[irrawaddy_gallery]
၂၀၁၃ သြဂုတ်လသည် မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံးသော ပြည်လုံးကျွတ် ၈ လေးလုံး ဒီမိုကရေစီ လူထုအုံ့ကြွမှုကြီး ဖြစ်ခဲ့သည့် ၂၅ နှစ်ပြည့်မည့် ကာလဖြစ်သည်။ ထို့ကြောင့် ၈ လေးလုံး အရေးတော်ပုံကြီးတွင် ကဏ္ဍ အသီးသီးမှ နည်းမျိုးစုံ ပါဝင်ပတ်သက်ခဲ့ သူများ၊ တွေ့ကြုံခဲ့ရသူများ၏ အမှတ်တရ မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီက စုစည်း ဖော်ပြသွားမည် ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသား ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ပုဂ္ဂလိက ကျောင်းဆရာ ကိုဗထူးမောင်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းကွန်ရက် ခေါင်းဆောင် တဦးဖြစ်သူ ဒေါ်မီးမီးနှင့် တေးရေး မြင့်မိုးအောင်တို့၏ မမေ့နိုင်သော မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီ ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်။
ဒေါက်တာတင်မျိုးဝင်း (ဥက္ကဋ္ဌ၊ အမျိုးသား ကျန်းမာရေးကွန်ရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်)
၈ လေးလုံးမှာ ကျနော် ဘယ်လိုပါဝင်ခဲ့ရလဲဆိုတော့ အဲဒီအချိန်မှာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမှာ ခွဲစိတ်ဆရာဝန် အဖြစ်နဲ့ တာဝန်ကျတယ်။ စ ပစ်တာက သြဂုတ်လ ၈ ရက်နေ့။ ကျနော်တို့ဆီကို စပစ်တဲ့နေ့ ညပိုင်း ၁၂ နာရီကျော်မှာ ပထမ အသုတ် စစ်ကားနဲ့ လာပို့တာ ၄၂ ယောက်၊ အဲဒီအထဲက ၁၂ ယောက် ဆုံးသွားတာ။
အဲဒီ အချိန် ပစ်ခတ်နေကြတော့ ကားလမ်းတွေလည်း ပိတ်နေ၊ ရပ်ကွက်တွေမှာလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် လုံခြုံရေး သဘောမျိုး လုပ်ထားတော့၊ ဝင်ထွက်လို့မရတဲ့ အခြေအနေ ဆိုတော့ ဒီလူနာတွေကို ဆေးရုံပို့တဲ့ ဆီမှာလည်း အခက်ခဲတွေ အများကြီး ဖြစ်ရတာပေါ့။ ကျနော့်စိတ်ထဲမှာ တကယ်လို့ စောစောလေး ပို့နိုင်ခဲ့မယ်ဆိုရင် ကျနော်တို့ ကယ်တင်နိုင်မယ်လို့ တော်တော်လေး စိတ်ထိခိုက်ခဲ့ရတယ်။
စရောက်လာတဲ့ အခေါက်မှာ သေနတ်ဒဏ်ရာတွေက အမျိုးစုံပဲ။ တညလုံး ကျနော်တို့ ခွဲစိတ်ခဲ့ရတာ။ အဲဒီညမှာပဲ စစ်ကား တွေနဲ့ လူနာလာပို့တာ ၃ ခေါက်လောက်ရှိမယ်။ ကျနော်က အရေးပေါ်ဌာနမှာ တာဝန်ကျနေတော့ ပထမအခေါက် ကတည်းက ရောက်လာတဲ့ လူနာတွေကို သက်ဆိုင်ရာ ဆရာဝန်တွေ ထပ်ခေါ်ပြီး အရိုးဆရာဝန်က အရိုးခွဲ၊ ရင်ခေါင်းဆရာဝန်က ရင်ခေါင်းခွဲနဲ့ တညလုံးကို ခွဲစိတ်ခဲ့တာ။ နောက်ထပ် ရောက်လာတဲ့ အခေါက်တွေမှာ လူနာ ဘယ်လောက်ပါတယ်ဆိုတာ မသိလိုက်တော့ဘူး။
လာပို့တာ သယ်ယူရေးတပ် တပ်မ ၅၅ ပေါ့။ လာပို့တဲ့ တပ်ကလည်း ပြောတယ်။ သူတို့က သယ်ယူပို့ဆောင်ရေး အတွက်ပဲ တာဝန်ကျတာ။ ပစ်ခတ် ချေမှုန်းရေးထဲမှာ သူတို့မပါဘူး။ သူတို့ကိုယ်တိုင် လာပို့ပေမယ့် စိတ်မကောင်း ဖြစ်နေကြတာ အရမ်း သိသာတယ်။ စစ်တပ်ဆိုတော့ အမိန့်ဆိုတာကို ကျနော်တို့လည်း ဝန်ထမ်းဆိုတော့ နားလည်ပါတယ်။
သူတို့က လာပို့တာမှာ လူနာတွေကို ဝိုင်းချပေးရုံတင် မကဘူး။ ခွဲစိတ်နေတဲ့ အချိန်တွေမှာ ဘာလုပ်ပေးရမလဲ၊ လူနာတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ၊ ဘယ်နှယောက် သေသွားပြီလဲ ဆိုတာ ခဏခဏ မေးတယ်။ လာပို့ပြီးရော ဆိုပြီး ပြန်သွားကြတာ မဟုတ်ဘူး။ ဘယ်နေရာက သယ်လာတယ် ဆိုတာတော့ မပြောဘူး။
လူငယ်လေးတွေလည်း ပါတယ်၊ လူကြီးတွေလည်း ပါတယ်။ အဲဒီမှာ ဆုံးဖြတ်လိုက်တယ်။ ငါတို့ ဆေးရုံကြီးကလည်း ဆေးရုံကြီးကို ၂၄ နာရီဖွင့်ပြီးတော့ ထိခိုက်ဒဏ်ရာ ရကြတဲ့သူတွေကို ဆေးကုသပေးရင်း ဆန္ဒပြကြမယ်၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ထောက်ခံမယ်။ အဲဒါနဲ့ ဆိုင်းဘုတ်ကြီး အကြီးကြီး ရေးလိုက်တယ်။ “ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဆေးရုံကြီးမှာ ဆရာဝန်၊ ဆရာဝန်မကြီးများက ထောက်ခံသည်” ဆိုတဲ့ ဆိုင်းဘုတ်ကြီး ထောင်လိုက်တယ်။ ကျနော်တို့ စထွက်တော့ သြဂုတ်လ ၁၀ ရက်နေ့။
အဲဒီလို လုပ်တာကို ဆေးရုံအုပ်ကြီးကလည်း ဘာမှမပြောတော့ဘူး။ ဆရာဝန်တွေ အားလုံးက စိတ်ဓာတ် တညီတညွတ်တည်း ဖြစ်သွားကြတယ်။
ဆရာဝန်ထဲမှာ ကျနော်ရယ်၊ ဆုံးသွားပြီဖြစ်တဲ့ ဒေါတ်တာ ဦးထွန်းရွှေရယ်၊ သူနာပြု ဆရာမ၊ သူနာပြု ဆရာတွေ၊ လူနာ စောင့်တွေ၊ ဝန်ထမ်းတွေ ပေါင်းပြီး ထွက်တဲ့အခါ ဒုတိယဂိတ်လည်းကျရော သေနတ်နဲ့ စပစ်ခတ်တယ်။
စပစ်တော့ ကျနော်လည်း ကြောင်သွားတယ်။ ကျနော့်ကို ဝန်းရံထားတဲ့ သူနာပြုအကူ အမျိုးသား တယောက် သေနတ် ထိသွားတယ်။ အဲဒီမှာ ကျနော်တို့ စထွက်တဲ့ အဖွဲ့ထဲက ၂ ယောက် ထိတယ်။ နောက် လူနာစောင့် ၂ ယောက် သေနတ်ထိ ပြီး ၁ ယောက်သေတယ်။ နောက် ၁ ယောက် ထပ်ထိတယ်။
ကျနော်တို့မှာ ဂျူတီကုတ်လည်း ဝတ်ထားတယ်၊ ငြိမ်းချမ်းစွာလည်း ဆန္ဒပြနေတယ်၊ အရင်နေ့ကပဲ သေနတ် ဒဏ်ရာနဲ့ ဆုံးသွားတဲ့ လူနာတွေလည်း တွေ့တယ်။ အခု ကျနော်တို့ကိုလည်း ပစ်တယ်ဆိုတော့ ဒီလိုလုပ်လို့ မရတော့ဘူး၊ ဒီထက် ပိုပြီးတော့ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဖို့ လုပ်ကြတယ်။ အဖွဲ့ဖွဲ့ဖို့ လုပ်ကြတော့တယ်။ ရဟန်းသံဃာတွေလည်း လာတက်ကြတယ်။ ရုပ်ရှင်လောကက ဦးအောင်လွင်တို့ လာတက်ကြတယ်။ သမဂ္ဂဘက်က ကိုသက်ထွန်း၊ လူငယ်ပိုင်း တော်တော်များများ၊ အဖွဲ့အစည်း တော်တော်များများ လာတက်ကြတယ်။
ဆေးရုံကြီးထဲမှာ နေပြီး အဖွဲ့တခုဖွဲ့မယ်၊ လာဟောပြောတဲ့ လူတွေအတွက် ကျန်းမာရေး ဂရုစိုက်မှုတွေ၊ အစာငတ်ခံ ဆန္ဒပြတာတွေကို စီစဉ်ပေးမယ် ဆိုပြီး သြဂုတ်လ ၁၃၊ ၁၄ ရက်မှာ “ကျောင်းသား လှုပ်ရှားမှု ကြီးကြပ်ရေး ကော်မတီ” ဆိုပြီး ဖွဲ့လိုက်တယ်။
ကျနော်က ဥက္ကဋ္ဌ၊ ဦးအောင်လွင်က ဒုဥက္ကဋ္ဌ၊ ဆုံးသွားပြီဖြစ်တဲ့ ဦးမောင်ကိုက ဒုဥက္ကဋ္ဌ၊ ဒေါက်တာ သက်မင်းက အတွင်းရေးမှူး ဆိုပြီး ဖွဲ့လိုက်တယ်။ နာမည်ကို သမိုင်းပါမောက္ခ ဒေါက်တာအေးမြင့်က ပေးခဲ့တာ။
ဆေးရုံကြီးထဲမှာ စင်တွေဆောက်၊ လူငယ် သမဂ္ဂ အဖွဲ့စည်းတွေနဲ့ ချိတ်ဆက်တယ်။ မိုးသီးဇွန်တို့က အကူညီလာတောင်း တယ်။ ဆေးရုံကြီးထဲမှာ အလွှာပေါင်းစုံ၊ လူပေါင်းစုံက အစာငတ်ခံ ဆန္ဒပြချင်တယ်၊ နောက် ဇာဂနာတို့၊ မိုးဝင်းတို့၊ ချမ်းသာတို့ ရုပ်ရှင်မင်းသမီး၊ မင်းသားတွေ၊ ဇာတ်သမားတွေ အကုန်လုံး ပါကြတယ်။ အဲဒီမှာ ဦးနုတို့၊ ဦးတင်ဦးတို့က လာအားပေး ကြတယ်။
အဲဒီကနေ အဖွဲ့အစည်းပေါင်း ၄၀၀ ကျော် ပူးပေါင်းပါဝင်ကြတယ်။ အာဏာသိမ်းတဲ့အထိ အဲဒါကို ဖွဲ့စည်းပြီး ထွက်ကြတယ်။ အာဏာမသိမ်းခင် စက်တင်ဘာ ၅ ရက်နေ့မှာ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် တင်လိုက်တယ်။ ရှေ့သွားမယ့် လမ်းစဉ်ကို သတင်းစာ ရှင်းလင်းပွဲလုပ်တယ်။
စက်တင်ဘာ ၁၅ ရက်မှာ လမ်းမတော် အထက ၁ မှာ ထပ် အစည်းအဝေးလုပ်ပြီးတဲ့ အချိန်မှာ ဦးအောင်ကြည် ပါလာတယ်။ ကျနော် ကိုယ်တိုင် ခွဲစိတ်ဆရာဝန် ဖြစ်သော်လည်း ကျောင်းသားတွေ၊ လူငယ်တွေ ပါလာတော့ ကျောင်းသားကတော့ ကျောင်းသားအဖွဲ့ဆိုပြီး သတ်သတ်မှတ်မှတ် ရှိပေမယ့် တခြားသူတွေက ဘယ်လိုပါမလဲ ဆိုတဲ့အတွက် အားလုံးကို စုစည်းပြီးတော့ ဖွဲ့တာ တော်တော်လေး အောင်မြင်ခဲ့ပါတယ်။
စက်တင်ဘာလမှာတော့ ဆေးရုံကြီးမှာ ဆရာဝန်တွေကို ကျန်းမာရေး ဝန်ကြီးဌာနနဲ့ အဆက်ဖြတ်ပြီးတော့ ဆရာဝန်၊ ဆရာမတွေ၊ ဝန်ထမ်းတွေအားလုံးရဲ့ သက်သာချောင်ချိရေးတွေက အစ အကုန်လုံး တာဝန်ယူပေးခဲ့တယ်။ ဒဏ်ရာအမျိုးမျိုး အတွက် ကုသပေးခဲ့တယ်။
အဲဒီလိုလုပ်ဖို့ လိုအပ်တဲ့ ရန်ပုံငွေတွေကို စေတနာရှင်တွေဆီက ရှာရတာပေါ့။ အဲဒီအချိန်မှာ အစိုးရဝန်ထမ်းတွေရဲ့ အုပ်ချုပ် ရေးပိုင်းက ပျက်သွားပြီ။
ကျနော်တို့ ခွဲစိတ်ဆရာဝန်ဆိုတာ ဒဏ်ရာတွေ၊ သွေးတွေဆိုတာ ယဉ်ပါးနေပြီးသားပါ။ အဲဒါတောင်မှ ကျောင်းသားကျောင်း သူတွေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာကို ပစ်ခတ်လိုက်ကြတာ တော်တော်လေး စိတ်ထိခိုက်ရတယ်။
အဲဒီ အပစ်ခတ်တွေ မစတင်ခင် ကတည်းက ကျနော်တို့က ဒီလိုဖြစ်လိမ့်မယ် ဆိုတာကို ရိပ်မိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အာဏာသိမ်းတဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ သမီးတို့၊ သမ္မတဖြစ်လာတဲ့ ဗိုလ်ချုပ်စိန်လွင် သမီးတို့က ကျနော့် လက်အောက်မှာ လက်ထောက် အဖြစ် ရှိနေတယ်။ အဲဒါကြောင့် နိုင်ငံရေး အခြေအနေကို သုံးသပ်မိတယ်။
ကိုဗထူးမောင် (ပုဂ္ဂလိက ကျောင်းဆရာ)
ကျနော်က ၈ လေးလုံး အရေးတော်ပုံ ဖြစ်တဲ့အချိန်မှာ လှိုင်တက္ကသိုလ် ဒုတိယနှစ် ရုက္ခဗေဒ ကျောင်းသား။ ၈၈ မတိုင်ခင် အင်းလျား အရေးအခင်းမှာ ကတည်းက ကျနော် ပါခဲ့ဖူးတယ်။ အဲဒီ အရေးအခင်း ဖြစ်တဲ့အချိန်မှာ ဘယ်လို ပါခဲ့လဲ ဆိုတော့၊ ကျနော့့်ကို လူနှစ်ယောက်က ထမ်းထားတယ်။ ထမ်းထားတဲ့ သူတွေကိုတော့ မမှတ်မိတော့ဘူး။ အဲဒီအချိန်မှာ ကျနော့်ကို နိုင်ငံတော်သီချင်း ကမ္ဘာမကြေ ဆိုခိုင်းလိုက်တယ်။ အဲဒီတုန်းက ကမ္ဘာမကြေဘူးဟေ့ ဆိုတဲ့ သီချင်းက မပေါ်သေးဘူး။ ကမ္ဘာမကြေလည်း ဆိုပြီးရော အားလုံးကို ငြိမ်ငြိမ်လေး ထိုင်ခိုင်းလိုက်တယ်။ ကျနော်နဲ့ လက်တကမ်းမှာ သံဆူးကြိုး ရှိတယ်။ ဘေးမှာ ဇော်မင်းရှိတယ်၊ လှမျိုးနောင်လည်း ရှိတယ်။ ကိုယ့်ကို ထမ်းတဲ့ နှစ်ယောက်ရှိတယ်။ ဒီလေးယောက်ပဲ မတ်တပ်ရပ် နေကြတာ။ ကျန်တဲ့သူတွေက အကုန်ထိုင်နေကြတာ။
သံဆူးကြိုးတွေရဲ့ နောက်မှာက စစ်သားတွေ တန်းစီ မတ်တပ်ရပ် နေကြတာ။ ကမ္ဘာမကြေ ဆိုပြီးလို့ ငြိမ်ကျသွားတာ ၁၀ မိနစ်လောက်လည်း ရှိရော လှည်းတန်းဘက်ကနေ လုံထိန်းကားတွေ ရောက်လာပြီး နောက်ကနေ ဝင်ရိုက်သွားတာပဲ။
အင်းလျား ကန်ဘောင်ပေါ်မှာ ပုရွက်ဆိတ်အုံကို တုတ်နဲ့ ထိုးလိုက်သလိုပဲ။ အားလုံး ပြန့်ကျဲပြီး ပြေးကုန်တာ။ ကျနော် နောက်ဆုံး ကျန်ခဲ့တာ။ ထွက်ပြေးတော့ ဘေးခြံထဲကို ခုံချလိုက်ရတာ သီသီလေး လွတ်သွားတယ်။ အုတ်တံတိုင်းကို ကျော်တက်တဲ့ အချိန်မှာ အောက်က လုံထိန်းက လှမ်းဆွဲတာ မိဖို့ နည်းနည်းလေး လိုတယ်။ အဲဒီမှာ လွတ်သွားတယ်။
ရယ်လည်း ရယ်ရ၊ အမှတ်ရစရာလည်း အဖြစ်ဆုံးကတော့ ၁၉၈၈ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ ကျနော်နဲ့ သီပေါက စိုင်းထင်ကျော်တို့ ဘွဲ့နှင်းသဘင် ခန်းမရှေ့က မြေကွက်လပ်ကလေးမှာ နှစ်ယောက်သား မတ်တပ်ရပ်ပြီး တရား စဟောတယ်။ နားထောင်တဲ့သူ တယောက်မှ မရှိသေးဘူး။
ဒီလိုနဲ့ တဖြည်းဖြည်း တယောက်စ၊ နှစ်ယောက်စကနေ ငါးဆယ်၊ တရာအထိ လူတွေ ရောက်လာတယ်။ အဲဒီတော့မှ ရန်ကုန် တက္ကသိုလ်ထဲက နားနေခန်းမ RC မှာ ဟောမယ်ဆိုပြီး သတ်မှတ် လိုက်တယ်။ နောက် ကြာတော့ RC က သပိတ်စင်ကြီး ဖြစ်လာတယ်။
စဟောနေရင်းနဲ့ ဗိုလ်တိုက်မောင်း ဆိုတဲ့သူ ထပ်တက်လာတယ်။ အခုတော့ ဆုံးသွားရှာပြီ။ နောက်ပြီးတော့ ယုယုမော်တို့၊ လှိုင်လှိုင်မြင့်တို့ တက်လာတယ်၊ အဲဒီကနေ အံ့ဘွယ်ကျော်။ အံ့ဘွယ်ကျော် ကတော့ စက်နားမှာ ထိုင်နေတာ၊ ဟောတဲ့ပြောတဲ့ အထဲမှာ မပါသေးဘဲ ရပ်ကြည့်တဲ့ အဆင့်ပဲ ရှိသေးတယ်။
ပြီးတော့ ဦးအောင်လွင်ကြီးရဲ့ သမီး ပေါက်စီ။ အဲဒီ ဦးအောင်လွင်ရဲ့ သမီးကို ကျနော်က စင်ပေါ်ကို ဆွဲတင်ခဲ့တာ။ နောက် မင်းဇေယျာ တက်လာတယ်။ နောက် လူ ၅၀ လောက် ကျော်လာတဲ့အခါ ဒေဝဒတ်ခေါ် အာပြဲ ခေါ် ဇော်မင်းဆိုတဲ့ကောင် ရောက်လာတယ်။ ထားတော့ ဗိုလ်တိုက်မောင်းအကြောင်း ပြန်ဆက်ရအောင်။
သူက စင်မြင့်ပေါ်ကနေပြီးတော့ ခုန်ဆွခုန်ဆွနဲ့ ဘာပြောလဲဆိုတော့ ကျနော်တဲ့၊ ကြယ်ငါးပွင့်ပါတဲ့ အလံတခု ယူလာတယ်တဲ့။ ခြုံပုတ်ထဲမှာ ဖွက်ထားခဲ့တယ်တဲ့။ အဲဒီမှာ သွားယူပြီးတော့ စင်အောက်က လူတွေက တုတ်ကလေး တချောင်း ယူလာပေး တယ်။
အလံလေးကို ထောင်ပြီးတော့ အဲဒီအချိန်မှာ မိုက်ခရိုဖုန်းက ကျနော့်လက်ထဲမှာ၊ အဲဒီအချိန်မှာ ဒေဝဒတ်ခေါ် အာပြဲက အားလုံး ဒီအလံကို အလေးပြုကြမယ် ဆိုပြီး ပြောတယ်။ အလေးပြုမယ် ဆိုတော့ အားလုံးက မတ်တပ်ထကြတာပေါ့။ မိုက်ခရိုဖုန်း ကတော့ ကျနော့် လက်ထဲမှာ ဆိုတော့ ကျနော်ပဲ အော်ရမှာ။ အာပြဲကလည်း ဖိုးအော်ချင် ဆိုတော့ အားလုံးသတိ ဆိုပြီး သူက စအော်လိုက်တယ်။ အားလုံး သတိဆွဲပြီးတဲ့ အခါ သူက ဘာအော်လိုက်လဲဆိုတော့ “ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် အလံကို အလေးပြု” ဆိုပြီး အော်လိုက်တယ်။
အဲဒီမှာ အောက်ကလူတွေက ဝိုင်းဆဲရော။ ခဲနဲ့ ဝိုင်းထုရော။ ဘာ ဆိုရှယ်လစ်လဲကွ၊ ဘာဆိုရှယ်လစ်လဲကွ ဆိုပြီးတော့ပေါ့။
အဲဒီအချိန်မှာ ကျနော်က ပြန်လုပ်မယ် ဆိုပြီးတော့ ဆိုရှယ်လစ်ကို ဖြုတ်ပြီးတော့ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံကို အလေးပြု” ဆိုပြီး ပြန်အော် ပေးလိုက်ရတယ်။ အဲဒီတော့ ငိုအားထက် ရယ်အားသန်တဲ့ ကိစ္စတွေ ဖြစ်ရတာပေါ့။
ဒေါ်မီးမီး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းကွန်ရက် ခေါင်းဆောင် တဦး)
ကျမက ၁၉၈၈ မှာတုန်းက အသက် ၁၆ နှစ်၊ အခြေခံပညာ အထက်တန်း ၁၀ တန်း ကျောင်းသူတယောက် အနေနဲ့ ပါလာ တာ။ ကျမ အမှတ်ရဆုံး ဖြစ်နေတာက အာဏာမသိမ်းခင် ကိစ္စပါ။ ဘယ်နေ့ ဆိုတာတော့ အတိအကျ မမှတ်မိတော့ဘူး။ နေ့ခင်းပိုင်း အချိန်မှာ ဆိုတာတော့ မှတ်မိတယ်။
ကျမတို့ ကျောင်းသားတွေရော၊ ပြည်သူတွေရော အဖွဲ့အစည်း ပေါင်းစုံပါတဲ့ ဆန္ဒပြ ချီတက် စစ်ကြောင်း တကြောင်းက ပုဇွန်တောင်မြို့နယ်ထဲကို ချီတက်လာကြတယ်။ ကျမတို့ ချီတက်တဲ့ လမ်းကြောင်း တလျှောက်မှာ စစ်သားတွေ အပြည့် တင်ထားတဲ့ စစ်ကားတွေက ခေါက်တုံ့ ခေါက်ပြန် သွားလာနေတာကို တွေ့ရတယ်။
ရိုးရိုးပဲ ဖြတ်သွားဖြတ်လာ လုပ်နေတော့ ပြည်သူတွေက ပျော်ကြပြီး “ပြည်သူ့တပ်မတော် တို့တပ်မတော်” “ပြည်သူ့စစ်သား တို့စစ်သား” ဆိုတာတွေကို အော်ကြတယ်။ အဲဒီအချိန်ထိ စစ်ကား ၆ စီးလောက်က အသွားအပြန်နဲ့ ဖြတ်သွားတဲ့ အခြေအနေပဲ ရှိသေးတယ်။
နောက်ဆုံး တခေါက်မှာ ကျမက ယောကျာ်စီး မောင်ဗမာ စက်ဘီးကိုစီးရင်း၊ တစ်ဘက်က ခွပ်ဒေါင်း တပ်ဦးအလံ အတို လေးကို ကိုင်ထားရင်း တပ်ဦးထိပ်နားကနေ ချီတက်နေတယ်။ ကျမတို့ အဲဒီနေရာကို ရောက်ပြီး ချီတက်နေတာ ၁ နာရီ လောက် အကြာမှာတော့ မမျှော်လင့်ထားတာ စဖြစ်တော့တာပဲ။
ဒိုင်း၊ ဒိုင်း၊ ဒိုင်း ဆိုတဲ့ သေနတ်ပစ်သံတွေနဲ့ အတူ ငှက်တွေ တအုပ်ကြီး အပင်ပေါ်ကနေ ထပျံတာကို တွေ့လိုက်ရတယ်။ အရှေ့မှာလည်း ပြေးကြ၊ ပြေးကြ၊ ပစ်နေပြီ ဆိုတဲ့ အုတ်အော်သောင်းတင်း ဖြစ်တာကို ကြားလိုက်ရတယ်။
လူတွေက မပစ်ဘူးလို့ ယုံကြည်မှုနဲ့ ဆက်ချီတက်နေတဲ့ အချိန်မှာ နောက်ဆုံးတော့ စစ်တပ်ဟာ အာဏာရှင်ပီပီပဲ နှိမ်နင်းခဲ့ တယ်။ စစ်တပ်အင်အားက တီအီးကား ၆ စီးလောက်နဲ့ စစ်သား ၁၀၀ ဝန်းကျင်လောက် ပါတယ်။ အဲဒီ ပစ်တဲ့အချိန်က ကျမတို့က ပုဇွန်တောင် မီးရထားဝင်း ရှိတဲ့ ရပ်ကွက်ကို ရောက်နေတဲ့ အချိန်ပဲ။
အဲဒီလို ပစ်လည်းပစ်ရော ကျမက စက်ဘီးပေါ်က ဆင်းပြီး စက်ဘီးကို တွန်းနေပေမယ့် ဘယ်ကိုသွားရမှန် မသိတော့ဘူး ဖြစ်သွားတယ်။ အဲဒီအချိန်မှာ လူထုကလည်း ပြေးလွှားနေရင်း “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ၊ ကျောင်းသား၊ ပြည်သူ သတ်ဖို့မ ဟုတ်ဘူး” ဆိုတာတွေလည်း အော်ဟစ်နေကြတယ်။
အဲဒီအချိန်မှာ မီးရထားဝင်း ရပ်ကွက်က ပြည်သူတွေက ထွက်လာခဲ့ပြီး စစ်ကြောင်းမှာ ပါလာတဲ့ ကျောင်းသားတွေရော၊ ပြည်သူတွေရောကို ရပ်ကွက်ထဲ ဝင်ခိုင်းပြီး အစအန မမြင်ရအောင် ဖျောက်ပေး လိုက်ကြတယ်။ ပြီးတော့ ရပ်ကွက်က လူတွေက ဓားတွေ ကိုင်ရင်း ရပ်ကွက်ထဲအထိ ဝင်လာရင် ခုတ်မယ်ဆိုပြီး ကာကွယ် ပေးခဲ့ကြတယ်။
အဲဒီဖြစ်ရပ်ကို ပြန်တွေးလိုက်တိုင်း အခုအချိန်မှာ နာမည်တခုအနေနဲ့ ပြည်သူတွေ သိလာခဲ့ကြပြီ ဆိုပေမယ့် ဒါဟာ ကျမတို့ ကြိုးစားမှု အစွမ်းအစကြောင့် မဟုတ်ပါဘူး၊ ကျမတို့ကို အသက်ဘေးကနေ ကာကွယ်ပေးခဲ့ကြတဲ့ ပြည်သူလူထုကပဲ ရေသောက်မြစ်ပါ။ အဲဒီ ပြည်သူဆိုတဲ့ ရေသောက်မြစ်သာ မရှိရင် အခု နိုင်ငံရေးလောကမှာ ထင်ရှားလာတဲ့ မည်သူတွေမှ ရှိမှာ မဟုတ်ပါဘူး။
၁၉၈၈ ဟာ သာမန် ကျောင်းသားနဲ့ အရပ်သား ရန်ဖြစ်ရာကနေ စခဲ့တဲ့ အရေးတော်ပုံ မဟုတ်ပါဘူး။ ၈၈ အရေးတော်ပုံရဲ့ သမိုင်းကြောင်းကို မှေးမှိန်အောင် လုပ်ချင်တဲ့၊ ဖျောက်ဖျက်ချင်တဲ့ သူတွေက အရပ်သားနဲ့ ကျောင်းသား စခဲ့တဲ့ အရေးအ ခင်းလို့ သုံးကြတယ်။
နှစ်ပေါင်း ၅၀ ကျော် အမှောင်ပိတ်ပြီး နေခဲ့ရတဲ့ ဘဝတွေ၊ ခံစားချက်တွေ ကိုယ်စီနဲ့ ပြည်သူတွေဟာ နိုင်ငံသစ်၊ စနစ်သစ်ကို စတင်ဖို့ လမ်းမတွေပေါ် ထွက်ခဲ့ကြတာပါ။ သမိုင်းကို ဘယ်လိုပဲ ဖျောက်ချင်ပေမယ့် မြန်မာနိုင်ငံ အနာဂတ်မှာ ဆက်လက် ရှင်သန်နေမယ့် အရာပါ။
မြင့်မိုးအောင် (တေးရေးဆရာ)
ကျနော် ၈၈ တုန်းက တွေ့တာ ကြုံတာတွေ များပါတယ်။ ဒါပေမယ့် ဘေးကနေပြီးတော့ပဲ တွေ့တာများတယ်။ သူငယ်ချင်း တွေက ထဲထဲဝင်ဝင် လှုပ်ရှားကြတဲ့ သူတွေက အများကြီးပဲ။ အမျိုးအဆွေထဲမှာလည်း ထဲထဲဝင်ဝင် လှုပ်ရှားတဲ့သူ များတယ်။ ကျနော်ကတော့ ကျနော့် သဘာဝအတိုင်း အေးအေးဆေးဆေး နေတယ်။
သူတို့တတွေ ဘာတွေလုပ်တယ် ဆိုတာကိုတော့ ဘေးနားကနေ တွေ့နေရတာပေါ့။ ကျနော် ပါဝင်တာကတော့ ပုံစံတမျိုးနဲ့ပါ။ သူတို့ စာရွက်တွေ ကပ်တဲ့အခါ ပန်းချီဆွဲဖို့ တထောင့် တနေရာကနေ လုပ်ပေးတာတော့ ရှိတယ်။ ဒါပေမယ့် နိုင်ငံရေး ဆန်ဆန်ကြီး တိတိပပ ပြင်းပြင်းထန်ထန် လှုပ်ရှားတာမျိုးတော့ မရှိပါဘူး။ မြင်ကွင်းဆိုးတွေတော့ မကြုံရပါဘူး။ ကြားရတာပဲ များပါတယ်။
ကျနော်က ပုသိမ်မှာပဲရှိတော့ ကိုယ့်ရပ်ကွက်ထဲမှာ အများကြီး ကြုံရတာမျိုး မရှိပါဘူး။ ၈၈ နဲ့ အမှတ်တရဆိုရင် ၈၈ က တနိုင်ငံလုံး အတွက်ရော၊ လူထု၊ လူတန်းစား အားလုံးအတွက်ရော အရေးကြီးတဲ့ အချိုးအကွေ့ အဟြေင်းအလဲပေါ့။
အဲဒီတော့ တန်ဖိုးကြီးပါတယ်။ အဲဒီအတွက် သေးသေးမွှားမွှား ပါဝင်ခဲ့ကြတာ ရှိသလို၊ လေးလေးနက်နက်နဲ့ တဘဝလုံး
ဘဝတွေ ရင်းပြီး ပါဝင်ကြတဲ့ လူတွေလည်း အများကြီး ရှိပါတယ်။
သူတို့ရဲ့ စွန့်စားမှုတွေ၊ စွန့်လွှတ်မှုတွေ ကလည်း နိုင်ငံရဲ့ ဒီနေ့အခြေအနေကို ရောက်လာတယ်။ ဒါဟာ အရေးပါတဲ့ ကိစ္စတွေပဲ။
အဲဒီအတွက် သူတို့ကိုလည်း ကျေးဇူး တင်ပါတယ်။ ဒါပေမယ့် ၈၈ မှာ ဖြစ်ခဲ့တဲ့ ကိစ္စရပ်တိုင်း အားလုံးကတော့ မှန်တယ်၊ ကောင်းတယ်ချည်းပဲ မဟုတ်ပါဘူး။ တချို့လည်း လေးနက်မှုမရှိဘဲ စည်းကမ်း စနစ်မရှိတာတွေလည်း ရှိမှာပေါ့လေ။
ဒါက လူထု၊ လူ့အဖွဲ့အစည်း အလိုက် လုပ်တဲ့အခါမှာတော့ ဖြစ်တတ်ပါတယ်။ ဘာပဲဟြေဟြေ ကျေးဇူးရှိတဲ့ သူတွေလည်း ရှိပါတယ်။ သင်ခန်းစာတွေ ယူစရာလည်း အများကြီးရှိပါတယ်လို့ ထင်ပါတယ်။ ဟြေရရင်တော့ ၈၈ က ချက်ချင်း အောင်မြင် ခဲ့တာ မဟုတ်ပါဘူး။
လူတိုင်းကတော့ အရေးကြီးတဲ့ နိုင်ငံရဲ့ကိစ္စ၊ လူမျိုးရေး ကိစ္စ၊ လူ့အဖွဲ့အစည်း ကိစ္စတွေမှာတော့ တတ်နိုင်တဲ့ ဘက်က လုပ်ကြတာပ။ဲ တချို့ကလည်း ကိုယ်နဲ့ တိုက်ရိုက် ကူညီ လုပ်ဆောင်လို့ မရတဲ့သူတွေလည်း ရှိတာပဲလေ။
အဖွဲ့အစည်းနဲ့ ဖြစ်တဲ့အခါမှာ မြန်မာနိုင်ငံမှာတော့ အများစုရဲ့ အခက်အခဲက လူ့အဖွဲ့အစည်းနဲ့ စနစ်တကျ ပေါင်းစည်းလုပ်တဲ့ ဟာတွေမှာ အဆင်မပြေ တတ်ဘူးပေါ့။ အဲဒီလို ချို့ယွင်းချက်၊ အားနည်းချက် လေးတွေကိုတော့ အမြဲတမ်း သင်ခန်းစာ ယူသင့်တယ် လို့တော့ ထင်ပါတယ်။
ဧရာဝတီသတင်းထောက် စနေလင်း၊ ထက်နိုင်ဇော်၊ နဒီထိုက်နှင့် မြတ်သူအောင်တို့ တွေ့ဆုံမေးမြန်းသည်။