နေ့စဉ်နဲ့ အမျှ ကျမတို့တတွေ ပြေးမလွတ်တာက စီးကရက် မီးခိုးငွေ့တွေပါ။ လက်ဖက်ရည်ဆိုင်မှာ၊ အအေးဆိုင်မှာ၊ မြို့ပတ်ရထားတွေပေါ်မှာ ကိုယ်တိုင် မသောက်ဘဲ ရှူရှိုက်နေရတဲ့ စီးကရက် ဒါမှမဟုတ် ဆေးလိပ် မီးခိုးငွေ့တွေ ဘယ်လောက်များ များနေပြီလဲ။ ဆေးလိပ်သောက်တဲ့ အလေ့အထဟာ ကျမတို့ရဲ့ ကျန်းမာရေးကို တနေ့တခြား ပိုပိုပြီး ခြိမ်းခြောက်လာနေပါပြီ။
အများပြည်သူနဲ့ ဆိုတဲ့ နေရာ (Public Area) တွေမှာ ဆေးလိပ်သောက် မသောက်ရ ဆိုတဲ့ တားမြစ်ချက်က ရှိပြီးသား ပါ။ ဒါပေမယ့် ဥပဒေတွေက အပြည့်အ၀ သက်ဝင်ခြင်း မရှိလေတော့ လမ်းသွားရင်း ဆေးလိပ်သောက်တဲ့သူတွေ ပိုများ လာသလို Passive Smoker လို့ခေါ်တဲ့ တဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်နေရသူတွေ ပိုများလာနေတာပါပဲ။ အသက် ၁၈ နှစ် မပြည့်သေးသူကို ဆေးလိပ် မရောင်းရဘူးလို့ ဆိုပေမယ့် ဆေးလိပ်ရောင်းနေသူတွေထဲမှာ အသက် ၁၈ နှစ် မပြည့်သေးသူတွေ ရှိနေတာ အထင်အရှားပါပဲ။
|
ဆေးလိပ်ကြောင့် ဖြစ်ပွားနိုင်တဲ့ ရောဂါတွေထဲမှာ အဆုတ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ပါဝင်ပါတယ်။ သိပ်မကြာသေးခင်ကပဲ ထိတ်လန့် တုန်လှုပ်စရာကောင်းတဲ့ သတင်း တပုဒ် ဖတ်လိုက်ရပါ တယ်။ ဆေးလိပ်သောက်သုံးမှုကြောင့် ကမ္ဘာတဝှမ်းမှာ နှစ်စဉ် လူ ၆ သန်းလောက် အသက်ဆုံးရှုံးနေရပါသတဲ့။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ အဲဒီလို သေဆုံးမှုတွေထဲမှာ ဝင်ငွေနိမ့်တဲ့ နိုင်ငံတွေနဲ့ ဝင်ငွေ အလယ်အလတ် ရှိတဲ့ နိုင်ငံတွေမှာ အများဆုံး ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ “နိုင်ငံ တိုင်းမှာ ကိုယ့်နိုင်ငံသားတွေကို ဆေးလိပ်နဲ့ ဆက်နွယ်နေတဲ့ နာမကျန်းဖြစ်မှု၊ ကိုယ်လက်အင်္ဂါ မသန်စွမ်း ဖြစ်စေမှုနဲ့ သေဆုံးမှုတွေကနေ ကာကွယ်ဖို့ တာဝန်ရှိပါတယ်” လို့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာဂရက် ချန်က ပြောကြားခဲ့ပါတယ်။
ဆေးလိပ်ကြောင့် သေဆုံးရသူ ၆ သန်းမှာ ၅ သန်းက ကိုယ်တိုင်သောက်သုံးသူတွေ ဖြစ်ပြီး ၆ သိန်းကျော်ကတော့ ဆေးလိပ်ငွေ့ကို တဆင့်ခံ ရှူရှိုက်ရလို့ သေဆုံးသူတွေ ဖြစ်ပါသတဲ့။ တနှစ်မှာ လူ ၆ သန်းနီးပါး ဆေးလိပ်ကြောင့် သေဆုံးနေရတဲ့ အတွက် ၁၀ နှစ်စာလောက် ဆိုရင် မြန်မာတနိုင်ငံလုံးရဲ့ လူဦးရေ နီးပါးအထိ ရှိလာနိုင်တာမို့ ကြောက် စရာကောင်းတဲ့ ကိန်းဂဏန်းပါပဲ။
လက်ရှိ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေမှာလည်း ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ မှ “ဦးခင်မောင်ရီ”က နိုင်ငံမှာ ထုတ်ပြန် ပြဋ္ဌာန်းပြီး၊ အာဏာတည်ပြီး ဖြစ်တဲ့ “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ” ကို တိကျစွာ လိုက်နာကျင့်သုံးဖို့ ဆိုတင်သွင်းခဲ့ပါတယ်။ ဒီအဆိုကို ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၉ မှ ဒေါက်တာမြဦးက ထောက်ခံဆွေးနွေးရာမှာ လူမှုအဖွဲ့အစည်းတွေ အနေနဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထိန်းချုပ်ရေးမှာ အသင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ လွတ်လပ်စွာ ကုန်သွယ်မှု ကိစ္စမှာ ဆေးလိပ်နဲ့ အရက်ကို ခြွင်းချက်အနေနဲ့ မပါဝင်စေဖို့၊ မှောင်ခိုရောင်းဝယ်မှု မပြုနိုင် ရေး အတွက် သဘောတူညီချက် ချမှတ်ဖို့ စသဖြင့် ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ ကျမတို့ မြန်မာပြည်၊ မြန်မာပြည်သူတွေ အတွက် တကယ်လိုအပ်နေတဲ့ ဆွေးနွေးမှု ဖြစ်လို့ ကြိုဆိုရမှာပါ။
ဈေးကွက်ထဲမှာ အမည်အမျိုးမျိုး၊ တံဆိပ် အမျိုးမျိုးနဲ့ စီးကရက်တွေက မင်းမူ နေရာယူထားကြ ပါတယ်။ လမ်းဘေးဆိုင်မှာက အစ တရာဖိုး နှစ်လိပ် နဲ့ လွယ်လွယ်ကူကူ ဝယ်ယူလို့ ရနေတဲ့ အတွက် ဆေးလိပ်သောက်သုံးမှု များလာတာ မဆန်းပါဘူး။ အိန္ဒိယလို လူဦးရေ ထူထပ်တဲ့ နိုင်ငံကြီးမှာတောင် ဆေးလိပ် ဆေးရွက်ကြီးနဲ့ ဆက်စပ် ပစ္စည်းများ ရောင်းဝယ်မှုကို ဥပဒေနဲ့ ကန့်သတ်ထိန်းချုပ်ထားပါတယ်။ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာလည်း ဆေးလိပ် သောက်သုံးမှုကို တိတိကျကျ ထိန်းချုပ်ထားလို့ ဆေးလိပ်၊ စီးကရက် ကုမ္ပဏီကြီးတွေရဲ့ ပစ်မှတ်က မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ဖြစ်လာတာပါ။
နည်းမျိုးစုံနဲ့ ကြော်ငြာနေတာတွေ၊ အရောင်းမြှင့်တင်ရေး လုပ်နေကြတာတွေရဲ့ နောက်ကွယ်မှာ လူ့အသက်ပေါင်းများ စွာ ဝါးမြိုခံနေရတာ ဝမ်းနည်းစရာပါ။ ဒီလို ပစ်မှတ်ထားမှုကနေ ကာကွယ်နိုင်ဖို့၊ ဆေးလိပ်သောက်သုံးတွေကိုရော ရောင်းချသူတွေကိုပါ အသိပညာပေးမှုနဲ့ အပြစ်ပေး အရေးယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုနေပါပြီ။ ကျမရဲ့ အမြင်အရတော့ ဆေးလိပ်နဲ့ စီးကရက်ကို အခွန်ပိုမို ကောက်ခံဖို့ လိုသလို တရားမဝင် ဝင်ရောက်လာတဲ့ လမ်းကြောင်း တွေကိုလည်း ပိတ်ဆို့ တားဆီးဖို့ လိုပါတယ်။
ဆေးလိပ် အလွန်အမင်း စွဲလမ်းနေသူတွေ ဆေးလိပ်ဖြတ်ရာမှာ အသုံးပြုတဲ့ နီကိုတင်း အစားထိုး ဆေးတွေဟာ ဈေးကြီးမြင့်နေပြီး ၃ လ ခန့် အစားထိုး သုံးစွဲနိုင်ဖို့ ကုန်ကျငွေက ကျပ် ၂ သိန်းကျော်ခန့် ရှိတာကြောင့် တွင်ကျယ်မှု မရှိသေးကြောင်း ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနန်းနိုင်နိုင်ရှိန်က ပြောကြားတာကို လည်း Daily Eleven သတင်းစာမှာ ဖတ်ရှုလိုက်ရပါတယ်။ ဆေးလိပ်သောက်သုံးသူတွေဟာ ဆေးလိပ် မသောက်သုံး သူတွေထက် အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ အဆ ၂၀ ပိုများပါသတဲ့။
စီးကရက်သောက်တာကြောင့် ဆက်နွယ်ပြီး ဖြစ်ပေါ်လာရတဲ့ ဆိုးကျိုးတွေလည်း အများကြီးပါပဲ။ လက်ဖက်ရည်ဆိုင် တွေမှာ စီးကရက်သောက်ပြီးရင် မီးတောင် အငြှိမ်းဘဲ စည်းကမ်းမဲ့ လွှင့်ပစ်တတ်တာတွေလည်း တွေ့နေရပါတယ်။ အနည်းဆုံးတော့ ကိုယ်သောက်နေတဲ့ စီးကရက်ကို မီးသေအောင် သတ်ပြီးမှ စနစ်တက် စွန့်ပစ်ဖို့ တာဝန်ရှိပါတယ်။ စီးကရက်တို အမှိုက်ကို တွေ့ရာနေရာမှာ လွှင့်ပစ်ခြင်းဟာ သဘာ၀ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသလို အနီးဝန်းကျင် ရှိ အမှိုက်တွေကနေ အလွယ်တကူ မီးစွဲလောင်နိုင်တဲ့ အန္တရယ်ရှိပါတယ်။
လမ်းသွားရင်း စီးကရက်သောက်၊ ပြီးတော့ ကြုံရာ လွှင့်ပစ်နေတဲ့သူတွေကို ထိထိရောက်ရောက် ဒဏ်ရိုက် အရေးယူဖို့ လိုပါတယ်။ ဓာတ်ဆီ စက်သုံးဆီ ဖြည့်တဲ့နေရာတွေမှာ ဆေးလိပ် သောက်မိရင် အဲဒီဆေးလိပ်ကနေ မီးလောင် ပေါက်ကွဲမှုအထိ ဖြစ်ပွားစေနိုင်ပါတယ်။ ဆေးလိပ် မသောက်ရ ဆိုတဲ့ စာတန်းအောက်မှာ မီးခိုးတထောင်းထောင်းနဲ့ ဆေးလိပ်ဖွာရှိုက် သောက်သုံးနေသူတွေ တွေ့နေရတယ်။ ပြီးတော့ ကန်ထရိုက်တိုကလို အထပ်မြင့် တိုက်ခန်းတွေမှာ နေထိုင်ကြပြီး စည်းကမ်းမရှိတဲ့ သူတွေကြောင့် လှေကား အတက်အဆင်း နေရာ ထောင့်တွေမှာ စီးကရက်တိုတွေ၊ ကွမ်းသွေးတွေ၊ အမှိုက်သရိုက်တွေ ပွစာကြဲနေတာဟာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ မီးမသေသေးတဲ့ စီးကရက်ကို တိုက်အပေါ်ထပ်တွေက ပစ်ချတဲ့ သူတွေလည်း ရှိပါတယ်။ သတိမဲ့သလို အသိမဲ့တဲ့ အပြုအမူတွေလည်း နေရာ အတော်များများမှာ တွေ့နေရပါတယ်။
တဖက်က စဉ်းစားကြည့်ရင်လည်း ရောင်းသူရှိလို့ သောက်သုံးသူတွေ ရှိနေတာပါ။ ကွမ်းယာ၊ ဆေးလိပ်၊ စီးကရက်တို့ ဟာ အရင်းအနှီး နည်းနည်းနဲ့ အမြတ်များများ မြန်မြန် အလွယ်တကူရောင်းရ နေတာကြောင့်လည်း ဖြစ်ပါတယ်။ တကယ်လို့ ဆေးလိပ်နဲ့ စီးကရက်ကို ကြပ်ကြပ်မတ်မတ် စိစစ်ရောင်းချခွင့်ပြုမယ်ဆိုရင် တင်သွင်းသူ၊ တဆင့်ခံ ရောင်းချသူ၊ ထပ်ဆင့် ရောင်းချသူ အရေအတွက်လည်း သိသိသာသာ လျော့ကျသွားမှာပါ။
စီးပွားရေး စားဝတ်နေရေး အဆင်မပြေလို့ တဖက်တလမ်းကနေ ဝင်ငွေရဖို့ ရောင်းသူတွေလည်း ရှိပါတယ်။ အထူးသဖြင့် ကျောင်းနေအရွယ် ကလေးငယ်တွေ စီးကရက် ရောင်းနေတဲ့ မြင်ကွင်းဟာ အနာဂတ်အတွက် တကယ့်ကို ကြေကွဲစရာပါ။ အဲဒီတော့ စီးကရက် ဆေးလိပ် မရောင်းဘဲနဲ့ တခြား ဝင်ငွေရရှိနိုင်မယ့် နည်းလမ်းတွေကို တာဝန်ရှိသူတွေ အနေနဲ့ စဉ်းစားပေးသင့် ပါတယ်။ စီးကရက်ရဲ့ ဆိုးကျိုးတွေ၊ ကျန်းမာရေး အပေါ် ဆိုးဝါးသက်ရောက် ပုံတွေကို သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား အပါအဝင် မီဒီယာပေါင်းစုံကနေ အသိပေး နှိုးဆော်သင့်ပါတယ်။ ဒါ့အပြင် ရုပ်မြင်သံကြား ကနေ ပညာပေးဖျော်ဖြေမှု (Edutainment) ဆိုပြီး နယ်ပယ်ပေါင်းစုံ ပညာရပ်ပေါင်းစုံကို သာမန် အများပြည်သူတွေ အတွက် စီစဉ်ထုတ်လွှင့် ပေးတာတွေ ရှိပါတယ်။
စီးကရက်ကို စွဲစွဲလမ်းလမ်း သောက်သုံးသူတွေ အနနဲ့လည်း ကိုယ်ရှူသွင်းလိုက်တဲ့ စီးကရက်ငွေ့ရဲ့ ကျေနပ်မှုနဲ့ ကိုယ့်ဆီ ရောက်လာမယ့် ဆိုးကျိုး ရလာဒ်က ကာမိရဲ့လား ဆိုတာ နှိုင်းယှဉ် စဉ်းစားဖို့ လိုပါတယ်။ ပြီးတော့ ကိုယ့် စီးကရက်ငွေ့ကြောင့် တခြား သူတွေရဲ့ ကျန်းမာရေး ထိခိုက်စေနိုင်တယ် ဆိုတာ ကိုယ်ချင်းစာစိတ်မွေးဖို့ လိုပါတယ်။
စီးကရက် ကုမ္ပဏီတွေရဲ့ အမျိုးမျိုးသော ကြော်ငြာတွေကြားမှာ ကျော့ကွင်းမမိဖို့ သတိကြီးကြီး ထားရပါလိမ့်မယ်။ အမြတ်အစွန်း ရရှိမှာက စီးကရက်ကုမ္ပဏီကြီးတွေ ဖြစ်ပြီး ရောဂါရရှိမှာက သောက်သုံးသူတွေနဲ့ အနီးနားက လူတွေပါ။
ဥပဒေ တရပ်ဟာ ထုတ်ပြန်ထားပြီး ပြဋ္ဌာန်းထားပြီး ဖြစ်ပေမယ့် လိုက်နာသူ ရှိမှ၊ ဥပဒေ ပြဋ္ဌာန်းချက်ကို လိုက်နာမှု ရှိမရှိ စောင့်ကြပ်သူ ရှိမှလည်း ဥပဒေဟာ သက်ဝင်မှာပါ။ အဲဒီ ဥပဒေဟာ အဓိပ္ပယ်ပြည့်ဝမှာပါ။
“ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေ” သက်ဝင်လာစေဖို့၊ တိတိကျကျ လိုက် ကျင့်သုံးဖို့ အတွက် တာဝန်ရှိသူတွေ အနေနဲ့ တာဝန်သိသိ လုပ်ဆောင်ဖို့ အချိန်ရောက်လာပါပြီ။ နိုင်ငံသားတွေ အနေနဲ့လည်း အသိစိတ်ရှိရှိ ပူးပေါင်းပါဝင်ဖို့ လိုနေပါပြီ။ တကယ်လို့ ဆေးလိပ်သောက်တယ်ဆိုရင်တောင် သီးသန့်နေရာ သတ်မှတ်ပေးထားပြီး အများပြည်သူကို စိတ်အနှောင့်အယှက် မဖြစ်အောင် အဲဒီလိုနေရာတွေမှာပဲ သောက်သုံးဖို့ အသိပညာပေးတွေ ပြုလုပ်ဖို့ လိုပါတယ်။
တာဝန် သိစိတ်လည်း ရှိမယ်၊ ကိုယ်ချင်းစာစိတ်လည်း ရှိမယ်၊ လုံလောက်တဲ့ ပညာပေးမှုလည်း ရှိမယ်၊ ကျန်းမာရေး အသိလည်း ရှိမယ်၊ တရားမဝင် လမ်းကြောင်းတွေလည်း ပိတ်ဆို့နိုင်မယ် ဆိုရင် ဆေးလိပ်ငွေ့ စီးကရက်ငွေ့ ကင်းစင်တဲ့ နေ့ရက်တွေ ရောက်ရှိလာဖို့ သိပ်မဝေးတော့ဘူးလို့ မျှော်လင့်နေမိပါတယ် ရှင်။ ။