"ဦးပိုင်ကုမ္ပဏီကို အခွန်ကင်းလွတ်ခွင့် မပေးတော့ဘူး"

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

အစိုးရက နိုင်ငံတွင်း ကောက်ခံလျက်ရှိသော  အခွန်များ စိစစ် ကြပ်မတ်ခြင်း၊ အခွန်စနစ် ပြောင်းလဲကျင့်သုံးရေး အကြံပြုခြင်း များ ဆောင်ရွက်နိုင်ရေး အတွက် သူရဦးသောင်းလွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး စီးပွားရေး ပညာရှင်များ ပါဝင်သော အဖွဲ့ဝင် ၉ ဦးပါ အခွန် ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို  မေလ ၈ ရက်နေ့ တွင် ဖွဲ့စည်းခဲ့သည်။ လတ်တလော မြန်မာနိုင်ငံ ၏ အခွန်ကောက်ခံမှု အခြေအနေ သည် တိုက်ရိုက် အခွန် ကောက်ခံမှု ထက် သွယ်ဝိုက် အခွန်ကောက်ခံမှု စနစ်ကို ကျင့်သုံးနေရပြီး လာဘ်ပေး လာဘ်ယူမှုများ၊ အခွန်ရှောင်တိမ်းမှုများဖြင့် ပြည့်နှက်လျက်ရှိရာ အနာဂတ် ပြောင်းလဲ ပုံဖော်မည့် အခွန်စနစ်၊ မြန်မာနိုင်ငံ၏ လက်ရှိ အခွန်စနစ် အားနည်းချက်များ အပါအဝင် ပြုပြင် ပြောင်းလဲ သင့်သော ဘဏ္ဍာရေး စနစ်အကြောင်း အခွန် ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဝင်လည်းဖြစ် သမ္မတဦးသိန်းစိန် ၏ အမျိုးသား လူမှုရေး နှင့် စီးပွားရေး အကြံပေးကောင်စီ နာယက လည်းဖြစ် ရန်ကုန်စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ်လည်းဖြစ်သူ စီးပွားရေးပညာရှင် ဦးမော်သန်းနှင့် ဧရာဝတီသတင်းထောက် ညိမ်းပြည့်စုံက တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။     ။ အစိုးရ ဖွဲ့စည်း ပေးထားတဲ့ အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး အဖွဲ့ရဲ့ လတ်တလော ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ သိချင်ပါတယ်။ ဘယ်လိုလုပ်ငန်းစဉ်တွေကို စလုပ်နေပြီလဲ။

ဖြေ ။     ။အခွန်ကောက်တဲ့ နေရာမှာ ရသင့်ရထိုက်တဲ့ အခွန် ရ မရ ဆိုတာကို စိစစ်တယ်၊ နိုင်ငံတော်အတွင်း ဆောင်ရွက်နေတဲ့ ဝန်ဆောင်မှု၊ ကုန်သွယ်မှုနဲ့ ထုတ်လုပ်မှု လုပ်ငန်းတွေကနေ အခွန်ကောက်ခံ ရရှိမှုတွေကို စိစစ်တယ်၊ အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေကို ဘဏ္ဍာရေး ဝန်ကြီးဆီကို တင်ပြတယ်၊ ရသင့် ရထိုက်တဲ့ အခွန်ရရှိရေး၊ နိုင်ငံတကာ စံနှုန်းနဲ့ ကိုက်ညီဖို့အတွက် လက်ရှိအခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ် အကြံပြုတယ်၊ မြန်မာနိုင်ငံ အခွန်ကောက်ခံမှု စနစ်တကျဖြစ်စေရေးနဲ့ အခွန်ပြည့်ဝစွာ ရရှိရေးအတွက် အထောက်အကူ ပြုမယ့်ဟာ တွေကို အဓိကလုပ်တယ်လို့ ပြောလို့ရတယ်။

အခွန် စိစစ်ကြပ်မတ်ရေး အဖွဲ့ရဲ့တာဝန်တခုဖြစ်တဲ့ အခွန်ကို ရရှိသင့်၊ ရရှိထိုက်တဲ့ အတိုင်း ရရဲ့လား ဆိုတာတွေကို စိစစ်ဖို့ အခွန်ဦးစီးဌာနရုံးက ညွန်ကြားရေးမှူးတွေနဲ့  ဗဟိုဘဏ်မှာ အစည်းအဝေးတွေ လုပ်တယ်။ နောက်ပြီး အထည်ချုပ်လုပ်ငန်းရှင်တွေ၊ ပဲနှမ်း လုပ်ငန်းရှင်တွေ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ၊ အဲလို လုပ်ငန်းရှင်တွေ ကိုလည်း ခေါ်တွေ့တယ်။  လုပ်ငန်းရှင်တွေမှာ အခွန်နဲ့ပတ်သက်လို့  ဘယ်လို အခက်အခဲတွေ ရှိတယ် ဆိုတာ ကို မေးမြန်း ဆွေးနွေးဖြစ်တယ်။ သူတို့ရဲ့ အခက်အခဲတွေအပြင် သူတို့ပေးတဲ့ အကြံဉာဏ်တွေ ကိုလည်း ယူတယ်။ သူတို့ကိုလည်း မှာကြားစရာ ရှိတာတွေကို မှာကြားတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ရေတို ရေရှည် ခွဲပြီး လုပ်တယ်။  ရေတိုအနေနဲ့ စောစောကပြောတဲ့ လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးအဖြေရှာတယ်။

ရေရှည်အနေနဲ့ကတော့ ချက်ချင်းလုပ်ရတဲ့ ဟာတွေပေါ့။  နိုင်ငံတော် အနေနဲ့ ပြည်သူ့တွေ အတွက်  လုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါမှာ ငွေကြေးတွေ လိုအပ်တယ်။ အဲဒီလိုအပ်တဲ့ ငွေကြေးကို အခွန်ကောက်ခံလို့ရတဲ့ ငွေတွေနဲ့ သုံးနေရတာဖြစ်တယ်။ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေကိုလည်း အများပိုင်အဖြစ် ပြောင်းလိုက်လုပ်ဆောင်နေတယ် နောက်ပြီး အရင်က နိုင်ငံတော်ပိုင်ပစ္စည်းတွေကို ရောင်းချခဲ့တာတွေ လုပ်ပြီး အသုံးပြုခဲ့တယ်။ အခုတော့ အဲလိုရောင်းချစရာ နိုင်ငံတော်ပိုင် ပစ္စည်းတွေကလည်း မရှိတော့ဘူးလို့ ပြောလို့ရတဲ့အတွက် အခုလို အခွန် ကောက်ခံရတာ ဖြစ်တယ်။  ဒီနိုင်ငံကနေ ရောင်းချအသုံးပြုနေတဲ့ ဓာတ်သတ္တု တွေ၊ သဘာဝ ဓာတ်ငွေ့တွေ ဆိုတာက ရေရှည်အားကိုးလို့ မရတဲ့ အရာတွေလေ။ ဒါကြောင့် ရေရှည်အတွက် ပြည်သူတွေ အခွန်ဆောင်ကြဖို့ ကြိုးစား လုပ်နေရတာပေါ့။

ပြည်သူလူထုတွေ အခွန်ထမ်းဖို့ သတင်းစာတွေထဲမှာလည်း ထည့်ကြေညာရတာပေါ့။ မြန်မာနိုင်ငံက အခွန်ရရှိတဲ့ ပမာဏက  ၄ ရာခိုင်နှုန်း သာသာပဲ ရှိတယ်။ အာဆီယံနိုင်ငံတွေ အတွင်းမှာ ဆိုရင်တော့ ပျမ်းမျှအားဖြင့်တော့ ၁၄ ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းလောက်အထိ ရှိတယ်။ ရှေ့လျှောက်မှာ   Tax to GDP ratio မြင့်လာအောင် လုပ်သွား ရမှာပေါ့။  အခွန်ထမ်းတွေက အခွန်ဆောင်ရတာ လျော့အောင် ရနေတဲ့ ဝင်ငွေတွေကို လျော့ပြတယ်။

ဒါကြောင့် အခုက ကိုယ်တိုင် ဝင်ငွေကို ကြေညာပြီး ကိုယ်တိုင် အခွန်ဆောင်ရတဲ့ ပုံစံနဲ့ လုပ်သွားမယ်။ အဲဒါကို ဒီနှစ်ကစပြီး ပြောင်းမယ်။ ဒါက ရေရှည်လုပ်ငန်းပေါ့။ သူတို့ရဲ့ ဝင်ငွေကို တင်ပြတဲ့အခါမှာလည်း ကိုယ့်ဘာကို အာမခံရတာပေါ့။ ဝင်ငွေက သိပ်သဘာဝမကျဘူး အရမ်းနည်းနေတယ် ထင်ရင်တော့ အခွန်ဦးစီးရုံးက နေပြီးတော့ စစ်ဆေးကြည့်ပြီး မှားနေတယ် လိမ်ထားတယ်ဆိုရင် ဒဏ်ခတ်ခံရမှာပေါ့။

မေး ။     ။ ဝင်ငွေကို လိမ်ထားတယ်ဆိုရင် ဒဏ်ခတ်ခံရမယ်ဆိုတော့ ဘယ်လိုမျိုး ဒဏ်ခတ်မှာလဲ။

ဖြေ ။     ။ ဒဏ်ရိုက်တာတွေရှိမယ်။ အမှုလုပ်ပြီး ပြည်ထဲရေးတို့ကို ပို့လိုက်တာတွေလည်း ရှိမယ်။ အခွန် ပမာဏ အတော်များများ အခွန်ရှောင်တာမျိုးဆိုရင်တော့  တရားစွဲတာတွေ ဘာတွေလည်းရှိမယ်။

မေး ။     ။ အခွန် ရှောင်တိမ်းတာ အရေးယူမယ်ဆိုပေမယ့် အခွန်ရှောင်တိမ်းတာကို ဘယ်လိုထောက်လှမ်းမလဲ။

ဖြေ ။     ။ ဘယ်လိုပြောပြရမလဲ။ ဒါတွေကို လုပ်ရတာတော့ လွယ်ပါတယ်။ ပြည်ထောင်စု ဝန်ကြီးနဲ့ အစည်းအဝေးတခုမှာ တွေ့တုန်းက ပြောပြဖြစ်တယ်။ အခွန်နဲ့ ပတ်သက်လို့ လမ်းဘေးဈေးသည်တွေ ခေါင်းရွက် ဗျက်ထိုး ဈေးသည်တွေ ဆီက ရတဲ့ အခွန်ဆိုတာ အသေး အမွှား လေးတွေပေါ့ ။ ဒါကြောင့် အခွန်ကောက်ခံတဲ့အခါမှာ သူတို့ကို ပစ်မှတ်မထားဘူး။ လုပ်ငန်းကြီးတွေကိုပဲ ပစ်မှတ်ထားတယ်။ လုပ်ငန်းကြီးတွေကလည်း အဓိကအားဖြင့် ရန်ကုန်နဲ့ မန္တလေးမှာပဲ ရှိတာလေ။

ဥပမာအားဖြင့် ရန်ကုန်နဲ့ မန္တလေးမှာတော့ Yellow Pages တွေ ရှိတယ်လေ။ ဒီတော့ အဲဒီအထဲမှာ ဘယ်လုပ်ငန်းရှိတယ်။ ဘာလုပ်ငန်းရှိတယ် ဆိုတာကို ဆရာတို့ သိတာပေါ့။ တခြားမြို့တွေမှာ Yellow Pages မရှိတဲ့အတွက် အခွန်ဦးစီးဌာနတွေ ကတဆင့် သတင်းရယူမှုပေါ့ ဥပမာ လမ်းလျှောက်ရင်း ဆိုင်းဘုတ်တွေ လိုက်ကြည့်ရင်လည်း လုပ်ငန်းတွေကို သိရတာပဲလေ။ ကုမ္ပဏီတွေ လုပ်ငန်းတွေ ဟိုတယ်တွေ ဆေးရုံတွေ ပုဂ္ဂလိက ကျောင်းတွေ ဘယ်မှာ ဘယ်လို လုပ်နေတယ် ဆိုတာ သိရမယ်။ ဒါတွေက ပြေးလို့မှမရတာနော်။ အဲလိုတွေ လိုက်မယ်ဆိုရင်တော့ အခွန်ရတာပေါ့။
သူတို့တွေ အခွန်ရှောင်လို့ မရတော့ဘူးပေါ့။

မေး ။     ။ အရင် စစ်အစိုးရခေတ်က မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ တို့လို စစ်တပ်ပိုင် စီးပွားရေးအဖွဲ့အစည်းတွေက အခွန်ကင်းလွတ်ခွင့်ရခဲ့တယ်။ လက်ရှိ အခြေအနေမှာကော စစ်တပ်စီးပွားရေး အဖွဲ့အစည်း တွေကို အခွန်ကောက်ပြီလား။

ဖြေ ။     ။ အခု အစိုးရသစ်လက်ထက်မှာတော့ အခွန်စ ကောက်တာပြီ။ အရင်ကတော့ မြန်မာ့စီးပွားရေးလုပ်ငန်းတွေမှာ
နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ ရောနေတယ်ဆိုရင် အခွန်မကောက်ခဲ့ဘူး။ ဥပမာ- ဦးပိုင်ပေါ့။ အခုဆိုရင်တော့ ဦးပိုင်လဲ အခွန်ထမ်းဆောင်ရမှာပဲ။ စစ်တပ်ပိုင်မို့လို့ ဆိုပြီး အရင်က အခွန်ကင်းလွတ်ခွင့်ရထားပေမယ့် အခု  ဦးပိုင်ကုမ္ပဏီကို အခွန်ကင်းလွတ်ခွင့် မပေးတော့ဘူး။ အခု ဒီ မတ်လ မှာ ကုန်ဆုံးတဲ့ ဘဏ္ဍာရေးနှစ်ကစပြီး ဦးပိုင်ကို အခွန် ကောက်တယ်။ အစိုးရပိုင်လုပ်ငန်းတွေလည်း အခွန်ဆောင်ရတယ်။

မေး ။     ။ အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးအဖွဲ့ရဲ့  အခုလုပ်နေတဲ့ အလုပ်တွေက လက်တွေ့ကျရဲ့လား။ အောင်မြင်နိုင်ပါ့မလား။

ဖြေ ။     ။ အောင်မြင်တာပေါ့။ မအောင်မြင်လို့လည်း မရဘူး။ ဘာလို့လည်းဆိုတော့ တိုင်းပြည်အနေနဲ့ကလည်း ပြီးခဲ့တဲ့ အချိန်တွေတုန်းကလို မဟုတ်တော့ဘူးလေ။ ဒါကြောင့် အောင်ကိုအောင်မြင်မှ တိုင်းပြည်မှာ သုံးရမယ့် ငွေရမှာ။ မုချ အောင်မြင်အောင် လုပ်မှာပါ။ အစိုးရအနေနဲ့ နိုင်ငံတော် အနေနဲ့ ကောက်တာပဲလေ။ ဓါးပြတိုက်နေတာမှမဟုတ်တာ။ အောင်မြင်အောင်လည်း ကြိုးစားသွားမှာပါ။ ၃ နှစ်အတွင်း အောင်မြင်မယ် ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီအဖွဲ့ဖွဲ့ ပြီးပြီးချင်းမှာပဲ အခွန်ကောက်ခံနိုင်မှုက ၃ဆ ၊ ၄ ဆ လောက် တက်လာတယ်လေ။

မေး ။     ။ အခွန်ဆောင်တဲ့အတွက် ပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေဘက်က ဘယ်လိုအကျိုးအမြတ်တွေရမလဲ။ လက်ရှိ အခြေအနေမှာတော့ အခွန်ဆောင်လည်း ပြည်သူတွေအတွက် ဝန်ဆောင်မှုတွေက ဘာတိုးတက်မှုမှ မရှိဘူးဆိုပြီး ဝေဖန်မှုတွေရှိနေတော့….။

ဖြေ ။     ။ ဟုတ်တယ်။ တချို့တွေပြောတယ်။ ငါတို့ကြတော့ အခွန်ဆောင်ရတယ်။ လမ်းတွေကြည့်လိုက်တော့လည်း စုတ်ပြတ်နေတာပဲတို့၊ ဘာလို့ပေါ့နော်။ ဒါနဲ့ ပတ်သက်လို့ပြောချင်တာက အခွန်နဲ့ ပတ်သက်ရင် ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ရဲတွေ စစ်သားတွေ ထားထားရတာလေ။ သူတို့တွေကို အခွန်တွေနဲ့ ထားထားရတာ။

ဒါကြောင့် အခွန်ဆောင်လိုက်တဲ့အတွက် ပြည်သူတွေက လုံခြုံလာတယ်။ ကိုယ့်ကိုစော်ကားတာတွေမရှိလာနိုင်ဘူး။ တနည်းအားဖြင့် ကိုယ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက်ရော ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ လုံခြုံမှုအတွက်အပြင် လမ်းတွေ တံတားတွေဟာလည်း ကိုယ်အခွန်ဆောင်မယ်ဆိုရင် ပိုကောင်းလာနိုင်တာပေါ့။ မိသားစု တစုမှာ ဝင်ငွေများများရရင် အဲ့ဒီမိသားစုမှာရှိတဲ့ မိသားစုဝင်တွေကို ကောင်းကောင်းစောင့်ရှောက်နိုင်သလိုမျိုးပေါ့။

မေး ။     ။ လက်ရှိ မြန်မာနိုင်ငံမှာ အခွန်အမျိုးအစား ဘယ်လောက်ရှိပါသလဲ။ တချို့အခွန်တွေက ခေတ်စနစ်နဲ့မညီဘူး။ နိုင်ငံတကာမှာ ပယ်ဖျက်ပေးနေပြီဆိုပြီး လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေဘက်က ပြောဆိုတာမျိုးတွေလည်း မကြာခဏ ကြားနေရပါတယ်။ အဲဒါနဲ့ပတ်သက်လို့လည်း သိချင်ပါတယ်။

ဖြေ ။     ။ အခွန်အမျိုးအစားက ၁၆ မျိုးရှိတယ်။ အဲဒီအထဲက ဘဏ္ဍာရေးလက်အောက်မှာ ရှိတာကြတော့ အောင်ဘာလေ သိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်၊ ကုန်သွယ်ခွန်နဲ့ ဝင်ငွေခွန် ၄ မျိုးရှိတယ်။ အကောက်ခွန်တို့၊ ပို့ကုန်၊ သွင်းကုန်အခွန်တို့က အခွန်တွေကလည်း အကောက်ခွန်ဌာနနဲ့ အခြားဌာနတွေက ကောက်တာလေ။ နောက်ပြီး အခွန်ကောက်တဲ့ ရာခိုင်နှုန်း နည်းတယ် များတယ် ပြောနေတာက မြန်မာနိုင်ငံက အာဆီယံနိုင်ငံ ဖြစ်တဲ့အတွက် အာဆီယံနိုင်ငံ အချင်းချင်းမှာ ပို့ကုန်သွင်းကုန်အခွန်တွေက သတ်မှတ်ချက်ရှိတယ်။ အဲဒီသတ်မှတ်ချက်ထက် ပိုကောက်လို့ မရတာတွေရှိတယ်။

တချို့ဟာတွေကို ကောက်တာ များနေတယ်ဆိုကလည်း စောစောကပြောသလို လုပ်ငန်းကြီးတွေကို ပစ်မှတ်ထားတဲ့အတွက် အခုလို ဖြစ်သွားတယ်လို့ ပြောလို့ရတာပေါ့။ အချို့ အခွန်တွေက ခေတ်စနစ်နဲ့ အံမဝင်ဘူးလို့ ပြောဆိုနေတာတွေက  ဆိုတာကလည်း ဆရာ့အထင်တော့ အခွန်များနေတာကို
ပြောတာဖြစ်ပါလိမ့်မယ်။

မေး ။     ။ ၂၀၁၅ ခုနှစ်မှာလည်း အာဆီယံနိုင်ငံတွေအချင်းချင်း ကုန်သွယ်တဲ့အခါမှာ အခွန်နှုန်းထားကို သုည ရာခိုင်နှုန်း အထိ လျှော့ချပေးမယ်ဆိုတော့  မြန်မာနိုင်ငံအနေနဲ့ဘာတွေပြင်ဆင်ထားပြီးပြီလဲ။

ဖြေ ။     ။  AFTA သဘောတူညီချက်အရ  ၂၀၁၅ ခုနှစ်မှာ အာဆီယံနိုင်ငံတွေကို တနိုင်ငံနဲ့ တနိုင်ငံ ပို့ကုန်၊ သွင်းကုန် လုပ်တဲ့အခါမှာ ကုန်သွယ်မှုကို အထောက်အပံ့ဖြစ်အောင် လုပ်တာပေါ့။ ကုန်ပစ္စည်းအမယ်တိုင်းတော့ မဟုတ်ပါဘူး။
ကုန်ပစ္စည်းအမျိုးအစားအလိုက် အဆင့်ဆင့်အခွန်ကို သုည ရာခိုင်နှုန်းအထိ လျှော့ပေးရမှာပါ။

မေး ။     ။ ပြည်တွင်းထုတ်ကုန်တွေကို အခွန်လျှော့ပေးလိုက်မယ်ဆိုရင် နိုင်ငံတကာက ကုန်ပစ္စည်းတွေနဲ့ ယှဉ်ပြိုင်လာနိုင်မယ်ဆိုပြီး အခွန်လျော့ပေးဖို့ တောင်းဆိုတာတွေရှိနေပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။ အစိုးရအနေနဲ့က ဘာတွေ လုပ်ပေးဖို့ အစီအစဉ်ရှိမလဲ။

ဖြေ ။     ။ ဆားလုပ်ငန်းကိုလည်း အခွန်ကောက်တာပဲ၊ အရက်လုပ်ငန်းတွေကိုလည်း အခွန်ကောက်တာပဲ။ တချို့သော ပစ္စည်းတွေဟာ အခွန်ခ အရမ်းသက်သာနေတယ်ဆိုရင် ပြည်သူလူထုက ဈေးသက်သာတဲ့အတွက် များများသုံးကြမယ်။ အရက်တို့ ဆေးလိပ်တို့လို ကိစ္စမျိုးဆိုရင် လူတွေကို အန္တရာယ်ဖြစ်မယ်။ အဲဒါမျိုးတွေ အတွက်ကတော့ အခွန်လျှော့ပေးလိုက်လို့ မဖြစ်ဘူးလေ။ ဒါတွေကတော့ စဉ်းစားစရာတော့ ဖြစ်တာပေါ့။ လျှော့သင့်ပေမယ့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး သို့မဟုတ် တခုခုနဲ့ ပတ်သက်လို့ ဆိုးကျိုးရှိမယ့် ကိစ္စဆိုရင်တော့ မလျှော့ဘူး။ လျှော့သင့်တဲ့ကိစ္စ ဆိုးကျိုးမရှိမယ့် ကိစ္စတွေဆိုရင်တော့ အခွန်တွေ လျှော့သင့်ရင် လျှော့မှာပေါ့။

မေး ။     ။ တကယ်တန်း စစ်မှန်တဲ့ အခွန်စနစ်၊ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် အခွန်တွေရဖို့က အဓိက ဘာလုပ်သင့်သလဲ။

ဖြေ ။     ။ အခွန်ကောက်ခံမှုဟာ စောစောကပြောသလိုမျိုးပဲ အခွန်သည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်မတန်လိုအပ်တယ်။ တခုရှိတာက အခွန် စည်းကြပ်ကောက်ခံတဲ့အခါမှာ ထိုက်သင့်တဲ့အခွန်ပဲ ကြဖို့လည်း လိုတယ်။

ထိုက်သင့်တာထက် အခွန်အရာရှိတွေရဲ့ ဆုံးဖြတ်ချက်အရ ပိုနေတယ်ဆိုရင်လည်း မကောင်းဘူးလေ။ ဒါကြောင့် အခွန်ကောက်ခံနေတဲ့ ပုဂ္ဂိုလ်တွေကလည်း မှန်မှန်ကန်ကန်နဲ့ လာဘ်ပေးလာဘ်ယူ ကင်းကင်းနဲ့ လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင်တော့ အောင်မြင်သွားမှာပါ။

Loading