မကြာသေးမီက ကျင်းပခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်ဟု သတိပေး ပြောဆိုခဲ့သည်။ သူရဦးရွှေမန်းက ငြိမ်းချမ်းရေး ဆွေးနွေးမှု ဆောင်ရွက်ရာတွင် ဥပဒေနှင့် မညီညွတ်ပါက ပြည်သူများ၏ ဘဝလုံခြုံရေး ထိပါးမှုများ၊ ပြည်သူများ၏ ဘဝလုံခြုံရေးကို အကာအကွယ် မပေးနိုင်ခြင်းများ စသည့် ဘေးထွက် ဆိုးကျိုး ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်လေ့လာ သုံးသပ်သပ်ရမည်ဖြစ်ကြောင်း သတိပေး ပြောဆိုသွားခြင်း ဖြစ်သည်။
ယင်းပြောဆိုချက်နှင့် ပတ်သက်၍ ထင်မြင်သုံးသပ်ချက်များကို တိုင်းရင်းသား ပါတီများ အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့ ဧရာဝတီ သတင်းထောက် လင်းသန့်နှင့် ထက်နိုင်ဇော်တို့က ဆက်သွယ် မေးမြန်းထားပါသည်။
ဦးစိုင်းညွန့်လွင် (ပြောခွင့်ရပုဂ္ဂိုလ်၊ ရှမ်းဒီမိုကရေစီ အဖွဲ့ချုပ်)
ကာလုံအစည်းအဝေးနဲ့ ပတ်သက်ပြီး နားထောင်ကြည့်တော့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေကို ပြည်တွင်းပိုက်ဆံနဲ့ သုံးဖို့လုပ်နေတယ်လို့ ကြားရတယ်။ ကျနော်ထင်တာကတော့ တကယ့်ငြိမ်းချမ်းရေး လုပ်နေတဲ့ အဖွဲ့တွေက သိပ်မခိုင်သေးဘူးဗျ။ ဦးရွှေမန်းက MPC ကိုများ ရည်ညွှန်းချင်တဲ့ သဘောလား မသိဘူး။ Myanmar Peace Center ကို ပြောချင်တာ။ သူပြောသလို ငြိမ်းချမ်းရေးလုပ်တာ ဘယ်လိုလို့ ဘေးထွက်ဆိုးကျိုး ရှိမှာလဲ။ ဆိုးကျိုးကြီး တခုလုံးထက်စာရင် ဘေးထွက်ဆိုးကျိုး အနည်းငယ်ကတော့ ခံစားရမယ်။ ခင်ဗျား ဗိုက်နာပျောက်ချင်လို့ ဆေးသောက်မယ်ဆိုရင် တခြားဘေးထွက်ဆိုးကျိုး နည်းနည်းကတော့ ရှိမှာပဲ။ အဓိကပြဿနာကို ပြေလည်ချင်ရင် ဒီဘေးထွက်ဆိုးကျိုးဒဏ် အနည်းငယ်ကိုတော့ ခင်ဗျား ခံရလိမ့်မယ်။ အဓိကပြဿနာ အခက်အခဲကြီးကို မကုဘဲနဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပဲ သွားကုနေလို့လည်း မရဘူး။
ဦးအောင်မင်းပြောနေတာတွေလည်း ကျနော်ကြားနေတာပဲ။ သူက သူ့သဘောထားကိုပဲ ပြောတာ။ ပေးတာမှ မဟုတ်တာ။ ဥပမာ သူပြောနေတာ ကျနော်ကြားတယ်။ ရှမ်းပြည်နယ်ကို ရှမ်းတွေ အုပ်ချုပ်၊ ကချင်ပြည်နယ်ကို ကချင်တွေအုပ်ချုပ်လို့ သူပြောနေတာပဲ။ အဲဒါ သူသဘောထားပဲ ရှိတာ။ ပေးတာမှ မဟုတ်တာ။ ဒါတွေက ဆွေးနွေးယူရမယ့် ကိစ္စတွေပဲ။
အစိုးရလုပ်ချင်နေတဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲဖို့ဆိုတာက သူတို့က ဖြစ်ချင်နေတယ်။ ဖြစ်သွားရင် (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး) ဘန်ကီမွန်းရယ်၊ (အမေရိကန် သမ္မတဟောင်း) ဂျင်မီကာတာရယ် လာမယ်။ ကျနော်တို့ သမ္မတနဲ့ ခဏတွေ့ခွင့် ရခဲ့တုန်းကလည်း ဒီသဘောထားကိုပဲ သူပြောတယ်။ သူတို့ပြောတာ လုပ်နိုင်ရင် ဟိုအဖွဲ့တွေကို မတရားအသင်း ကြေညာထားတဲ့ ကိစ္စလည်း ပြေလည်သွားနိုင်တယ်။ ၁၇ (၁) ကိုလည်း အစိုးရက သတ်သတ် ရုတ်သိမ်းပေးစရာ မလိုတော့တဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲ တံခါးပွင့်ပြီလို့ ပြောလို့တယ်။ နောက်ပိုင်းမှာ ယွက်ဆစ်တို့အဖွဲ့လာတော့ သမ္မတပြောတာက နိုင်ငံရေး ဆွေးနွေးမယ် ဆိုရင်တော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖွဲ့တွေနဲ့ ဆွေးနွေးရမယ်လို့ ပြောတာ ကြားတယ်ဗျ။ ကျနော်တို့က အဲဒီနေရာမှာ နည်းနည်း လည်နေတယ်။ ကြည့်ရတာတော့ လွှတ်တော်နဲ့ အစိုးရနဲ့က အပြန်အလှန် ဖြစ်နေကြတာပဲ။ လူတွေလည်း ဒါပဲပြောနေကြတာပဲ။ ကျနော်အထင်တော့ လွှတ်တော်ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဝင်ပါချင်တဲ့ သဘောရှိတယ်။ အောင်မြင်မယ့် အခြေအနေရှိတော့ ဝင်ပါချင်လာပြီပေါ့။
ဦးစောသန်းမြင့် (ဗဟိုကော်မတီဝင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)
လွှတ်တော်ကတော့ ဥပဒေပြုဖို့ပဲ တာဝန်ရှိတယ်။ ငြိမ်းချမ်းရေး လုပ်တာက အစိုးရအလုပ်ဗျ။ အခုငြိမ်းချမ်းရေး လုပ်နေတာက သမ္မတက လုပ်နေတာ။ လွှတ်တော်က လုပ်နေတာ မဟုတ်ဘူး။ အခုအစိုးရက ဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ကို MPC မှာ လုပ်ဖို့ တာဝန်ပေးထားတယ်။ တခုရှိတာက တခါတလေမှာ ဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ သူတို့က ငြိမ်းချမ်းရေး အရမ်း လိုချင်နေတဲ့အတွက် သူတို့ပြောတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ တိုက်ရိုက် မညီတာလေးတွေ ပါလာနိုင်တယ်။ ကျနော်အထင်တော့ တကယ့်ကို ငြိမ်းချမ်းရေး ရချင်တဲ့ဆန္ဒနဲ့ ပြောတာလို့ ကျနော်ထင်တယ်။ တကယ် အမှားရှိခဲ့ရင်လည်း စေတနာအမှား ဖြစ်လိမ့်မယ်လို့ ယူဆတယ်။ ဒါပေမယ့် အခြေခံဥပဒေနဲ့ မလွတ်ကင်းတာတွေ ပါနေတယ်။ ဥပမာ သူတို့ KNU နဲ့ ညှိနှိုင်းတဲ့အခါမှာ ပိုပြီးတော့ မြင်သာတာပေါ့။ အရင်အစိုးရ အဆက်ဆက်က မဖြစ်နိုင်တဲ့ကိစ္စတွေကို သူတို့ MPC က တော်တော်များများ တာဝန်ယူဆောင်ရွက်ပေးမယ်လို့ ပြောလာတယ်။ အဲဒီထဲက အချက်အချို့ကတော့ လက်ရှိ Constitution နဲ့ မကိုက်ညီတာလေးတွေ ရှိတယ်။ ဦးရွှေမန်းပြောတဲ့ ကိစ္စကလည်း အမှန်တော့ အမှန်တရားပါပဲ။ တချို့ကိစ္စတွေက အခြေခံဥပဒေနဲ့ မညီဘူးဆိုတာမျိုးလေ။
ကျနော်တို့ကတော့ လက်မှတ်ထိုးပွဲကို ကြိုဆိုတယ်။ အနည်းဆုံး အာဆီယံနိုင်ငံတွေကိုပဲ ဖိတ်ပြီး လက်မှတ် ထိုးနိုင်ခဲ့ရင်တောင် ကောင်းတယ်။ နောက်ပြီးတော့ US တို့၊ Europe တို့ကိုပါ ခေါ်ပြီးတော့ လုပ်နိုင်ရင်တော့ ခိုင်မာမှု ပိုရှိတာပေါ့နော်။ အဲဒီလို ဖြစ်သွားရင် စာချုပ်စာတမ်း ကတိတွေဟာ မပျက်နိုင်တော့ဘူးလို့ မြင်တယ်။ ကျနော်တို့ ကိုယ်တိုင်လည်း အဲဒီလို ဆန္ဒရှိပါတယ်။ လုပ်နိုင်ခဲ့ရင် ကမ္ဘာ့မျက်နှာစာမှာလည်း စာချုပ်ရဲ့တန်ဖိုးက ပိုမြင့်တက်မယ်။ ချုပ်တဲ့အတိုင်းလည်း လုပ်ကိုလုပ်ရမယ်ဆို့တော့ ကမ္ဘာ့မျက်နှာစာမှာလည်း အစိုးရအဖွဲ့အတွက်လည်း အခိုင်အမာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ယုံကြည်မှုရလာတာပေါ့။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာလည်း နိုင်ငံတကာအဖွဲ့တွေ ကြားခံပါတဲ့အတွက် ပိုပြီးတော့ လက်ရှိအစိုးရကို ပိုယုံကြည်လာမယ်လို့ ဦးတော့ထင်တယ်။
လွှတ်တော်က ဥပဒေပြုရေးကိုပဲ အဓိကထား လုပ်ဖို့လိုတဲ့အတွက် နိုင်ငံတကာမှာလည်း လွှတ်တော်တွေက ဥပဒေပြုရေးပဲ လုပ်ကြတယ်။ အခုငြိမ်းချမ်းရေး ကာလမှာလည်း ဥပဒေတွေအများကြီး ပြင်ရမယ်လေဗျာ။ အဲလိုဆိုရင်တော့ လွှတ်တော်မှာလည်း တာဝန်ရှိတာပေါ့။ တကယ်တမ်းပြောရရင် အစိုးရရော လွှတ်တော်ရော တပ်မတော်ရော အကုန်ပါလာရင် ပိုကောင်းတာပေါ့။ အားလုံးပါလာရင် ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို ဦးတို့ တည်ဆောက်နိုင်လိမ့်မယ်လို့ ဦးတို့မြင်တယ်။
ဦးဇိုဇမ် (ဥက္ကဋ္ဌ၊ ချင်းအမျိုးသားပါတီ)
ထဲထဲဝင်ဝင် မသိပေမယ့် ကြားရတာတော့ စိတ်မကောင်းစရာပဲ။ တိုင်းရင်းသားတွေရဲ့ စိတ်သဘောထား အမှန်နဲ့ သူတို့ရဲ့ စိတ်သဘောထား အမှန်က အခုထက်ထိ ညှိလို့မရသေးဘူးလို့ပဲ ဆုံးဖြတ်ချင်တယ်။ သူရဦးရွှေမန်း အပါအဝင် နိုင်ငံတော် တာဝန်ရှိသူတွေက တိုင်းရင်းသားဘက်က မဟုတ်ဘူးပေါ့ဗျာ။ ဗမာတွေရဲ့ အခုပကတိ အနေအထား စိတ်ရင်း သဘောထားက ဘယ်လိုလဲဆိုတော့ ကျနော် ပြောချင်တာက လက်ရှိ ခေါင်းဆောင်တွေရဲ့ သဘောထားဟာ ဗမာအားလုံးရဲ့ သဘောထားလို့တော့ မဆိုလိုပါဘူး။ သူတို့ တိုင်းရင်းသားတွေ အပေါ်မှာ စေတနာရှိရင်တောင် ဘယ်လောက် စေတနာရှိနေလဲဆိုတာ မဖော်ပြနိုင်လို့ ကျနော်ဝမ်းနည်းတယ်။
နေပြည်တော်မှာ တိုင်းရင်းသားတွေ လက်မှတ်စုထိုးဖို့ ကိစ္စက သမ္မတက လုပ်ချင်နေတာ။ ဒါတွေက မနက်ဖြန် ထလုပ်လည်း ရတဲ့ကိစ္စပါ။ တကယ်စိတ်ထဲကကို ငြိမ်းချမ်းရေး လိုချင်တဲ့စိတ်ရှိရင် မနက်ဖြန် ထလုပ်လို့ရပါတယ်။ မဖြစ်နိုင်တာ မရှိပါဘူး။ အဓိကက ကျနော်တို့ရဲ့ စိတ်သဘောထား အမှန်အကန်က ဘာဖြစ်နေလဲ အရေးကြီးတာပါ။ ဖက်ဒရယ်ကိစ္စ ဆိုရင်လည်း သူတို့ပေးတာ မပေးတာ ကျနော် မပြောလိုဘူး။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ တိုင်းရင်းသားတွေရဲ့ မူလအခွင့်အရေးပါ။ သူတို့ပေးမှ ရတဲ့ဟာလည်း မဟုတ်ပါဘူး။ အဓိကကတော့ ကျနော်တို့ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်၊ တိုင်ပင်ရမယ်။ ပြီးလို့ရှိရင် ဘယ်လို လက်တွဲပြီးမှ ခရီးသွားမလဲဆိုတာ ကျနော်တို့ ဆုံးဖြတ်ရမယ်။ ကျနော်တို့ ပါဝင် ပတ်သက်နေတဲ့ Stake Holder တွေအားလုံး အတူတွဲလုပ်မယ်ဆိုတဲ့ စိတ်နေသဘောထား ရှိဖို့သာလျှင် အဓိက ဖြစ်တယ်။ အမျိုးသားရင်ကြား တကယ်စေ့ချင်တယ်ဆိုရင် မနက်ဖြန် စေ့လို့ရပါတယ်။
ကာလုံအစည်းအဝေး ခေါ်တဲ့ကိစ္စကတော့ အခုတိုင်းပြည်မှာ သေရေးရှင်ရေး ကိစ္စမှ မရှိတာ။ ငြိမ်းချမ်းရေးတို့ Reconciliation တို့ဆိုတာ ပုံမှန် Process တွေအပေါ်မှာ အလုပ်လုပ်ရတာ ဖြစ်တယ်။ ကျနော်အမြင်အရ ပြောရရင် ကာလုံ အစည်းအဝေးတွေ ဘာတွေဆိုတာ အရေးပေါ်ကာလတွေမှာပဲ လုပ်ရမှာပေါ့နော်။ အခုအခြေအနေက ကာလုံ အစည်းအဝေးခေါ်စရာ မလိုဘူးလို့ပဲ သုံးသပ်ချင်ပါတယ်။
ဦးသုဝေ (ဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်ပါတီ [မြန်မာ])
အခုဖြစ်ပျက်နေတဲ့ အခြေအနေကတော့ ငြိမ်းချမ်းရေး ဆွေးနွေးလိုက်၊ တိုက်ပွဲတွေ ဖြစ်လိုက်နဲ့ဗျာ။ အဲဒီတော့ အစိုးရက ကာလုံလိုမျိုး ခေါ်ပြီးတော့ သေသေချာချာ ဆွေးနွေးနိုင်ရင်တော့ ကောင်းသွားမလား မသိဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးတာကိုတော့ တကယ်က အစိုးရကပဲ လုပ်ရမှာ။ အစိုးရနဲ့ တပ်မတော် ညှိလုပ်ရမှာ။ ပါလီမန် ဒီမိုကရေစီ ခေတ်တုန်းကလည်း ငြိမ်းချမ်းရေးကို အစိုးရကပဲ ဦးဆောင်ဆွေးနွေးတာပဲ။ လွှတ်တော်က သိပ်မပါခဲ့ဘူး။ အကြောင်းရှိရင် လွှတ်တော်မှာ ဆွေးနွေးတာလောက်ပဲ ရှိတယ်။
အစိုးရလုပ်ချင်တဲ့ လက်မှတ်ထိုးပွဲကလည်း ဖြစ်နိုင်မယ် မထင်ဘူး။ တဖွဲ့ချင်းစီတွေ ဆွေးနွေးတာတောင် ဒီလောက် ပြဿနာတွေ တက်နေတာ။ နောက်ဆုံးရနိုင်ဖို့ကတော့ တော်တော်လေး ခက်မယ်တူတယ်။ အခုကြည့်ရတာက အစိုးရနဲ့ လွှတ်တော်ကြားမှာ အားပြိုင်မှုတွေ ရှိနေတယ်။ အခုကျနော်တို့ ကြိုးစားနေတဲ့ PR ကိစ္စမှာလည်း ရွေးကာက်ပွဲ ကော်မရှင်က လွှတ်တော်ကို တင်ပြတဲ့ အခါမှာတောင် အဆင်မပြေဘူး။ အမှန်က သူတို့အချင်းချင်း ပြေလည်ရင် ဒီကိစ္စ ဘာပြဿနာမှ တက်စရာမရှိဘူး။ အခုလွှတ်တော်က ပြောလိုက်တဲ့ပုံက ရွှေးကောက်ပွဲ ကော်မရှင်ကပဲ စည်းကမ်း နားမလည်တဲ့ ပုံစံဖြစ်နေတယ်။ သူတို့အချင်းချင်း မတည့်လို့သာ PR က ဒီပုံစံဖြစ်သွားတာ။ ဟုတ်တယ်မဟုတ်လား။
ဒေါက်တာ အေးမောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ)
ကျနော် စဉ်းစားကြည့်တာတော့ လွှတ်တော်ဥက္ကဋ္ဌက အခုဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ဥပဒေနဲ့ ညီရဲ့လားဆိုတာကို သူစဉ်းစား သုံးသပ်မိပုံရတယ်။ ဥပမာ ၁၇ (၁) ပေါ့ဗျာ။ မတရားအသင်းနဲ့ ပတ်သက်တဲ့ကိစ္စ။ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုရင် အဲဒီ ၁၇ (၁) တို့၊ (၂) တို့ကို ဖျက်ပစ်ဖို့ လိုမလားပေါ့။ ဥပဒေ ဘောင်အတွင်းမှာ ဆွေးနွေးနိုင်အောင်၊ ဥပမာ – ပါတီတွေ၊ အစိုးရဝန်ကြီးတွေနဲ့ တချို့ MPC မှာ ပါတဲ့ပုဂ္ဂိုလ်တွေကလည်း လောလောဆယ်မှာ မတရာအသင် ကြေညာထားသူတွေနဲ့ တွေ့ဆုံဆွေးနွေးနေတာတွေ ရှိတယ်။ နောက်ပြီးတော့ နိုင်ငံတကာက ယူနေတဲ့ ငွေကြေးကိစ္စတွေမှာလည်း ဥပမာ – နိုင်ငံရေးပါတီတွေကို နိုင်ငံတကာ အထောက်အပံ့တွေ မယူဖို့ ပြောထားတာရှိတယ်။ MPC ဆိုတာလည်း အစိုးရက တရားဝင် တည်ထောင်ထားတဲ့ အဖွဲ့ဖြစ်တော့ မေးခွန်းလေးတွေ ပေါ်လာတာပေါ့ဗျာ။ အခု ဦးဝင်းမရ (ဦးဝင်းမြ) တို့ လုပ်နေတဲ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဆိုရင်လည်း ဒီပြဿနာရှိခဲ့တာပဲ။ သမ္မတရုံး အောက်ကလား၊ လွတ်လပ်တဲ့ အဖွဲ့လား ဆိုတာမျိုးလေ။ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းဆိုရင် နိုင်ငံတော် ဘတ်ဂျက်ကနေသုံးပြီးတော့ လွှတ်တော်ကို ဖြတ်သွားဖို့လိုတယ်။ လွှတ်တော်က သုံးသပ်မယ်၊ ဖြတ်တောက်မယ်၊ ခွင့်ပြုမယ်။ ဒါကတော့ လုပ်ရိုးလုပ်စဉ်ကို ပြောတာပါ။ နိုင်ငံတကာငွေဆိုရင် ဘယ်လို ခေါင်းစဉ်အောက်မှာ သုံးမှာလဲ။ နိုင်ငံတကာငွေနဲ့ ပတ်သက်ပြီး သုံးမယ်ဆိုရင် တရားဝင်အောင် လွှတ်တော်ကို ဖြတ်သန်းရတယ်ဗျ။ ကျန်းမာရေး ဝန်ကြီးဌာနဆိုရင်လည်း ယူနီဆက်ဖ်တို့နဲ့ ပေါင်းလုပ်ပြီး နိုင်ငံတကာငွေတွေ သုံးတဲ့အခါ လွှတ်တော်ကို အသိပေးတာမျိုးတွေ ရှိတယ်။
ဘာပဲလုပ်လုပ် ကျနော်တို့က ဥပဒေကြောင်းအရပဲ ရှေ့ဆက်သွားရမှာ။ ဥပဒေရဲ့ အထက်မှာလည်း မရှိရဘူး။ ဥပဒေဘောင်တွေကိုလည်း ကျော်လုပ်လို့ မရဘူး။ ပြည်ထောင်စုတခုလုံးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုတော့ မဏ္ဍိုင်တွေအားလုံး ပါဖို့လိုမယ်။ အုပ်ချုပ်ရေးပိုင်းကိုတော့ အစိုးရကလုပ်ပေါ့။ လွှတ်တော်ဘက်က ထောက်ပြတာဟာလည်း ထောက်ပြသင့်တဲ့ ထောက်ပြချက်ပါ။ ဥပဒေဘောင်ထဲက သွားဖို့ကို ကျနော်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက ထောက်ခံနေတယ်။ MPC နဲ့ ပတ်သက်လို့ ပြောရရင်လည်း သမ္မတရုံးမှာ တရားဝင်ဖွဲ့ထားတဲ့ သမ္မတအကြံပေးအဖွဲ့ ရှိတာပဲ။ တရားဝင်လစာ ပေးထားတယ်။ သူတို့အသုံးစရိတ် ဘယ်လောက်ရှိလဲ လွှတ်တော်က သိတယ်။ MPC ကို ဘယ်လိုတရားဝင်အောင် တည်ထောင်ထားလဲ ဆိုတာတော့ ကျနော်တို့ မသိသေးဘူး။ အစိုးရအဖွဲ့ကလည်း လွှတ်တော်ဘက်ကိုလည်း တင်ပြဖို့ လိုကောင်းလိုနိုင်တယ်လို့ ကျနော်ထင်ပါတယ်။
ဒေါက်တာ ဇော်မြင့်မောင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)
ကာလုံ အစည်းအဝေးနဲ့ ပတ်သက်လို့က သူခေါ်တဲ့အကြောင်းကိုပဲ ကျနော်တို့ကို ရှင်းပြတာလေ။ သူက သမ္မတဆီကို ကာလုံ အစည်းအဝေး ခေါ်ချင်တဲ့အကြောင်း သဝဏ်လွှာ ပို့လိုက်တာပေါ့။ သူတို့ ဘာဆွေးနွေးခဲ့တယ် ဆိုတာတော့ အသေးစိတ် ဘယ်ပြောမလဲဗျာ။ အားလုံး ပူးပေါင်းလုပ်ဆောင်ကြမယ် ဆိုတာနဲ့ ပြောတာပါ။ ဒါလေးပဲ ပြောတာပါ။ တချို့ကိစ္စတွေက လျှို့ဝှက်ချက်တွေ ဖြစ်မှာပေါ့။ ကျနော်သိတာကတော့ သူရဦးရွှေမန်းက ကာလုံ အစည်းအဝေးခေါ်တယ်။ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးကြတယ်။ ဒါပဲသိတယ်။ သူဆိုလိုချင်တာက အာဏာကြီးသုံးရပ် ကိုင်ဆွဲထားတဲ့ သူတွေအားလုံး အတူလက်တွဲလုပ်မယ် ဆိုတာပဲ။ အစိုးရကလည်း ဦးအောင်မင်းနဲ့ ဦးခင်ရီလာပြီးတော့ လွှတ်တော်မှာ လာရှင်းပြတာမျိုးတွေ ရှိပါတယ်။ သူတို့ဘာတွေ ကတိပေးခဲ့တယ်။ ဘာတွေဆွေးနွေးခဲ့တယ် ဆိုတာတော့ အသေးစိတ် မပြောဘူး။ သူတို့လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်အဆင့် ရောက်နေပြီလဲ ဆိုတာကို လာရှင်းပြတာပါ။ ဒါကလည်း ဦးရွှေမန်းရဲ့ ဖိတ်ကြားချက်နဲ့ပဲ လာရှင်းပြသွားတာပါ။ ယေဘုယျ ရှင်းပြတဲ့ သဘောပါပဲခင်ဗျ။ ကျနော်တို့လည်း ယေဘုယျလောက်ပဲ သိပါတယ်။
ဦးဌေးဦး (ဒု ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)
ဥက္ကဌဆိုလိုတာက ကျနော်တို့မှာ ဥပဒေတွေ ရှိတယ်လေ။ အားလုံးက ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ သွားနေတဲ့အချိန်မှာ ဥပဒေနဲ့အညီပဲ လုပ်ကြရမှာပဲလေ။ ညှိနှိုင်းတာတွေ ဘာတွေလဲ ရှိမှာပေါ့။ ဥပဒေအပေါ်မှာပဲ အခြေခံရမှာပေါ့။ ဘယ်ဥစ္စာကိုမှ ရည်ညွှန်းပြောချင်တဲ့သဘော မဟုတ်ပါဘူး။ အားလုံးကို ခြုံငုံပြောလိုက်တာပဲ။ ကျနော်တို့ လွှတ်တော် ဆိုတာကတော့ ဥပဒေဘက်က ရပ်တည်တာလေ။ ပြည်တွင်းငြိမ်းချမ်းရေး ဆိုတာကတော့ ပြည်တွင်းကိစ္စပဲလေ။ ပြည်တွင်းမှာ နားလည်မှုရှိမှပဲ တယောက်နဲ့တယောက် ယုံယုံကြည်ကြည်ရှိမှ အပြန်အလှန် နားလည်မှုတွေ ရှိမှ အောင်မြင်မှာလေ။ သူတို့ပြန်လာလို့ရှိရင် ပြန်လည် ထူထောင်ရေးဖို့ လုပ်စရာတွေ အများကြီး ရှိပါတယ်ဗျာ။ ဒီလိုပဲ ကျနော် သဘောပေါက်ပါတယ်။ ပြည်တွင်းကတော့ ပြည်တွင်းရဲ့ အခြေအနေကြောင့် ဖြစ်တာပဲလေ။ လက်နက်ကိုင် ပဋိပက္ခ ပေါ်ပေါက်လာတယ် ဆိုတာလည်း ပြည်တွင်း အခြေအနေကြောင့်ပဲလေ။ တနိုင်ငံလုံး အပစ်အခတ်ရပ် လက်မှတ်ထိုးမယ်ဆိုတဲ့ ကိစ္စကို ကျနော်မသိပါဘူးဗျ။ ကျနော်တကယ် မသိပါဘူးဗျ။ ကျနော် မသိတာတွေလည်း ရှိမှာပေါဗျာ။ ကာလုံ အစည်းအဝေးကတော့ အခါအားလျော်စွာ ခေါ်ပါတယ်။ ဒီတခါပဲ အများသိသွားတဲ့ သဘောပါပဲ။
ဦးနိုင်ဟံသာပိန်ခိုင်း (နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ၊ မွန်ပြည်သစ်ပါတီ)
ဦးရွှေမန်းအမြင်က ဒီအပစ်အခတ် ရပ်စဲရေးကိစ္စ လွှတ်တော်ရဲ့ အခန်းကဏ္ဍက သွားတာ တရားဝင်ဖြစ်တယ်လို့ ယူဆလို့ ကာလုံ ကို တင်တာဖြစ်နိုင်တယ်။ ဒါက ကျနော့်အမြင်ပါ။ ကာလုံနဲ့ ပတ်သက်လို့ အနေအထားကိုတော့ ပြောဖို့ စောသေးတဲ့ အပိုင်းရှိတယ်လေ။ ဌာနချုပ်နဲ့ ဆက်သွယ်ပြီးမှ ပြောလို့ရမှာလေ။ အခုဟာက လုပ်ပိုင်ခွင့်က သူတို့မှာ လွှတ်တော်လား၊ အစိုးရလား၊ ကာလုံလား ဆိုတာ ပြောရခက်နေသေးတဲ့ အနေအထားတွေလေ။ ဒါက အထိမခံတဲ့ ကိစ္စပါ။
အမှန်က ကျနော်တို့လည်း တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲဖို့ တစိုက်မတ်မတ် တောင်းနေတာလေ။ ဒီလို ဖြစ်ဖို့၊ လုပ်ဖို့ ကျနော်တို့ အဖွဲ့အပါအဝင် အဖွဲ့တိုင်းက ဖြစ်စေချင်လို့ တိုက်တွန်းတာတွေ ရှိပါတယ်။ ဒါမှ နိုင်ငံရေး ဆွေးနွေးပွဲ သွားလို့ ရမှာကိုး။
တကယ်တမ်းမှာ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲ လုပ်ဖို့ အခု ဇူလိုင်လထဲ လုပ်မယ် ဆိုတာ သတင်းတွေထဲမှာပဲ ကြားရပြီး ကျနော်တို့ အဖွဲ့အစည်းကိုတော့ တရားဝင် ပြောတာတွေ ဖိတ်ကြားထားမှု မရှိသေးပါဘူး။ ဒီကိစ္စက ဆေးမြီးတို လုပ်လို့ မရဘူးလေ။ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အခြေအနေ အာမခံချက်ရှိမှ ရမယ်လေ။ ဒါမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်မှာ။ ဆေးမြီးတို ပုံစံနဲ့သွားရင် ပြဿနာက လုံးခြာလည်ပြီး ပြီးမှာလည်း မဟုတ်ဘူး။ စေတနာ မှန်တဲ့လူ ရှိသလို စေတနာ မမှန်တဲ့လူလည်း ရှိနိုင်ပါတယ်။
အဲဒီမှာ လက်မှတ်ထိုးရေးဆိုတာက ကျနော်တို့ တဖွဲ့တည်းအပေါ် မမူတည်ဘူး။ ကျနော်တို့က UNFC (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ကောင်စီ) နဲ့ပဲ နိုင်ငံရေး ဆွေးနွေးပွဲတွေအထိ သွားဖို့ အဓိက စောင်းပေးထားတယ်။ ကျနော်တို့ကလည်း ဒီ တပ်ပေါင်းစု UNFC သဘောအတိုင်းပဲ ရပ်တည်သွားမယ်။
ကျနော့်တဦးတည်း အမြင်မှာ လောလောဆယ်တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်ရေးထိုးပွဲဖြစ်ဖို့ မမြင်သေးဘူး။ အဓိက မြောက်ပိုင်းမှာ စစ်ရေး အနေအထား တင်းမာနေတာတွေလည်း ရှိသေးတယ်လေ။ ယုံကြည်မှု ဖြစ်ဖို့ကျတော့ နည်းနည်း ကြိုးစားရမယ့် အပိုင်းတွေ ရှိသေးတယ်။ Stable မဖြစ်တဲ့ အနေအထားရှိနေတယ်။
နောက် အစိုးရဘက်ကလည်း ကြည့်ရတာ အမြင်ချင်း မတူတာတွေလည်း တွေ့ရတယ်လေ။ ချဉ်းကပ်ပုံ၊ လုပ်ပုံတွေမှာလည်း သူတို့ သဘောတရား မတူကြဘူး ပုံစံရှိနေတယ်။ ဒါကြောင့်လည်း ကာလုံ အရေးပေါ် အစည်းအဝေး ခေါ်ရတဲ့ အနေအထားရှိတာလေ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးအားလုံး ပါဝင် လက်မှတ်ထိုးဖို့ ဆိုတာ အချိန်တခုတော့ စောင့်ရမယ့် အနေအထားရှိတယ်။
တကယ်လို့ နိုင်ငံတကာ ခေါင်းဆောင်တွေပါ ဒီလက်မှတ်ရေးထိုးပွဲမှာ ပါဝင်လာမယ်၊ monitoring လုပ်ပေးနိုင်တယ် ဆိုရင်တော့ တိုင်းရင်းသားတွေဘက်က ယုံကြည်မှုတော့ ပိုရှိလာနိုင်ပါတယ်။
ဗိုလ်မှူး စိုင်းလောင်ဆိုင်း (ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ပြောခွင့်ရပုဂ္ဂိုလ်)
ဦးအောင်မင်း လွှတ်တော်ထဲမှာ ပြောတဲ့ စကားကို ကိုးကားပြီး ပြောရမယ် ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးကို လွှတ်တော်ကို ပြန်ပြီးတော့ လွှဲအပ်ချင်တဲ့ သဘောမျိုး ရှိတဲ့ ပုံစံမျိုးနဲ့ အလဲဗင်း ဂရု သတင်းမှာ ဖော်ပြထားတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒီလိုဆိုတော့ အခု ကာလုံအစည်းအဝေး ခေါ်တဲ့ကိစ္စနဲ့ ပတ်သက်နေတယ်လို့ ကျနော်တို့ ယူဆရပါတယ်။ ဘာဖြစ်လဲဆိုတော့ ဒီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ဘယ်သူ့ mandate ကနေ ရပြီးတော့ ငြိမ်းချမ်းရေး ကိစ္စတွေကို ဆောင်ရွက်နေတာလဲဆိုတာ မေးခွန်းတခု၊ ကျနော်တို့မှာ စဉ်းစားစရာတခု ဖြစ်လာတယ်။ အစိုးရက တာဝန်ပေးတယ်ဆိုတော့ အစိုးရကို ဘယ်သူက တာဝန်ပေးတာလဲ။ အဲဒါလည်း မေးခွန်းတခု။
အခု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကာလုံကနေ လုပ်ပိုင်ခွင့်ပေးလို့ လုပ်နေတာလား ဆိုတာတော့ ကျနော်တို့ သေချာ မပြောနိုင်သေးဘူး ဖြစ်နေတယ်။ အစိုးရက၊ ဦးသိန်းစိန်တို့က ငြိမ်းချမ်းရေးတွေ ဖော်ဆောင်ဖို့၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးတွေကို ကမ်းလှမ်းလာတယ်။ ကမ်းလှမ်းလာတော့ ဦးသိန်းစိန် ကမ်းလှမ်းလာတဲ့ အတိုင်းပဲ ဒီ လက်နက်ကိုင် အဖွဲ့တွေက သွားကြတာတွေ ဖြစ်လာတယ်။ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ကြတယ်။ နောက်ပိုင်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဆိုပြီးတော့ ထပ်ဖွဲ့တယ်။ အဲဒါတွေနဲ့ လုပ်ကြတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ ကျနော်တို့ ဘယ်နားရောက်သွားမှန်း မသိသေးဘူးဖြစ်နေတယ်။ အဲဒီလို ပြန်သုံးသပ်လို့ ရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ဦးအောင်မင်းတို့နဲ့ အများဆုံး လုပ်ကြတာပေါ့ဗျာ။ ဦးသိန်းဇော်တို့နဲ့ လုပ်ကြတာပေါ့။ အဲဒီလိုမျိုးလုပ်နေတဲ့ ကာလအတောအတွင်းမှာ ဆိုရင် ကျနော်တို့ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးကြတာ များကြပါတယ်။ ဆိုတော့ အဖွဲ့အစည်းတိုင်းလိုလို ဒီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးတာတွေ ပြန်သုံးသပ်ကြည့်မယ်ဆိုရင် တကယ့်တကယ် အကောင်အထည် ဖော်နိုင်တာ မရှိသလို ဖြစ်နေပါတယ်။ သဘောတူညီချက်တွေကို အကောင်အထည် ဖော်ပေးဖို့ သူတို့မှာ အာဏာ မရှိသလို ဖြစ်နေသလားပေါ့၊ အဲဒါက စဉ်းစားစရာတခုဖြစ်လာပါတယ်။ အစိုးရကို ပြန်ပြီးတော့ တင်ပြမယ်၊ သမ္မတကို ထပ်ပြီးတော့ တင်ပြမယ်ဆိုတဲ့ ပြန်ကြားချက်တွေပဲ ကျနော်တို့ ရရှိတယ်။ ဆိုတော့ သမ္မတကလည်း ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ သဘောတူ ညီချက်ရရှိထားတဲ့ အချက်တွေကို အကောင်အထည်ဖော်ပေးဖို့ သမ္မတမှာလည်း လုပ်ပိုင်ခွင့် မရှိဘူးလားလို့ ကျနော်တို့ကလည်း ပြန်ပြီးတော့ မေးခွန်း ထုတ်စရာဖြစ်လာပါတယ်။
တိုင်းရင်းသားပေါင်းစုံနဲ့ အလုံးစုံ အပစ်အခတ် ရပ်စဲရေး လုပ်မယ်ဆို အပစ်အခတ် ရပ်စဲရေး တမျိုးတည်းနဲ့ လက်မှတ်ရေးထိုးဖို့ တိုင်းရင်းသား အဖွဲ့အစည်းတွေက အဲဒီလောက်နဲ့ ကျေနပ်မှာ မဟုတ်ပါဘူးလို့ ကျနော်တို့က မြင်တယ်။ ဘာဖြစ်လဲ ဆိုတော့ အပစ်အခတ် ရပ်စဲရေးလုပ်တာဆိုတာ ဘာအတွက်နဲ့ လုပ်တာလည်းဆိုတာ ကျနော်တို့က အစကတည်းက တောင်းဆိုထားတာတွေ ရှိပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပေးဖို့၊ နိုင်ငံရေး အာမခံချက်တွေ တစုံတရာ ရှိဖို့ လိုအပ်ပါတယ်။ အဲဒီလိုရှိမှသာ တိုင်းရင်းသားအဖွဲ့တွေက လက်မှတ်ထိုးမယ်လို့ ကျနော်တို့လည်း အမြင်ရှိပါတယ်။
အခု ဦးအောင်မင်း ထုတ်ဖော်ပြောကြားတဲ့ အချက်အလက်ထဲမှာတော့ ဒီ ယခုလက်ရှိ ငြိမ်းချမ်းရေး ကိစ္စကို လွှတ်တော်ကို လွှဲအပ်ပေးဖို့ ပြောလာတယ်ဆိုတော့ လွှတ်တော်ကို သွားရင်တော့ ဒီဟာက ပိုပြီး တရားဝင်မယ်လို့ ကျနော်တို့တော့ မြင်ပါတယ်။ ကျနော်တို့က လွှတ်တော်ကနေ သွားချင်တာမျိုးတော့ မဟုတ်ပါဘူး။ အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက်တာက လွှတ်တော်က ဆွေးနွေးမှသာ တရားဝင်ဖြစ်မယ်လို့ ကျနော်တို့က ယူဆပါတယ်။
အခု လက်မှတ်ထိုးပွဲ လုပ်မယ်ဆိုတာ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျနော်တို့ တဖွဲ့တည်းနဲ့ သွားလို့ မရပါဘူး။ ဒါကြောင့် မို့ ကျနော်တို့ တိုင်းရင်းသား ပေါင်းစုံရဲ့ သဘောထားကိုလည်း ညှိယူဖို့ လိုအပ်တယ်။ ကျနော်တို့ ရှမ်းပြည်ထဲမှာ ရှိနေတဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ရော ပြည်သူတွေရဲ့ သဘောတွေကိုရော ကျနော်တို့ ရယူပြီးလုပ်မှာဖြစ်ပါတယ်။ အဲဒါတွေ ကျနော်တို့ လုပ်နေတုန်းပါပဲ၊ ဒါကြောင့် အခုလက်မှတ်ထိုးဖို့ အဆင်သင့် မဖြစ်သေးပါဘူး။
ဒီကိစ္စက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်လို့ အားလုံးရဲ့ ဆန္ဒနဲ့ ကိုက်ညီမှသာ နိုင်ငံရေးလို့ ခေါ်ခံရမှာပါ၊ ခေါ်ထိုက်ပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ လက်မှတ်ရေးထိုးတာမျိုး လုပ်ကြရမှာပါ။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ ဆိုတာ အမှန်တော့ အမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်တာပါ။ အမြန်ဆုံး ရပ်သင့် ရပ်ထိုက်ပါပြီ။ ဒါမှသာ မပြေလည်သေးတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ အမြန်ဆုံးရှာဖွေနိုင်မှာပါ။