက်တဆစ်စာ ပျောက်ကွယ်သွားမည်ကို ပို၍ မလိုလားပါ။

မကြာသေးခင်က သတင်းတပုဒ်တွင် ရခိုင်ပြည်နယ်ရှိ လွှတ်တော်အမတ်များ နိုင်ငံသား ဟုတ်မဟုတ် ပြန်လည်စိစစ် နေသည်ဟု ပါရှိသည်။ ထိုသတင်းကို ကြိုဆိုပါသည်။ လွှတ်တော်အမတ်အဖြစ် အရွေးခံသူသည် မြန်မာနိုင်ငံသား စစ်စစ်ဖြစ်ရန် လိုအပ်သည်။ ထိုသို့ ဥပဒေကြောင်းအရ ခိုင်လုံစွာ စိစစ် အရေးယူခြင်းကို ထောက်ခံသည်။ ထိုသို့ပင် လွှတ်တော် အမတ်က ဘိန်းရာဇာတဦး ဖြစ်နေသည်ဆိုလျှင်လည်း ဖော်ထုတ် အရေးယူသင့်သည် မဟုတ်ပါလား။

မြန်မာပြည်အနှံ့တွင် ပဋိပက္ခစတင် ဖြစ်ပွားရသည့် အကြောင်းရင်းများစွာ ရှိခဲ့သော်လည်း အဓိက တာဝန်ရှိသူ တရားခံများကို အစိုးရက မဖော်ထုတ်နိုင်သေးသ၍၊ ဥပဒေကြောင်းအရ အရေးယူနိုင်ခြင်း မရှိသ၍ အမုန်းတရားက ပျံ့နံှ့ ကြီးထွားနေပေ လိမ့်မည်။ တာဝန်ရှိ အာဏာပိုင်အစိုးရက ဥပဒေကြောင်းအရ ဖော်ထုတ် အရေးယူသင့် သကဲ့သို့ နိုင်ငံသားအားလုံးကလည်း ပညာရှိရှိ၊ သတိရှိရှိဖြင့် အရင်းခံ အကြောင်းတရားများကို စိစစ်လက်ခံသင့်သည်ဟု မြင်ပါသည်။

ယဉ်ကျေးသော လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီ နိုင်ငံသစ်ကို လိုလားသော မြန်မာနိုင်ငံသား အားလုံး အကြောင်းရင်း ခိုင်ခိုင်လုံလုံဖြင့် အဓိပ္ပာယ်ရှိရှိ မုန်းတတ်၊ ချစ်တတ် စေချင်ပါသည်။

Loading