“ကလေးကို ရိုက်နှက် ဆုံးမတာမကောင်းဘူး၊ မရိုက်ရဘူး” ဆိုတဲ့ စကားကို မိဘတော်တော်များများနဲ့ ဆရာ၊ ဆရာမ တော်တော် များများ ကြားဖူးကြမှာပါပဲ။ ဒါပေမယ့် ဘာကြောင့် မရိုက်ရသလဲ၊ ဘာဖြစ်လို့ မရိုက်သင့် သလဲဆိုတဲ့ ကိစ္စကိုတော့ သေသေချာချာ သိရှိသူ နည်းပါတယ်။
ဒါကြောင့်မို့ တချို့မိဘ၊ ဆရာများကလည်း ကလေးကို ရိုက်နှက်ဆုံးမခြင်းဟာ ကောင်းတယ် ဆိုတဲ့ အယူအဆကို ဆက်လက် စွဲကိုင်ပြီးတော့ ရိုက်ပြီး ဆုံးမနေကြတုန်းပါပဲ။ တချို့ကလည်း ကလေးကို မရိုက်ရဘူးလို့ ပြောတာဟာ ကလေး အသားနာ သွားမှာစိုးလို့ တားမြစ်တာလို့ ထင်မြင် ယူဆကြပြီးတော့ မနာအောင် ရိုက်တတ်ကြ ပြန်ပါရော။ တချို့ကတော့ဖြင့် ကလေးကို လုံး၀ မရိုက်ဘဲနဲ့ ကလေးရဲ့စိတ် နာကျင်ခံစား သွားတဲ့အထိ ပြောဆိုတာ၊ အော်ငေါက်တာ၊ ဆိုးဆိုးဝါးဝါး ဒဏ်ပေးတာ … စတာတွေကို လုပ်ကြပြန်ပါရော။
အမှန်တော့ ကလေးကို မရိုက်ရဘူးလို့ ပြောခြင်းဟာ ကလေးအသား နာမှာစိုးတဲ့အတွက် တားမြစ်ထားတဲ့ တားမြစ်ချက် မဟုတ်ပါဘူး။ ရိုက်နှက် ဆုံးမခြင်းဟာ ကလေးတယောက်ကို ဆုံးမ ပြုပြင်ဖို့ အတွက် မှန်ကန်တဲ့ ဆုံးမနည်း မဟုတ်တာမို့ မရိုက်ရဘူးလို့ ဆိုလိုတာပါပဲ။
ဥပမာ – ကလေးတယောက်က ပိုက်ဆံခိုးယူတယ် ဆိုပါစို့။ ပိုက်ဆံ ခိုးတဲ့အတွက် ကလေးကို ရိုက်နှက် ဆုံးမလိုက်မယ် ဆိုရင် ကလေးဟာ ကြောက်သွားပြီး နောက်ကို မခိုးတော့ဘူးလို့ ယူဆကြပါတယ်။ အမှန်တော့ ဒီအယူအဆဟာ အင်မတန် မှားယွင်းတဲ့ ယူဆချက် တခုပါပဲ။ ကလေးဟာ အဖေက နာအောင်ကျင်အောင် (မှတ်အောင်လို့) ရိုက်လိုက်တဲ့ အတွက်၊ အဖေ့ကို ကြောက်ရတဲ့ အတွက် လက်တလောမှာတော့ မခိုးတော့ပါဘူး။ ဒါပေမယ့် အဖေလက်လှမ်း မမီနိုင်တဲ့ အသက်အရွယ်၊ အနေအထား၊ အခြေအနေမျိုးကို ရောက်သွားတဲ့ အခါမှာတော့ ခိုးယူချင်တဲ့ စိတ်ဟာ ပြန်ပေါ်လာပြီး ခိုးတတ် ဝှက်တတ် လာပါ တော့တယ်။
ခိုးချင်တယ်၊ လိမ်ချင်တယ်၊ အနိုင်ကျင့်ချင်တယ် စတဲ့ စိတ်တွေဟာ ငယ်ရွယ်စဉ်ကာလမှာ ကလေးတို့မှာ အနည်းနဲ့အများ ဆိုသလို ရှိတတ်ကြတဲ့ စိတ်မျိုးပါ။ ဒီလိုစိတ်တွေကို လူကြီးဘဝထဲ အထိ ပါမလာဖို့ ဆုံးမရမယ့် တာဝန်က မိဘ၊ ဆရာများရဲ့ တာဝန်ပါပဲ။ အမှန်တော့ ကလေးတယောက်က ပစ္စည်း တခုခုကို ခိုးတယ် ဆိုပါတော့။ မင်းသူခိုးပဲလို့ ကလေးကို မစွပ်စွဲခင်မှာ သူ ဘာကြောင့် ခိုးသလဲ၊ ဘာအတွက် ခိုးသလဲ ဆိုတာကို အရင်ဆုံး သိအောင်လုပ်ဖို့ လိုပါတယ်။ အဲဒီလို သိပြီ ဆိုရင်တော့ ဘာကြောင့် မခိုးသင့်သလဲ ဆိုတဲ့ ကိစ္စကို ကလေးနားလည်အောင်လို့ ကလေး နားလည်တဲ့ စကားနဲ့ သေသေချာချာ ဆွေးနွေးဖို့ လိုပါတယ်။ ကလေးရဲ့ ရင်ထဲမှာ ခိုးတယ် ဆိုတာ မကောင်းဘူး၊ ခိုးလိုက်တဲ့ အတွက် လူတွေရဲ့ မယုံကြည်မှုကို ရရှိစေတယ်။ လူ့လောက ဝန်းကျင်မှာလည်း မျက်နှာငယ်ရတယ်။ သူငယ်ချင်းတွေ ကလည်း မပေါင်းချင်တော့ဘူး စတဲ့ ခိုးဝှက်ခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်လာမှာတွေကို ကလေး ရင်ထဲ စွဲသွား၊ သိသွားအောင် လုပ်ပေးရပါမယ်။ တနည်းအားဖြင့် ကလေးဟာ တဦးဦး၊ တယောက်ယောက်ကို ကြောက်လို့ မခိုးတာ မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် လေးစားလို့၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလို့ မခိုးမဝှက်တာ ဆိုတဲ့ စိတ်ကလေး ဝင်သွားအောင် လေ့ကျင့်ပေးဖို့ပါပဲ။
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်၊ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် ဆိုတဲ့ စိတ်ကလေးဟာ တကယ့်ကိုမှ အဖိုးတန်တဲ့ စိတ်ပါ။ အကြောက်တရားနဲ့ ရှောင်ကျဉ်တာမျိုး မဟုတ်ဘဲ၊ မလုပ်သင့် မလုပ်ထိုက်တဲ့ အရာမို့လို့ မလုပ်တာ ဆိုတဲ့ စိတ်မျိုးကို လေ့ကျင့် ပေးဖို့ အတွက် ကလေးကို ဆုံးမတဲ့အခါမှာ တုတ်ကို ရှောင်ရပါမယ်။
ကျမရဲ့ ကိုယ်တွေ့ အနေနဲ့ ပြောရရင် ကျမမှာ သားလေး တယောက်ရှိပါတယ်။ မွေးကတည်းက စပြီးတော့ အခုအရွယ် အထိ တခါမှ သူ့ကို မရိုက်ဖူးသေးပါဘူး။ သူ အမှားအယွင်း တခုခု လုပ်တိုင်းမှာ ကျမ ဝမ်းသာရပါတယ်။ ကလေး အမှားအယွင်း တခု လုပ်တိုင်း ဝမ်းသာတယ် ဆိုလို့ စာဖတ်သူများ ကတော့ အံ့သြကြမှာ အမှန်ပါပဲ။ ဟုတ်ကဲ့ ကျမ အင်မတန်မှ ဝမ်းသာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမ သူ့ကို သင်ပြခွင့်၊ ဆုံးမခွင့် ရလို့ပါပဲ။ ကျမဟာ သားကို နားလည်အောင် ပြောဆို ဆုံးမ ပါတယ်။ ဘာကြောင့် သူလုပ်သလဲ၊ ဘာဖြစ်လို့ လုပ်သလဲ ဆိုတာကို အမြဲတမ်း သားကို အရင်မေးပါတယ်။ သူ့ ရင်ထဲက ခံစားချက်၊ သူ့ အတွေးအမြင်၊ သူ့သဘောထားကို ကျမ စိတ်ရှည်ရှည်နဲ့ နားထောင်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဘာကြောင့် မလုပ်သင့်ဘူး ဆိုတာကို သူနားလည်တဲ့ အထိ ကျမ ရှင်းပြပါတယ်။
မေမေ သားတောင်းပန်ပါတယ် လို့ သူပြောတိုင်းမှာ ကျမဟာ တောင်းပန်တယ် ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကိုပါ သားကို တခါတည်း ရှင်းပြရပါတယ်။ တောင်းပန်တယ် ဆိုတဲ့ စကားဟာ နောက်တကြိမ် ထပ်လုပ်ဖို့ အတွက် အမေကို ချော့တဲ့ (စိတ်ကျေနပ်အောင်ပြောတဲ့) စကား မဖြစ်စေရပါဘူး။ တောင်းပန်တယ် ဆိုတဲ့ အဓိပ္ပာယ်ဟာ နောက်တကြိမ် ဒီလို အပြုအမူမျိုးကို ဘယ်တော့မှ မလုပ်တော့ပါဘူး ဆိုတဲ့ ကတိစကားတခု ဖြစ်တယ် ဆိုတဲ့ အကြောင်းကိုပါ သူ့ကို ပြောပြ ရပါတယ်။ သားကို ကျမ တုတ်နဲ့ မရိုက်သလို၊ ကြောက်အောင်လည်း မခြောက်ခဲ့ပါဘူး။ ကိုယ်ချင်းစာစိတ် ရှိအောင်နဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်အောင်ပဲ သင်ပေးပါတယ်။
အကြောက်တရားနဲ့ ရှောင်ကျဉ်ထားတဲ့ လိမ္မာမှုမျိုးကို မယုံကြည် မလိုလားသူမို့ ကျမကတော့ ကလေးတွေကို အကြောက်နဲ့ လိမ္မာစေတာကို ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး။ အဲဒီ အကြောင်းကို ပြောတိုင်း ဆရာကြီး ရွှေဥဒေါင်း ရေးတဲ့ တသက်တာ မှတ်တမ်းနဲ့ အတွေးအခေါ်များ စာအုပ်ထဲမှာ ဆရာကြီးပြောတာကို သတိရမိပါတယ်။ ဆရာကြီးဟာ အဖေကို အင်မတန် ကြောက်ရပါတယ်။ အရိုက်ကြမ်းတဲ့ အဖေကို ကြောက်ရတဲ့ အတွက် အဖေ မကြိုက်တာကို အဖေ့ရှေ့မှာ မလုပ်ရဲပါဘူးတဲ့။ ဒါပေမယ့် အဖေ့ ကွယ်ရာမှာတော့ ခိုးလုပ်ပါတယ်တဲ့။ တခါဖူးမျှ တုတ်တချက် မကိုင်ဖူးတဲ့၊ အင်မတန် အေးဆေးပျော့ပျောင်းတဲ့ အမေကိုတော့ လေးစားတဲ့ အတွက် အမေ မကြိုက်တာကို အမေ့ရှေ့မှာရော၊ အမေကွယ်ရာမှာပါ သူ မလုပ်ဘူးလို့ ရေးထားတာပါ။
ကျမတို့ရဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်တယ် ဆိုတာဟာ ကလေးတို့ရဲ့ အနာဂတ် (တနည်းပြောရရင်) နိုင်ငံ တနိုင်ငံရဲ့ အနာဂတ်ကို ပျိုးထောင်ပေးခြင်း ပါပဲ။ အကြောက်တရား ကင်းတဲ့၊ ကိုယ့်ကိုယ်ကိုယ် လေးစား ကြည်ညိုတတ်တဲ့ ကလေးတွေ ဖြစ်စေဖို့နဲ့ လူရှေ့ရော၊ လူကွယ်ရာမှာပါ အကျင့်စာရိတ္တကောင်းတဲ့ ကလေးတွေဖြစ်စေဖို့ အတွက် ကလေးတို့ကို ငယ်စဉ် ကတည်းက ပြုစု ပျိုးထောင်ပေးဖို့ လိုပါတယ်။ ကမ္ဘာမှာ သိက္ခာရှိတဲ့၊ ယဉ်ကျေးတဲ့၊ ကိုယ်ချင်း စာတတ်တဲ့၊ မရိုင်းပျတဲ့၊ အကျင့် စာရိတ္တ ကောင်းတဲ့ လူမျိုးရယ်လို့ နောင်မျိုးဆက်မှာ ဂုဏ်ယူဝင့်ကြွားနိုင်ဖို့ ကျမတို့ရဲ့ ကလေးများကို အကြောက်တရားနဲ့ မဆုံးမဘဲ၊ အသိတရားနဲ့ ယဉ်ကျေးလိမ်မာအောင် ဆုံးမပေးကြပါဦးလို့။ ။