အကြမ်းဖက်ခံရမှု၊ နှိပ်စက်ညှဉ်းပမ်းခံရမှုနဲ့ ကာလကြာရှည် ဖြစ်ပွားနေတဲ့ နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့် နာကျင်ခံစားနေရတဲ့သူတွေကို တသီးပုဂ္ဂလအနေနဲ့ဖြစ်စေ လူ့အဖွဲ့အစည်းလိုက်ဖြစ်စေ စိတ်ပိုင်းဆိုင်ရာအရ ဘယ်လိုပြန်လည်ကုစားပေးမလဲဆိုတဲ့ ရက်တိုသင်တန်းတခုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိ (Siam Reap) မှာ သွားလေ့လာဖြစ်ခဲ့ပါတယ်။
နိုင်ငံရေး သဘောထားကွဲမှုတွေ၊ စစ်မက်ဖြစ်ပွားမှုတွေကနေ ဆိုးကျိုးတွေအဖြစ် ခံခဲ့ရသူတွေ အနေနဲ့ စိတ်ဒဏ်ရာ (Trauma) တွေ ရတတ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ရဲ့ဒဏ်ရာဒဏ်ချက်တွေကို ခါးစည်းခံခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေး ဒုက္ခအ၀၀ကို ခံစားကြရပါတယ်။ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အဖြစ်မျိုး တွေ့ကြုံခံစားခဲ့ရသူတွေအနေနဲ့ “စိတ်ဒဏ်ရာရပြီးနောက်ပိုင်း စိတ်ဖိစီးမှု ကစဉ့်ကလျားဖြစ်ခြင်း” ဆိုတဲ့ Post-Traumatic Stress Disorder (PTSD) ကို ခံစားကြရတယ်။ အဲလို ခံစားကြရသူတွေကို နှစ်သိမ့်ဆွေးနွေးပညာပေးမှု (Trauma counseling) တွေနဲ့ စနစ်တကျ ချည်းကပ်ဖြေရှင်းပေးကြရတယ်။ အဲလို မကုသပေးနိုင်ရင် စိတ်ဒဏ်ရာရသူတွေအနေနဲ့ အကြမ်းဖက်မှုသံသရာထဲ ပြန်ရောက်သွားပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းတွေကို နှောင့်ယှက် ခြိမ်းခြောက်တာတွေ ဖြစ်စေတယ်ဆိုတာကို နိုင်ငံတကာ ဖြစ်ရပ်တွေနဲ့ ဆက်စပ် ဆွေးနွေးကြပါတယ်။
နောက်တခါ ပဋိပက္ခတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပွားခဲ့ပြီး ရန်လိုမုန်းတီးမှုတွေနဲ့ ပြိုကွဲနေတဲ့ လူ့အဖွဲ့အစည်း အတွင်းမှာလည်း တဖက်နဲ့တဖက် ရန်ငြိုးရန်စတွေပြေပျောက်အောင်၊ တည်ငြိမ်အေးချမ်းတဲ့ လူ့ပတ်ဝန်းကျင် အဖြစ် ပြောင်းလဲလာအောင် တည်ဆောက်ပုံတွေကိုလည်း လေ့လာရပါတယ်။
သင်တန်းကို ဦးဆောင်ဆွေးနွေးသူတွေအနေနဲ့လည်း အာဖရိကတို့ လက်တင်အမေရိကတို့က နိုင်ငံအတော်များများမှာ စိတ်ဒဏ်ရာရသူတွေနဲ့ ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေ၊ သင်တန်းတွေပေးဖူးတဲ့ အတွေ့အကြုံတွေရှိတော့ သူတို့လက်တွေ့လုပ်ခဲ့ကြတဲ့ အတွေ့အကြုံတွေကလည်း စိတ်ဝင်စားစရာ အတော် ကောင်းပါတယ်။
သင်တန်း တက်ရောက်လာကြတဲ့ ကမ္ဘောဒီးယား၊ သိရိလင်္ကာ၊ မြန်မာနဲ့ သြစတြေးလျတို့က သင်တန်းသားတွေလည်း ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေး၊ လူမျိုးရေးနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပေါ်ပေါက်လာတဲ့ ပြသနာတွေ၊ အခက်အခဲတွေ ဆွေးနွေးကြ အတွေ့ အကြုံဖလှယ်ကြရပါတယ်။
အဲဒီတုန်းက စဉ်းစားဖြစ်တာက နိုင်ငံနဲ့အဝှမ်း အကြမ်းဖက်မှုတွေ ပဋိပက္ခတွေ၊ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖာက်ခံရမှုတွေကြောင့် စိတ်ဒဏ်ရာရသူတွေရှိသလို ကျနော်တို့ ကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာလည်း ရောဂါဖိစီးတဲ့ဒဏ်၊ နိုင်ငံရေးအရ အားပြိုင်မှုတွေ၊ ပြဿနာ အခက်အခဲတွေရဲ့ ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိဘဲ မွန်းကြပ်ပိတ်လှောင်ပြီး စိတ်ဒဏ်ရာရသွားသူတွေ တနည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားသူတွေရှိခဲ့ပေမယ့် ဒါဟာ စိတ်ဒဏ်ရာရတာပါလို့တော့ မသိခဲ့ပါဘူး။ ကျနော် ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် သတိမထားမိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိကောင်းရှိနိုင်မှာပါ။
ကျနော် ကိုယ်တိုင်လည်း ABSDF မှာ ဆယ်စုနှစ်တခုကျော်လောက် တပ်ဖွဲ့ဝင်တယောက် ဖြစ်ခဲ့တော့ ကိုယ်နဲ့ နီးစပ်ရာမှာ အခုလို စိတ်ဒဏ်ရာ အနာတရ ဖြစ်တဲ့သူတွေနဲ့ ကြုံဖူးပေမယ့် “ဂေါက်” သွားတယ်လို့ဘဲ နားလည်ခဲ့ပါတယ်။ သူတို့အခြေအနေကို စိတ်ဒဏ်ရာရတာဖြစ်ပြီး ပြန်လည်ကုစားပေးဖို့လည်း သိတဲ့သူတွေက သိနိုင်ပေမယ့် အခြေအနေ အကန့်အသတ်အရ စနစ်တကျ နှစ်သိမ့်ဆွေးနွေး ပညာပေးတာမျိုး မလုပ်နိုင်ခဲ့တဲ့ အတွက် အခြေအနေဆိုးသွားသူတွေလည်း ရှိပါတယ်။
ကျနော် ABSDF ဗဟိုက သုတေသန ကို ၁၉၉၃ ခုနှစ်မှာ ရောက်ပါတယ်။ ဗဟိုရုံး အခြေစိုက်တာကတော့ ကရင်ပြည်နယ်ဖာပွန်ခရိုင်ထဲက ထိုင်းနိုင်ငံနဲ့နယ်စပ် သံလွင်မြစ်ကမ်းပေါ်မှာ တည်ရှိတဲ့ ဒေါင်းဂွင် စခန်းမှာပါ။ ဗဟိုဌာနချုပ်မှာ ပြန်ကြားရေး၊ သုတေသန၊ ဗဟိုရုံး၊ စည်းရုံးရေး၊ စစ်ရုံး၊ ဆက်သွယ်ရေး၊ ကြားဖြတ်၊ ဆေးရုံစသဖြင့် သူ့နေရာနဲ့သူ ရှိကြပါတယ်။ ရုံးဝန်ထမ်းတွေ၊ ဗဟိုကော်မတီတွေနေတဲ့ ဘားတိုက်တခုက တောင်စောင်းတခုမှာတည်ရှိပြီး ကျနော်လည်း အဲဒီဘားတိုက်မှာ နေပါတယ်။ ဘားတိုက်ဆိုပေမယ့် ၂ ယောက်အိပ်လို့ရတဲ့ အခန်းလေးတွေ ထပ်ခွဲထားပါတယ်။ ကျနော်နေတဲ့ အခန်းက များသောအားဖြင့် ကျနော်တယောက်တည်း ရှိတတ်ပါတယ်။
ဗဟိုဌာနချုပ်နဲ့ မနီးမဝေးမှာလည်း တပ်ရင်း ၂၁၂၊ ၂၀၉၊ ၂၀၄/၂၀၅၊ ၂၁၆ နဲ့ နောက်ပိုင်းမှာ တပ်ရင်း ၆၀၁ ပါ အခြေစိုက်တဲ့အတွက် အဲဒီတပ်ရင်းတွေက လူနာတွေ ဗဟိုဆေးရုံမှာ ဆေးလာကုကြပါတယ်။ များသောအားဖြင့် ငှက်ဖျားဖြစ်ကြတာ များပါတယ်။ ငှက်ဖျားဖြစ်တာ များတာရယ်၊ ပုံမှန် ဆေးမသောက်ကြတာရယ်၊ အာဟာရရှိတဲ့ အစားအသောက်တွေ မကျွေးနိုင်တာရယ်တို့ကြောင့် ငှက်ဖျား ခဏခဏ ဖျားတဲ့သူတွေ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေဖြစ်ကြပါတယ်။ အဲဒီတုန်းကတော့ “ဂေါက်”သွားပြီဆိုပြီး အဲဒီလူနာတွေ ကို တတ်နိုင်သလောက် ဝိုင်းပြုစုကြတာကလွဲလို့ ဘာမှ ထိထိရောက်ရောက် မကုသပေးနိုင်ကြပါဘူး။
အဲဒီထဲမှာ ကိုဝင်းအောင် (အမည်ရင်းမဟုတ်) ဆိုတဲ့ ရဲဘော်တယောက်လည်း ပါပါတယ်။ သူက ဗဟိုဆေးရုံ မှာ တက်ရောက်ကုသရင်း ငှက်ဖျားသက်သာသွားပေမယ့် ငှက်ဖျားဒဏ်ကြောင့် စိတ်က ပုံမှန် မဟုတ်တော့ ပါဘူး။ လူတွေကိုလည်း ကြောင်တောင်တောင်ကြည့်၊ သူ့ကိုမေးလည်း ဘာမှ ပြန်မပြောနဲ့၊ ဟိုသွား ဒီသွားလုပ်နေပါတယ်။ ဒါနဲ့ သူ့ကို ဗဟိုဘားတိုက်က လွတ်နေတဲ့ ကျနော့်အခန်းမှာ ခဏတည်းဖို့ ထားလိုက်ပါတယ်။
ကျနော်လည်း ကိုယ့်အလုပ်ကိုယ်လုပ်၊ နားချိန် အိပ်ချိန်ကျမှ အခန်းကိုပြန်ရောက်တယ်။ ကိုဝင်းအောင်နဲ့ တွေ့ရင် သူ့ကိုနှုတ်ဆက်၊ စကားတွေပြောပေမယ့် ဘာမှ မတုန့်ပြန်ပါဘူး။ ကျနော့်ထက် နည်းနည်း အသက်ပိုကြီးပုံရတဲ့ ကိုဝင်းအောင်က ပုံမှန်အတိုင်းဆို ဂစ်တာလည်း အတီးကောင်းပြီး ပျော်ပျော်နေတတ်သူပါ။
ညဘက်ဆို မီးစက်နဲ့ပေးတဲ့ မီးက ည ၉ နာရီလောက်ဘဲ ရတော့ မီးပိတ်ပြီဆိုတာနဲ့ ဖယောင်းတိုင်ရှိရင် ဖယောင်းတိုင်နဲ့ စာဖတ်၊ မရှိရင်လည်း အိပ်ပေါ့။
ဒီလိုနဲ့ ဒေါင်းဂွင်မှာ စစ်ပူတော့ ဌာနချုပ်မှာရှိတဲ့ ရဲဘော်တွေအကုန်လုံး ညဖက်ကင်းစောင့်ရတယ်။ သေနတ် တွေလည်း ထုတ်ပေးထားတာပေါ့။ တညမှာ ကျနော့်အခန်း ကျနော်ပြန် ရောက်တော့ ဘယ်လိုက ဘယ်လိုရထားလည်း မသိဘူး၊ ကိုဝင်းအောင်က သေနတ်တလက်နဲ့။ သူ့စိတ်က ပုံမှန်မဟုတ်ဘူးဆိုတာ သိထားတော့ သူ့ဆီမှာ သေနတ်ရှိနေတာ အန္တရာယ်လို့ တွေးမိပေမယ့် ဘာမှမပြောမိဘူး။ ဒါပေမယ့် ညဘက်အိပ်တဲ့အခါ အရင်လို စိတ်ချလက်ချ မအိပ်ရဲဘူး။ ကိုဝင်းအောင်မှာ သေနတ်ရှိနေတယ်ဆိုတဲ့အသိနဲ့ ကောင်းကောင်း အိပ်လို့မရဘူး။ သူနဲ့ ကျနော်ကြားမှာ တတောင်ကျော်ကျော်လောက် စားပွဲလေးပဲ ခြားတာဆိုတော့ အမှောင်ထဲမှာတောင် တယောက်ကို တယောက်မြင်ရတယ်။
အဲဒီလို သူ့ကိုလည်း ခပ်လန့်လန့်နဲ့ အိပ်ပျော်သွားရင်း လန့်နိုးလာတဲ့အခါ သူ့အိပ်ယာဘက်ကို ကြည့်လိုက်ရင် သေနတ်ကြီးကိုင်ပြီး ကျနော့်ဘက်ကြည့်နေတဲ့ ကိုဝင်းအောင်ကို တွေ့ရင် ကျနော် ကြက်သီးတွေ ဖြန်းဖြန်းထအောင် လန့်ဖျပ်သွားတတ်တယ်။ ညစဉ်ညတိုင်း ကြောက်ကြောက်နဲ့ အိပ်နေရတော့ အိပ်ရေးက လည်းပျက်၊ ကင်းကလည်း စောင့်ရသေး၊ မနက်ကျရင် ကိုယ့်အလုပ်ကိုယ်ထလုပ် ဆိုတော့ ကြာတော့ ကျနော်ပါ ဂေါက်ချင် လာတယ်။ နောက်တော့ သူ့တပ်ရင်းက သူ့ကို ပြန်ခေါ်သွားလို့ ကျနော်လည်း သက်သာသွားပါတယ်။
ဒီလိုနဲ့ ကိုဝင်းအောင် ကျန်းမာရေးပြန်ကောင်းလာတော့ ဗဟိုကို အလည်လာပါတယ်။ ကျနော့်ဆီလည်း လာတွေ့ပါတယ်။ ကျနော်တို့လည်း ရောက်တတ်ရာရာတွေ ပြောရင်း ကိုဝင်းအောင်ကြောင့် ကျနော် အိပ်လို့မရတဲ့ ကိစ္စဆီ ရောက်သွားပါတယ်။ ”အဲဒီတုန်းကဗျာ ဘယ်အချိန်များ ကျနော့်ကို ကိုဝင်းအောင်ကြီး လည်ပင်းထညှစ်မလဲ၊ သေနတ်နဲ့များ တွယ်လိုက်မလားဆိုပြီး ကောင်းကောင်း အိပ်လို့ မရဘူးဗျာ” လို့ ကျနော်က ပြောလိုက်တော့ ကိုဝင်းအောင်ကလည်း ကောက်ခါငင်ခါနဲ့ “အောင်မလေး ဟေ့ကောင်၊ အဲဒီတုန်းက မင်းကိုလည်း ငါက ဘယ်အချိန်ငါ့ကို သေနတ်နဲ့ ပစ်မလဲဆိုပြီး ငါ့မှာ တညလုံး အိပ်လို့မရဘူး၊ မင်းကိုဘဲစောင့်ကြည့်နေရတယ်” လို့ ပြန်ပြောပါတယ်။ အားလုံးလည်း ဝါးကနဲ ဖြစ်သွားတယ်။ တကယ်တော့ သူကလည်း အဲဒီတုန်းက ကျနော့်ကို ကြောက်နေရှာတာတဲ့။
ဒီအကြောင်းတွေက အခုလိုပြန်တွေးတော့ ရယ်စရာလို့ထင်ရပေမယ့် တကယ်တန်းတော့ စိတ်မကောင်းစရာပါ။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ရနေပေမယ့် အခြေအနေအရ ကျနော်တို့မှာ စနစ်တကျ နှစ်သိမ့် ဆွေးနွေးပညာပေးတာတို့၊ ကုသတာတို့ မရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိ အခြေအနေဆိုးသွားတဲ့ ရဲဘော်တွေလည်း ရှိပါတယ်။ ကျနော်တို့ တပ်ရင်းက ရဲဘော်ကြီး တယောက်ဆိုရင်လည်း သွက်သွက်ခါ ဘဝနဲ့ အခုထက်ထိရှိနေတုန်းဘဲလို့ စိတ်မကောင်းစရာ ကြားရပါတယ် (နောင်ကို သူ့အကြောင်း အသေးစိတ်ရေးပါဦးမယ်)။
လက်ရှိနိုင်ငံရေးအခြေအနအရ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်၊ “ဒီမိုကရေစီအသွင်ကူးပြောင်းရေး” ကာလ တခုကို ဖြတ်သန်းနေတယ်လို့လည်း ဆိုကြပါတယ်။ သိသာမြင်သာတယ်လို့ ယူဆရတဲ့ သတင်းလွတ်လပ်ခွင့် အနည်းငယ်ရှိလာတာ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ ရန်ကုန်လို မြို့ကြီးမှာ ကြီးထွားလာတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးရဖို့၊ ငြိမ်းချမ်းရေးရဖို့ ကြိုးစားလာနေပေမယ့် အသွင်ကူးပြောင်းရေးကာလတခုမှာ အစိုးရတရပ်အနေနဲ့ ကမကထပြု အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်တွေကိုတော့ ဆောင်ရွက်ဖို့ ပျက်ကွက်နေတာ တွေ့ရပါတယ်။
အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှုကို ရှာဖွေဖော်ထုတ်တဲ့ (Transitional Justice) ဘောင်ထဲက ကြည့်ရင် အပြောင်းအလဲကာလတွေမှာ အမှန်တရားဖော်ထုတ်ခြင်း (Truth)၊ တရားမျှတမှုရှာဖွေခြင်း (Justice)၊ ပြန်လည်ကုစားခြင်း (Reparation) နဲ့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု (Institutional Reform) တွေပြုလုပ်ကြရပါတယ်။ အဲဒီထဲက ပြန်လည်ကုစားခြင်း (Reparation) ကို နားလည်သလောက် ပြောရရင် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အတိတ်က လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရသူတွေရဲ့ နစ်နာချက်တွေကို အသိအမှတ်ပြုပေးတာ၊ စိတ်ကျေနပ်မှုရအောင် ဆောင်ရွက်ပေးတာ၊ ဆုံးရှုံးနစ်နာခဲ့တာတွေအတွက် ထိုက်သင့်တဲ့ လျော်ကြေးပေးမှုတွေ၊ ဘဝပြန်လည်ထူထောင်ရေးတွေ၊ အထိမ်းအမှတ်တွေ၊ စိတ်ဒဏ်ရာရသွားသူတွေအတွက် ပြန်လည်ကုစားခြင်း အစီအစဉ်တွေ ပါဝင်ပါတယ်။
ဒါပေမယ့် လက်ရှိသမ္မတ ဦးသိန်းစိန်လက်ထက်မှာ အနိမ့်ဆုံးအနေနဲ့ ပြန်လည်ကုစားခြင်း (Reparation) ကိုတောင် လုပ်ပေးတာမတွေ့ရသေးပါဘူး။ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကပဲ နိုင်ငံရေးအကျဉ်းသားတွေဘ၀ ပြန်လည်တည်ထောင်နိုင်ဖို့ အချင်းချင်း ပြန်ကူညီနေတာ၊ စောင့်ေ့ရှာက်နေတွေပဲ တွေ့ရပါတယ်။ ဥပမာအနေနဲ့ ဆရာကြီး ဦးဝင်းတင်ရဲ့ ဖောင်ဒေးရှင်းမျိုးနဲ့ နိုင်ငံရေးအကျဉ်းသားကူညီရေး အဖွဲ့အစည်းတွေက နိုင်ငံရေးအကျဉ်းသားတွေအတွက် နှစ်သိမ့်ဆွေးနွေးပညာပေးတာ၊ ဘဝပြန်လည် ထူ ထောင်နိုင်ဖို့ ကူညီနေတာတွေကို တနိုင်တပိုင် လုပ်နေတာပဲ တွေ့နေရပါတယ်။
တကယ်တန်း စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးတရပ်ကို အကောင်အထည်ဖော်နေတဲ့ အစိုးရဆိုရင် နိုင်ငံရေး အကျဉ်းသားတွေအပါအဝင် တိုင်းရင်းသားဒေသအသီးသီးက လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေရဲ့ အသံကို နားထောင်ပြီး သူတို့ကို အသိအမှတ်ပြုတာ၊ နစ်နာမှုတွေအတွက် ပြန်တာဝန်ယူတာ၊ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရသူတွေအတွက် ပြန်လည်ကုစားတဲ့ နည်းနာတွေနဲ့ သူတို့ဘဝတွေ ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းအသီးသီးကလည်း မိမိတို့အဖွဲ့ အစည်းဝင်တွေထဲက အကြောင်းအမျိုးမျိုးကြောင့် စိတ်ဒဏ်ရာရသွားသူတွေကိုလည်း ပြန်လည်ကုစားမှု အကူအညီတွေရရှိအောင် သို့မဟုတ် အစိုးရအနေနဲ့ နစ်နာခဲ့သူတွေအားလုံးအတွက် ပြန်လည်ကုစားရေး အစီအစဉ်တွေကို ရေတို၊ ရေရှည် စီမံကိန်းတွေနဲ့ ဆောင်ရွက်လာအောင် တွန်းအားပေးသင့်တယ်လို့ မြင်မိပါတယ်။
(ဟန်ပိုင်သည် မြန်မာ့နိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို ပူးပေါင်းမှတ်တမ်းတင်နေသည့် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (ND-Burma) တွင် Coordinator (ညှိနှိုင်းဆောင်ရွက်ရေးမှူး) အဖြစ် တာဝန် ထမ်းဆောင်နေသည်။ ဟန်ပိုင်သည် ABSDF ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ဟောင်း တဦးလည်း ဖြစ်သည်။)