မြန်မာပြည်မှာ အင်တာနက် အသုံးပြုတဲ့နှုန်း နည်းနေသေးပေမယ့် ပထမဆုံး မြန်မာဘာသာနဲ့ရေးနိုင် ဖတ်နိုင်တဲ့ လူမှုကွန်ရက် တခု ဖြစ်တဲ့ (SQUAR) ကို ဖန်တီးနိုင်ဖို့က အတားအဆီးမဟုတ်ခဲ့ဘူး လို့ ဆိုသူက စကွာ (SQUAR) ကွန်ရက်ကို စတင်တည်ထောင်သူ ဗီယက်နမ်နွယ်ဖွား ကနေဒါနိုင်ငံသူ ရီတာငုယင် ပါ။
ရီတာငုယင်ဟာ ဒီနှစ်အစောပိုင်းကမှ မြန်မာပြည်ကို စ ရောက်ဖူးတာ ဖြစ်ပြီး အင်တာနက် အွန်လိုင်းလွတ်လပ်ခွင့် ရလာတာ သိပ်မကြာသေးတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ အလားအလာကောင်းကို တွေ့ရတယ်လို့ ဆိုပါတယ်။ အစိုးရက အွန်လိုင်းသုံးစွဲမှု အကန့်အသတ်တွေ ဖွင့်ပေးပြီး နှစ်အနည်းငယ်အတွင်းမှာပဲ မြန်မာနိုင်ငံဟာ User-generated Content ကမ္ဘာ့အကြီးဆုံး အင်တာနက်ညီလာခံကို လက်ခံ ကျင်းပခဲ့ပါတယ်။
သူဟာ ဂိမ်းတီထွင်ခြင်းနဲ့ လူမှုကွန်ရက်ချိတ်ဆက်ခြင်း နယ်ပယ်မှာ ၁၅ နှစ်ကြာ အတွေ့အကြုံရှိပြီး အမေရိကန်ရဲ့ တတိယ အကြီးဆုံး ဗီဒီယိုဂိမ်းထုတ်တဲ့ Electronic Arts မှာ အလုပ်လုပ်ခဲ့ပါတယ်။ သူက အွန်လိုင်းလူမှု အသိုက်အဝန်း နဲ့ လူမှုကွန်ရက် ဆက်သွယ်ရေး မဟာဗျူဟာ ရေးဆွဲတဲ့ နေရာတွေမှာ အတွေ့ အကြုံရှိသူပါ။ SQUAR ဆိုတာကတော့ သီးသန့်အဓိပ္ပာယ် ဖော်ညွှန်းမှု မရှိပါဘူး။ စတင်ရေးသားစဉ်က ယူခဲ့တဲ့ ဒီနာမည်ကိုပဲ ဆက်ပြီး သုံးနေတာသာ ဖြစ်တယ်လို့ ရီတာက ဆိုပါတယ်။
ဗီယက်နမ်ဖွား ကနေဒါ နိုင်ငံသား ရီတာဟာ အာရှတိုက်ကို လွန်ခဲ့တဲ့ ၃ နှစ်ကမှ ပြန်ရောက်လာတာ ဖြစ်ပြီး လူမှုကွန်ရက် ချိတ်ဆက်ခြင်းနဲ့ မိုဘိုင်းဂိမ်း application အသုံးပြုခြင်းများကို အထူးပြု လေ့လာပါတယ်။ သူမဟာ ဇန်နဝါရီလ ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး နည်းပညာနဲ့ အင်တာနက်ဆိုင်ရာ ဘားကမ့် (Bar Camp) ညီလာခံ ကျင်းပနေချိန်မှာ မြန်မာပြည်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာလည်း ဖြစ်တယ်။ ဘားကမ့်ညီလာခံကို မြန်မာပြည်မှာ ၂၀၁၀ ကနေ စတင်ကျင်းပခဲ့တာဖြစ်ပြီး တနှစ်ထက် တနှစ် တက်ရောက်သူဦးရေ တိုးတက်လာပါတယ်။ မနှစ်က ပြုလုပ်ခဲ့တဲ့ ရန်ကုန် ညီလာခံ ကတော့ တက်ရောက်သူ ၆၄၀၀ ဦးရှိတယ်လို့ သိရပြီး ကမ္ဘာမှာ နည်းပညာသုံးစွဲသူတွေ အများအပြား ပူးပေါင်းပါဝင်တဲ့ ပွဲဖြစ်ပါတယ်။
SQUAR application ကို ဇွန်လ တတိယပတ်က စတင်ဖြန့်ခဲ့တာဖြစ်ပြီး ဂူဂဲလ် ပလေး အရောင်းစင်တာ (Google Play store) ကနေ Download ကူးယူ နိုင်ပါတယ်။ ဧရာဝတီက အီးမေးလ်နဲ့ မေးမြန်းခဲ့တဲ့ အင်တာဗျူးမှာတော့ ရီတာငုယင်က application စတင်မိတ်ဆက်လိုြက်ပီဆိုတာနဲ့ မြန်မာပြည်က တက်ကြွတဲ့ အွန်လိုင်း အသုံးပြုသူတွေကြားမှာ “သိပ်ကိုထူးခြားတဲ့ဆက်သွယ်မှုတခု” ဖြစ်ပေါ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။
မေး။ SQUAR ရဲ့ Beta Version ကို မြန်မာဖုန်း အသုံးပြုသူတွေနဲ့ ပြီးခဲ့တဲ့အပတ်ကစပြီး မိတ်ဆက်ပေးနိုင်ခဲ့တယ်လို့ သိရတယ်။ အဲဒါကို ကွန်ပျူတာတို့၊ Mac တို့၊ Tablet တွေမှာရော လုပ်ပေးသွားဖို့ အစီစဉ်ရှိပါလား ။
ဖြေ။ ဟုတ်ကဲ့။ အခု ကွန်ပျူတာနဲ့ တခြားမိုဘိုင်းဖုန်းဝန်ဆောင်မှုတွေမှာ ဒီကွန်ရက်ကို အသုံးပြုနိုင်အောင် ကြိုးစားလုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ဒီကွန်ရက်ကို iOS နဲ့ တခြားနည်းပညာ ပစ္စည်းတွေမှာလည်း အသုံးပြုလို့ ရအောင် လုပ်သွားဖို့ရှိပါတယ်။ ဒါပေမယ့် အဲဒါကတော့ နည်းနည်းကြာဦးမှာပါ။
မေး။ အခု မြန်မာလူငယ်တွေက လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ် လိုနေရာတွေမှာ သိပ်ကို တက်တက်ကြွကြွ သုံးနေကြတာပါ။ ဒီအပေါ်မှာ ရီတာ့ရဲ့ အမြင်ကို ပြောပြပါအုံး။
ဖြေ။ သူတို့ဟာ တခြားအာရှဒေသက လူငယ်တွေနဲ့ သိပ်တော့မကွာပါဘူး။ သူတို့ လူမှုရေးရာတွေ ဖလှယ်ဖို့၊ သူတို့ ပြောဆိုချင်တာတွေ ပြောဖို့၊ တွေ့ဆုံနိုင်မယ့် နေရာတခုခုကို ရှာကြတယ်။ မြန်မာလူငယ်တွေက လူမှုကွန်ရက် ဖေ့စ်ဘုတ်နဲ့ SQUAR တွေမှာ အထူး စိတ်ဝင်တစားရှိတာကို တွေ့ရတော့ ကျမသိပ်ကို အံ့သြခဲ့တာ။ အထူးသဖြင့် ညဉ့်နက်တဲ့ အချိန်တွေမှာပေါ့။ မြန်မာပြည်က ကလေးတွေ သိပ် မအိပ်ကြဘူးဆိုတာ သိလိုက်ရတယ်။
မေး။ အခုလိုမျိုး မြန်မာဘာသာနဲ့ လူမှုကွန်ယက်တခုကို မိတ်ဆက်ပေးဖို့ ဘယ်လိုစိတ်ကူးရခဲ့တာလဲ။
ဖြေ။ ကျမ ရန်ကုန်ကို ဒီနှစ် အစောပိုင်းက လာခဲ့တယ်။ ရန်ကုန်မှာ ကမ္ဘာ့အကြီးဆုံး ဘားကမ့် လုပ်မယ်ဆိုတဲ့ သတင်း ကြားပြီးတော့ပေါ့။ ရန်ကုန်မှာ တပတ်လောက် နေပြီးတဲ့အခါကျတော့ ဒီမြေမှာ သိပ်ကို ထူးခြားတဲ့အရာတခုခု ရှိနေတယ် ဆိုတာ သိလိုက်ရတယ်။ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုကြီးတွေ၊ အခြေခံအဆောက်အအုံကြီးတွေကိစ္စ တော်တော်များများ ပြောနေကြတယ်။ အဲလိုပဲ မြန်မာနိုင်ငံသားတွေအတွက် အထူးသီးသန့်အရာ မရှိသေးဘူး ဆိုတာ ကျမ သတိပြုမိခဲ့တယ်။ ဈေးကွက်ထဲကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ဝင်ရောက် လာတာနဲ့အမျှ မြန်မာပြည်ရဲ့ အင်တာနက် ဆက်သွယ်မှုနှုန်းလည်း သူ့အလိုလို မြန်လာလိမ့်မယ်လို့ ကျမ သိနေတယ်။ ဒါပေမယ့် မြန်မာတွေမှာ သူတို့ပိုင်ဆိုင်တဲ့ သူတို့ကိုယ်တိုင်ဖန်တီးတဲ့ သူတို့အတွက် ဖန်တီးရေးထားတဲ့ နည်းပညာ မရှိသေးဘူးဆိုတာ သိလိုက်ရတယ်လေ။
မေး။ SQUAR ကို စတင်ရေးဆွဲနေချိန်ကစပြီး ဘယ်လိုအခက်အခဲ စိန်ခေါ်မှုမျိုးတွေ ကြုံတွေ့ရလဲ။
ဖြေ။ ကျမတို့ မျှော်လင့်မထားတဲ့အရာ တော်တော်များများကို လေ့လာခွင့်ရခဲ့တယ်။ အန်းဒရိုက် (Android) ဖုန်းသုံးသူ တဝက်ကျော်ကျော်က ဂူဂဲလ် အရောင်းစင်တာဆိုက်ကို ဖွင့်လို့ မရသလို ကျမတို့ application ကို ဖုန်းထဲ ကူးယူ ဒေါင်းလုတ်လုပ်လို့ မရတာမျိုးတွေ ရှိခဲ့တယ်။ ဒါပေမယ့် မြန်မာလို ဘာသာပြန်ပြီးတော့ ကီးဘုတ်မှာလည်း ဘာသာ အမျိုးမျိုး ထည့်ရတာလည်း ပျော်စရာကောင်းတယ်။
ပိုပြီး စိတ်ဝင်စားစရာကောင်းတာ တခုက ကျမတို့က ဒီ ကွန်ရက်ကို စောနိုင်သမျှ စောစော ချပြနိုင်ခဲ့တာပါ။ ဒီလို နည်းပညာမျိုး တီထွင်တာဟာ Silicon Valley (အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္ပဏီများရှိရာ နေရာ) မှာတော့ ပုံမှန်ပါပဲ။ ဒါကတော့ လွယ်လင့်တကူ သုံးလို့ရနိုင်တဲ့ အသေးစား ထုတ်ကုန်တခုပါ။ ဆိုလိုတာက ရှင့်မှာ တခုခုရှိတယ်၊ အဲဒီ တခုခုကလည်း သုံးစွဲသူအတွက် အသုံးတည့်တဲ့ဟာ ဖြစ်တယ်။ နောက် သုံးစွဲသူရဲ့ အကြံပြုချက်တွေ လက်ခံတယ်။ ဒီထုတ်ကုန်ကို ပိုကောင်းအောင်လုပ်ပြီး ထပ် အဆင့် မြှင့်တယ်။
မြန်မာ လူငယ်တွေအနေနဲ့ ဒီလို ပေါ့ပေါ့ပါးပါး အသုံးပြုလို့ရတဲ့ ကွန်ယက်မျိုးကို စိတ်ရှည်ရှည် သုံးနိုင်ပါ့မလားဆိုတာ ကျမတော့ သေချာ မသိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုပုံစံမျိုး ထုတ်ကုန်မျိုး အတွက် သူတို့လေ့လာမှု သိပ်မရှိဘူး လေ။ ဒီကွန်ယက်အသစ်မှာ ဓာတ်ပုံတင်လို့ ရတာမျိုး၊ ပရိုဖိုင် နဲ့ အသစ်တင်တိုင်း သတိပေးတဲ့ သတိပေးချက် (notification) ဆိုတာမျိုးတွေ မရှိသေးဘူး။ သုံးစွဲသူတွေက ဒီ application ကို ဒေါင်းလုတ် ကူးယူပြီး စမ်းကြည့်ပြီး နောက် ထပ်မသုံးတော့ဘဲ ပစ်ထားလိုက်တာမျိုးက ဖြစ်နိုင်ခြေ အရမ်းများပါတယ်။ ဒါပေမယ့် ကျမတို့ အခု အကောင်း ဘက်က ဝေဖန်အကြံပြုချက်တွေ အများကြီး ရထားပါတယ်။ မြန်မာပြည်သားတွေက ဒီကွန်ယက်ကို စမ်းသုံးလာ ကြတယ်။ ပြီးတော့ စစချင်း တပတ်အတွင်းမှာကိုပဲ သူတို့ အမြင်တွေကို ပြောပြလာတဲ့ ပို့စ် ထောင်ကျော်ကို လက်ခံ ရရှိခဲ့တယ်။
ကျမတို့ကလည်း ဒီကွန်ယက်ကနေ ဓာတ်ပုံတင်လို့ရအောင်ရယ် တခြား လူမှုကွန်ယက်တွေနဲ့ ချိတ်ဆက်လို့ ရအောင်ရယ် ကြိုးစားလုပ်ဆောင်နေတာ။ အခု သုံးတဲ့လူတွေရဲ့ အကြံပြုချက်တွေ ကလည်း အများကြီး အထောက်အကူပြု ပါတယ်။ မြန်မာလူငယ်တွေ လူမှုကွန်ယက်မှာ သူတို့ ဘာလိုချင်တယ်ဆိုတာ ကျမ ကောင်းကောင်း သဘောပေါက်တယ်။ ဒါကို ထပ်ပြီး တီထွင်ရေးပေးဖို့ပဲ လိုတော့တယ်။ ဒီကွန်ယက်ပုံစံ အသစ် အသစ်တွေ ကို အင်္ဂါနေ့တိုင်းမှာ တင်မယ်။ ဒါကို ကွန်ရက်သုံးသူတွေ စမ်းသုံးပြီး သူတို့ဆီက အကြံပြုချက်တွေ ယူမယ်။
မေး။ ရီတာ့အနေနဲ့ မြန်မာပြည်က တက်ကြွတဲ့ လူမှုကွန်ရက် အသုံးပြုသူတွေဆီက ဘာကို မျှော်လင့်ထားလဲ။ SQUAR က အခုလက်ရှိ လူမှုကွန်ရက် တခုဖြစ်တဲ့ ဖေ့စ်ဘုတ်ကို ကျော်နိုင်မယ်လို့ ထင်လား။
ဖြေ။ ကျမ အမြင်ကတော့ လူတိုင်းမှာ လူမှုကွန်ရက် တခုမက သုံးနိုင်တဲ့ အခြေအနေ ရှိနေတယ်။ နောက်ပြီး SQUAR သုံးတဲ့ လူတွေမှာလည်း ဖေ့စ်ဘုတ် အကောင့်တခုတော့ ရှိလိမ့်မယ်လို့ ထင်တာပါပဲ။ ပြောခဲ့သလိုပဲ ကျမတို့က ဖေ့စ်ဘုတ်နဲ့ မတူတဲ့ အတွေ့အကြုံတခုကို မိတ်ဆက်ပေးချင်တာပါ။ ဖေ့စ်ဘုတ်က တဦးချင်း ဆက်သွယ်ရေးကို အဓိက ထားတယ်လေ။ မြန်မာ အွန်လိုင်းသုံးသူတွေ အတွက် သီးသန့်တီထွင်ထားတဲ့ အတွေ့အကြုံသစ်တွေရနိုင်မယ့် ပုံစံတွေ ဆက်ပြီး ထုတ်သွားမှာပါ။
မေး။ SQUAR က ဖေ့စ်ဘုတ် လိုပဲ အခမဲ့ကွန်ရက်တခု ဖြစ်မလား။ ဒါမှမဟုတ် ဝယ်ယူသုံးရတဲ့ application ဖြစ်လာ မလား။
ဖြေ။ SQUAR က သုံးတဲ့သူတွေအတွက် အမြဲပဲ အခမဲ့ ပါ။