ဟိုတနေ့က ကျမအိမ်ကို ရန်ကုန်မြို့က နာမည်ကြီး အစိုးရကျောင်း တကျောင်းက ဆရာမတယောက် လာပါတယ်။ သူတို့ ကျောင်းမှာ ကျောင်းသားဗဟိုပြု သင်ကြားရေး စနစ်ကို သင်ကြားတာမို့ ဘယ်လိုမျိုး ကျောင်းသားတွေကို သင်ကြားသလဲ ဆိုတာကို ဂျပန် စစ်ဆေးရေးအဖွဲ့ လာကြည့်တယ်လို့ ဆိုပါတယ်။
“ဂျပန်မှာ ကျောင်းသား ဗဟိုပြု သင်ကြားရေးအခန်းမှာ ကျောင်းသား ဆယ့်ငါးယောက်ကို ဆရာမ နှစ်ယောက် နှုန်းနဲ့ သင်ပေး ရပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ ကျောင်းသား ကိုးဆယ်လောက် ရှိတဲ့အခန်းထဲမှာ ဆရာမ တယောက်ပဲ သင်နေ တာမို့ မြန်မာပြည်က ဆရာမတွေ ပိုတော်ပါတယ်” လို့ ဂျပန် စစ်ဆေးရေး အဖွဲ့က ချီးကျူးသွားတယ်လို့ ဆိုပါတယ်။
ကျောင်းသား ဗဟိုပြု စနစ်အကြောင်းနဲ့ ပတ်သက်ပြီးတော့ ကျမ အရင်က ဧရာဝတီမှာပဲ ဆောင်းပါး တပုဒ် ရေးခဲ့ဖူးပါ သေးတယ်။ တတန်းကို ခုနစ်ဆယ်၊ ရှစ်ဆယ်လောက် ရှိတဲ့ အတန်းထဲမှာ ဆရာမ တယောက်တည်းနဲ့ ကျောင်းသား ဗဟိုပြု စနစ်ကို ဘယ်လို သင်ကြားကြသလဲ ဆိုတာကို ကျမ ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ ကျောင်းသားဗဟိုပြု စနစ်ဆိုတာ ဘယ်လိုလဲ၊ ဘာဖြစ်လို့ ကျောင်းသားကို ဗဟိုပြုရသလဲ ဆိုတာကိုရော ဆရာမတွေ တကယ်နားလည်ရဲ့လားလို့ ကျမ စဉ်းစားမိပါတယ်။
အမှန်တော့ဖြင့် ကျမတို့ တိုင်းပြည်မှာ ဆရာဗဟိုပြု စနစ်တောင်မှ တကယ့်ကို စနစ်တကျနဲ့ ကျကျနန ကျောင်းသားကို တတ်အောင် သင်နိုင်သေးတာ မဟုတ်ပါဘူး။ ကျောက်သင်ပုန်းပေါ်မှာ ဆရာက လိုက်ရေး၊ ကျောင်းသားက လိုက်ကူး၊လိုက်ဆို၊ ပြီးရင်ကျက်၊ စာမေးပွဲမှာ အလွတ်ကျက်ထားတဲ့ အတိုင်း ပြန်ဖြေ။ ဒီနည်းနဲ့ပဲ ချီတက် လာကြတာပါ။ တတ်သလား၊ မတတ်သလားလို့ ပြောရင် တခြားကို မကြည့်နဲ့ဦး အင်္ဂလိပ်စာနဲ့ပဲ တိုင်းတာလို့ ရပါတယ်။ သူငယ်တန်းကနေ ဆယ်တန်းအထိ အင်္ဂလိပ်စာ သင်လာကြပေမယ့် အင်္ဂလိပ်စာကို မဖတ်တတ်၊ မရေးတတ်၊ မပြောတတ်ကြပါဘူး။ အင်္ဂလိပ်စာကို မရေးတတ်လို့ မြန်မာစာကိုရော ကျွမ်းကျွမ်းကျင်ကျင် တတ်ကြလား ဆိုတော့လည်း မြန်မာစာလည်း မတတ်ကြပြန်ပါဘူး။ စာတော်ခြင်း မတော်ခြင်းဟာ စာတွေကို အလွတ်ကျက်နိုင်ခြင်း၊ မကျက်နိုင်ခြင်း ဆိုတဲ့အပေါ်မှာ မူတည်နေတဲ့ ပညာရေး စနစ်ပါ။
ဟော … အခု ကျောင်းသား ဗဟိုပြုရမယ်ရယ်လို့ ဆိုကြပြန်တော့ နေရာတကာမှာ ကျောင်းသား ဗဟိုပြုဆိုတဲ့ အသံတွေ စီစီညံညံ ကြားရပြန်ပါရော။ တကယ်တော့ ကျောင်းသားဗဟိုပြု သင်ကြားရေး စနစ်ဆိုတာဟာ အင်မတန်မှ ကောင်းတဲ့ သင်ကြားရေး စနစ်ပါ။ ကလေးတယောက်ချင်း တယောက်ချင်းစီဟာ (လူတဦးချင်းစီဟာ) စိတ်ဝင်စားတာချင်း တဦးနဲ့ တဦး မတူကြပါဘူး။ တချို့က သင်္ချာမှာ စိတ်ဝင်စားတယ်၊ တချို့က သိပ္ပံ၊ တချို့က ပထဝီ၊ တချို့ကတော့ ဘာသာစကား စသည်ဖြင့် အမျိုးမျိုး ကွဲကြပါတယ်။ အဲဒီလိုပဲ သင်ယူပုံမှာလည်း တဦးနဲ့ တဦး ကွာခြားကြပါတယ်။ တချို့က မျက်စိအမြင်နဲ့ သင်ယူတာ၊ တချို့က အကြား၊ တချို့ကတော့ စူးစမ်းလေ့လာရင်းနဲ့ မှတ်သွားတာ စသည်ဖြင့် ကွဲပါတယ်။ ကျောင်းသား ဗဟိုပြု သင်ကြားရေး အခန်းမှာ သင်နေကြတဲ့ ကျောင်းသား များဟာ တယောက်နဲ့ တယောက် သင်ယူနေတဲ့ အရာတွေ မတူပါဘူး။ သချၤာတော်တဲ့ ကလေးက သချၤာကို အခန်း ၉ လောက်အထိ တွက်နေပေမယ့် သချၤာမတော်တဲ့ ကလေးကတော့ သချၤာဟာ အခန်း ၂ လောက်မှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် သချၤာ အခန်း ၂ လောက်မှာပဲ ရှိနေတဲ့ ကလေးက စာကြည့်တိုက်က ဂန္ထဝင် ဝတ္တု စာအုပ်တွေတော့ ထိုင်ဖတ်ချင် ဖတ်နေပါလိမ့်မယ်။ အတန်းထဲမှာ ရှိနေတဲ့ ကျောင်းသားများဟာ သူတို့မှာ အားနည်းတဲ့ ဘာသာရှိသလို၊ သူတို့အားသာတဲ့ ဘာသာတွေ ရှိကြတယ်။ သူတို့ လုပ်ချင်တဲ့ (စူးစမ်းလေ့လာ သင်ယူချင်တဲ့) ဘာသာကို စိတ်လွတ်လပ်စွာ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ခွင့် ရှိတယ်။ ဆရာမက ဒါလုပ်ဒါလုပ် ဆိုပြီးတော့ ပြောတဲ့ နောက်ကို လိုက်စရာ မလိုပါဘူး။
ဒီ သင်ကြားရေးရဲ့ ရည်ရွယ်ချက်ဟာ ဘာဝါသနာပါမှန်း (ဘယ်ဘာသာကို စိတ်ဝင်စားမှန်း) မသိတဲ့ ကလေးများကို ကိုယ်ဘာကို စိတ်ဝင်စား လေ့လာချင်သလဲ ဆိုတာ ကိုယ့်ဘာသာရွေးချယ် စေတဲ့ သင်ကြားရေးလည်း ဖြစ်ပါတယ်။ သချၤာသမားဟာ သူစိတ်ဝင်စားတဲ့ သချၤာကို စောင်းပေးပြီးတော့ လေ့လာနေတဲ့အတွက် သင်္ချာပညာရှင်ကြီး ဖြစ်လာနိုင်သလို၊ စာပေ ကဗျာကို စိတ်ဝင်စားသူကလည်း စာပေ သုတေသီကြီး ဖြစ်လာနိုင်တဲ့ သင်ကြားရေးပါပဲ။
ကလေးတို့ ဘာစိတ်ဝင်စားသလဲ၊ ဘာလုပ်ချင်သလဲ ဆိုတာကို သိဖို့အတွက် ကျောင်းသားဗဟိုပြု အတန်းမှာ ဆရာမနဲ့ ကျောင်းသား အချိုးအဆ မျှတရပါတယ်။ ကျောင်းသား ဗဟိုပြုစနစ်မှာ အရေးကြီးဆုံး အရာကတော့ ကလေးတို့ ကိုးကား လေ့လာရမယ့်၊ စာအုပ်စာတမ်း ပြည့်စုံလုံလောက်တဲ့ စာကြည့်တိုက်ပါပဲ။ စာကြည့်တိုက်က စာအုပ်တွေဟာ ပျောက်မှာစိုးလို့ ဆိုပြီး ဗီရိုထဲမှာ သော့ခတ် မထားရပါဘူး။
ဒါပေမယ့် ကျမ မြန်မာပြည် ပြန်ရောက်ပြီးကတည်းက ရောက်ခဲ့ဖူးသမျှ အစိုးရ ကျောင်းများမှာတော့ စာကြည့်တိုက်များ မရှိသလောက် ပါပဲ။ စာကြည့်တိုက် ရှိတယ်ဆိုတဲ့ ကျောင်းမှာလည်း စာကြည့်တိုက်က တကယ့်ကို အဖြစ်ပါပဲ။ သင်ထောက်ကူ ပစ္စည်းရယ်လို့လည်း မရှိ၊ စာကြည့်တိုက်လည်း မရှိ၊ ဆရာမတွေ ကိုယ်တိုင်ကလည်း ကျောင်းသားဗဟိုပြု ဆိုတာကို နာမည်က လွဲလို့ ဘာမှနားမလည်၊ ဘယ်လို သင်ကြားရမယ် ဆိုတာလည်း မသိနဲ့ မြင်ရတွေ့ရသမျှ အနာဂတ် ပညာရေးအတွက် ရင်မော စရာကြီးတွေပါပဲ။
ဒီပုံစံမျိုးနဲ့ ကလေးတွေကို ဘယ်လို သင်ကြမှာပါလိမ့်လို့ ကျမ တွေးမိပြီးတော့ စိတ်မော ရပါတယ်။
ကျောင်းသား ဗဟိုပြု စနစ်ကို တကယ်လုပ်မယ် ဆိုရင်ဖြင့် ကျမတို့ရဲ့ ကျောင်းတွေမှာ ကျောင်းခန်းတွေကို ထပ်ပြီးတော့ တိုးချဲ့ဖို့ လိုပါတယ်။ ကျောင်းသားနဲ့ ဆရာမ ဦးရေမျှဖို့ လိုပါတယ်။ စာကြည့်တိုက် ကောင်းကောင်း၊ သိပ္ပံ စမ်းသပ်ခန်း ကောင်းကောင်းတွေ လိုပါတယ်။ ကျောင်းသားဗဟိုပြု စနစ်ဆိုတာ ဘယ်လို၊ ဘာကြောင့် ဒီစနစ်ကို သင်ရတယ်၊ ဆရာမ တွေက ဆရာ မဟုတ်တော့ဘဲ ကူညီသူအနေနဲ့သာ ကလေးကို လုပ်ပေးရမယ် ဆိုတာတွေကို ဆရာ၊ ဆရာမများ အနေနဲ့ သေသေချာချာ သဘောပေါက်အောင်လို့ သင်ကြားပေးဖို့ လိုပါတယ်။
အဲဒီလို မဟုတ်ဘဲနဲ့ ဟိုးအရင် ကျောင်းများအတိုင်း သင်ထောက်ကူ ပစ္စည်းဆိုလို့ ကျောက်သင်ပုန်းနဲ့ မြေဖြူတထုပ်ပဲ အတန်းထဲမှာ ရှိနေမယ်၊ ကျောင်းသား ၅၀၊ ၆၀ လောက်ရှိတဲ့ အတန်းထဲမှာ ဆရာမက တယောက်တည်းပဲ ရှိနေမယ် ဆိုရင်ဖြင့် ဒီအတန်းထဲက ကလေးတွေ ဘာဆိုဘာမှ တတ်မြောက်ဖို့ မလွယ်ဘူးလို့ပဲ ပြောရတော့မှာပါပဲ။
နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ဟာ အဲဒီနိုင်ငံရဲ့ ပညာရေးနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ကလေးတွေကို အတန်းတွေ အောင်ပေးရုံ၊ ဘွဲ့လက်မှတ်တွေ ထုတ်ပေးရုံ၊ ပါရဂူ အတန်းတွေမှာ လူတွေ အလျှံအပယ် လက်ခံရုံနဲ့တော့ ပညာတတ်တွေ ပေါများတဲ့ တိုင်းပြည်ရယ်လို့ ပြောလို့ မရပါဘူး။ တနိုင်ငံတည်း ထီးထီးနေလို့ မရတော့တာမို့ ကမ္ဘာနဲ့ ဆက်ဆံတဲ့အခါမှာ ကမ္ဘာ့အဆင့်မီ ပညာရေးဖြစ်ဖို့အတွက် ပညာရေးနဲ့ သက်ဆိုင်သူ၊ သြဇာအာဏာ ရှိသူများ အားလုံးမှာ တာဝန်ရှိလို့ နေပါပြီ။
ဒါကြောင့်မို့ ကျောင်းသားဗဟိုပြု စနစ်ကို ကျောင်းတွေမှာ သင်ကြားဖို့ ညွှန်ကြားရုံ ညွှန်ကြားတာမျိုး မဟုတ်ဘဲနဲ့ တကယ့်ကို စနစ်တကျနဲ့ အသက်သွင်းနိုင်ဖို့ လုပ်ကြပါဦး။ အဲဒီလိုပဲ နားလည် တတ်ကျွမ်းသူ ပြည်တွင်း၊ ပြည်ပက ပညာရှင်တွေ အနေနဲ့လည်း အန္တရာယ် ကြီးမားလှတဲ့ အမည်ခံ ကျောင်းသား ဗဟိုပြု သင်ကြားရေး မဖြစ်စေဖို့အတွက် ဝင်ရောက် ဆွေးနွေး အကြံပေး ကြပါဦးလို့ တိုက်တွန်းလိုက် ပါတယ်။