ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မြန်မာ ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့က ကျင်းပသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာခြင်းသည် မြန်မာပြည် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အလားအလာကောင်းသည့် ရှေ့ပြေးနိဒါန်းဟု ယူဆသည်။
၂၀၁၁ ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးမှု အပြီး ယခု တကြိမ်သည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ရလဒ်ကောင်းများ အတွက် ဦးတည်သည့် အပေါင်းလက္ခဏာ ဆောင်သော တွေ့ဆုံဆွေးနွေးမှု တခုဟု ဆိုရမည်။
၂၀၁၀ ရွေးကောက်ပွဲ ပြီးချိန်မှ စတင်၍ ယခုအချိန်အထိ သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့၏ ပုဂ္ဂလိက အာဏာ ယှဉ်ပြိုင်လိုမှုများကို ပြည်သူများ သတိထားမိခဲ့ကြပြီး ထိုယှဉ်ပြိုင်မှုများကြောင့် သူရဦးရွှေမန်းမှာ အကောင်း မြင် မခံရဘဲ ဖြစ်ခဲ့ရသည်။ အဆိုးရွားဆုံးကာလမှာ သူရ ဦးရွှေမန်းက အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (ကာလုံ) အစည်းအဝေး ခေါ်ယူခွင့်ပေးရန် ယခင်လက သမ္မတထံ တောင်းဆိုသည့် အချိန်ဖြစ်သည်။ ထို့အပြင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၏ လုပ်ငန်းစဉ်များ အလုပ်မဖြစ် ကြောင်းလည်း သူရ ဦးရွှေမန်းက ပြောင်ပြောင်တင်းတင်း ဝေဖန်ခဲ့သေးသည်။
ထို့ကြောင့် ငြိမ်းချမ်းရေး အကြောင်းပြချက်ဖြင့် ကာလုံ အစည်းအဝေးကို ခေါ်ယူခွင့် တောင်းခံသော သူရဦးရွှေမန်းနှင့် သမ္မတတို့ အကြား အာဏာလွန်ဆွဲပွဲ ပြင်းထန်နိုင်သည်ဟုလည်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
သို့သော် ယခုတကြိမ် ဇူလိုင် ၂၁ ရက်နေ့တွင် မြန်မာငြိမ်းချမ်းရေး စင်တာ၌ ကျင်းပသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြောင့် သူရ ဦးရွှေမန်းကို အမှတ် ပြန်ပေးရတော့မည် ဖြစ်သည်။ ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်တွင်း၌ အာဏာ အုပ်စုကွဲများဟု ထင်ကြေးပေးခံ နေရသော ဝန်ကြီး ဦးသိန်းဇော်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ရေးပါတီ ဒုတိယ
ဥက္ကဋ္ဌ ဦးဌေးဦး၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီး ဦးအောင်မင်း အစရှိသူတို့ကို စုစည်း ဆွေးနွေးနိုင်ရန် သူရ ဦးရွှေမန်းက စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ ဤဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆွေးနွေးရန်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကပင် စည်းရုံးခဲ့ခြင်း ဖြစ်သည်။
တချိန်တည်းတွင် ဥရောပသို့ ရောက်ရှိနေခဲ့သော သမ္မတ ဦးသိန်းစိန်ကလည်း တနိုင်ငံလုံး အလုံးစုံ အပစ်ရပ်ရေး ကိစ္စအား
လပိုင်းအတွင်း အကောင်အထည် ဖော်ဆောင်မည် ဖြစ်ကြောင်းနှင့် အပစ်ရပ်ရေး သဘောတူရန် ကျန်ရှိနေသည့် ကချင် လက်နက်ကိုင် အဖွဲ့များနှင့် မကြာမီ လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပြီ
ဖြစ်သည်။
တိုင်းရင်းသားများ ဘက်ကမူ လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံးကို ပါဝင်စေချင်ကြောင်း တောင်းဆိုထားမှု ရှိခဲ့သည်။ တိုင်းရင်းသားများ၏ တောင်းဆိုမှုကို လက်ခံမည့် ရှေ့ပြေးနိမိတ်အဖြစ် သူရ ဦးရွှေမန်းက ဦးဆောင်ဦးရွက် ပြုလိုက်ခြင်း ဖြစ်နိုင်သည်ဟု ယူဆရသည်။ သမ္မတ၏ ငြိမ်းချမ်းရေး
ဖော်ဆောင်မှု လုပ်ငန်းစဉ်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်တွင်းမှ အာဏာ အင်အားစု အားလုံးက ပံ့ပိုးပေးလိုက်ခြင်းလည်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးမှု အပြီး နောက်ပိုင်းမှ စတင်ကာ မြန်မာပြည်၏ အဘက်ဘက်မှ တရိပ်ရိပ် ဖွံ့ဖြိုးတိုးတက်လာမှုများကို မြင်တွေ့ကြရသည်။ ထို့အတူ ယခုတကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော်တွင်းမှ အာဏာ အင်အားစု အသီးသီးတို့ ပါဝင်သော ဆွေးနွေးပွဲ နောက်ပိုင်းမှ စတင်ကာ မြန်မာပြည် အမှန်တကယ် ငြိမ်းချမ်းမှု၏ ရလဒ်ကောင်းများ နှင့် စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစများ ပေါ်ထွက်လာလိမ့်မည်ဟု ဧရာဝတီက အပြုသဘောဆောင် မြင်သည်။
ရှေ့ဆက်၍ အစိုးရ၊ လွှတ်တော် အပါအဝင် တိုင်းရင်းသား ပါတီများ၊ လက်နက်ကိုင်အဖွဲ့များ၊ ပါဝင်သင့်ပါဝင်ထိုက် သူများ အားလုံး ပါဝင်သော စားပွဲဝိုင်းများပေါ်မှ နိုင်ငံရေး ဆွေးနွေးပွဲများကို အစဉ်တစိုက် ကျင်းပနိုင်တော့မည်ဟု မျှော်လင့်ရသည်။ ဥရောပနှင့် အနောက် နိုင်ငံများကလည်း မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ငွေအား၊ လူအား ထောက်ပံ့မှုများ ရှိနေသည်။
ယနေ့မှာပင် သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများကို လွှတ်ပေးနေရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တောင်းဆိုသည့်အတိုင်း အကျဉ်းကျခံနေရသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့် ဆက်စပ်ကာ စွပ်စွဲ အကျဉ်းချခံနေရသည့် ဒေသခံ ရွာသားများကိုလည်း လွှတ်ပေးမည်ဟု မျှော်လင့်ရသည်။
ထို့ကြောင့် သမ္မတ ဦးသိန်းစိန် ကတိပေးခဲ့သည့် တနိုင်ငံလုံး အပစ်ရပ်ရေး ကိစ္စသည် မဝေးတော့သည့် လက်တကမ်းတွင် ရှိနေပြီဟု ယုံကြည်သည်။
ပြည်သူလူထု နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့ရသော တနိုင်ငံလုံး အပစ်ရပ်ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေး၊ လူမှု ဘဝများ ဖွံ့ဖြိုး တိုးတက်လာရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ အတွက် အာဏာယှဉ်ပြိုင်မှုများကို ခေတ္တဘေးချိတ်၍ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အားကျိုးမာန်တက် ပါဝင် စွမ်းဆောင်မှုများ အားလုံးကို ဧရာဝတီက ကြိုဆိုလိုက်ပါသည်။