“အဟောင်းကြီး ဆိုရင်တော့ သေပြီ”။ သတင်းစာဆရာလည်း ဖြစ်၊ စာပေဝေဖန်ရေး ဆရာလည်း ဖြစ်သော မိတ်ဆွေ စာရေးဆရာကြီးတဦးက ကားကို ကျွမ်းကျင်စွာ ကွေ့လိုက်ရင်း ဆို၏။ ကျမက ကားနောက်ခန်းမှာ ထိုင်ရင်း စိုးရိမ်တကြီး ရှေ့သို့ ကိုယ်ကို ကိုင်း၍ နားထောင်ရင်း လိုက်ပါနေ၏။ ကျမ စိုးရိမ်သည်မှာ ကားမောင်းရင်း တိုက်မိမှာကို မဟုတ်၊ သူ ပြောသော “အဟောင်းကြီး” ကို ဖြစ်၏။
ကျမတို့ကား “လူကြီးတွေ” ဖြစ်နေပေပြီ။ အသက် ၆၀ ကျော်၍ ဝန်ထမ်းဘဝက အနားပေး ခံထားကြရပြီ။ သို့သော် ကျမတို့ကား မနားသေး။ ဝန်ထမ်း မလုပ်တော့ သော်လည်း စာပေတာဝန်ကိုမူ ဆက်လက် ထမ်းရွက်နေကြဆဲ၊ သင်ကြားပေးမှုများ ကြိုးစား လုပ်ဆောင်နေဆဲ ဖြစ်သည်။ ခြေ လက် ဦးနှောက်များ ကောင်းနေသေး သမျှ လူငယ်များ အတွက် ထမ်းရွက်နေကြဦးမည်ပင် ဖြစ်သည်။ လူငယ်များသည် အနာဂတ်၏ အခြေခံအားပင် မဟုတ်လား။
ယခု လည်း ကျမတို့သည် မြို့ထဲ တနေရာ၌ ဖွင့်ထားသော အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ သင်တန်းသို့ သင်ကြားပေးရေး အတွက် သွားနေကြရင်း၊ စိုးရိမ်တကြီး ပြောဆိုနေမိသည်မှာ “မီဒီယာ ဥပဒေ မူကြမ်းဟောင်း” ကိစ္စဖြစ်၏။ အတိုဆုံး ပြောရလျှင် အစိုးရသစ်သည် Clean Government ပီသစွာ မီဒီယာကို ကိုင်တွယ်နိုင်ရန် အတွက် နိုင်ငံတော် သမ္မတ ကိုယ်တိုင်က “စာနယ်ဇင်း ကောင်စီ”ကို ဖွဲ့ပေးခဲ့သည်။ ပထမ ဖွဲ့ခဲ့သော ကောင်စီထဲတွင် စာပေသမား အများစုကို ကိုယ်စားပြုသူ များ မပါဝင်သဖြင့် စာရေးဆရာ သမဂ္ဂ၊ ကဗျာဆရာ သမဂ္ဂ၊ ဂျာနယ်လစ် ကွန်ရက် စသော အင်အားစုများက တခဲနက် ကန့်ကွက်ခဲ့ကြသည်။ သမ္မတက ကောင်စီကို ဖျက်ပေးသည်။ အသစ်ပြန်လည် ဖွဲ့ပေးခဲ့သည်။ အသစ်ထဲတွင် ပုဂ္ဂလိက ဂျာနယ် အယ်ဒီတာ လူလတ်ပိုင်းများ ပါဝင်သည်။ တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခများ ပါဝင်သည်။ တရားသူကြီးများ ပါသည်။ ထို့ကြောင့် သမဂ္ဂများက ဝမ်းသာအားရ ကြိုဆိုခဲ့ကြသည်။ ထို အသစ် ပေါ်ထွန်းလာသော စာနယ်ဇင်း ကောင်စီ (Press Council) ကို ကျမတို့ ကြိုဆိုရသော အကြောင်းမှာ နိုင်ငံတော် သမ္မတသည် ထိုကောင်စီအား မီဒီယာကြမ်း တခု ရေးဆွဲ တင်ပြရန် တာဝန်ပေးထားခြင်းကြောင့် ဖြစ်၏။
စာနယ်ဇင်း ကောင်စီသည် ပေးအပ်သော တာဝန်ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့၏။ ဥပဒေကြမ်း ရေးဆွဲရာ၌ မီဒီယာ လောကသား အားလုံး ကိုယ်စားပြုနိုင်ရန် ကျယ်ကျယ်ပြန်ပြန့် ဖိတ်ခေါ် အကြံဉာဏ်ရယူခဲ့၏။ အစည်းအဝေးများ အလုပ်ရုံဆွေးနွေးပွဲ များ အကြိမ်များစွာ ပြုလုပ်ခဲ့၏။
သို့သော် ဤ အလုပ် မပြီးစီးခင် သတင်းစာထဲ၌ အများပြည်သူ ဖတ်ရှုလေ့လာရန် ဆိုပြီး ဥပဒေကြမ်း တရပ်ကို ဖော်ပြသည်။ ကောင်စီက ပြန်ကြားရေး ဝန်ကြီး (လက်ရှိ) နှင့် ဆွေးနွေးသည်။ ထိုအခါ ဥပဒေကြမ်းကို လွှတ်တော်၌ မဆွေးနွေးသေးဘဲ ဆိုင်းငံ့ထားရန် သဘောတူခဲ့သည်။ ကောင်စီနှင့် ပြန်ကြားရေး အကြေအလည် ညှိနှိုင်း သည်။ သိမ်ဖြူလမ်း ရုံး၌ ဝန်ကြီးနှင့် တကြိမ်၊ ပြန်ကြားရေး ဌာနနှင့် သုံးကြိမ်၊ စုစုပေါင်း ၄ ကြိမ် ညှိနှိုင်းခွင့် ရခဲ့သည်။
စာနယ်ဇင်း ကောင်စီနှင့် ပြန်ကြားရေး နှစ်ဖက်စလုံး သဘောတူပြီးသည့် မီဒီယာဥပဒေ မူကြမ်းသစ်ကိုလည်း ပေးပို့သည်။ လုပ်ထုံးလုပ်နည်း အရ ပြန်ကြားရေးဌာန အနေနှင့် မူလ ၎င်းတို့ သဘောအရ ရေးခဲ့သော အဟောင်းနှင့် ယခု နှစ်ဖက် သဘောတူပြီး အသစ်တို့ကို တပြိုင်နက် လွှတ်တော်သို့ တင်ရန် ဖြစ်သည်။ ဤသို့ ပြုပါမည် ဟုလည်း လူကြီး ကတိကဝတ် (Gentleman Agreement) ပေးခဲ့သည်။ မီဒီယာ သမားများ ကျေးဇူးတင်သည်။ ယုံသည်။ ပျော်ရွှင်ခဲ့ပါသည်။
သို့သော် ယခု ဇူလိုင်လ ၄ ရက်တွင်ကား ပြည်သူ့လွှတ်တော်က အဆိုပါ မူကြမ်းကို ဆွေးနွေးပြီး အတည်ပြုလိုက် ကြောင်း ကြေညာသည်။ ဟုတ်ကဲ့။ အဟောင်းကြီးပါပဲ တဲ့။
သို့ဆိုလျှင် တနှစ်လုံး ကြိုးပမ်းခဲ့ရသော စာပေသမားများ၏ လုပ်ရပ်ကား သဲထဲ ရေသွန် ဖြစ်သွားပြီ၊ လူကြီး ကတိပေးခဲ့သော ပြန်ကြားရေးဝန်ကြီးသည် ကတိကဝတ်ကို ဖောက်ဖျက်လိုက်ပြီ။ လွတ်တော် အဲယားကွန်းခန်းထဲ ထိုင်ရင်း ဆုံးဖြတ်လိုက်သမျှ မီဒီယာသမားများ မျောက်မီးခဲ ကိုင်မိသလို ဖြစ်ပြီ။
ထို့ကြောင့် ဇူလိုင် ၇၊ ၂၀၁၃ တိုက်တိုက်ဆိုင်ဆိုင်ပင် ဆဲဗင်းဂျူလိုင်တွင် (7 July) စာနယ်ဇင်း ကောင်စီက သတင်းစာ ရှင်းလင်းပွဲ လုပ်သည်။ ဖြစ်စဉ်များကို ရှင်းပြသည်။ ကတိဖျက်ခံရ၍ ဝမ်းနည်းကြောင်း ပြောကြသည်။
မီဒီယာသမား (လူငယ် အများစု) မှာ လုပ်သမျှ ခံရတော့မည်၊ ပြုသမျှ နုရတော့မည့် အနေအထား ဖြစ်နေပြီ။ သို့သော် ဆုံးခန်း မတိုင်သေးပါ။ ယခု ပြည်သူ့လွှတ်တော်က အတည်ပြုပြီးသော မူကြမ်းသည် အမျိုးသား လွှတ်တော်သို့ သွားရဦးမည်၊ ထိုမှ ပြည်ထောင်စု လွှတ်တော်သို့ သွားရဦးမည်၊ ၎င်းမှ အစိုးရအဖွဲ့ အကြံပေးအဖွဲ့ (တရားရုံးချုပ်)နှင့် နိုင်ငံတော် သမ္မတ လက်မှတ်ထိုးပြီး နောက်ဆုံး ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုရန် ရှိသည်။
ထို့ကြောင့် မီဒီယာ သမားတို့ အားမငယ်ကြပါနဲ့ဦး။ စိတ် မပျက်ကြပါနဲ့ဦး ဟု အားတင်းကြရပါဦးမည်။ ကောင်စီက အဆိုပါ “အဆင့်အသီးသီး” သို့ စာပို့ပြီးပြီဟု သိရပါသည်။ သမ္မတ ကိုယ်တိုင် တာဝန်ပေးထားသော ကိစ္စကို တာဝန်ကျေအောင် ဆောင်ရွက်ခဲ့ပါလျက် ဥပေက္ခာ ပြုခြင်းကို ဘယ်လို ဆက်လုပ်မည်လဲ။
လူငယ်လူတော် မီဒီယာများက မေးခွန်း ထုတ်ကြ၏။ ဝန်ကြီးက ဘာမှ မလုပ်ပေးနိုင်တော့ပြီ လား။ သမ္မတ ကိုယ်တိုင်ကလည်း ဝင်ပါ၍ မရတော့ပြီ လား။ သို့ဆိုလျှင် ဆရာတို့ ဘာလုပ်မည်လဲ။ ရှင်းပါသည်။ ကောင်စီက ဘာမှ လုပ်ပေးရန် မရှိတော့ပါ။ လုပ်ပေးခဲ့သည်ကို ပယ်ချခံရပြီ ဆိုတော့ ဝမ်းနည်းစွာ ခံယူရုံပါပဲ ဟု သဘောရသည်။
ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် စာနယ်ဇင်း ကောင်စီ တဖွဲ့လုံး နုတ်ထွက်ကြရန် စဉ်းစားကြရတော့မည်။ ဘယ်သူမှ သည်လို မလုပ်ချင်ကြပါ။ သားစဉ်မြေးဆက် ဒီမိုကရေစီ အသီးအပွင့် စားသုံးစေချင်လွန်း၍ အပင်ပန်းခံခဲ့ပြီးပြီ။ ရိုးသားစွာ ကြိုးစားခဲ့ပြီးပြီ။ အရာမထင်ဟု ဆိုလျှင်တော့ ကြေကွဲစွာ ပြန်လမ်းအတိုင်း သွားရုံပါပဲ ဟု ခံစားကြရသည်။ သည်လိုပဲ ဖြစ်သင့်သည်ဟု အားလုံး သဘောတူသည်။ ။