၁၉၈၀ ပြည့်နှစ်များ နှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းတွင် “တတိယလှိုင်း ဒီမိုကရေစီ လှုပ်ရှားမှု ” အထွတ်အထိပ်သို့ ရောက်ခဲ့ပါတယ်။ အဆိုပါ အချိန်ကာလအတွင်း ထွန်းကားခဲ့တဲ့ ဒီမိုကရေစီနဲ့ ဒီမိုကရေစီ မြှင့်တင်ရေး စိတ်အားထက်သန်မှုတွေကို တန်ပြန်ချေပတဲ့ အတွေးအခေါ် အယူအဆက ၁၉၉၀ ပြည့်နှစ်တွေရဲ့ ဒုတိယကာလအတွင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးအကြောင်းကို အလွန်အကျွံ ချဲ့ကားပြောဆိုထားတယ်လို့ ယုံကြည်ကြတာကြောင့် မူဝါဒရေးရာ ကျွမ်းကျင်သူတွေနဲ့ ပညာရှင်တွေက “တတိယလှိုင်း” နဲ့ ပက်သက်ပြီး အကောင်းမမြင်ဘဲ သတိနဲ့ သုံးသပ်လေ့လာဖို့ ဆောင်းပါးတွေကို ဆက်တိုက် ရေးခဲ့ကြပြီး သြဇာသက်ရောက်မှုလည်း ကြီးမားခဲ့ပါတယ်။ တောင်အမေရိကတိုက်မှာ ပီရူးနဲ့ အာဂျင်တီးနားနိုင်ငံ၊ အာရှတိုက်မှာ ဖိလစ်ပိုင်နဲ့ ကာဇက်စတန် နိုင်ငံတွေမှာ ရွေးကောက် တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်သစ်တွေက အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ချုပ်ချယ်ကန့်သတ်နေတာက အန္တရာယ်ကြီးတယ်လို့ စာရေးဆရာ ဖာရီးဒ် ဇာကာရီးယားက မြင်ပါတယ်။ ဒီမိုကရေစီကို အဆောတလျင် ကူးပြောင်း အကောင်အထည်ဖော်တာက “မလွတ်မလပ် ဒီမိုကရေစီ” စနစ်တွေကို ဖန်တီပေးနေတယ်လို့ သူက ရေးသား သတိပေးခဲ့ပါတယ်။ (The Rise of Illiberal Democracy by Fareed Zakaria, 1997)
အရင် ယူဂိုဆလားဗီးယား ပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စုနဲ့ တခြားနေရာတွေမှာ ဖြစ်ပွားတဲ့ အကြမ်းဖက် ပဋိပက္ခတွေကို မြင်တွေ့ရလို့ စိုးရိမ်မကင်းဖြစ်ပြီး ပညာရှင် အက်ဒ်ဝဒ် မန်းစ်ဖီးလ် (Edward Mansfield) နဲ့ ဂျက်ဆင်းဒါး (Jack Snyder) တို့က “တည်ငြိမ်တဲ့ အာဏာရှင် နိုင်ငံတွေမှာထက် ဒီမိုကရေစီကို တည်ထောင်နေဆဲ နိုင်ငံတွေမှာ ပဋိပက္ခတွေ ပိုဖြစ်နိုင်တယ်” လို့ တင်ပြခဲ့ပါတယ်။ ( Democratization and the Danger of War by Edward D. Mansfield and Jack Snyder, 1995)
အာရှတိုက်နေရာ အနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လူမျိုးအချင်းချင်း ပဋိပက္ခတွေကို ပညာရှင် အေမီ ချွား (Amy Chua) က ပူပန်မိပြီး “လူနည်းစုက ဈေးကွက်ကို လွှမ်းမိုးထားတဲ့ တိုင်းပြည်တွေမှာ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို တပြိုင်နက် လုပ်ဆောင်ရင် တိုင်းရင်းသားလူမျိုး ပဋိပက္ခတွေ ဖြစ်ပွားပြီး ဈေးကွက်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတယ်” လို့ တင်ပြခဲ့ပါတယ်။ (Markets, Democracy, and Ethnicity: Toward a New Paradigm for Law and Development by Amy Chua, 1998)
အဆိုပါပညာရှင်တွေ အာရုံစိုက်လေ့လာတ့ဲ့ နယ်ပယ်နဲ့ လေ့လာသုံးသပ်တဲ့ နည်းစနစ်တွေက ကွဲပြားခြားနားပေမယ့် သူတို့အသီးသီးရဲ့ လေ့လာတင်ပြချက်တွေက “ဒီမိုကရေစီကို တည်ထောင်မယ်ဆိုရင် တဆင့်ပြီးတဆင့်သာ လုပ်ဆောင်ဖို့လိုတယ်” ဆိုတဲ့ အဓိက အကောက်အယူမှာ သွားပြီး ပေါင်းစုံမိကြပါတယ်။ သူတို့အမြင် အရတော့ ဒီမိုကရေစီ ဖော်ဆောင်ရေး (အားလုံးပါဝင်နိုင်တဲ့ နိုင်ငံအဆင့် ရွေးကောက်ပွဲ) ဆိုတာ အမြဲတမ်းမကောင်းဘူးလို့ ဆိုလိုပါတယ်။
ဒီမိုကရေစီစနစ်အတွက် အဆင်သင့် မဖြစ်သေးတဲ့ မပြင်ဆင်ရသေးတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်တယ်ဆိုရင် ဘေးဥပါဒ် ဖြစ်စေတဲ့ ရလဒ်တွေ မကြာခဏ ပေါ်လာတတ်ပါတယ်။ လွတ်လပ်မှု မပေးချင်တဲ့ ခေါင်းဆောင်တွေ၊ အစွန်းရောက် နိုင်ငံရေးသမားတွေ အာဏာရလာတာ၊ အမျိုးသားရေး တိုင်းရင်းသား လူမျိုးအရေးနဲ့ တခြားအရေးတွေအပေါ် အခြေခံပြီး ရက်စက်ပြင်းထန်တဲ့ ပြည်တွင်း ပဋိပက္ခတွေ ပေါ်လာတာ၊ ပြည်နယ်အချင်းချင်း စစ်ဖြစ်တာ စသဖြင့် မကောင်းတဲ့ ရလဒ်တွေ ပေါ်လာတတ်ပါတယ်။ အဲဒီလို မလိုလား မနှစ်သက်စရာ ကောင်းတဲ့ ရလဒ်တွေ မပေါ်ပေါက်လာစေဖို့ဆိုရင် လူ့အဖွဲ့အစည်းတခုမှာ “တရားဥပဒေ စိုးမိုးမှု” လို “ချောချောမွေ့မွေ့ လည်ပတ်နေတဲ့ နိုင်ငံတော်” လို တင်ကူးအခြေအနေတွေက ဒီမိုကရေစီကို မတည်ထောင် မကူးပြောင်းခင် ရှိထားသင့်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ တခြားနိုင်ငံတွေရဲ့ ဒီမိုကရေစီ မြှင့်တင်ရေးကို ချည်းကပ်ပြီး စူးစူးစိုက်စိုက် လုပ်ဆောင်ရာမှာ အမေရိကန်နဲ့ အနောက်တိုင်း နိုင်ငံတွေက ပြန်လည်လေ့လာ သုံးသပ်သင့်ပါတယ်။
တချို့ နိုင်ငံတွေမှာတော့ လက်ရှိအုပ်ချုပ်နေတဲ့ အာဏာရှင် အစိုးရကို ဆက်လက် လက်ခံထားတာက ပိုကောင်းတယ်ပါတယ်။ ဒီမိုကရေစီ မရှိသေးတဲ့ နိုင်ငံတွေမှာ အပေါင်းလက္ခဏာဆောင်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေကို ပြင်ပပုဂ္ဂိုလ်တွေက လုပ်ဆောင် ချင်တယ်ဆိုရင် “တရားဥပဒေ စိုးမိုးမှု” လို “ကောင်းကောင်းမွန်မွန် လည်ပတ်နေတဲ့ နိုင်ငံတော်” လို အခြေအနေတွေကို ပထမဆုံး ကြိုးစား တည်ဆောက်သင့်တယ်ပါတယ်။ အဆိုပါ တင်ကူး အခြေအနေတွေ ခိုင်မာသွား၊ နေရာတကျ ဖြစ်သွားပြီဆိုမှသာ “ရွေးကောက်ပွဲ ကျင်းပပေးခြင်း” လို နောက်ဆက်တွဲ အဆင့်တွေနဲ့ တခြားအဆင့်တွေဖြစ်တဲ့ “လူထုပါဝင်တဲ့ နိုင်ငံရေး” (Electing to Fight: Why Emerging Democracies Go to War by Edward D. Mansfield and Jack Snyder, 2005) ဒါမှမဟုတ် “ပြည်သူ့ဆန္ဒခံယူပွဲ” ( The Future of Freedom: Illiberal Democracy at Home and Abroad by Fareed Zakaria, 2003) တွေကို တွန်းအားပေး လုပ်ဆောင်သင့်ပါတယ်။ အဆိုပါ နောက်ပိုင်းအဆင့်တွေကိုတော့ သတိထား လုပ်ကိုင်ရမယ်လို့ “တဆင့်ပြီးတဆင့်” အယူအဆသမားတွေက ဆိုပါတယ်။
“တတိယလှိုင်း” ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် ကမ္ဘာ့ဒီမိုကရေစီ အနာဂတ်နဲ့ ပက်သက်ပြီး မျှော်လင့်အားထားတဲ့ အယူအဆတွေက ၁၉၉၀ ပြည့်နှစ်တွေမှာ အားကောင်းလာပြီး အဆိုပါ အယူအဆတွေကို သံသယဝင်လို့ ပေါ်လာတဲ့ တန်ပြန် ချေဖျက်မှုတွေထဲမှာ “တဆင့်ပြီးတဆင့်” (Sequencing) အတွေးအခေါ်က အစိတ်အပိုင်းတခုပဲ ဖြစ်ပါတယ်။ အဲဒီထက် ပိုပြင်းထန်တဲ့ အတွေးအခေါ်တွေကို “ဒီမိုကရေစီအပေါ် အဆိုးမြင်မှု” လို့ ခေါ်နိုင်ပြီး နာမည်ကျော် သတင်းစာဆရာ ရောဘတ် ကပ်ပလန်က အများဆုံး ရေးသားတင်ပြပါတယ်။ (Was Democracy Just a Moment? By Robert Kaplan, 1997)
ခိုင်မာတဲ့ မူဝါဒ အကျိုးဆက်ဆက်တွေကို တင်ပြနိုင်ပြီး လူတွေရဲ့ ခံစားမှုကိုလည်း အသားပေးထားလို့ “တဆင့်ပြီးတဆင့်” အယူအဆက အားလုံးထက် နေရာပိုရပါတယ်။ လွတ်လပ်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ ပိုရလာတဲ့ လူထုနဲ့ ရွေးကောက်ပွဲအနိုင်ရ ခေါင်းဆောင်သစ်တွေရဲ့ လုပ်ဆောင်မှုတွေက အပြောင်းအလဲ မြန်ဆန်နိုင်ပြီး ခန့်မှန်းရခက်တာကြောင့် သူတို့ကို “ဥပဒေ” နဲ့ “အင်စတီကျုးရှင်း” ဆိုတဲ့ ခိုင်မာတဲ့ လှောင်အိမ်တွေထဲ ထည့်ထားရမယ် လို့ဆိုပါတယ် ။ အဲဒီလို နည်းစနစ်တွေကို သုံးထားတာကြောင့် “တဆင့်ပြီးတဆင့်” အယူအဆက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ကြောင်းကျိုး ဆီလျော်အောင်လုပ်နိုင်၊ အန္တရာယ်ကင်းအောင် လုပ်နိုင်မယ်လို့ တင်ပြကြပါတယ်။
“တဆင့်ပြီးတဆင့်” အယူအဆကို နိုင်ငံတကာက မူဝါဒချမှတ်သူတွေ အသိုင်းအဝန်းကြားမှာ နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်တွေမှာ အားကောင်းလာတဲ့ ဒီမိုကရေစီ မူဝါဒအလားအလာတွေကို အစဉ်အလာ လက်တွေ့ပဓာနသမား (Realists) တွေက စိတ်မသက်မသာနဲ့ စောင့်ကြည့်နေခဲ့ကြတာပါ။ ဒီမိုကရေစီ မြှင့်တင်ရေးကို အလေးမပေးဘဲ ရင်းနှီးကျွမ်းဝင်ပြီးသား အာဏာရှင်နိုင်ငံတွေနဲ့ မိတ်မပျက် ဆက်ဆံနိုင်တာကြောင့် “တဆင့်ပြီးတဆင့်” အယူအဆကို သူတို့က ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှသာ ဒီမိုကရေစီကို ကျင့်သုံးနိုင်မယ် ဆိုတဲ့ ခောတ်မီတိုးတက်ရေး အယူအဆဟောင်းကို ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင် (Developmentalist) တွေက အစဉ်အလာအရ စွဲစွဲမြဲမြဲ လက်ခံထားတာပါ။ ဒီမိုကရေစီ မြှင့််တင်ရေးအယူ အဆတွေ ရုတ်တရက် အင်အားကောင်းလာတဲ့အခါ သူတို့ကလည်း စိတ်ပျက်ကြပြီး “တဆင့်ပြီးတဆင့်” အယူအဆသမား မဟာမိတ်တွေ ပေါ်လာတော့ သူတို့ကလည်း ဝမ်းသာပါတယ်။ “နိုင်ငံရေးပြိုင်ဆိုင်မှုကို အကုန်ဖွင့်မပေးတာက ဒီမိုကရေစီကို ရေရှည်မှာ ပိုပြီး လေးလေးနက်နက် ခိုင်ခိုင်မာမာ တည်ဆောက်ချင်လို့” ဆိုပြီး ပြောတတ်တဲ့ ဒီမိုကရေစီ မဟုတ်တဲ့ နိုင်ငံတွေက အာဏာပိုင်တွေကလည်း “တဆင့်ပြီးတဆင့်” အယူအဆကို အားကိုးအားထားပြု ပြောနိုင်တာကြောင့် အားပါးတရ ကြိုဆိုပွေ့ဖက်ကြပါတယ်။
“တဆင့်ပြီးတဆင့်” အယူအဆကို အခု ဆယ်စုနှစ်မှာလည်း ဆက်လက် စိတ်ဝင်စား အာရုံစိုက်ကြပြီး သက်ဝင် ယုံကြည်သူတွေလည်း တိုးပွားလာပါတယ်။ ဇာကာရီးယား၊ မန်းစ်ဖီးလ်၊ ဆင်းဒါးလ် နဲ့ ချွာ တို့ ရေးခဲ့တဲ့ဆောင်းပါးတွေက စာအုပ်တွေအဆင့်ကို တက်လှမ်းနိုင်ခဲ့ကြပြီး ဆက်လက် အောင်မြင်ခဲ့ပါတယ်။ (The Future of Freedom by Zakaria, Electing to Fight by Mansfield and Snyder, World on Fire: How Exporting Free Market Democracy Breeds Ethnic Hatred and Global Instability by Amy Chua)
ဆိုဗီယက် ပြည်ထောင်စုဟောင်းမှာ ဒီမိုကရေစီစနစ်တွေ နောက်ပြန်လန်ကျခဲ့ပြီး လက်တင် အမေရိကမှာ လူပြိန်းကြိုက်ဝါဒတွေ အားကောင်းလာတာကြောင့် ဒီမိုကရေစီရဲ့ ခိုင်မာမှုကို ဆက်လက် မှတ်ကျောက်တင် စမ်းသပ်ခဲ့ကြပြန်ပါတယ်။ အဆိုပါ စမ်းသပ်မှုတွေကြောင့်ပဲ “တဆင့်ပြီးတဆင့်” အယူအဆကို လက်ခံသူတွေမှာ ပြောအားဆိုအား ပိုရှိလာခဲ့ပါတယ်။ အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန် သမ္မတဟောင်း ဂျူနီယာ ဘုရှ် အားပေးဖော်ဆောင်ခဲ့တဲ့ ဒီမိုကရေစီက မရှုမလှ အရေးနိမ့်တော့ သူတို့အတွက် အကောင်းဆုံး ပြောစရာ အချက်အလက် ထပ်ရသွားပါတယ်။ အီရတ်နိုင်ငံမှာ ဆက်ဒမ်ဟူစိန် ပြုတ်ကျပြီးနောက်ပိုင်း ကြိုးပမ်းဖော်ဆောင်ထားတဲ့ ဒီမိုကရေစီမှာ ရလဒ်တွေက လက်မခံနိုင်လောက်အောင် စိတ်ပျက်ဖွယ်ရာ ဖြစ်နေတာကြောင့် တင်ကူးအခြေအနေတွေကို မတည်ဆောက်ဘဲ ဒီမိုကရေစီကို အလွန်အကျွံ အားပေးမြှင့်တင်တာရဲ့ အထင်ရှားဆုံး အထောက်အထားအဖြစ် “တဆင့်ပြီးတဆင့်” အယူအဆသမားတွေက အနက်ပြန်ဆိုခဲ့ပါတယ်။ မကြာသေးခင်က ကျင်းပတဲ့ အီရတ်၊ အီဂျစ်၊ လက်ဘနွန်နဲ့ ပါလက်စတိုင်း ရွေးကောက်ပွဲတွေမှာ အစ္စလမ် အစွန်းရောက်တွေ အာဏာရလာတာကလည်း ဒီမိုကရေစီသမိုင်းကြောင်း မရှိဖူးတဲ့နိုင်ငံတွေမှာ ရွေးကောက်ပွဲတွေကို အလျင်အမြန် ကျင်းပပေးလိုက်ရင် အန္တရာယ်များတယ်ဆိုတာကို နောက်ထပ် ထောက်ပြလိုက်သလိုပါပဲ။
“တဆင့်ပြီးတဆင့်” အယူအဆကြောင့် အနောက်တိုင်းက ဒီမိုကရေစီ မြှင့်တင်ရေး အသိုက်အဝန်းကြားမှာ အရေးတကြီး စဉ်းစားစရာ မေးခွန်းတွေ ပေါ်ပေါက်လာပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ “တဆင့်ပြီးတဆင့်” အယူအဆအတိုင်း စဉ်းစားတာက အလွန်တရာ အရေးကြီးပါတယ်။ ဒီမိုကရေစီ မြှင့်တင်ရေးရဲ့ တရားဝင်မှုနဲ့ ဒီမိုကရေစီ တန်ဖိုးတွေကို အမေရိကန်နဲ့ တခြား ကမ္ဘာ့နေရာတွေမှာ ငြင်းခုံဆွေးနွေးကြတဲ့အခါ ပိုလို့တောင် အရေးကြီးပါတယ်။ ကမ္ဘာတခွင်မှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုပြဿနာနဲ့ တခြားပြဿနာတွေ အားလုံးကို ဖြေရှင်းနိုင်တဲ့ ပျောက်စေ ဆေးတလက်အဖြစ် ဒီမိုကရေစီကို လွဲမှားရှုမြင်နေတာကြောင့် ဒီမိုကရေစီအပေါ် အဆိုးမြင်တဲ့ အယူအဆက အဆိုပါ အမြင်လွဲမှားမှုတွေကို တနည်းတဖုံ တည့်မတ်ပေးနိုင်ပါလိမ့်မယ်။
“တဆင့်ပြီးတဆင့်” အယူအဆကြောင့် ပေါ်ပေါက်လာတဲ့ မူဝါဒကုထုံးတွေက ပြဿာနာရှိနိုင်သလို အယူအဆကိုယ်တိုင်က ပြဿာနာ ရှိနိုင်ပါတယ်။ ဒီမိုကရေစီ မြှင့်တင်ရေးမှာ၊ ဒီမိုကရေစီကို တည်ထောင်ရာမှာ ကြုံလာရနိုင်တဲ့ အန္တရာယ်တွေနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ထည့်သွင်းစဉ်းစားရာမှာ ပိုလက်တွေ့ကျ အသုံးဝင်တာက ဖြည်းဖြည်းမှန်မှန်” ဝါဒပါ။ တချို့နေရာတွေမှာ ဒီမိုကရေစီကို ဖြည်းဖြည်းချင်း တည်ဆောက်ရမယ်ဆိုတာ မှန်ပေမယ့် ဒီမိုကရေစီ ကျင့်သုံးမှုကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထာတာ ဒါမှမဟုတ် လုံးဝရှောင်ကျဉ်တာကို တော့မလုပ်ရဘူးလို့ “ဖြည်းဖြည်းမှန်မှန်” ဝါဒက ဆိုပါတယ်။
တရားဥပဒေ စိုးမိုးမှုကို စောင့်မနေပါနဲ့
“တဆင့်ပြီးတဆင့်” အယူအဆက အပိုင်း ၂ ပိုင်းပါ အကောက်အယူပေါ်မှာ လွှဲမှားတည်ဆောက်ထားတာပါ။ ပထမ တပိုင်းကတော့ အာဏာရှင်တွေ တော်တော်များများက တရားဥပဒေစိုးမိုးမှုကို ဖော်ဆောင်ပေးပြီး နိုင်ငံတည်ဆောက်ရေးကို လုပ်ကိုင်လိမ့်မယ် ဆိုတာပါ။ နောက်တပိုင်းကတော့ ဒီမိုကရေစီကို တည်ဆောက်ဆဲ အစိုးရတွေက အဆိုပါ အလုပ်တာဝန်တွေကို မထမ်းဆောင်နိုင်ဘူးဆိုတဲ့ အကောက်အယူတွေပါ။ ဒါပေမယ့် လစ်ဘရယ်အယူအဆကို စွဲကိုင်တဲ့ အာဏာပိုင်စနစ် ဖြစ်စေ မစွဲကိုင်တဲ့ အာဏာပိုင်စနစ် ဖြစ်စေ အာဏာပိုင် အုပ်ချုပ်ရေးပုံစံ ဆိုတာကိုက တရားဥပဒေစိုးမိုးမှု ဖော်ဆောင်ရေး၊ နိုင်ငံတည်ဆောက်ရေး ဆိုတာတွေနဲ့ သဘောသဘာဝအားဖြင့် သဟဇာတ မဖြစ်လှပါ။ ဒီမိုကရေစီနိုင်ငံသစ်တွေနဲ့ တည်ထောင်ဆဲ ဒီမိုကရေစီနိုင်ငံတွေက တရားဥပဒေစိုးမိုးမှုကို ဖော်ဆောင်ရာမှာ နိုင်ငံတည်ဆောက်ရာမှာ အခက်အခဲတွေကို သေချာပေါက် ကြုံတွေ့ရမှာပါပဲ။ ဒါပေမယ့် အထက်မှာ ဖော်ပြခဲ့တဲ့ အာဏာရှင်နိုင်ငံတွေက သဟဇာတ ကင်းမဲ့မှု မျိုးကိုတော့ တွေ့ကြုံရမှာမဟုတ်ဘဲ အားသာချက် အနည်းငယ်ကိုတောင် တွေ့ကြုံရနိုင်ပါသေးတယ်။
“တဆင့်ပြီးတဆင့်” ဒီမိုကရေစီ တည်ဆောက်ရေးကို လက်ကိုင်ပြုထားသူတွေက လစ်ဘရယ် အာဏာရှင်တွေ အကြောင်းကို အသားပေး ဖော်ပြတတ်ပါတယ်။ အဆိုပါ အာဏာရှင်တွေက ဉာဏ်ပညာ ထက်မြက်လို့ ပြုပြင်ပြောင်းလဲရေးကို အင်တိုက်အားတိုက်နဲ့ ကာလကြာရှည် စိုက်လိုက်မတ်တပ်လုပ်ဆောင်လိမ့်မယ် ဒါမှမဟုတ် စီးပွာရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ လိုအပ်ချက်အဖြစ်နဲ့ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်မယ်လို့ “တဆင့်ပြီးတဆင့်” သမားတွေက ယူဆထားပါတယ်။ ဆိုလိုတာကတော့ တိုင်းပြည်စီးပွားရေးကို တိုးတက်စေဖို့အတွက် တရားဥပဒေ စိုးမိုးမှုကို အဆိုပါအာဏာရှင်တွေက ကြိုးစားတည်ဆောက်ကြမှာ ဖြစ်ပြီး တရာဥပဒေ စိုးမိုးမှုအတွက် လိုအပ်တဲ့ ထိရောက်ထက်မြက်တဲ့ တရားရုံးတွေ၊ ရှင်းလင်းပြီး ခန့်မှန်းတွက်ချက်ရ လွယ်ကူတဲ့ တရားဥပဒေစနစ်နဲ့ တခြား တရားဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ကိုင်ကြမယ်လို့ “တဆင့်ပြီးတဆင့်” သမားတွေက ယူဆထားပါတယ်။
သူတို့ရဲ့ အယူအဆနဲ့ လက်တွေ့အခြေအနေကတော့ တခြားစီဖြစ်ပါတယ်။ “တဆင့်ပြီးတဆင့်” အယူအဆသမားတွေက ဇွဲကောင်းကောင်းနဲ့ မျှော်လင့်ထားပေမယ့် အာဏာရှင်တွေ ဉာဏ်ပညာထက်မြက်တယ်ဆိုတာ သိပ်နည်းပါတယ်။ ဆိုလိုတာကတော့ သူတို့က ဖိနှိပ်မှုကိုလည်း မလျှော့ချ၊ တရားဥပဒေကိုလည်း မလေးစားမလိုက်နာဘဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုကို ရေရှည်မှာ အလေးအနက်ထား လုပ်ကိုင်တယ်ဆိုတာလည်း သိပ်မရှိလှပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ စင်ကာပူနိုင်ငံက လီကွမ်ယူလို အာဏာပိုင်ခေါင်းဆောင်မျိုးက တယောက်လောက်သာ ရှိပေမယ့် လောဘကြီးပြီး ဖိနှိပ်ချုပ်ချယ်တတ်တဲ့ အာဏာရှင် ခေါင်းဆောင်တွေကတော့ ဒါဇင်နဲ့ချီ ရာနဲ့ချီပြီးတော့ ရှိပါတယ်။ သူတို့က ပြုပြင်ပြောင်းလဲရေး သမားတွေအဖြစ်လည်း ဟန်ဆောင်ထားပြီး တရားဥပဒေစိုးမိုးရေး ဆိုတာက သူတို့မဝတ်ချင်တဲ့ ကိုယ်ကြပ်ဝတ်စုံဖြစ်လို့ မဝတ်ဆင်ရဖို့အတွက် တတ်နိုင်သမျှ ရှောင်ကျဉ်ကြပါတယ်။
စီးပွာရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆွတ်ခူးချင်လို့ တရားဥပဒေစိုးမိုးမှု ပြုပြင်ပြောင်းလဲရေးတွေကို ဖော်ဆောင်တယ်ဆိုတဲ့ သဘောတရားကလည်း ထင်သလောက်မဟုတ်ဘဲ အားနည်းလှပါတယ်။ တချို့အာဏာရှင် အစိုးရတွေဆိုရင် စီးပွာရေး ဖွံ့ဖြိုးတိုးတက်မှုကို စိတ်မဝင်စားတဲ့အပြင် ပြည်သူတွေ စားဝတ်နေရေး ချောင်လည်မှုကိုတောင် ထည့်မတွက်တတ်ပါ။ အဆိုပါ အာဏာရှင် အစိုးရတွေက အာဏာ ဆက်လက်တည်မြဲရေးကိုသာ ဂရုစိုက်တတ်ကြပြီး အာဏာ ဆက်လက် တည်မြဲဖို့ဆိုရင် ရက်စက်တဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို မနားမနေ ကျင့်သုံးချင်ကြပါတယ်။ တချို့သော အာဏာရှင်တွေကတော့ တိုင်းပြည်ဖွံ့ဖြိုးရေးကို လုပ်ဆောင်ဖို့ စိတ်ဝင်စားကြပေမယ့် တိုင်းပြည်ဖွံ့ဖြိုးရေးကို သူတို့ရဲ့ တခြားအကျိုးစီးပွား ခေါင်းစဉ်တွေအောက်မှာ ထည့်သွင်းထားတတ်ပါတယ်။ အကျိုးဆက်ကတော့ သူတို့ဖော်ဆောင်တဲ့ လူမှုစီးပွားရေး ပေါ်လစီတွေမှာ လိုတိုးပိုလျှော့တွေ ပါနေတတ်ပြီး တရားဥပဒေစိုးမိုးမှုကို အကောင်အထည် ဖော်ရာမှာ အားနည်းသွားပါတယ်။
ဒါကြောင့်မို့ လူမှုစီးပွားရေး ကဏ္ဍတွေမှာ တိုးတက်မှုတွေရအောင် တစုံတခုသော အတိုင်းအတာအထိ စိုက်လိုက်မတ်တတ် လုပ်ဆောင်ပေမဲ့ အဆိုပါ အာဏာရှင် ခေါင်းဆောင်တွေက သူတို့ကိုယ်ပိုင် စည်းစိမ်ချမ်သာ တိုးပွားရေးကိုသာ ပိုစိတ်ဝင်တစား လုပ်ကိုင်နေတတ်ပါတယ်။ လူ့အဖွွဲ့အစည်းအတွင်းက တချို့သော အခွင့်ထူးခံအုပ်စုတွေ အသိုက်အဝန်းတွေကိုသာ အကာအကွယ်ပေးတတ်ပြီး အလားအလာရှိတဲ့ နိုင်ငံရေးပြိုင်ဖက်တွေကို အားနည်းအောင် လုပ်ထားတတ်ပါတယ်။ အဆိုပါ အာဏာရှင်တွေရဲ့ ထိပ်တန်းဦးစားပေး လုပ်ငန်းတွေက တရားဥပဒေစိုးမိုးမှုကို အကြီးအကျယ် ပုံသဏ္ဍန် ပျက်ယွင်းစေသလို စနစ်တကျလည်း ဖျက်ဆီးတတ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားမှာ အခုလက်ရှိ ကြုံတွေနေရတဲ့ စိတ်ပျက်ဖွယ်ရာ လူမှုစီးပွား အခြေအနေတွေနဲ့ အားနည်းတဲ့ တရားဥပဒေစိုးမိုးမှုတွေက အာဏာရှင်အစိုးရတွေ ဆယ်စုနှစ်တွေနဲ့ချီပြီး တလဲွဲတချော် အုပ်ချုပ်ထားမှုရဲ့ အမွေဆိုးဖြစ်ပါတယ်။ အဆိုပါ အာဏာရှင်တွေက လူမှုစီးပွားအခြေအနေတွေ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပါမယ်လို့ အလေးအနက် ကတိပေးတတ်ကြပေမယ့် တကယ့်လက်တွေ့မှာတော့ ကျဉ်းမြောင်းတဲ့ ကိုယ်ကျိုးစီးပွားတွေကိုပဲ တကယ် တိုးတက်အောင် လုပ်ဆောင်ကြပါတယ်။
ဒီမိုကရေစီ မကျင့်သုံးတဲ့ဲ့ အစိုးရ အနည်းငယ်ကလည်း စီပွးရေး ဖွံ့ဖြိုးတိုးတက်မှုရအောင် ကြိုးစား လုပ်ဆောင်ထားတာ တွေ့ရပါတယ်။ စီပွးရေးဖွံ့ဖြိုးတိုးတက်မှု ရှိလာစေဖို့ ခက်ခဲပြီး အဆုံးအရှုံးကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ကြပြီး တခြား အကျိုးစီးပွားတွေကိုတော့ သိပ်ဦးစားမပေးတာ တွေ့ရပါတယ်။ အတိတ်မှာရော ပစ္စုပ္ပန်မှာပါ ဖွွံ့ဖြိုးတိုးတက် အောင်မြင်ထားတဲ့ အရှေ့အာရှနိုင်ငံတွေက အခုပြောတဲ့ နိုင်ငံတွေအုပ်စုမှာ ပါဝင်ပြီး သူတို့ကို “တဆင့်ပြီးတဆင့်” သဘောတရားသမားတွေက ဥပမာပေး ပြောဆိုတတ်ပါတယ်။ တိုင်းပြည်စီးပွားရေအတွက် တွန်းအားပေး လုပ်ဆောင်ဖို့ဆိုရင် ကူးသန်းရောင်းဝယ်ရေး ဥပဒေတွေကို ခေတ်မီအာင် မွမ်းမံဖို့လိုပြီး ကောင်းကောင်းမွန်မွန် လည်ပတ်နေတဲ့ ကူးသန်းရောင်းဝယ်ရေး တရားရုံးတွေကို တည်ထောင်ပေးဖို့ လိုတယ်ဆိုတာ အဆိုပါ အာဏာပိုင်အစိုးရတွေ သိလာနိုင်လို့ သူတို့က ပြောပါတယ်။
ဒါပေမယ့် တရားဥပဒေစိုးမိုးမှုကို ထိထိရောက်ရောက် တိုးတက်အောင် မလုပ်ဆောင်နိုင်ရင်လည်း စီးပွားရေးကို အများကြီး ခေတ်မီတိုးတက်အောင် လုပ်နိုင်ပါတယ်။ ဒီအတွက် တရုတ်နဲ့ ဗီယက်နမ် နိုင်ငံတွေက ထင်ရှားပါတယ်။ ဒီမိုကရေစီ မကျင့်သုံးတဲ့ဲ့ နိုင်ငံတွေက မူဝါဒ ချမှတ်သူ အီလစ် လူတန်းစားတွေက တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို လမ်းကြောင်းကို ရွေးချယ်လျှောက်လှမ်းမလဲလို့ စဉ်းစားတွက်ချက်တဲ့အခါ တရုတ်နဲ့ ဗီယက်နမ် နိုင်ငံတွေက အထင်ရှားဆုံး ဖြစ်လာပါတယ်။ သူတို့နှစ်နိုင်ငံလုံးက စီးပွားရေး အောင်မြင်တိုးတက်မှုအတွက် ပြောစရာအကောင်းဆုံး ဇာတ်လမ်းတွေပါ။ အထူးသဖြင့် သူတို့ရဲ့နိုင်ငံသား အမြောက်အများကို ဆင်းရဲတွင်းထဲကနေ ဆွဲထုတ်ထားရာမှာ အထူးအောင်မြင်ပါတယ။် ဒါပေမယ့် သူတို့က တိုင်းပြည်တခုလုံးရဲ့ တရားဥပဒေစိုးမိုးမှုမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို တိုးတက်အောင်မလုပ်ဘဲ စီးပွားရေး အောင်မြင်တိုးတက်မှုကိုပဲ ရေရှည်ထိန်းပြီး လုပ်ကိုင်ထားတာပါ။
တနည်းဆိုရရင်တော့ တချို့အာဏာပိုင် အစိုးရတွေက စီးပွားရေး အောင်မြင်တိုးတက်မှုကို ရယူချင်လို့ တရားဥပဒေ စိုးမိုးရေး ပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားပေး လုပ်ဆောင်ကြပေမယ့် သူတို့လုပ်ဆောင်တဲ့ တရားဥပဒေ စိုးမိုးမှုက လိုသလိုပြုပြင် ဖြတ်တောက်ထားတဲ့ ပုံစံမျိုးသာ ဖြစ်နေတတ်ပါတယ်။ သူတို့လုပ်ဆောင်တဲ့ တရားဥပဒေ ပြုပြင်ပြောင်းလဲမှုက စီးပွားရေးနယ်ပယ်ကိုသာ အဓိက ရည်ရွယ်ကြပြီး တရားဥပဒေစိုးမိုးမှုမှာ အဓိက အရေးအကြီးဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ နိုင်ငံရေး လွတ်လပ်မှုတွေ၊ နိုင်ငံရေးအာဏာကို တရားဥပဒေ လက်အောက်မှာ ထားတာနဲ့ တရားစီရင်ရေးကဏ္ဍ လွတ်လပ်မှုတို့ကတော့ ပျောက်ကွယ်နေတတ်ပါတယ်။
ကူးသန်းရောင်းဝယ်ရေး ကုန်သွယ်ရေး ကဏ္ဍတွေမှာ ပြုပြင် ပြောင်းလဲမှုတွေက နိုင်ငံရေးနယ်ပယ်က တရားဥပဒေ စိုးမိုးရေးမှာ ပြုပြင်ပြောင်းလဲမှုတွေဆီ “ထုံကူး” သွားမယ်လို့ အနောက်တိုင်း လေ့လာသုံးသပ်သူတွေက မျှော်လင့်ကြပါတယ်။ ပိုကျယ်ပြန့်တဲ့ တရားဥပဒေစိုးမိုးရေး ဆီအရောက်သွားနိုင်ဖို့ ကုန်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေက ဂရိဒဏ္ဍာရီထဲက ထရိုဂျန်မြင်းလို ပို့ဆောင်ပေးမယ်လို့ ဆိုလိုပါတယ်။ စိတ်ကူူးက နှစ်သက်စရာ ကောင်းပေမယ့် မျှော်လင့်ချက် ပိုဆန်ပြီး ဖြစ်ထားဖူးတဲ့ အတွေ့အကြုံ သိပ်မရှိလှပါ။ ကုန်သွယ်ရေးနယ်ပယ် ပြုပြင် ပြောင်းလဲမှုတွေက တခြားနယ်ပယ်က တရားဥပဒေ ပြုပြင်ပြောင်းလဲမှုတွေဆီ ကူးစက်သွားတယ် ဆိုတာမျိုးကို တရားဥပဒေ စိုးမိုးမှုခိုင်မာပြီးသား နိုင်ငံတွေ ဖြတ်သန်းလာခဲ့တဲ့ လမ်းကြောင်းက မပြသပါ။ ကဏ္ဍတခုဆီမှာ ပြုပြင်ပြောင်းလဲမှုက တခြားနယ်ပယ်တွေဆီ ကူးစက်သွားသလားဆိုတာ တရုတ်လိုနိုင်ငံတွေမှာ သေချာလေ့လာကြည့်တဲ့အခါ ယတိပြတ် ဆုံးဖြတ်လို့ မရနိုင်ဘဲ သံသယတွေ ဝင်လာရပါတယ်။ (“A Trojan Horse in China?” by Matthew Stephenson)
တရားဥပဒေ စိုးမိုးရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရတာက စီးပွားရေး ဖွံွ့ဖြိုးတိုးတက်မှုကြောင့် သိပ်မဟုတ်ဘဲ တခြား အကြောင်းတွေကြောင့်လို့ တချို့အာဏာပိုင် နိုင်ငံတွေကတော့ ပြောဆိုပါတယ်။ အကျင့်ပျက် လာဘ်စားမှုတိုက်ဖျက်ရေး ဒါမှမဟုတ် ရာဇဝတ်မှု လျော့ကျရေး ဆိုတာတွေအတွက် တရားစီရင်ရေး ပြောင်းလဲမှုတွေလုပ်တာလို့ ဆိုပါတယ်။ သူတို့လုပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေက နယ်ပယ်အားဖြင့် ကျဉ်းမြောင်းပြီး စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုမှာ မဖြစ်မနေပါဝင်ရမယ့် အစိတ်အပိုင်းတွေကိုတော့ ရှောင်လွှဲသွားတတ်ပါတယ်။ အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုမှာ ဥပဒေ ပညာရပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ အကျင့်ပျက် လာဘ်စားမှုရဲ့ ဆိုးကျိုးတွေအကြောင်း ပြည်သူကို ပညာပေးတာတွေ၊ အကျင့်ပျက်လာဘ်စားမှု စုံစမ်းရေးကော်မရှင်ဖွဲ့တာတွေ၊ အကျင့်ပျက်လာဘ်စားတဲ့ အရာရှိ အနည်းငယ်ကို သီးသန့်ရွေးထုတ်ပြီး အရေးယူပြတာတွေ စသဖြင့် ပါဝင်ကြပါတယ်။
အဲဒီလို လှုပ်ရှားမှုတွေကနေ နောက်တဆင့်တက်ပြီး စနစ်တခုလုံးကို ထိထိရောက်ရောက် ထဲထဲဝင်ဝင် ပြောင်းလဲဖို့ ကြိုးစားတာမျိုးကိုတော့ “လုပ်ခဲ” ပါတယ်။ အထက်ကနေစပြီ အောက်ခြေအထိ အရေးယူဆောင်ရွက်တာ၊ အစိုးရအရာရှိတွေ အားလုံးကို မျက်နှာကြီးငယ်မရွေးပဲ ဥပဒေကို အပြည့်အ၀ ကျင့်သုံးတာတွေမလုပ်ပါ။ ဥပဒေ အကောင်အထည်ဖော်ရေးမှာ အဓိကကျတဲ့ အဖွဲ့အစည်းတွေကို နိုင်ငံရေးအရ ချုပ်ကိုင်တာတွေ၊ လိုသလို အသုံးချတာတွေကိုတော့ လုပ်တတ်ကြပါတယ်။ လိုသလို ရွေးထုတ် လုပ်ဆောင်တဲ့ တရားဥပဒေ ပြုပြင်ပြောင်းလဲမှုတွေက ဒီမိုကရေစီရဲ့ ရှေ့ပြေးတွေ မဖြစ်နိုင်ကြပါ။ ပြည်သူတွေရဲ့ အထွေထွေ မကျေနပ်မှုကို ဖောက်ထုတ်ပေးလိုက်ဖို့ နိုင်ငံရေး ပြိုင်ဘက်တွေကို အားနည်းသွားစေဖို့ ရည်ရွယ်လုပ်ဆောင်ထားတဲ့ ခံစစ်မဟာဗျူဟာထဲက အစိတ်အပိုင်း တခုမျှသာပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ အနေနဲ့ အာဏာ ဆက်လက် ဖက်တွယ်ထားမှုကို ပိုခိုင်မာအောင် လုပ်ဆောင်ဖို့သာဖြစ်ပြီး လျှော့ချဖို့တော့ မရည်ရွယ်ထားပါ။
ဆက်လက်ဖော်ပြမည်။
(၂၀၀၇ ခုနှစ် ဇန်နဝါရီလထုတ် Journal of Democracy ပါ တောမတ်စ် ကာရိုးသားစ် (Thomas Carothers) ၏ How Democracies Emerge: The “Sequencing” Fallacy ကို ဘာသာပြန်ဆိုပါသည်။ တောမတ်စ် ကာရိုးသားစ်သည် Carnegie Endowment for International Peace ၏ Democracy and Rule of Law Project တွင် ဒါရိုက်တာ တဦးဖြစ်ပြီး နိုင်ငံတကာ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပညာဆိုင်ရာ ဒု ဥက္ကဌ တဦးလည်း ဖြစ်သည်။ သူ၏ နောက်ဆုံး ထွက်ရှိထားသော စာအုပ်မှာ Confronting the Weakest Link: Aiding Political Parties in New Democracies (2006) ဖြစ်သည်။)