သမိုင်းဝင် ရန်ကုန်တက္ကသိုလ်မှာ သူ့ကို အောင်ဆန်းဟု လူသိများကြသည်။ ပုံက ရှုသိုးသိုး မှုန်ကုပ်ကုပ် စာအုပ် တအုပ်ကိုကိုင်ပြီး ခေါင်းငိုက်စိုက်နှင့် လမ်းလျှောက်တတ်သည်ဟု သူ့အကြောင်း စာတွေထဲမှာ ဖတ်ရဘူးသည်။ စကားပြောလျှင် ခွကျကျ သူက အကြောင်းအရာတခုကိုပဲ စိတ်ထဲမှာ တွေးနေပုံရသည်။ သခင်အောင်ဆန်း သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်း နိစ္စဓူဝ တွေးနေတာက မြန်မာ့လွတ်လပ်ရေးပဲ ဖြစ်သည်။
ထို့ကြောင့်လည်း ဆရာကြီးဒဂုန်တာရာက “အောင်ဆန်း (သို့မဟုတ်) အရိုင်း” ဆိုသည့် ရုပ်ပုံလွှာတွင် ဖွဲ့နွဲ့ခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်း တယောက်တည်းတော့ မဟုတ်။ သူနှင့်အတူ ခေတ်ပြိုင် နိုင်ငံရေးသမားများ၊ ကျောင်းသား ခေါင်းဆောင်များ၊ သခင်ပေါက်စများ မှိုလိုပေါက်ခဲ့သည်။ သို့သော် ဗိုလ်ချုပ် အောင်ဆန်းကို အားလုံးက အသိအမှတ် ပြုခဲ့ ရသည်။ သူ့ကို ဖမ်းဆီးထောင်ချ ဝရမ်းထုတ်ရန် ကျိုးစားခဲ့သည့် နယ်ချဲ့ကလည်း သူ့ကို နောက်ဆုံးစကား ပြောရသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ပင်ကိုယ်ရိုးသားမှု၊ ဉာဏ်အမြော်အမြင် ရှိမှု၊ နိုင်ငံရေးကို ပါးပါးနပ်နပ် မြင်တတ်မှု လက်တွေ့ ကျမှုတို့က သူ့ခေတ်ပြိုင်များနှင့် ယှဉ်လိုက်လျှင် သူက နည်းနည်းတော့ သာနေတတ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ ဝန်ကြီး အဖွဲ့သည် ဇူလိုင် ၁၉ ရက်နေ့တွင် မဆုံးရှုံးခဲ့ရပါက ဆိုသော ယူကြုံးမရ အတွေများ အမြဲလိုလို တစ္ဆေခြောက်သလို ယခုအချိန်အထိ တွေးတော ပြောဆိုနေကြဆဲ ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏စိတ်ဓာတ်၊ တိုင်းပြည်တာဝန်ကို ရိုရို ကျိုးကျိုး ထမ်းချင်စိတ်တို့ကို မမေ့ကြသေး။ မေ့ဖျောက်ဖို့ ကျိုးစားသူတွေရှိခဲ့လည်း အားလုံးက ဗိုလ်ချုပ်အောင်ဆန်းကို သတိတရ ရှိနေကြဆဲပင်။ ထို့အထူပင် မြန်မာပြည်၏ ဒုတိယမြောက် လွတ်လပ်ရေးကို ဆက်ပြီး တာဝန်ယူမည်ဟု ကြွေးကြော်ခဲ့သော သူ၏သမီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဆိုသော အစွဲတခုတည်း မဟုတ်ဘဲ (မြန်မာပြည်တွင် နိုင်ငံရေးမျိုးရိုးမှ ပေါက်ဖွားလာသည့် သားသမီးပေါင်း များစွာ ရှိပါသည်) သူ၏ ရိုးဂုဏ်၊ ပြောဟန်ဆိုဟန်၊ စစ်အာဏာရှင်ကို ထီမထင်ဘဲ ပြန်လည် တုံ့ပြန်မှုတို့ကြောင့် မြန်မာပြည်သူတို့က ၁၉၈၈ နောက်ပိုင်းတွင် တခဲနက် အားပေး ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။
၁၉၈၈ ခုနှစ် အရေးအခင်းသည် ကျောင်းသား/ ကျောင်းသူများ စတင်ခဲ့သော လူပ်ရှားမှု ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို မွေးထုတ် ပေါ်ပေါက်စေခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ လွတ်လပ်ရေး၊ အာဇာနည်နေ့နှင့် ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဆက်စပ်နေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးမှာ ဗိုလ်ချုပ်အောင်ဆန်းလိုပဲလား၊ နိုင်ငံရေး အကင်းပါးရဲ့လား၊ ပါးနပ်မှုရှိရဲ့လား၊ ရိုးသားရဲ့လား၊ တိုင်းပြည်ကို ချစ်ရဲ့လား စသော မေးခွန်းများမှာ ၁၉၈၈ ကတည်းက ရှိခဲ့ပါသည်။
ယခု ပို၍ ရှိနေပြီ ဖြစ်သည်။ ဒါကို ကြိုဆိုရမည် မဟုတ်ပါလား။ မေးခွန်းထုတ် တွေးတောခြင်းသည်၊ အဖြေ၏ လမ်းစ ဆိုလျှင် မြန်မာများ များများမေးခွန်းထုတ်၊ များများတွေး။ သို့ဆိုလျှင် အဖြေက နီးပြီဟု ခန့်မှန်း၍ရပြီ ဖြစ်သည်။
လွတ်လပ်ရေး ရလုဆဲဆဲ ကျားကုတ်ကျားခဲ ကျိုးစားနေချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးသမား တဦး ဖြစ်နေပြီ။ သူ့အသက်က ၃၀ ကျော်သာ ရှိသေးသည်။ ကျောင်းတုန်း ကတည်းက သခင်အောင်ဆန်း၊ ဂျပန်နှင့်ပေါင်းပြီး နယ်ချဲ့ကို လက်နက်ကိုင် တော်လှန်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း မဟုတ်တော့။ စကား အခြေအတင် ပြောရသော၊ တိုင်းပြည်ကို မည်သို့ ပြန်လည် တည်ဆောက်မည် ဆိုသည်ကို စဉ်းစားရသော နိုင်ငံရေးသမား ဦးအောင်ဆန်း ဖြစ်နေ ပြီ။ သူ့ နိုင်ငံရေးကို ဝေဖန်သူလည်း ရှိခဲ့သလို၊ ထောက်ခံသူများလည်း အမြောက်အမြား ရှိခဲ့ပါသည်။ ယနေ့ ပြောင်းလဲ ပွင့်လင်းစပြုနေပြီဟု ပြောနေသော မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဗျူဟာကို သူ့အဖေ ခေတ်ကလိုပင် မေးခွန်းထုတ်၊ ဝေဖန်သူများ ရှိနေပေပြီ။ ရွေးစရာ လမ်းမရှိတော့သဖြင့် အလျှော့ပေး ဆက်ဆံ နေရပြီလား၊ အသုံးချ ခံနေရတာကို မသိဘူးလား၊ ကိုယ့်ကို ပုခုံးတင်ခဲ့ သူများကို ဘာကြောင့် မစည်းရုံး ချင်တာလဲ၊ ကိုယ့် အင်အားကို ချိနဲ့အောင် ဘာကြောင့် လုပ်နေတာလဲ၊ အာဏာနိုင်ငံရေးကို ဦးစားပေး နေပြီလား၊ လူပေါင်း မှားနေပြီလား ဆိုသည့် ဝေဖန်မေးခွန်းများ ထောင့်ပေါင်းစုံမှ ကြားနေရသည်။ သို့သော် သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်သည်။ ပြည်သူလူထု အများစု၏ ယုံကြည်ကိုးစားမှုနှင့် ထောက်ခံမှုကို ယနေ့အထိ အံ့မခန်း ရနေဆဲ ဖြစ်သည်။
သူ့ကြောင့် တိုင်းပြည်ပျက်ခဲ့၊ လူပေါင်းများစွာ ဘဝပျက် အသက်စတေး ခံခဲ့၊ တိုင်းပြည် ဘဏ္ဍာ ဆုံးရှုံးခဲရတာ မရှိသေးပါ။ သူ၏ ရိုးဂုဏ်နှင့် ရပ်တည်မူကို၊ တိုင်းပြည်ချစ်စိတ်ကို အများက ထောက်ခံဆဲ ဖြစ်သည်။ မတရားမှုနှင့် အာဏာရှင်များကို ရင်ဆိုင်ပြီး အဖိနှိပ်ခံခဲ့ရသော ပြည်သူလူထု အတွက် ရပ်တည် ပေးဦးမည်ဟု ယုံကြည်နေဆဲ ဆိုသော အတွေးကြောင့် ထောက်ခံနေခြင်း ဖြစ်သည်။ သံသယ၏ အကျိုးကို ခံစားခွင့် များစွာပေးပြီး “အမေစု ကျန်းမာပါစေ” ဟု အော်နေကြဆဲ ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ရှင်နေခဲ့သေးလျှင် ဒါကို ကျေနပ်နှစ်သိမ့်မည်မှာ မလွဲ၊ ထို့ကြောင့် ယနေ့အထိ ဗိုလ်ချုပ်အောင်ဆန်း သေခဲ့ပြီဟု ပြောရမည်မှာလည်း ခက်သည်ဟု ဆိုချင်သည်။ အာဇာနည်နေ့ကို မမေ့မလျော့ဘဲ အာဇာနည်စိတ်ဖြင့် ပန်းတိုင် ရောက်သည်အထိ တက်ညီလက်ညီ အားစိုက် လျှောက်ရဦးမည်။ ယနေ့အချိန်အထိ မြန်မာပြည် တကယ် လွတ်လပ်ပြီဟု ပြောဖို့ခက်နေသေးသည် မဟုတ်ပါလော။