[irrawaddy_gallery]
၂၀၁၃ သြဂုတ်လသည် မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံးသော ပြည်လုံးကျွတ် ၈ လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှုကြီး ဖြစ်ခဲ့သည့် ၂၅ နှစ်ပြည့်မည့် ကာလဖြစ်သည်။ ထို့ကြောင့် ၈ လေးလုံး အရေးတော်ပုံကြီးတွင် ကဏ္ဍ အသီးသီးမှ နည်းမျိုးစုံ ပါဝင်ပတ်သက်ခဲ့ သူများ၊ တွေ့ကြုံခဲ့ရသူများ၏ အမှတ်တရ မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီက စုစည်း ဖော်ပြ သွားမည် ဖြစ်သည်။ သရုပ်ဆောင်၊ နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ အဆိုတော် တူးတူး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကွန်ရက် ခေါင်းဆောင် တဦးဖြစ်သူ ဒေါ်နီလာသိန်းနှင့် ဇာတ်သဘင် ပညာရှင် ဦးမိုးမင်းတို့၏ မမေ့နိုင်သော မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီ ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်။
ဦးကျော်သူ (သရုပ်ဆောင်၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ)
၈၈ ကာလတုံးက ကျနော်က သရုပ်ဆောင်၊ အနုပညာသမား။ ဒါပေမယ့် အလွှာစုံက ဆင်နွှဲခဲ့တဲ့ ဒီတော်လှန်ရေးကြီးမှာ ကျနော်လည်း အနုပညာ အဖွဲ့အစည်းနဲ့ တထောင့်တနေရာက ပါခဲ့တယ်။။ ရန်ကုန်ဆေးရုံကြီး၊ ဒဂုံ ၁ ကျောင်း၊ မြို့ထဲတို့မှာ စင်မြင့်ပေါ်တက်၊ အရေးတော်ပုံ တရားတွေ ဟောခဲ့သေးတယ်။
သရုပ်ဆောင် စိုးသူ စတဲ့ သူတွေအများကြီးလည်း ပါခဲ့ကြတယ်။ ဆိုရှယ်လစ်စနစ်ရဲ့ ဆိုးကျိုးတွေကို ပြောကြတာ။ သမားရိုးကျ အရေးတော်ပုံမှာ ပြောကြ၊ ဟောကြတာတွေပါပဲ။ အဲဒီခေတ်တုံးက AIDS ဆိုတာ ပေါ်ကာစ။ အဲဒါနဲ့ ယှဉ်ပြီး ပြော၊ ဟောခဲ့တာ။ လူတိုင်း လုပ်ခဲ့ကြတဲ့ကိစ္စ။ မထူးဆန်းဘူး။
အဲဒီ ၈၈ အရေးတော်ပုံ အတွေ့အကြုံတွေထဲက ကနေ့ထိ အမှတ်ရနေတဲ့ ဖြစ်ရပ်လေးက ဘယ်နေ့ဆိုတာတော့ မမှတ်မိ တော့ဘူး၊ ဒါပေမယ့် အဲဒီနေ့ ညနေပိုင်းမှာ သေနတ်နဲ့ စပစ်တာကိုတော့ မှတ်မိတယ်။
အဲဒီ ညနေမှာ သရုပ်ဆောင် ဘဝမှာတုန်းက အတူတွဲ၊ အတူလုပ်ခဲ့ဖူးတဲ့ စစ်တပ်က လူကို ၈၈ အရေးတော်ပုံမှာ အရပ်ဝတ်နဲ့ တွေ့ခဲ့ရတာ။ အဖေ့အိမ် ရှိတဲ့ ပြည်လမ်း ၇ မိုင်ရဲ့ ခြံဝကနေ လမ်းတဘက်ကို လှမ်းကြည့်လိုက်တာမှာ သူ့ကို တွေ့လိုက်တာပဲ။ နိုင်ငံတော် ရုပ်ရှင်ကား ၂ ကားလောက် အတူတူတွဲ လုပ်ခဲ့ဖူးတဲ့ စစ်တပ်က အရာရှိတဦးပါ။
သူက အရပ်ဝတ် အင်္ကျီ အဖြူရောင်နဲ့၊ ပုဆိုးနဲ့ ရိုးရိုး လူတွေစီးတဲ့ ဂျစ်ကားကို သူကိုယ်တိုင် မောင်းလာတာ။ ဂျစ်ကား ခေါင်းခန်းမှာ ထိုင်လိုက်၊ ကားအောက်ကို ဆင်းလိုက်နဲ့ လုပ်နေတယ်။ ဂျစ်ကားရဲ့ အနောက်ဘက်မှာ ရှပ်အကျႌ ဝတ်ထားတဲ့ ကျောင်းသားပုံစံ လူငယ် ၄ ဦးလောက် ပါတယ်။ ကျောင်းသား အစစ်တွေလား၊ ဘာလားတော့ မသိဘူး။
သူနဲ့ ကျနော်က ၁၉၈၆ ခုနှစ်လောက် ကတည်းက စတင် ရင်းနှီးလာကြတာ။ ကျနော်တို့ ရုပ်ရှင်လောကမှာ အစိုးရ ပေါ်လစီ ကားတွေ ရိုက်ရတော့မယ်ဆိုရင် အရင်ဆုံး နယ်လှည့် ဆက်ဆံရေးတပ်ကို သွားရတယ်။ အဲဒီ နယ်လှည့် ဆက်ဆံရေးတပ်က ရိုက်ကွင်းထဲမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ ပညာရပ်တွေ မှန်ကန်ဖို့၊ စစ်ဝတ်စုံ ဝတ်တာ၊ ကြယ်ပွင့် တပ်ဆင်တာက အစ အလေးပြုပုံ၊ သေနတ် ပစ်ခတ်ပုံတွေကို မှန်ကန်အောင် လမ်းညွှန်ပေးတယ်။
လိုအပ်ရင် အဲဒီ နယ်လှည့်ဆက်ဆံရေးတပ်က သရုပ်ဆောင်တွေကို ရက်တို သင်တန်းပုံစံမျိုးတောင် ပေးတတ်တယ်။ စစ်ကား ရိုက်တဲ့အခါ တကယ်လို့များ စစ်တပ်ရဲ့ အနေအထားနဲ့ လွဲမှားရင် စစ်တပ်သိက္ခာကျမှာ စိုးရိမ်လို့ နယ်လှည့်ဆက်ဆံရေး တပ်က ထိန်းကျောင်းပေးတယ်၊ ရှေ့တန်း ထွက်တယ်ဆိုရင် ဘယ်လိုလုပ်ရတယ်ဆိုတာ ရိုက်ကွင်း လိုအပ်တာတွေကို ဘေးကနေ ညွှန်ကြားပေးတယ်။ စစ်တပ်မှာ သုံးနှုန်းတဲ့ အသုံးနှုန်းတွေ ဘေးကနေ ပြောပေးတယ်။
ကျနော် လက်တဘက်ထဲနဲ့ ပစ္စတိုသေနတ်ကို မောင်းတင်တတ်အောင် အဲဒီ စစ်ဗိုလ်ဆီက သင်ယူခဲ့ရတာ။ သူနဲ့က ပြင်ဦးလွင်မှာ ရိုက်ခဲ့ဖူးတဲ့ စစ်ကားမှာ ဆိုရင် ရိုက်ကွင်းမှာ စားအတူတူ၊ အိပ်တာတောင် အခန်းခြင်း ဘေးကပ် အိပ်ကြတာ။ စားတာ သောက်တာမှာလည်း အတူတူနဲ့ ဆိုတော့ သူ့ကို မြင်လိုက်တာနဲ့ မှတ်မိတာပေါ့။
သူ့ကို မြင်လိုက်ရတော့ တော်တော်လေး အံ့သြခဲ့ရတယ်။ ဒီထက်ပို အံ့သြစရာက ၈၈ အရေးတော်ပုံ ပြီးတဲ့နောက်ပိုင်းမှာ သရုပ်ဆောင် ဆက်လုပ်နေတဲ့ အချိန်မှာ သူက စစ်တပ်ထဲမှာပဲ ရှိနေသေးတယ် ဆိုတဲ့ သတင်းတွေ ကြားလာရတော့ ကျနော် စဉ်းစား မိလာတယ်။ အယောင်ဆောင် ဆိုတာများလား ဆိုတာ စဉ်းစားမိတာ။
တကယ်တော့ ၈၈ အရေးတော်ပုံမှာ စစ်သားရော၊ ဘုရားသားရော၊ ကျောင်းသားရော လူတန်းစား အလွှာပေါင်းစုံ၊ အစိုးရ ဝန်ထမ်းပေါင်းစုံ ပါဝင်စုပေါင်းခဲ့တဲ့ အရေးတော်ပုံကြီး တခုမှာ ဒီလို ကိုယ့်အသိ စစ်သားတယောက် ပါလာတာ မထူးဆန်း ခဲ့ပေမယ့် တကယ်တမ်း သူက ဘာ့ကြောင့် စစ်တပ်ထဲမှာ ဆက်ရှိနေတာလဲ၊ ဒီ ၈၈ အရေးတော်ပုံ ကာလမှာ သူ့ကို ဘာ့ကြောင့် အရပ်ဝတ်နဲ့ လူငယ် ကျောင်းသားပုံစံမျိုးတွေနဲ့ ရောနှော တွေ့လိုက်ရတာလဲ။
အဲဒီ စစ်ဗိုလ်နဲ့ ၈၈ နောကေ်ပိုင်း ရိုက်ကွင်းတွေမှာ ထပ်မဆုံတော့ဘူး။ ဒါပေမယ့် သူ့ကို ၁၉၉၀ ဝန်းကျင်မှာ ရွှေတိဂုံဘုရား ပေါ်မှာ တခါဆုံသေးတယ်။ စကားတွေ ပြောဖြစ်သေးတယ်။ ဒါပေမယ့် ၈၈ အရေးအခင်းတုန်းက မြင်လိုက်ရတာ ကိုတော့ မပြောဖြစ် လိုက်ဘူး။ အဲဒီအချိန်အထိ သူက စစ်တပ်ထဲမှာ ရှိနေတုန်းပဲတဲ့။ နောက်ပိုင်းကျတော့မှ သူဆုံးသွားတဲ့ သတင်းကို ကြားရတယ်။
အဲဒါကြောင့် ကျနော်ပြောချင်တာ သတိ ရှိဖို့လိုတယ်။ အဲဒီ သတိကို ကိုယ့်ရဲ့ အသိတရားလေနဲ့ ယှဉ်တွဲပြီးတော့ ဘာပဲ လုပ်လုပ်၊ နိုင်ငံရေးပဲလုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ် လူမှုရေးပဲ လုပ်လုပ် အမြဲဒါကြည့်ရမယ်။ ကိုယ့်အသိလေးနဲ့ ကြည့်ရမယ်။ သူများယောင်တိုင်း ကိုယ်က လိုက်ယောင်လို့ကတော့၊ ကိုယ်ပါ ယောင်စိန်ဖြစ်မယ်။ ယောင်စိန်မဖြစ်အောင် ကိုယ့်ရဲ့ အသိဉာဏ်နဲ့ ဆုံးဖြတ်ပြီး သတိရှိရှိ လုပ်ဖို့အရေးကြီးတယ်။
တူးတူး (အဆိုတော်)
အဲဒီအချိန်က ကျနော်က ကျောင်းတက်နေတုန်း၊ 6th Year MP တက်နေတာ။ စဖြစ်တဲ့ အချိန်ကတော့ ကိုဖုန်းမော်ကိစ္စ ဖြစ်တော့ ကျောင်းမှာတော့ ရှိမနေဘူး။ ကျောင်းတော့ တက်နေတာပေါ့။ အိမ်ကနေပဲ ကျောင်းတက်တာပေါ့။ မှတ်မှတ်ရရဆို မြို့ထဲ မြင်မြင်သမျှမှာ လူတွေ အကုန်ပြည့်နေတာပေါ့နော်။ လူပင်လယ်လို ဖြစ်နေတာကို ဘဝမှာ ပထမဆုံးအကြိမ် တွေ့လာခဲ့ရတာပါ။ အဲဒီအထဲမှာ လူတွေပြည့်နေတာ ဘာကို ကိုယ်စားပြုသလဲဆို အာဏာရှင် စနစ်ကို မလိုလားလို့ လမ်းပေါ် ထွက်နေတယ်လို့ မြင်နေရတယ်။
အဲဒီအချိန်က ကျနော့် အသက်က ၂၄ နှစ်ပဲ ရှိသေးတာပေါ့။ ဒီအထဲမှာ ပါဝင်ခဲ့တယ်။ လမ်းလျှောက်တာမှာလည်း ပါတယ်။ လူတွေ စထွက်ကတည်းက လူအုပ်နဲ့ ပါခဲ့တယ်။ ကျနော့်အနေနဲ့ လူအုပ်ကြီးကို ဒီမိုကရေစီနဲ့ ပတ်သက်ပြီး တက်ပြော၊ တက်ဟောခဲ့တာတွေ လုပ်ခဲ့တယ်။ ဆေးရုံ ဝန်းထဲမှာ တခါပြောတယ်၊ ဘားလမ်းထိပ် အနော်ရထာလမ်းမှာလည်း ပြောတယ်၊ သိမ်ဖြူ တင်းနစ်ကွင်းထဲမှာလည်း ပြောတယ်။ ၃ ခါလောက် စကားတက်ပြောခဲ့တယ်။ အဲဒါတွေကတော့ အမှတ်တရ မြင်ကွင်းတွေပေါ့။ လူတွေကို ဒီမိုကရေစီရဖို့၊ အာဏာရှင်စနစ် ကျဆုံးဖို့ စကားတွေ တက်ပြော ခဲ့တယ်။ ကျောင်းသား တယောက် အနေနဲ့ပေါ့ဗျာ။ ဒါတွေကတော့ အမှတ်တရပါပဲ။ ဒီအချိန်မှာ လူထုကြီးက အပြောင်း အလဲကို လိုလားနေတာ။ အာဏာရှင် စနစ်ကို မလိုချင်တော့တဲ့ မျက်လုံးတွေ၊ မျှော်လင့်ချက်တွေကို တွေ့ခဲ့ရတာ အမှတ်တရ ဖြစ်စေတဲ့ မြင်ကွင်းပါပဲ။
ဒေါ်နီလာသိန်း (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းကွန်ယက် ခေါင်းဆောင် တဦး)
ကျမ စတင်လှုပ်ရှားခဲ့တဲ့အချိန်က ၁၉၈၇ ခုနှစ်တုန်းက၊ ၂၅ ကျပ်၊ ၃၅ ကျပ်၊ ၇၅ ကျပ်တန်တွေ စသိမ်းတဲ့အချိန်ပဲ။ အဲဒီအချိန်က ကျမက ၉ တန်း ကျောင်းသူ ဘဝပဲ ရှိသေးတယ်။ ပြင်ပက လူထုရဲ့ ခံစားရတဲ့အသံက နားမဆံ့အောင်ကို ကြားနေရတယ်။
အဲဒီလို ငယ်ရွယ်တဲ့ ကျောင်းသူတွေဖြစ်ပေမယ့် ဘယ်လို တတ်နိုင်တဲ့ဘက်က ဘာလုပ်ပေးနိုင်မလဲလို့ စဉ်းစားရင်း စာသင်ခန်းထဲက ကျောက်သင်ပုန်းပေါ်မှာ ၂၅၊ ၃၅ ကျပ်တန်တွေ ကပ်ပြီး ဆရာမတွေ စာသင်လာတဲ့ အချိန်မှာ စာရေး စာပွဲခုံပေါ် မှောက်အိပ်ပြီး အသံတိတ် ဆန္ဒပြတာကို စတင်လုပ်ခဲ့ကြတယ်။
အဲဒါက ကျမက အထက ၂ ဗဟန်းကျောင်းမှာ တက်နေတဲ့ အချိန်ပါ။ ကျမတို့မှာ ဦးဆောင်သူဆိုတာ မရှိခဲ့ပါဘူး။ အတွေ့ အကြုံလည်း တခါမှ မရှိခဲ့ပေမယ့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း တိုင်ပင်ပြီးလုပ်ကြတာ။
တချို့ကတော့ ဆုံးသွားကြပြီ။ ကျမ မှတ်မိသလောက်က ကိုကိုလွင်၊ မစန္ဒာတင်၊ မမီးမီးလေး၊ စတဲ့ သူငယ်ချင်းတွေနဲ့ အတူ လုပ်ဆောင်ခဲ့ကြတာ။
အဲဒီကျောင်းမှာပဲ ကျောင်းသားနဲ့ ပက်သက်တဲ့ အမှတ်တရနေ့တွေမှာ လှုပ်ရှားမှုတွေ လုပ်တယ်။ ဇူလိုင် ၇ ရက်တို့လို နေ့မျိုးဆိုရင် ကျောင်းက စာသင်ခန်းထဲမှာ အနက်ရောင် ဖဲကြိုးလေးတွေ ဆင်တူတပ်ကြပြီး အဲဒီနေ့မှာ ကျဆုံးခဲ့တဲ့ သူတွေကို ရည်မှန်းပြီး ဂုဏ်ပြုအခမ်းအနားမျိုး လုပ်ကြတယ်။
ကျမတို့ ၁ တန်းတည်း မဟုတ်ဘူး။ အတန်းငယ်လေးတွေပါ ပါဝင်ပြီး အဲဒီလို အခမ်းအနား မျိုးကို လုပ်ခဲ့ကြတာ။ ကျောင်းက ခွင့်ပြုချက် ပေးတာမဟုတ်ဘူး။ မုန့်စားဆင်းချိန်တွေမှာ ရုတ်တရက် လုပ်လိုက်ကြတယ်။
ကျောင်းရဲ့ အိမ်သာတွေမှာ စာကပ်တာမျိုးလည်း လုပ်ခဲ့ကြတယ်။ အဲဒီလို စာကပ်တာမျိုးတွေ ရှိလို့ ဆရာ၊ ဆရာမတွေက အိမ်သာ အဝတွေမှာ စောင့်နေကြပေမယ့် ကျမတို့က သူတို့မသိအောင် လျှို့ဝှက် လုပ်ကြတယ်။
အဲဒီလို အထက်တန်း ကျောင်းသူဘဝက လုပ်ရာကနေ နောက်ဆုံး ၈ လေးလုံး အရေးခင်းလည်း ဖြစ်ရော ရန်ကုန်တက္ကသိုလ် ဘက်က နောင်တော်တွေနဲ့ ပူးပေါင်းလိုက်ကြတယ်။ အဲဒီကို သွားတဲ့ အခါမှာလည်း လက်ကိုင်ပုဝါတွေကို မျက်နှာမှာစည်းပြီး သွားကြတာ။ နောက်တော့ အကသ ဆိုတဲ့ အခြေခံပညာ ကျောင်းသားများ သမဂ္ဂအဖွဲ့ကနေ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ သမဂ္ဂဘက်မှာ လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေးဘက်ကို ဆက်လက် လှုပ်ရှားခဲ့တယ်။
ဒါပေမယ့် ကျမပြောချင်တာက အထက်တန်း ကျောင်းသူဘဝမှာ လုပ်ခဲ့တာနဲ့ ပက်သက်ပြီး ကျမတို့ ကျောင်းအုပ်ကြီး ဦးအောင်သန်း အပါအဝင် ဆရာ၊ ဆရာမ တော်တော်များများက ၈၈ ကာလမှာ မိခင်စိတ်၊ ဆရာသမားစိတ် အပြည့်ရှိ ကြတာကိုတွေ့ရတယ်။
သူတို့ ကိုယ်တိုင်က ကျောင်းသား၊ ကျောင်းသူတွေအပေါ် ဒီလိုလှုပ်ရှားတာကို အားပေးရုံတင်မကဘဲ အကာအကွယ် ပေးခဲ့ ကြတာကို တွေ့ရတယ်။ ကျောင်းထိပ်မှာ လုံထိန်းကားတွေ ရောက်နေတဲ့အချိန်ဆိုရင် ကျမတို့ကို “သားတို့၊ သမီးတို့ရေ၊ ကျောင်းထိပ်မှာ လုံထိန်းကားတွေ ရောက်နေပြီ၊ ကိုယ့်ရဲ့လွယ်အိတ်ထဲမှာ တရားမဝင်ပစ္စည်းတွေ ပါတယ်ဆိုရင် ကျောင်းမှာ ထားခဲ့ကြပါ၊ နောက်နေ့ကျရင် ပြန်ပေးမယ်” ဆိုပြီး သတိပေးမှုတွေ၊ ကာကွယ်ပေးမှုတွေ လုပ်ခဲ့ကြတယ်။
အဲဒီလို ကာကွယ်ပေးခဲ့လို့လည်း ၁၉၉၁ ခုနှစ် ကျောင်းတွေ ပြန်ဖွင့်တော့ ကျမတို့ ကျောင်းသား ကျောင်းသူတွေရဲ့ လုပ်ဆောင်ချက်တွေကို အထက်ကို တင်ပြမှုမရှိဘူး ဆိုပြီး ရွှေ့ပြောင်းလိုက်ကြတယ်။ နောက်ထပ် ကျောင်းအုပ်ဆရာကြီး ရောက်တော့ ကျမလည်း အဖမ်းခံ ထိတော့တာ။ သူက ကျောင်းမှာ လှုပ်ရှားတဲ့ သူတွေရဲ့ စာရင်းကို အထက်ကို တင်ပြ လိုက်တာ။ ၁၉၉၁ မှာ ကျမက ၁၀ တန်း ကျောင်းသူဘဝမှာ အဖမ်းခံလိုက်ရတာ။
အဲဒီအချိန်က ကျမတို့က နိုင်ငံရေးဆိုတာ ဘာမှ မသိခဲ့ကြဘူး။ မခံချင်တဲ့ စိတ်တခုတည်းနဲ့ လုပ်ခဲ့ကြတာ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် တာဝန်သိမှု၊ တာဝန်ယူတတ်မှု၊ တာဝန်ခံမှုဆိုတဲ့ စိတ်ဓာတ်လေးတွေ ရှိဖို့လိုအပ်တယ်။ ဒီ ၂၅ နှစ်တာ ကာလကို ဖြတ်သန်းလာခဲ့ကြတာ ခိုင်မြဲတဲ့ ယုံကြည်ချက် စိတ်ဓာတ်ကြောင့် ခံစားလာခဲ့ရတာတွေကို ခွန်အားအဖြစ် ပြောင်းရင်း လုပ်ခဲ့ကြတာပဲ။
အဲဒီ ကာလတုန်းက အားလုံးဟာ စုပေါင်းပြီး လုပ်ခဲ့သလို အခု မြင်ကြတွေ့ကြတဲ့ သူပဲဖြစ်ဖြစ်၊ မသိကြဘဲ အပြန်အလှန် လေးစားစွာ၊ စည်းလုံးစွာနဲ့ အာဏာရှင်ကို တော်လှန်ကြမယ်ဆိုတဲ့ စိတ်တွေနဲ့ ဖြတ်သန်းခဲ့ကြတာ။
မိုးမင်း (ဇာတ်သဘင် ပညာရှင်)
၈၈ အရေးအခင်းတုန်းက ကျနော့်အသက် နှစ်ဆယ်ကျော်ပဲ ရှိသေးတယ်။ အနုပညာ အလုပ်တွေ လုပ်နေတာတော့ အဲဒီ အချိန်မှာ ခြောက်နှစ်လောက် ရှိနေပြီ။
အရေးအခင်း ဖြစ်နေတော့ အနုပညာအလုပ်တွေ နားထားရတယ်။ ဒါပေမယ့် ကျနော့်စိတ်က ကျောင်းသား တယောက်ရဲ့ စိတ်မျိုးပဲ ရှိနေသေးတယ်။
ချီတက် လမ်းလျှောက်တဲ့ အထဲမှာ ကျနော်ပါခဲ့ပါတယ်။ လူတွေက အရေးအခင်း ဖြစ်နေတော့ ရုတ်ရုတ်ရုတ်ရုတ် နဲ့ပေါ့။ ကျောင်းသားတွေကလည်း ချီတက်ပြီးတော့ ဆန္ဒပြကြနဲ့ပေါ့၊ အမှတ်တရ အနေနဲ့ မဟုတ်ဘဲ မှတ်မှတ်ရရ ဟြေရရင် ကျနော်က ဒေါင်းအလံကြီးကို ကိုင်ပြီး ဗိုလ်ချုပ်လမ်းအတိုင်း ကျနော်တို့ ကျောင်းသားအဖွဲ့တွေ ချီတက်ကြတယ်။
ကျနော်တို့ ချီတက်လာတာ ဘုရင့်ရုပ်ရှင်ရုံ နားလည်းရောက်ရော ဘာဖြစ်လဲဆိုတော့ စိန်ပေါလ်ကျောင်းနား ကနေ ပစ်လိုက်တဲ့ သေနတ်သံကြီးကို ကြားရတယ်။ အဲဒီအချိန်မှာ ကျနော်တို့ အားလုံး တန့်ခနဲ ဖြစ်သွားတယ်။
ဒါပေမယ့် ကျနော်အားတင်းပြီး စိတ်ထဲမှာ သြော်ဘာဖြစ်လဲ … ငါကိုင်ထားတာ ဒေါင်းအလံကြီးပဲ၊ ငါမကြောက်ဘူး၊ ငါတယောက်ထဲမှ မဟုတ်တာ။ သေလည်း သေပါစေဆိုပြီး စိတ်ကို အားတင်းခဲ့တယ်။
အဲဒီမှာ ကျနော်က ရှေ့ဆုံးကနေ ဒေါင်းအလံကြီးကို ကိုင်ပြီး လမ်းဆက်လျှောက်ခဲ့တယ်။ အဲဒီ ဘုရင့် ရုပ်ရှင်ရုံ နားလေးက ရှေ့ဆက်သွားဖို့ ပြင်နေတုန်းမှာပဲ ကျနော်တို့ကို သေနတ်နဲ့ ပစ်တာ မဟုတ်ပေမယ့် ကျနော်တို့ လက်ထဲက ဒေါင်းအလံကြီးကို သူတို့က လုယူလိုက်တယ်။ ချီတက်နေတဲ့ လူတွေကိုလည်း လက်တွေချုပ်ပြီး လူစုကွဲအောင် လုပ်တယ်။
အဲဒါကတော့ ကျနော့်ရဲ့ တကယ့်အမှတ်တရ ဖြစ်ရပ်ပါပဲ။ အဲဒီလို ၈၈ လိုမျိုး အရေးအခင်း အဖြစ်မျိုးကြီးကို လုံး၀ မဖြစ် စေချင်ဘူး၊ အဓိက ထိခိုက်ခံရတာ ပြည်သူတွေပဲလေ။
ဧရာဝတီသတင်းထောက် စနေလင်း၊ ထက်နိုင်ဇော်၊ နဒီထိုက်နှင့် မြတ်သူအောင်တို့ တွေ့ဆုံမေးမြန်းသည်။