[irrawaddy_gallery]
၂၀၁၃ သြဂုတ်လသည် မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံးသော ပြည်လုံးကျွတ် ၈ လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှုကြီး ဖြစ်ခဲ့သည့် ၂၅ နှစ်ပြည့်မည့် ကာလဖြစ်သည်။ ထို့ကြောင့် ၈ လေးလုံး အရေးတော်ပုံကြီးတွင် ကဏ္ဍ အသီးသီးမှ နည်းမျိုးစုံ ပါဝင်ပတ်သက်ခဲ့ သူများ၊ တွေ့ကြုံခဲ့ရသူများ၏ အမှတ်တရ မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီက စုစည်း ဖော်ပြ သွားမည် ဖြစ်သည်။ ဂုဏ်ထူးမြန်မာစာ နည်းပြ ဂုဏ်ထူးဦးသိန်းနိုင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နှင့် အကယ်ဒမီ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ဒေါ်ဆွေဇင်ထိုက်တို့၏ မမေ့နိုင်သော မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီ ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်။
ဂုဏ်ထူး ဦးသိန်းနိုင် (ဂုဏ်ထူးမြန်မာစာ နည်းပြ)
၈၊ ၈၊ ၈၈ မတိုင်ခင်ရက်တွေ ကတည်းက ဧရာမ လူထုအုံကြွမှုတွေ စတော့မယ်ဆိုတာ ကြားနေတာ။ အဲဒီလိုနဲ့ ၈ ရက်နေ့ ရောက်တော့ လာပြီ၊ လူတွေရဲ့ မျက်နှာကလည်း အကုန်လုံးက အရေးကြီးတဲ့ မျက်နှာတွေနဲ့၊ ပြုံးရွှင် ချိုမြနေတဲ့ မျက်နှာမ ဟုတ်ဘူး။ ရေးကြီးသုတ်ပြာ မျက်နှာနဲ့ မျက်နှာကြော တင်းနေကြတယ်။
အဲဒီကနေ ဘားလမ်းထိပ်မှာ စင်ဆောက်ပြီး ဟောပြောကြတယ်။ ကျနော် မပါသေးဘူး။ မောင်မိုးသူ၊ မောင်ကိုယုတို့က စဟောနေကြပြီ။ ကျနော်ကလည်း ဟောချင်လှပြီ။ ကျောင်းသားဟောင်းတွေက လာခေါ်ကြတယ်။ ဒီလိုနဲ့ စင်တွေ ပတ်ချာ လည်ကြားမှာ လိုက်ဟောတာ တခါတခါမှာ ထမင်းတောင် မစားလိုက်ရဘူး။ ဟောရတဲ့စင်တွေ ဆက်တိုက် ဖြစ်သွားတာ။
၈ လေးလုံးညမှာ စပစ်တယ်။ ဒါပေမယ့် လူတွေက သေမှာ မကြောက်တော့ဘူး။ နောက်ရက်တွေ ဆက်တိုက်ပဲ ဖြစ်နေတာ။ ဆူးလေ ဘုရားလမ်းမှာလည်း ဆရာဝန်တွေက ဂျူတီကုတ်တွေနဲ့ ချီတက်လာရင်း အနော်ရထာလမ်းက ဆင်းလာတဲ့ ဆန္ဒပြ လူအုပ်ကြီး၊ နောက်တခါ ဗိုလ်ချုပ်လမ်းက တက်လာတဲ့ လူအုပ်ကြီး၊ စတဲ့ လူအုပ်ကြီးတွေဟာ လမ်းတိုင်းမှာ အပြည့်ပဲ။ ဘယ်လောက် အားတက်စရာကောင်းလဲ။
ဒီ ကြီးကျယ်လှတဲ့ ဒီမိုကရေစီတိုက်ပွဲ၊ အာဏာရှင် ဆန့်ကျင်ဖြုတ်ချရေး ဆိုတဲ့ ပြည်သူတွေရဲ့ အုံကြွမှုကြီးက မျက်ဝါး ထင်ထင်ပဲ။ သမဂ္ဂတွေလည်း ဖွဲ့လိုက်ကြတာ၊ ကျနော်တို့က ကျူရှင်ဆရာများ သမဂ္ဂဖွဲ့တယ်။ ကျူရှင်သမဂ္ဂမှာတောင် မြို့နယ် သမဂ္ဂတွေလည်း ရှိတယ်။ အဲဒီမှာ ကျနော့်ကျောင်း ဆိပ်ကမ်းသာလမ်း အမှတ် ၁၈၈ မှာ ရန်ကုန်တိုင်း ကျူရှင်ဆရာများ သမဂ္ဂ ဖွဲ့တယ်။ ကျနော့်ကို ဥက္ကဋ္ဌ ဝိုင်းတင်ကြတယ်။ ဦးဇော်ခင်ဝင်းက အထွေထွေအတွင်းရေးမှူး။ အလုပ်အမှုဆောင် ၃၁ ယောက်က လှည့်ဟောဖို့ ကားပေါ်မှာ ရိက္ခာအပြည့်တင်ပြီး လှည့်ကြတယ်။
အဲဒီအချိန်မှာ အဆိပ်ခတ်တယ်ဆိုတဲ့ အမှောင့်တွေ ဝင်လာတယ်။ အဲဒါတွေကို သတိပေးကြ၊ ဟောကြပေါ့။ အဲဒီလို စင်တကာ လှည့်ဟောနေတုန်း ရှေ့နေတယောက် လာဖိတ်တယ်။ နောက်တနေ့ စစ်ရုံးချုပ်ရှေ့မှာ အခု သေဆုံးကြကုန်ပြီ ဖြစ်တဲ့ မင်းသိင်္ခ၊ စာရေးဆရာ မြင့်မောင်မောင်၊ ချန်ပီယံတင်ညွန့်နဲ့ ဟောဖို့ ဖိတ်တော့ နိုင်ငံရေးစကား ပြောတာပဲ၊ လိုက်မယ်လို့ ပြောလိုက်တယ်။
အဲဒီနေ့မှာ အရှေ့ပိုင်း ဟောစရာ စင် ၂ စင် ရှိတဲ့အတွက် နောက်ဆုံးမှဟောဖို့ လုပ်ထားတယ်။ စင်ကလည်း တော်တော်မြင့် တယ်။ ပရိသတ်က ကြီးတယ်ဆိုပေမယ့် စစ်ရုံးချုပ်နားဆိုတော့ သိပ်မကြီးရဲကြဘူး။ ခါတိုင်း ဟောခဲ့သလောက် ပရိသတ် မထူဘူး။
ဟောတဲ့ အကြောင်းလေးက ရိုးရိုးလေးပါပဲ။ အာဏာရှင် စနစ်ဆိုတာ တပါတီက မွေးဖွားပေးတဲ့ အကြောင်းပေါ့။ တပါတီ အာဏာရှင်ဆိုတာ တကယ်တော့ တဦးတည်း အာဏာရှင်ပဲ၊ ကဲ ခင်ဗျားတို့ လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးဆိုတာ ဦးနေဝင်းပဲ။ သူ့ သူငယ်ချင်းတွေက နိုင်ငံတော် ကောင်စီဝင်၊ ဘယ်တုန်းကမှ နိုင်ငံရေးလုပ်ခဲ့ဖူးတဲ့ သူတွေလည်း မဟုတ်၊ သမိုင်းဝင် ပုဂ္ဂိုလ် တွေလည်းမဟုတ်၊ လက်သင့်ရာပဲ။
ဒီလို ဝန်ကြီးတွေဆိုတာလည်း အလားတူပဲ။ ဒေသပါတီ ဥက္ကဋ္ဌတွေလည်း သူ့လူတွေပဲ။ ဦးနေဝင်း ဗောင်းတော်ညိတ်၊ စိတ်တော်သိရတာပဲလို့ ဟောတာ။ ဘာထည့်ပြောမိလဲဆိုတော့ “တိုင်းပြည်ကြီးကဗျာ၊ ဖွတ်ကျောပြာစု၊ ခရုဆံကျွတ်၊ ခါးဝတ် လွှာကျင်း၊ ထမင်းရက်ချန်၊ ရေရက်မှန်နဲ့ ကပ်ကျန်မွဲတေ၊ ဖွတ် ဘိုးအေဘ၀ ရောက်နေပြီ။ အကာဆူးခတ်၊ အင်ဖက်အမိုး၊ ကျူရိုးတိုင်ထူ၊ နေပူကျဲကျဲ၊ ဝက်သိုက်တဲမှာ၊ အုတ်ခဲခေါင်းအုံး၊ အိုးတလုံးဖျာမရှိ၊ ဘူမိကမ္ဗလာ၊ မြေမွေ့ယာတွင်၊ ချူချာတော် မူလာသော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖြစ်နေပြီ။ တိုင်းသူ ပြည်သားတွေအတွက် ကမ္ဘာမှာ အမွဲဆုံးနိုင်ငံ၊ သူတောင်းစားနိုင်ငံလို့ ကြေညာ ရသည်အထိ အလွန် စုတ်ပြတ်သွားပြီ။ အဲဒီအချိန်မှာ ဥက္ကဋ္ဌကြီး ဦးနေဝင်း ဘာလုပ် နေသလဲလို့ စနည်းနာလိုက်တော့ အသက်အစိတ်မှာ၊ ပုခတ်မချိတ်ရရင်၊ တသက်မနိပ်တော့ဘူး ဆိုပြီး အသက် အစိတ်ရှိတဲ့ ကောင်မလေးနဲ့ အခန်းတံခါးပိတ်ပြီး စန္ဒယားနှိပ် နေတယ်လို့ ကြားရတယ်။ အဲဒီလို တိုင်းပြည်အတွက် အလုပ်တွေ လုပ်နေလိုက်တာ” အဲဒီလိုလေး ပါတယ်။
“ကြည့်ပါဦးဗျာ၊ စပိန်မှာ ဖရန်ကို၊ အာဏာရှင်စနစ်။ ဘယ်လောက် စုတ်ပဲ့သွားလဲ။ အခု အဲဒီ အာဏာရှင်စနစ် မရှိတော့ဘူး။ ဝန်ကြီးချုပ် ဂွန်ဇာလက်စ် တက်လာတယ်၊ နိုင်ငံတော်က ဘယ်လောက် ပျော်စရာကောင်းလဲ။ ဒီမိုကရေစီအရေးနဲ့ အမျှ မွေး ရာပါ လူ့အခွင့်အရေးတွေ အားလုံးရတယ်။ ပြောချင်တာ၊ ရေးချင်တာ အားလုံးရတယ်။ အဲဒါတွေကလည်း ကိုယ့် ကိုယ်ကိုယ်တော့ တာဝန်ယူ ကြရတာပေါ့။ ဂွန်ဇာလက်စ်မှာ အလွန်ကြီးမားတဲ့ အခက်အခဲရှိမယ်။ အဲဒါက အတိုက်ခံမရှိဘူး။ သူကလည်း အလိုလို တပါတီအာဏာရှင် စနစ် ပြန်ဖြစ်သွားမှာပဲ။ အဲဒါကို ဂွန်ဇာလက်စ်က သိပ်ကြောက်တယ်” အဲဒါတွေ ပြောနေတယ်။
ပြောနေတာက လမ်းဘေးဆိုတော့ ဆန္ဒပြနေတဲ့ ကားတွေ၊ အသံချဲ့စက်တွေနဲ့ နှုတ်ဆက်သံတွေ ကြားမှာ အသံတသံ ကြားလိုက်တယ်။ ဒီအသံကို တော်တော်နဲ့ မကြားခဲ့ဘူး။
“ဗျို့စင်ပေါ်ကလူ၊ ခင်ဗျား ဆင်းမလား၊ မဆင်းရင် ပစ်သတ်မယ်။ ခင်ဗျား ဟောနေတာ နိုင်ငံရေးမဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးတွေ” ဆိုပြီးတော့ ထပ်တလဲလဲပြောတော့ ၃ ကြိမ်လောက်ကျမှ ဟောစင်နဲ့ ဝါးတရိုက်လောက်ပဲ ကွာတဲ့ စစ်ရုံးဘက်ကို လှည့်ကြည့် မိတာ။ စစ်ကားကြီး ၆ စီးက သေနတ်ပြောင်းတွေ ကိုယ့်ဘက်လှည့် ချိန်ထားပြီးပြီ။ ပစ်ရဲတာ သတ္တိမဟုတ်ဘူး။ တိုက်ရဲတာ သတ္တိ၊ မင်းတို့ ပစ်လိုက်လို့ သိန်းနိုင်ကြီး သေသွားရင် သိန်းနိုင်ငယ်လေး တကုဋေ ချက်ချင်း မွေးဖွားလိမ့်မယ်။ စိမ်ကြည့်လိုက်ဆိုပြီး အပြန်အလှန် ချဲလင့်လုပ်နေတယ်။
သွားလေရာ အကာအကွယ် လိုက်ပေးတဲ့ ကျောင်းသားခေါင်းဆောင်တွေက “ဆရာ၊ ဆင်းပါ။ နောက်အစိုးရ တက်တော့မှ အသုံးမကျရင် ဆရာတို့ပဲ ဟောပြီးဖြုတ်ရမှာ။ ဆရာသေလို့မဖြစ်ဘူး” ဆိုပြီး ဇွတ်ဆွဲချတယ်။ စင်အောက်ကို လှေကားက ဆင်းစရာမလိုဘဲ ပြုတ်ကျတာ။ အောက်က ဖမ်းထားပေးတယ်။ သူတို့က ဘယ်ကရထားတဲ့ စောင်မှန်းမသိဘူး၊ အုပ်ပြီး အဲဒီ ဖဆပလ ရပ်ကွက်နားက မီးသတ်တဲလေးမှာ ဝှက်ထားတယ်။ စောင်အောက်မှ မွမ်းနေရင်၊ မင်းတို့ ဘာလုပ်ကြတာတုံး၊ ဖွက်လို့ ဘယ်ဖြစ်မလဲကွ၊ လူက ကိုယ့်သမိုင်း ကိုယ်ရေးတာ။ ဒီကောင်တွေ ကြောက်လို့ စင်ပေါ်က ဆင်းပုန်းရမယ်ဆိုရင် ဘယ် အဓိပ္ပာယ် ရှိမလဲ၊ ပြန်တက်မယ်လို့ ပြောလိုက်တယ်။ ဒီလိုသေတာ အချီးနှီး သေတာမဟုတ်ဘူး၊ အာဏာရှင်စနစ် ကွယ်ပျောက်ရေး အတွက် အုတ်တချပ်၊ သဲတပွင့်တော့ ဖြစ်မှာပဲလို့ ပြောလိုက်တယ်။
အဲဒီလိုဆို သိပ်ကောင်းတာပေါ့။ တခုပဲ ရှိတယ်။ ကျနော်တို့ ကျောင်းသား ခေါင်းဆောင်တွေ ၂၈ ယောက်စလုံး စင်ပေါ်ကို တက်၊ အကာအကွယ်ပေးခွင့် ပြုရမယ်လို့ ဆိုတယ်။ အဲဒီအချိန်က ကျနော့်အသက်က ၅၂ နှစ် ရှိနေပြီ။ မင်းတို့က ငယ်ငယ်လေး ရှိသေးတယ်၊ ဘယ်ဖြစ်မလဲဆိုတော့ သူတို့က ကျည်ကာအဖြစ် စင်ပေါ်ကိုတက်မယ်နဲ့ နောက်ဆုံး စင်ယိုင်ယိုင် နဲ့နဲ့လေးပေါ် အားလုံး ပြန်တက်ဟောတာမှာ ပရိသတ်က အကြီးကြီးဖြစ်နေပြီ။ ခဏလေး အတွင်းမှာတင် အကုန်ကြားပြီး ဒီသတင်းက ပျံ့တာ။ နာရီဝက်အတွင်းမှာတင် တမြို့လုံး သိသွားပြီ။ အဲဒီမှာ ဆက်ဟောတာ “ဒီမိုကရေစီဟာ ဘာ့ကြောင့် လူသားတွေ အတွက် လူ့အခွင့်အရေးကို အပြည့်အ၀ ပေးနိုင်တဲ့ စနစ်ဖြစ်သလဲ။ ဒီမိုကရေစီ စနစ်မှတပါး လူဖြစ်ရကျိုး နပ်တာမရှိဘူး။ အထူးသဖြင့် ဒီမိုကရေစီစနစ်ရဲ့ ဆန့်ကျင်ဘက် အာဏာရှင် စနစ်ပဲ။ အဲဒီ တပါတီ အာဏာရှင်စနစ်ရဲ့ ဆိုးမွေကို ခံနေကြရတာ။ အဲဒီစနစ် မရှိမှဖြစ်မယ်” ဆိုတာတွေ ဆက်ဟောတယ်။
ဟောတဲ့အထဲမှာ ဦးနေဝင်းကို ကလိတာ၊ ရိတာလေးပဲ ပါတယ်။ ကျန်တာမပါဘူး။ တပ်မတော်ကို မပြောဘူး။ ဗိုလ်ချုပ်ကြီး နေဝင်း လို့တောင် မပြောဘူး။ ဥက္ကဋ္ဌကြီး ဦးနေဝင်းလို့ပဲ ပြောတာ။ ပုလ္လင်ပေါ် ဘုရင်မတက်ဘဲ ခွေးတက်လို့ တိုင်းပြည်၊ ပြည်သူတွေ ဒုက္ခရောက်တဲ့ အကြောင်းတွေပဲ ဆက်ပြောတယ်။ လူအုပ်ကြီးက အရမ်းကို ကြီးလာပြီ။ ထပ်ဟောဖို့ စင်တွေ ကလည်း ရှိသေးတယ်။ ပန်းဆိုးတန်း ခုံးအောက်က ရုပ်ရှင်ရုံနားမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ သူတွေဆီ သွားရဦးမယ်ဆိုပြီး လာတာမှာ ကိုယ်နောက်ထပ် နေရာမရောက်မီမှာပဲ အဲဒီ စစ်ရုံးမှာ လူအုပ်ကြီးက ဝိုင်းထားနေပြီ။ အသံတွေကလည်း “အာဏာရှင်စနစ် အလိုမရှိ၊ တပါတီစနစ် အလိုမရှိ၊ ဒီမိုကရေစီအရေး အမြန်ပေး” လို့အော်နေပြီ။ အဲဒီလိုနဲ့ အဲဒီ အချိန်တုန်းက သတင်းစာ ဆရာတွေရဲ့ အဆိုရ လူပေါင်း ၁ သိန်းခွဲလောက် ဖြစ်လာတယ်။ အဲဒီလို အော်နေရင်း ဗိုလ်ချုပ် အောင်ကြီး ကလည်း လာပြီး လူစုခွဲတယ်၊ မင်းကိုနိုင်ကလည်း လာပြီး လူစုခွဲဖို့ပြောတယ်။ သေနတ်နဲ့ ပစ်လိုက်မှာစိုးရိမ်လို့။ ဒါပေမယ့် မရဘူး။ လူစုခွဲဖို့ ကြိုးစားနေကြရင်း ပရိသတ်က တောင်းဆိုလိုက်တယ်။
“ဂုဏ်ထူးဦးသိန်းနိုင်အား တောင်းပန်ပါတယ်။ ဖဆပလ ရပ်ကွက် လူထုကြီးအား တောင်းပန်ပါတယ်။ အခု ရှိနေတဲ့ စစ်ရုံးချုပ် ရှေ့မှာရှိနေတဲ့ ဆန္ဒပြ ပြည်သူလူထုကြီးအား တောင်းပန်ပါတယ်” ဆိုတဲ့ ၃ ခွန်း ပြောခိုင်းတယ်။ အဲဒီမှာ တပ်မှူးက ထွက်ပြီးတော့ အသံချဲ့စက်နဲ့ အဲဒီ ၃ ခွန်းကို အကြိမ်ကြိမ် အော်ရတယ်။ အဲဒီလိုအော်မှ ပရိသတ်ကြီးက လူစုခွဲသွားတယ်။
အဲဒါက ၈၈ မှာ အာဏာသိမ်းရခြင်းရဲ့ ပထမ အကြောင်းအရင်းလို့ ဆိုနိုင်တယ်။ အဲဒါ ဖောင်ကြီးတက္ကသိုလ်နဲ့ ဆီးပင်ကြီး ဝန်ထမ်း တက္ကသိုလ်မှာ ကျနော့်အပြောတွေကို စွပ်စွဲပြီး သင်တာ။ အဲဒီအချိန်ကတည်းက သတင်းစာမှာ ဂုဏ်ထူး ဦးသိန်းနိုင် နာမည်ပါရင် ဖြုတ်ခံခဲ့ရတာ။ မင်္ဂလာဖိတ်စာ မှာတောင် မပါရဘူး။ ရုပ်ပုံတွေ၊ ဗီဒီယိုတွေက အစ မပါရဘူး။ ၄ နှစ်လောက်
အပိတ်ခံ လိုက်ရတယ်။ တိုင်းပြည်ရဲ့ အလွန် အန္တရာယ်ကြီးမားတဲ့ ၁၇ ယောက်စာရင်းမှာ နံပတ် ၁ အနေနဲ့ ပါခဲ့တယ်။
အဲဒီမှာ စစ်ရုံးရဲ့ တံတိုင်း ပါးပါးလေးကို လူအုပ်နဲ့ တွန်းဖြိုပြီး ဝင်ဖို့ ကြိုးစားကြတာ။ အဲဒီလိုသာ တကယ် ဖြစ်ခဲ့ရင် ပြည်သူ တွေလည်း ထောင်နဲ့ချီ သေမှာပဲ။ သူတို့တွေလည်း ဖြစ်မှာပဲ။ စစ်ရုံးထဲမှာ ဦးနေဝင်း၊ ဦးစိန်လွင်၊ ဦးစောမောင်၊ ဦးသန်းရွှေ၊ ဦးခင်ညွှန့်၊ ဗိုလ်ချုပ်တင်ဦး စတဲ့ ရာထူးကြီးတွေ၊ ရာထူးသေးတွေ အစုလိုက် အကုန်ရှိနေတယ်။
သူတို့လည်း အပြင်မှာ ဟောတာတွေ အကုန်ကြားနေကြတာ။ အသားတဆတ်ဆတ် တုန်တယ်လို့တောင် နောက်ပိုင်းမှာ သိရတယ်။ အဲဒီမှာ ပစ်ခိုင်းတာလို့ ကြားမိတယ်။
ဒေါက်တာ နိုင်အောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌဟောင်း)
၈၈ တုန်းက ကျနော်က ကျောင်းသား မဟုတ်တော့ဘူး။ အဲဒီအချိန်တုန်းက ဆရာဝန်ဘွဲ့ရကာစ၊ ကရင်ပြည်နယ် ကျုံဒိုးမှာ ဆေးခန်း ထိုင်နေတယ်။ ဒါပေမယ့့် ကျနော်တို့ ကျုံဒိုးမှာလည်း သပိတ်လုပ်ကြတယ်။ ကျုံဒိုးမှာရှိတဲ့ ကျောင်းသား လူငယ် တွေကို စည်းရုံးပြီး ၈ ရက် ၈ လဖြစ်တဲ့ နောက်ပိုင်းမှာ သပိတ်စခန်း ဖွင့်တာပေါ့။ မြို့လယ်ခေါင်က ဘုရားမှာဖွင့်တာ။
သပိတ် လှည့်တာကို တမြို့လုံး လုပ်တယ်။ ပြီးရင် ဘုရားမှာ ပြန်နားတယ်။ အဲဒီအချိန်မှာ မြို့မှာက အုပ်ချုပ်ရေး ယန္တရား မရှိတော့ဘူး။ လုံခြုံရေးကိစ္စ၊ လှေဂိတ်ပြဿနာ စတာတွေကို မြို့မိမြို့ဖတွေကို ဦးဆောင် စီမံခန့်ခွဲဖို့ စီစဉ်ရတာပေါ့။ ဒါကြောင့် မြို့ထဲမှာတော့ အဖျက်အမှောင့်တွေ မဖြစ်ဘူး။ တခြား ပတ်ဝန်းကျင်မှာ ဂိုထောင် ဖွင့်တာတို့၊ ရုံးတွေဖျက်ဆီးတာတို့ ရှိတယ်။
အဲဒါကြောင့် ကျောင်းသား လူငယ်တွေကို ဆွေးနွေးရတယ်။ အဲဒီမှာက မဆလ ပါတီဝင်ပဲဖြစ်ဖြစ်၊ အားလုံးက ဆွေမျိုး သားချင်း တွေလိုပဲ။ ကျနော်တို့က စနစ်ကို မကြိုက်တာ ဖြစ်တဲ့အတွက် ဒီလို အကြမ်းဖက်မှု ဆန်တဲ့ ဟာတွေကို မကြိုက်ဘူး၊ ရွာလိုမျိုး ဖြစ်နေတော့ အားလုံးက မျက်နှာနာစရာတွေလည်း ဖြစ်တယ်လို့ ညှိနှိုင်းမှု ရလိုက်တယ်။
အဲဒီနယ်မြေက အဲဒီအချိန်ကတည်းက အညိုရောင်နယ်မြေလို့ ပြောလို့ရတယ်။ သူပုန်တွေကလည်း သွားလာနေတဲ့ အခါကြတော့ ဒီလို ညှိနှိုင်း လုပ်လိုက်တာကို စစ်တပ်ဘက် ကိုယ်တိုင်က ကျေးဇူးတင်သွားတယ်။ ဒီလိုဖြစ်တာကို ဘာလို့ မှတ်မှတ်ရရ ဖြစ်လဲဆိုတော့ ကျနော်နေတဲ့အိမ်က ကောင်စီဝင်အိမ်မှာ ငှားနေတာ။ သပိတ်မှာလည်း ကျနော်တို့ ကော်မတီဝင်တွေက မဆလ ကော်မတီဝင်တွေကို “ဘယ်နေ့၊ ဘယ်ရက် နောက်ဆုံးထားပြီး နုတ်ထွက်ပေးပါ” လို့ အော်နေကြတော့ အိမ်ပြန်တဲ့အခါ အိမ်ရှင် မျက်နှာကို ကြည့်ရတာ တော်တော် မျက်နှာပူရတယ်။
အဲဒီလိုဖြစ်ပေမယ့် သူတို့ကလည်း ဝမ်းသာနေကြတာပဲ။ အရင်ကတည်းက တက်တက်ကြွကြွ လုပ်ခဲ့တာမှ မဟုတ်တာ။ “ကိစ္စမရှိပါဘူး ဆရာရယ်၊ ကျမတို့က နားလည်ပါတယ်” လို့ အိမ်ရှင်တွေက ပြောတယ်။ တဘက်မှာလည်း ရပ်ရေး၊ ရွာရေး၊ တိုင်းပြည်အရေး လုပ်တာပဲဆိုတော့ ကြားထဲမှာ မျက်နှာပူစရာ ဖြစ်ရတာပေါ့။
တမြို့လုံးက လူငယ်တွေပါတော့ အဲဒီမှာ မြို့ခံဆရာဝန် တယောက်ရှိတယ်။ သူ့ကလေး ၂ ယောက်ကပါ သပိတ်ထဲမှာ တက်တက်ကြွကြွ ပါလာတာဆိုတော့ အဲဒီဆရာဝန်က ကျနော့်ဆီလာပြီး “မင်း၊ ငါ့သားသမီးတွေကို မဖျက်ဆီးနဲ့၊ ဘာနဲ့” ဆိုပြီး လာကြိမ်းမောင်းပြီး သူ့သားသမီးတွေကို ပြန်ခေါ်သွားတယ်။ အဲဒီမှာ ကျနော်က ဘယ့်သူ့ကိုမှ လိုက်ခေါ်နေတာမဟုတ်၊ အကုန်လုံးက ကိုယ့်ဆန္ဒနဲ့ ကိုယ်လုပ်ကြတာ၊ ဘယ်သူ့ကိုမှ အန္တရာယ် မဖြစ်အောင် လုပ်နေတာလို့ ပြေပြေလည်လည်နဲ့ ရှင်းပြရတယ်။
အဲဒီမှာ ကျနော်စဉ်းစားမိတာ၊ ငါတို့က ဒီခံစားချက်နဲ့ လုပ်လိုက်ပေမယ်လို့ ပါတဲ့သူတွေ အားလုံးအပေါ်မှာ တာဝန်ကြီးက တော်တော့်ကို ကြီးပါလား၊ လူငယ်တွေရဲ့ အနာဂတ်အပေါ်မှာ ဒီအစိုးရတင် ဖြုတ်ချရုံမကဘဲ နောက်မျိုးဆက်အထိ လုပ်နေတဲ့ တာဝန်ကြီးဖြစ်ပါလားဆိုတာ စဉ်းစားမိတယ်။ အဲဒီလိုနဲ့ အာဏာ မသိမ်းခင်မှာ တခြားနေရာတွေမှာလို ဆန်ပြတ် လာတယ်။ အဲဒါနဲ့ ဘားအံမှာ ကျနော်တို့ ဆန်သွားဝယ်ရတယ်။ အဲဒီမှာလည်း ဆန်ပြတ်နေတယ်။ ဒါကြောင့် မော်လမြိုင်အထိ သွားဝယ်ရတယ်။ အဲဒီမှာ မွန်ပြည်သစ် ပါတီက ယူဂျီတွေနဲ့ ကျနော် အဆက်အသွယ် ရတယ်။ ကျုံဒိုးလိုနေရာမှာ နေတဲ့အခါ ကျတော့ ရှေ့တန်း တပ်တွေက ပြန်ဆင်းသွားပြီ။ အဲဒီလို ဖြစ်လာတယ် ဆိုတာနဲ့ လူကြီးတွေက သိတယ်။ မကြာခင် အာဏာ သိမ်းတော့မယ် ဆိုတာ။ အဲဒီတော့ အာဏာသိမ်းရင် ဘယ်လိုလုပ်မလဲ ဆိုပြီး ပြင်ဆင်ဖို့ ကျနော်က နယ်စပ်ကအဖွဲ့တွေနဲ့ သွားတွေ့ဖို့ ဆန်ဝယ်တဲ့အဖွဲ့တွေကို ပြန်လွှတ်ပြီး ကျနော်က ဘုရားသုံးဆူဘက်ကို တက်သွား တယ်။
ကျနော်သွားတဲ့ လမ်းမှာပဲ မွန်အဖွဲ့နဲ့ ကရင်အဖွဲ့တို့ တိုက်ပွဲဖြစ်နေရင်း ကျနော်က စက်တင်ဘာ ၆ ရက်နေ့ ထွက်သွား လိုက်တာ ၂၄ ရက်နေ့မှ ရောက်တယ်။ လမ်းမှာတင်ပဲ အာဏာသိမ်းတာက ဖြစ်သွားတယ်။
အကယ်ဒမီ ဆွေဇင်ထိုက် (သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ)
၈၈ အရေးအခင်းတုန်းက ကျမက ရုပ်ရှင်သမဂ္ဂနဲ့ ချီတက် လမ်းလျှောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလမ်း တလျှောက် လည်း လျှောက်ခဲ့ပါတယ်။ မြန်မာပြည်မှာ ရှိနေတဲ့ ရုပ်ရှင်လောကက လူတွေအတွက်ပေါ့။ အားလုံးအတွက် လိုအပ်နေတဲ့ အချက် အလက်တွေ လွဲလာတာက လွန်ခဲ့တဲ့ ၆၄ ခုနှစ်ကတည်းကပေါ့။ ရုပ်ရှင်ရုံတွေကို ပြည်သူပိုင် သိမ်းကတည်းက လွဲသွားတဲ့ အချက်တွေပေါ့။ ဒါကြောင့် တဖြည်းဖြည်းနဲ့ ရုပ်ရှင်ကလည်း ဒုက္ခတွေ ဖြစ်လာတဲ့ အခါကျတော့ ရုပ်ရှင်သမဂ္ဂ ဆိုပြီး ရုပ်ရှင်သမားတွေ ထွက်ပြီး လမ်းလျှောက်ခဲ့ကြတယ်။
ပါဝင်ခဲ့တာက ကိုကျော်သူ၊ မမေသန်းနု၊ ဒေါ်အေးအေးသင်းတို့ ပါတယ်။ ကိုမျိုးမြင့်အောင်၊ ဦးအောင်လွင်၊ ဦးအောင်မြင့် မြတ်တို့လို ဒါရိုက်တာတွေလည်း ပါကြပါတယ်။ ကျမတို့ ဦးဝိစာရလမ်းကို ဖြတ်သွားတဲ့ အချိန်တုန်းက အဲဒီနားမှာ ခေါင်းတွေ ဖြတ်တယ်လို့တော့ ဟြေပါတယ်။ ကျမမျက်စိနဲ့တော့ တပ်အပ် မမြင်ခဲ့ပါဘူး။ အဖြစ်အပျက်က ပြီးသွားတော့လေ။ ကျမက အဲဒီတုန်းက ရွှေတောင်ကြား ထဲမှာနေလို့ ကိုမျိုးမြင့်အောင်တို့က ဘားလမ်းမှာ ရုပ်ရှင်ကုမ္ပဏီတွေက ရှိတော့ အဲဒီ ဘားလမ်းမှာ စတည်းချပြီး ချိန်းပြီး သွားကြတာပေါ့။ ကားတွေက ရှိပေမယ့် အဲဒီအချိန်တုန်းက ဓာတ်ဆီက မရှိဘူး။ ကားတွေ နဲ့ စုပြီး ဘားလမ်းကို လာကြတယ်၊ ဘားလမ်းကနေ ပြီးတော့မှ လမ်းလျှောက်ကြတယ်။
အမှတ်တရကတော့ တရက်မှာ ကားမရှိတော့ ဘားလမ်းကနေ အိမ်အထိ လမ်းလျှောက် ပြန်ခဲ့ရတယ်။ ရုပ်ရှင်သမဂ္ဂ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ကိုင်ပြီး လမ်းလျှောက်ကြတော့လေ ရှေ့ကနေ ကျမက အလံကိုကိုင်ပြီး လျှောက်ရတာ ပျော်တယ်။
စိတ်အား၊ လူအားနဲ့ ကိုယ့်လောကသားတွေ အကျိုးအတွက် လုပ်ခဲ့တာမို့ ကြောက်တဲ့စိတ်လည်း မရှိခဲ့ပါဘူး။
ဧရာဝတီသတင်းထောက် စနေလင်း၊ ထက်နိုင်ဇော်၊ နဒီထိုက်နှင့် မြတ်သူအောင်တို့ တွေ့ဆုံမေးမြန်းသည်။