အသိမ်းခံရတဲ့ လယ်ယာမြေ ဧက ၆ သန်းလောက် ရှိတယ်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ မြေယာနှင့် တောင်သူလယ်သမားရေးရာ ကော်မတီသည် လယ်ယာမြေ သိမ်းဆည်းမှုများနှင့် ပတ်သတ်ပြီး နိုင်ငံတဝန်းရှိ တောင်သူလယ်သမားများကို ဆွေးနွေး ကူညီပေးလျက်ရှိသည်။ အကြောင်း အမျိုးမျိုးဖြင့် လယ်ယာမြေ သိမ်းဆည်းမှုများကြောင့် မြန်မာနိုင်ငံ၏ ကျေးလက်နေ လူဦးရေ၏ ၃၅ ရာခိုင်နှုန်းမှ ၅၃ ရာခိုင်နှုန်းသည် မြေယာမဲ့များ ဖြစ်ကြောင်း စစ်တမ်းများအရသိရသည်။ တောင်သူလယ်သမားများ၏ လယ်ယာမြေ လက်လွတ်ဆုံးရှုံးရမှုနှင့် ပတ်သက်ပြီး မြေယာနှင့် တောင်သူလယ်သမားရေးရာ ကော်မတီမှ ကိုမျိုးသန့်ကို ဧရာဝတီသတင်းထောက် နန်းသီရိလွင်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။     ။ တနိုင်ငံလုံး အနေအထားနဲ့ ဆိုရင် မြေယာသိမ်းဆည်းခံရတဲ့ ဧကပေါင်း ဘယ်လောက်ထိ ရှိနေပါပြီလဲ။

ဖြေ ။     ။ စစ်တပ်က သိမ်းတာ၊ ကုမ္ပဏီက သိမ်းတာ၊ အခြား အစိုးရဌာနဆိုင်ရာတွေက သိမ်းတာ အကုန်လုံး အပါအဝင် အကြမ်းအားဖြင့် ဧကပေါင်း ၆ သန်းလောက်ရှိတယ်လို့ စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSWG) က လုပ်ထားတဲ့ စစ်တမ်းတွေက ဆိုပါတယ်။ ၆ သန်းမှာ ၄ သန်းနီးပါးလောက်က စစ်တပ်က သိမ်းတာပါ။

မေး ။     ။ ၈၈ အဖွဲ့ရဲ့ မြေယာကော်မတီ အနေနဲ့ ဒီလို မြေသိမ်းဆည်းခံထားရမှု၊ မြေသိမ်းဆည်းမှုတွေကို ဘယ်လို ကူညီ ဆောင်ရွက်ပေးနေပါသလဲ။

ဖြေ ။     ။ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ တောင်သူလယ်သမား ရေးရာအနေနဲ့ကတော့ ပြဿနာကို အချောမွေ့ဆုံး ဖြစ်အောင် ဆောင်ရွက်ပေးတယ်။ ဒါပေမယ့်လို့ မအောင်မြင်ဘူး။ အချောမွေ့ဆုံးဖြစ်အောင် ဘယ်လိုလုပ်သလဲ ဆိုတော့ နှစ်ဖက်ညှိနှိုင်းတာ၊ ဥပမာ ကုမ္ပဏီနဲ့ သော်လည်းကောင်း၊ ဌာနဆိုင်ရာနဲ့ သော်လည်းကောင်း စစ်တပ်နဲ့ သော်လည်းကောင်း၊ အဲဒီလို ညှိနှိုင်းဖို့ ကြိုးစားတယ်။ အဆင်မပြေရတဲ့ အကြောင်းက တဖက်က ပူးပေါင်း ဆောင်ရွက်မှု အားနည်းတယ်။

မေး ။     ။ မအောင်မြင်ဘူးဆိုတော့ ဘယ်လို ထိရောက်အောင် ဆောင်ရွက်ပေးဖို့ ရှိလဲ။ ဘယ်လောက်အထိ ကြားဝင် ညှိနှိုင်းပေးပါသလဲ။

ဖြေ ။     ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့က အာဏာလက်ဝယ် ရရှိထားသူတွေ မဟုတ်ဘူး။ ရိုးရိုးသားသား ဖြေရမယ်ဆိုရင် ကျနော်တို့က ဘာမှ လုပ်မပေးနိုင်ဘူးလို့ပဲ ဖြေရမယ်။ တတ်နိုင်သမျှတော့ ကြိုးစားနေတယ်။ အဓိက အချို့ကိစ္စတွေမှာ အဆင်ပြေသွားတာလေးတွေ ရှိတယ်။ ဆိုပါစို့ ကုမ္ပဏီသိမ်းထားတဲ့ ကိစ္စတချို့၊ အောက်ခြေ အုပ်ချုပ်ရေးပိုင်းက ခြစားပြီး သိမ်းထားတာတို့ ဖြေရှင်းပေးနိုင်စရာ ရှိတယ်။ ဒါပေမယ့်လို့ တဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ အဲဒီအပေါ်မှာ အနည်းဆုံး တိုင်းမှူးအဆင့်လောက်က ဝင်ပြီး ပူးပေါင်းဆောင်ရွက်မှု မလုပ်တဲ့အခါကျတော့ မပြေလည်ဘူး။

တချို့ကုမ္ပဏီတွေ ပြန်ပေးနေတာရှိတယ်။ လျော်ကြေး ပြန်ပေးတာတွေ ရှိတယ်။ ဥပမာ ဦးဇော်ဇော်ဆိုရင် ချောင်းသာမှာ သူသိမ်းထားတဲ့ လယ်မြေတွေ၊ သူသိမ်းတယ် ဆိုတာထက် တပ်က သိမ်းပြီးတော့ ပြန်ရောင်းစားထားတဲ့ မြေတွေကို တောင်းဆိုလာတဲ့ အခါကျတော့ လျော်ကြေးပြန်ပေးတယ်။ လျော်ကြေးကလည်း ထိုက်ထိုက်တန်တန် ပေးရတာ မဟုတ်ဘူး။ ဒါပေမယ့် လယ်သမားတွေက ဝမ်းသာတယ်။ အဲဒီလောက်နဲ့လည်း ကျေနပ်ကြတယ်။ အဲဒီလို ပြဿနာတွေ ပြေလည်သွားတာ ရှိတယ်။ နောက် ရန်ကုန်တိုင်းထဲက မြေတချို့အတွက် သူက လျော်ကြေးပေးချင်တယ်။ ဒါပေမဲ့ တချို့ ကုမ္ပဏီတွေက ကန့်ကွက်တဲ့ အခါကျတော့ လျော်ပေးချင်တဲ့သူက လျော်ပေးဖို့ ခက်နေတယ်။ အဲလို ကိစ္စတွေ ရှိတယ်။ ဦးဇော်ဇော်က ပေးလိုက်ရင် တခြားကုမ္ပဏီတွေကပါ ပေးရမှာဖြစ်လို့ ဝိုင်းပိတ်ဆို့တာတွေ ရှိတယ်။ ဖြေရှင်းနိုင်တဲ့ နည်းတွေ ရှိလျက်နဲ့ မဖြေရှင်းချင်ဘူး၊ အလကားပဲ လိုချင်နေတဲ့ ကုမ္ပဏီတွေကြောင့် မပြေလည်မှုတွေ ဖြစ်နေတာ။

မေး ။     ။ မြေယာကော်မရှင်က အစီရင်ခံစာမှာ စစ်တပ်က လယ်ယာမြေတွေကို လိုအပ်တာထက် ပိုသိမ်းထားတယ်လို့ ပြောထားတယ်။ အဲဒီ အပေါ်မှာရော ဘယ်လို မြင်ပါသလဲ။

ဖြေ ။     ။ ကျနော်တို့က ပိုသိမ်းထားတာတွေကို ပြန်ပေးသင့်ပါတယ်လို့ အကြံပြုထားတယ်။ စစ်တပ်သိမ်း၊ ကုမ္ပဏီသိမ်း၊ လိုအပ်လို့ သိမ်းရင်လည်းပဲ လျော်ကြေး မပေးထားတာဖြစ်လို့ လျော်ကြေးပေးသင့်တယ်လို့ ကျနော်တို့ အကြံပြုထားပါတယ်။ သို့သော် အဲဒါတွေကို လောလောဆယ် အကောင်အထည် မဖော်နိုင်ဘူး။ အကောင်အထည် မပေါ်တဲ့အတွက် ဒီမြေဟာ ဘယ်သူ ဘယ်ဝါ ရသင့်တယ်ဆိုတဲ့ အဖြေလည်း မပေါ်လာဘူး။ ဒါဟာ လွှတ်တော်မှာ ဆုံးဖြတ်ပေးရမှာ။ အဲဒီလို မသဲကွဲခင် စပ်ကြားမှာ လယ်သမားတွေက လက်ရှိ လယ်မလုပ်ရဘူး။ အနီးစပ်ဆုံးပြောရရင် အလွမ်းဆွတ် (ကျေးရွာ)။ လယ်ဧက ၃၀၀ ကျော်ကို သိမ်းထားတာ။ သိမ်းတဲ့စစ်တပ် နောက်မှာ စစ်တပ်က ၂ တပ် ပြောင်းသွားပြီ။ အခု ရောက်နေတဲ့ စစ်တပ်ကို ပြန်ပေးဖို့ ကျနော်တို့ အကြံပြုထားပါတယ်။ သို့သော် ပြန်မပေးသေးဘူး။ မပေးသေးဘူးဆိုရင် ဘယ်တော့ ပြန်ပေးမယ်ဆိုတဲ့ အချိန်သတ်မှတ်ချက်က မလာဘူး။ ဒီကြားထဲမှာ လယ်သမားက လယ်မလုပ်ရဘူး။ မနှစ်က တနှစ် လယ်မလုပ်ရဘူး။ အခု ဒီနှစ်လည်း လယ်လုပ်ရမှာ မဟုတ်ဘူး။ အဲဒီတော့ ပထမဆုံး ဖြေရှင်းပေးသင့်တာက လယ်သမားကို လောလောဆယ်တော့ ပိုင်ဆိုင်မှု အထောက်အထား မဟုတ်ပေမယ့်လို့ ဒီနှစ်တော့ လုပ်ခွင့်ပေးသင့်တယ်လို့ ကျနော်တို့ မြင်တယ်။ ဒါက တိုင်းပြည်ရဲ့ ဆန်စပါး အထွက်နှုန်းကိုလည်း ထိခိုက်သွားစေနိုင်တယ်။ စစ်တပ်က လယ်လုပ်ရင် ဘယ်တော့မှ မအောင်မြင်ဘူး။ ဒါ ကျိန်းသေတယ်။ အဲဒီတော့ လယ်သမားဆီက သီးစားပြန်ကောက်ရင်လည်း ကောက်ပေါ့။ လယ်သမား လယ်လုပ်မှ စားရမှာ။ မဟုတ်ရင် ငုတ်တုတ် ထိုင်ငတ်ရမယ့် သဘောဖြစ်နေတယ်။ လတ်တလော ပြဿနာကို အဲဒီလို ဖြေရှင်းသင့်တယ်လို့ မြင်တယ်။ သို့သော် အဲဒါတွေကို လုံးဝမလုပ်ဘူး၊ နှင်ထုတ်နေတယ်။ ပြဿနာကတော့ အဲဒါပဲ။

မေး ။     ။ အခုလက်ရှိ ၈၈ မျိုးဆက်ရဲ့ မြေယာနဲ့ လယ်သမားရေးရာ ကော်မတီကို လာပြီး အကူအညီတောင်းတဲ့ လယ်သမားတွေက ဘယ်ဒေသက အများဆုံးလဲ။ ဘယ်လို ကူညီဖြေရှင်းပေးနေရလဲ။

ဖြေ ။     ။ အခု ရက်ပိုင်းမှာတော့ အညာဘက်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက ကိစ္စတွေများတယ်။ တဘက်က လုံး၀ ဆွေးနွေးမခံဘူး။ ပူးပေါင်း ဆောင်ရွက်မှု လုံးဝမရှိဘူး။ ဧရာဝတီတိုင်းမှာဆိုရင် အုပ်ချုပ်ရေးပိုင်းက ခြစားမှုတွေကြောင့် ဖြစ်နေသလို ဖြစ်နေတယ်။ ခေတ်အဆက်ဆက်က မဆလရဲ့ အမွေဆိုးဖြစ်တဲ့ တာဝန်ကျေ စပါးချထားရမယ်ဆိုတဲ့ကိစ္စ၊ အဲဒီ တာဝန်ကျေစပါးက ၂၀၀၃ ခုနှစ်အထိ ပါလာတယ်။ တာဝန်ကျေစပါး မချနိုင်ရင် လယ်သိမ်းတယ်။ အဲဒီတုန်းက ဥပဒေအရ သီးစားချထားနိုင်တယ်။ သီးစားကို စည်းကမ်းပျက်ဆိုပြီးတော့ သီးစားကို ပြန်ရုတ်လိုက်တယ်။ ဥပဒေကြောင်းအရ ညီသလို ရှိတယ်။ ဒါပေမယ့် ဘာကြောင့် ဒီတာဝန်ကျေစပါး မချနိုင်သလဲဆိုတာကို မစဉ်းစားဘူး။ တာဝန်ကျေစပါး မချနိုင်တာနဲ့ သိမ်းလိုက်တယ်။ ပြီးတော့ ဥပဒေနဲ့ မညီတဲ့ အခြားတစ်ယောက် အဆင်ပြေတဲ့ တယောက်ကို ချပေးလိုက်တယ်။ အဲလို အချက်အလက် လွဲမှားမှုတွေကြောင့် လယ်တွေ လက်လွတ်ဆုံးရှုံးတာ။ တဘက်က သိမ်းတယ်။ တဘက်ကို ပြန်လုပ်ခွင့်ပေးတယ်။ ပြန်ချပေးတဲ့သူကလည်း လယ်သမားပဲ။ ပိုက်ဆံရှိတာ အုပ်ချုပ်ရေးပိုင်းနဲ့ အဆင်ပြေတာပဲ ကွာတယ်။ လယ်သမား အချင်းချင်း ထိပ်တိုက်တွေ့နေတာတွေက ဧရာဝတီတိုင်းထဲမှာ အရမ်းများနေတယ်။

မေး ။     ။ တောင်သူ လယ်သမားတွေက လယ်ယာမြေ ပြန်ရဖို့အတွက် ထွန်တုံးတိုက်ပွဲတွေ လုပ်တာ၊ ဆန္ဒပြတာတွေ အပေါ်မှာရော ဘယ်လို အမြင် သဘောထားရှိပါသလဲ။

ဖြေ ။     ။ ၈၈ အနေနဲ့ကတော့ တစ်အချက်၊ ထွန်တုံးတိုက်ပွဲတို့၊ လယ်ထွန် မင်္ဂလာတို့ ဘယ်လို ခေါင်းစဉ်ပဲ တပ်တပ် အဲဒီအပေါ်မှာ ရှုတ်ချစရာ၊ ကန့်ကွက်စရာ ဘာမှ မရှိဘူး။ သို့သော် အဲဒါတွေကို လုပ်ပါလို့လည်း မတိုက်တွန်းဘူး၊ မြှောက်မပေးဘူး။ လယ်သမားက လိုအပ်လို့ လူထုနည်းလမ်းကို သုံးမယ်ဆိုရင် ကျနော်တို့ အနေနဲ့ ဒီနည်းလမ်းကို သုံးလို့ ဖြစ်လာမယ့် ပြဿနာတွေကို လိုက်ပြီးတော့ ကျနော်တို့ ရှေ့ကနေ ကာကွယ်ပေးဖို့ ကြိုးစားမယ်။ သို့သော် အဲဒါတွေ လုပ်ပါလို့တော့ မတိုက်တွန်းဘူး။ ဒါဟာ ဖြေရှင်းစရာ နည်းလမ်းတခု ဖြစ်ချင်လည်း ဖြစ်မယ်၊ ဖြစ်ချင်မှလည်း ဖြစ်မယ်။ အဲဒီအပေါ်မှာ ရှုတ်ချမှု၊ ကန့်ကွက်မှု၊ မကျေနပ်မှု ဘာမှ မရှိပါဘူး။

မေး ။     ။ လယ်ယာမြေ သိမ်းဆည်းမှုတွေနဲ့ ပတ်သတ်ပြီး တောင်သူလယ်သမားတွေကို အမြင်တိမ်းစောင်းမှုတွေလည်း ရှိနေပါတယ်။ ဥပမာ ရှမ်းပြည်နယ်မှာ ဆိုရင် မြေသိမ်းထားတာ နှစ်ပေါင်း ၂၀ ကျော်ရှိပြီ။ အဲဒါကို အခုမှ ပြန်တောင်းတဲ့ ကိစ္စတွေပေါ့။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

ဖြေ ။     ။ နံပါတ် တစ် နားလည်ရမှာက ဟိုတုန်းက ပြောခွင့်မရခဲ့ဘူး။ အဲဒီအတွက် အခုမှပြောတာ။ ပြဿနာအားလုံးဟာ အသစ်မဟုတ်ဘူး။ အဟောင်းတွေကို အခုမှ ပြောရဲလို့ အခုမှ ပြောရတာ။ နောက် တချက်က ဥပဒေနဲ့ မညီတာက လယ်သမား မဟုတ်ပါဘူး၊ လယ်သမားဆိုတာ လယ်ကို လက်လွတ် ဆုံးရှုံးရတဲ့သူတွေသာ ဖြစ်ပါတယ်။ အခုလက်ဝယ်ရပြီးတော့ ပြန်မပေးချင်တဲ့ သူတွေကသာ ဥပဒေနဲ့ မညီတာပါ။

နောက်တချက်က စီမံကိန်း အကောင်အထည် မဖော်ဘဲနဲ့ အရင်တုန်းက သတ်မှတ်ထားတာ ရှိပါတယ်။ စီမံကိန်းကို ၆ လအတွင်း အကောင်အထည် ဖော်ရမယ်။ ၂ နှစ်အတွင်း အကောင်အထည် ဖော်ရမယ်ဆိုတာတွေ ရှိပါတယ်။ အဲဒါတွေကို ကာလ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီးတဲ့အထိ အကောင်အထည် မဖော်ခဲ့တာ ဖြစ်တဲ့အတွက် ဒီစီမံကိန်းတွေဟာ ပျက်ပျယ်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီတော့ ဒါကို မူရင်းပိုင်ရှင်ဖြစ်တဲ့ အစိုးရကို ပြန်အပ်ပါ။ အစိုးရက မူလ လက်ငုတ်ကို ပြန်ပေးမလား၊ စီမံကိန်း နောက်တခု ထပ်ချမလား၊ ဒါကို စီစဉ်ရမှာပါ။ အဲဒီလို မဟုတ်ဘဲ သူတို့က မြေကို လက်ဝယ်ထားရုံသက်သက် တချိန်ကျရင် ရောင်းစားမယ်ဆိုတဲ့ စိတ်ကူး စိတ်သန်းနဲ့ ယူထားတာဟာ စီမံကိန်းကို တကယ် အကောင်အထည် ဖော်ချင်သူများ မဟုတ်ဘူး။ အစိုးရ အဆက်ဆက်ကို လိမ်ညာနေသူများသာ ဖြစ်တယ်။ နောက်တချက်က တကယ်စီမံကိန်းနဲ့ အကြောင်းပြပြီး သိမ်းတဲ့သူတွေ ဆိုပြန်တော့လည်းပဲ ဥပမာ ရန်ကုန်တိုင်းတွင်းမှာကိုပဲ လယ်ယာမြေကို တောင်သူတွေနဲ့ အကျိုးတူ လုပ်မယ်ဆိုတာတွေကလည်း လိမ်လည်မှု တမျိုးပဲ။ တကယ်စီမံကိန်းကို အကောင်အထည် မဖော်နိုင်ဘူး။ တဘက်ကလည်းပဲ စီမံကိန်းကို အကြောင်းပြပြီးတော့ လိမ်ညာနေတာ တပိုင်းရှိသလို အကြောင်းအမျိုးမျိုးပြပြီးတော့ လယ်ယာမြေကို ရောင်းစားဖို့ ကြံနေတာတွေလည်း ရှိတယ်။

မေး ။     ။ စီမံကိန်းကြီးတွေကြောင့် မြေသိမ်းဆည်းတော့မယ်ဆိုရင် ဒေသခံလူထုအပေါ်မှာ ဘယ်လို အရေးထားဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ထင်ပါသလဲ။

ဖြေ ။     ။ စီမံကိန်းကြီးပဲ ဖြစ်ဖြစ်၊ စီမံကိန်းငယ်ပဲဖြစ်ဖြစ် မြေကို သိမ်းဆည်းတော့မယ်ဆိုရင် ကြိုတင် အကြောင်းကြားဖို့ လိုအပ်တယ်ဆိုတာ မြန်မာပြည်မှာ ၁၈၉၄ ကနေ အခုချိန်အထိ အသက်ဝင်နေဆဲဖြစ်တဲ့ မြေသိမ်းဥပဒေအရ အကောင်အထည် ဖော်သင့်တယ်။ အဲဒီဥပဒေမှာ ပါတဲ့ ပြဌန်းချက်တွေအရ ကျင့်သုံးသင့်တယ်။ ဒါပေမယ့် ဘယ်လို မြေသိမ်းမှုတွေမှာမှ အဲဒီ မြေသိမ်းဥပဒေနဲ့ ညီတဲ့ လုပ်ငန်းတွေ မလုပ်ဘူး။ သူတို့က ဥပဒေကို သူတို့ လိုချင်တဲ့ အချက်တွေကိုသာ ယူသုံးစွဲတာ ဖြစ်တယ်။ ဘယ်ဟာမှ ဥပဒေနဲ့ အညီမလုပ်ဘူး။

ဘယ်လို စီမံကိန်းတွေမှာမှ EIA (သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်း)၊ SIA (လူမှုဝန်းကျင် ထိခိုက်မှု စစ်တမ်း) မရှိပါဘူး။ လက်ပန်းတောင်း တောင်မှာတောင်မှ ပြောလွန်းမကပြောမှ လုပ်လာတာပါ။ တကယ်က ပွင့်လင်းမြင်သာမှု မရှိတဲ့ ပြဿနာပါ။ အစိုးရကလည်း ပွင့်လင်းမြင်သာမှု မရှိဘူး။ လုပ်ငန်းရှင်တွေဘက်ကလည်း သူခိုးဈေးနဲ့ လိုချင်တယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading