ဖိုမ သဘာဝနှင့် မျိုးဆက်ပွားကျန်းမာရေး ဆိုသည်မှာ မြန်မာနိုင်ငံတွင် တားမြစ်ထားသည့် အကြောင်းအရာတမျိုးဟု ဆိုနိုင် သော်လည်း ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီးနောက် အမျိုးသမီး အခွင့်အရေးတက်ကြွလှုပ်ရှားသူ မထားထားက စတင်၍ ထုတ်ဖော် ပြောချင်လာသည်။
မထားထားကို ရန်ကုန်မြို့ ဘတ်စ်ကားတွေပေါ်မှာ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုကို သတိပြုမှုစေရန် ခရာမှုတ်ပြီး အကူအညီတောင်းသော လူပ်ရှားမှု လုပ်ဆောင်ခဲ့သူအဖြစ် လူသိများကြသည်။ မထားထားနှင့် စေတနာ့ဝန်ထမ်း အချို့က ဘတ်စ်ကားစီးမည့် ခရီးသည် အမျိုးသမီးများ ကို မလိုလားအပ်သော အဖြစ်အပျက်များ ဖြစ်ပေါ်လာပါက မည်သို့ အသံပေးရမည် စသော ညွှန်ကြားချက်များနှင့်အတူ မနက်ခင်းများတွင် ခရာများ လိုက်လံဝေငှခြင်းဖြင့် နိုင်ငံတကာ မီဒီယာများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ သည်။
သို့သော် အသက် ၄၁နှစ် အရွယ် ရှိပြီဖြစ်သည့် မထားထားက အမျိုးသမီးအခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ သဘောပေါက် နားလည်မှုများ ပိုမိုမြင့်တက်လာစေရန် ကြိုးပမ်းအားထုတ်ခဲ့သည်မှာ ခရာမှုတ်သော လှုပ်ရှားမှု မတိုင်မီကတည်းက ဖြစ်သည်။ ၂၀၀၈ ခုနှစ်ထဲတွင် သူနှင့် မိတ်ဆွေများ ပါဝင်သောအဖွဲ့တခုသည် တလ တကြိမ် စတင် စုဝေးခဲ့ပြီး မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်၍ လေ့လာ ဆွေးနွေးခဲ့ကြသည်။ အသိအမြင်များ ပိုမိုကျယ်ပြန့်လာနိုင်စေရန် ရည်ရွယ်၍ လိင်ကွဲပြားမှု၏ အခန်းကဏ္ဍ၊ ဖိုမ သဘာဝနှင့် မျိုးဆက်ပွား ကျန်းမာရေး၊ ကလေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နောက်လာမည့် မျိုးဆက်သစ်တွင် လိင်အရ တန်းတူညီမျှမှု ရရှိရေး စသည့် အကြောင်းအရာများ ဆွေးနွေးပြောဆိုနိုင်ရန်အတွက် အမျိုးသမီး အဖွဲ့များနှင့် ကလေးမိခင်များ ပါဝင်သော ကွန်ရက် တခုကို ကူညီ စုစည်းပေးခဲ့သည်။
“အခရာ” ဟု အမည်ရသည့် ကွန်ယက်သည် ထိုအချိန်မှစ၍ ဖွံ့ဖြိုးလာခဲ့ပြီး ယနေ့ အချိန်တွင် အမျိုးသမီးအဖွဲ့ ၇ ဖွဲ့ပါဝင် အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ ဧရာဝတီ မဂ္ဂဇင်းက တွေ့ဆုံမေးမြန်းခဲ့ရာတွင် မြန်မာအမျိုးသမီးများကြား ပြောဆိုဆွေးနွေးမှု ပုံစံအသစ်များ ဖြစ်ပေါ်လာစေရန် အဘယ်ကြောင့် ဆောင်ရွက်ချင်သည် ဆိုသည့် အကြောင်း နှင့် အမျိုးသမီး လိင်သဘာဝနှင့် ပတ်သက်သည့် ခေတ်ဟောင်း အယူအစွဲများကို မည်ကဲ့သို့ တိုက်ဖျက်နေ သည် ဆိုသည် များကို မထားထားက ပြောပြခဲ့ပါသည်။
မေး။ ။ “အခရာ” ကို ဘာကြောင့် စတင်ခဲ့တာလဲ။
ဖြေ။ ။ လွန်ခဲ့တဲ့ ၅ နှစ်လောက်အထိတော့ အဖွဲ့အစည်း တခုကို စတင်တည်ထောင်ဖို့ အစီအစဉ် မရှိပါဘူး။ ၂၀၀၈ ခုနှစ် ရောက်တဲ့ အချိန်မှာ အစ္စရေးနိုင်ငံက ရောက်လာတဲ့ လိင်မှုဆိုင်ရာ ကုထုံးပညာရှင် တယောက်ဆီမှာ အမျိုးသမီး လိင်သ ဘာဝနဲ့ လူတွေရဲ့ ကိုယ်ခန္ဓာမှာရှိတဲ့ ဖိုမ လက္ခဏာတွေအကြောင်းကို သင်ယူဖို့ အမျိုးသမီး ၁၀ ယောက်အဖွဲ့တခု ဖြစ်လာ တယ်။ ၅ ယောက်က အိမ်ထောင်ရှိတယ်၊ ကျန်တဲ့ ၅ ယောက်ကလူလွတ်တွေပေါ့။ ကျမတို့ ပထမဆုံးကြားဖူးတဲ့ အခြေခံအသိတွေပါပဲ။ ကျမတို့ရဲ့ အတွေးအခေါ်တွေ၊ နေထိုင်မှုပုံစံတွေ၊ တကယ်ကိုပြောင်းလဲသွားစေခဲ့ပါတယ်။
ကျမတို့ ရဲ့ ကိုယ်ပိုင်ခန္ဓာကို ကိုယ်ပိုင် ထိန်းချုပ်နိုင်ခွင့်ရှိတယ်လို့ ခံစားရတယ်။ ဒါတွေက ကျမတို့ မြန်မာအမျိုးသမီးတွေ ဘယ်တုန်းကမှ မရနိုင်ခဲ့တဲ့ အကြောင်းအရာတွေပါ။ ဒီမှာ လိင်ခွဲခြားမှုကြောင့် မညီမျှမှုတွေ အများကြီးရှိတယ်လို့လဲ အဖြေထွက်လာတယ်။ အမျိုးသမီးတွေကို ဒုတိယတန်းစား နိုင်ငံသားတွေလို သဘောထားတာခံရတယ်။ ဥပမာပြောရရင် ကျမတို့ရဲ့ ရာသီသွေးကို ညစ်ညမ်းတယ်လို့ ကျမတို့က ထင်ကြတယ်။ ဒါကြောင့် ယောက်ျားတွေနဲ့ ထိတွေ့ဖို့၊ မြင့်မြတ်တဲ့နေရာတွေ သွားဖို့ မထိုက်တန်ဘူးလို့ စိတ်ထဲမှာ ခံစားကြရတယ်။ ကျမတို့ဟာ ဒုတိယတန်းစား နိုင်ငံသားတွေဖြစ်တယ် ဆိုတဲ့ စိတ်ခံစားမှုက မျိုးဆက်နဲ့ ချီပြီး သမိုင်းနဲ့ချီပြီး ရှိခဲ့တယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ အခြေခံလိင်သဘာ၀ လက္ခဏာအကြောင်းကို စတင် သင်ကြားလေ့လာခဲ့ပါတယ်။ ကျမ ပိုင်ဆိုင်တဲ့ ခန္ဓာကိုယ်အကြောင်းကို သိနိုင်ဖို့ အခွင့်အရေးရှိတယ်လို့လည်း ခံစားခဲ့ရတယ်။
နောက်ပိုင်းမှာ ကျမတို့အဖွဲ့တလတကြိမ် ဆက်လက်တွေ့ဆုံပြီးတော့ ဖိုမလက္ခဏာနဲ့ ပတ်သက်လို့ ဆက်လက်လေ့လာ ခဲ့ပါတယ်။ The Bill & Melinda Gates ဖောင်ဒေးရှင်းက ထောက်ပံ့ထားတဲ့ အဖွဲ့တခုက အခမဲ့ ဝက်ဆိုက်တခု လုပ်ပြီး လိင်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အွန်လိုင်းသင်တန်းငယ်တခု လုပ်ပေးတယ်။ ကျမတွေးတယ်လေ။ တခြားမိန်းမတွေမှာ သင်ယူချင်စိတ် ရှိမယ်ဆိုရင် ကျမ တို့ကလည်း ဘာဖြစ်လို့ သတင်းတွေကို မဖြန့်ဝေပေးနိုင်ရမှာလဲလို့။
မေး။ ။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လေ့လာဖို့ ဘယ်အချိန်မှာစပြီး စိတ်ဝင်စားလာခဲ့ပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ HIV ကာကွယ်ရေးနဲ့ ကုသရေး လုပ်ငန်းတွေလုပ်နေတဲ့ နိုင်ငံတကာ NGO တခုဖြစ်တဲ့ Burnet Insttute မှာ ကျမ အလုပ်လုပ်ခဲ့ပါတယ်။ ကျမက ကာကွယ်ရေးပိုင်းမှာ တာဝန်ခံဖြစ်ပြီးတော့ ဖိုမ သဘာဝနဲ့ပတ်သက်ပြီး လေ့ကျင့်သင်တန်းပေးသူလည်း လုပ်ခဲ့ပါတယ်။ ဒါပေမယ့် HIV ကာကွယ်ရေးအတွက် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုနဲ့ ပတ်သက်ပြီး လူတွေကို မေးရမယ့် အခါတိုင်း ပြောဆိုဆွေးနွေးမှုက ရပ်သွားတယ်။ ကျမတို့ လိုရင်းအချက်ကို ရောက် အောင် မသွားနိုင်ခဲ့ဘူး။ ဖိုမသဘာ၀ လက္ခဏာတွေနဲ့ ပတ်သက်လို့ ကျမတို့ရဲ့ အသိအမြင်က တကယ်ကို ကန့်သတ်ခံ ထားရတယ်။ လေ့ကျင့်ရေးတာဝန်ရှိသူ တယောက်အနေနဲ့ ဆိုရင် ကျမရဲ့ အာရုံထားစရာနေရာက ကျဉ်းမြောင်းပါတယ်။ လိင်စိတ် နှစ်မျိုးရှိတဲ့ ယောက်ျားတွေ၊ ဒါမှမဟုတ် ယောက်ျားချင်းလိင်တူ ဆက်ဆံမှု ဒါတွေပဲ ရှိပါတယ်။ ယောက်ျား တွေ ရော မိန်းမတွေနဲ့ပါ သက်ဆိုင်တဲ့ ဖိုမသဘာ၀ လက္ခဏာ အခြေခံ အချက်အလက်တွေ ဒီမှာမရှိဘူး။ ဒါကြောင့် ကျမ အဖြေ တခု ရှာခဲ့ရပါတယ်။
မေး။ ။ ခရာမှုတ်ပြီး အကူအညီ တောင်းတဲ့ လှုပ်ရှားမှု အကြောင်း ထပ်ပြောပြပေးပါလား။
ဖြေ။ ။ ဒီလှုပ်ရှားမှုကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ မနက်ပိုင်းတွေမှာ ၄ ကြိမ်လုပ်ခဲ့ပါတယ်။ ကျမတို့က ဘတ်စ်ကားပေါ် မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိသွားစေချင် ပါတယ်။ ဒီကိစ္စက အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝမှာ ပုံမှန်ကြုံနေရတဲ့ ကိစ္စတခုဖြစ်လာပါတယ်။ ဒါပေမယ့် ဒါကို ထုတ်ဖော် ဆွေးနွေးခြင်း မရှိသေးပါဘူး။ ဒီလှုပ်ရှားမှုကို လုပ်လိုက်ခြင်းအားဖြင့် သတင်းစကားတွေက နိုင်ငံခြား မီဒီယာတွေအပါ အဝင် မီဒီယာတွေကနေ တဆင့် ပျံ့နှံ့သွားမယ်လေ။
ကျမတို့ကို ကူညီခဲ့တဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် တကယ် လက်တွေ့အခြေအနေနဲ့ ကြုံလာတဲ့အခါ မိန်းမတွေက ခရာကို မှုတ်ရဲပါမလားလို့ သူတို့တွေးကြတယ်။ အကြောင်းကတော့ ကျမတို့ မြန်မာ အသိုင်းအဝိုင်းက အမျိုးသမီးတွေက ရှက်ကြောက်တတ်ကြတယ်။ ဘတ်စ်ကား ဒရိုင်ဘာတွေကတောင် ကျမတို့ကို ကူညီမယ်လို့ပြောကြပါတယ်။ ကျမတို့ ညနေဖက် ပြန်လာမယ်ဆိုရင် သူတို့လဲ ခရာတွေ ကူညီပြီး ဝေပေး မယ်တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ယောက်ျားတွေ အရက်သောက်ပြီး ဘတ်စ်ကားစီးကြတဲ့ ညနေပိုင်းတွေမှာ ဒီလို စော်ကား နှောက်ယှက်မှုတွေက ပိုဖြစ်တတ်လို့ပါ။ ဒီလှုပ်ရှားမှုဟာ လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုကို လုံး၀ ရပ်တန့်သွား လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ ကျမတို့ သတိပြုမိပါတယ်။ ဒါပေမယ့် ဒါကို ကျမတို့က ရေရှည်မှာ ဆက်ပြီး လက်ခံတော့မှာ မဟုတ်ဘူး ဆိုတာကို ပြချင်တဲ့အတွက် လုပ်ခဲ့တာပါ။
အခုဆိုရင် ဒုတိယ ခရာမှုတ်လှုပ်ရှားမှု ကို အကောင်အထည်ဖော်ဖို့ ဝန်ထမ်းတွေ စုဆောင်းပြီးပါပြီ။ ဒီတကြိမ်မှာတော့ ကျမတို့က လှုပ်ရှားမှု တခုလုံးကို ဦးဆောင်တော့မှာမဟုတ်ပါဘူး။ တခြား အမျိုးသမီး အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ သူတို့ကို လှုပ်ရှားမှုအတွက် ဘယ်လိုလှုံ့ဆော်စုစည်းရမယ် ဆိုတာ သင်တန်းပေးပြီးတော့ ရန်ကုန်မြို့နေရာ အသီးသီးမှာ ဝေငှဖို့ အတွက် ခရာတွေ ပေးလိုက်ပါမယ်။ ရန်ကုန်အပြင်ဖက် တခြားနေရာတွေမှာတော့ ဘတ်စ်ကားတွေ မရှိနိုင်ပါဘူး။ ဒါပေမယ့် လမ်းတွေပေါ်မှာနဲ့ ဆိုင်ကယ် တက္ကဆီတွေပေါ်မှာ အမျိုးသမီးတွေကို စော်ကားနှောက်ယှက်မှုတွေ ကတော့ ရှိနေပါတယ်။
မေး။ ။ မြန်မာနိုင်ငံက လိင်သဘာဝ၊ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အစွဲအလမ်းတွေ၊ ဒါမှမဟုတ် မှားယွင်းနေတဲ့ အတွေးအမြင်တွေထဲက တချို့ကိုပြောပြပါလား။
ဖြေ။ ။ မြန်မာနိုင်ငံမှာ ကျမတို့ရဲ့ ရာသီသွေးဟာ မညစ်ညမ်းဘူးဆိုတာကို မိန်းမတွေက နားမလည်ကြဘူး။ အိမ်မှ ကျမ တို့ ရဲ့ အဝတ်တွေကို အခြောက်ခံဖို့ တန်းမှာလှန်းတဲ့အခါ မိန်းမတွေရဲ့ ဘောင်းဘီတွေ လုံချည်တွေကို မြင့်တဲ့ကြိုးတန်းမှာ ဘယ်တော့မှ မလှမ်းရဘူး။ ဒါမှမဟုတ် ယောက်ျား အဝတ်အစားတွေနဲ့ တူတူမလှမ်းရဘူး။ ပုံမှန်အားဖြင့်တော့ ကျမတို့ရဲ့ ဘောင်းဘီတွေ လုံချည်တွေကို ကြိုးတန်းအနိမ့်မှာ လှန်းရတယ်။ ဒါမှမဟုတ်ရင် သန့်ရှင်းမှု မရှိတဲ့၊ လေဝင်လေထွက် မကောင်းတဲ့ အိမ်နောက်ဖက် နေရာမျိုးမှာ လှန်းရတယ်။ တန်းပေါ်မှာ ဘာအဝတ်မှ မရှိတော့ရင်တောင် ကလေးပဲ ဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ် ယောက်ျားတွေ အဲဒီတန်းအောက်က ဖြတ်သွားလို့ မရဘူး။ ဖြတ်သွားမိရင် ဘုန်းနိမ့်တယ်လို့ ယူဆ ကြတယ်။
ဒီလို ယုံကြည်မှုတွေကို အကြောင်းပြုပြီး အလုပ်ဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ရှိနေပါတယ်။ မိန်းမတွေရဲ့ ရာသီ သွေးကို ကုန်စင်အောင် ဖယ်ထုတ်ပေးနိုင်တယ်ဆိုတဲ့ ဆေးတွေရှိတယ်။ အဲဒါကို ကေသီပန် လို့ခေါ်ပါတယ်။ ရုပ်မြင်သံကြားကနေလည်း ကြော်ငြာနေတော့ မြန်မာနိုင်ငံမှာ အရမ်းကို လူသိများတယ်။ ထုတ်လုပ်တဲ့ ကုမ္ပဏီလည်း စီးပွားရေးကောင်း ပြီး ပိုက်ဆံတွေလည်း အများကြီးရပါတယ်။ ဒါက ရိုးရာတိုင်းရင်းဆေး တမျိုးဖြစ်ပြီးတော့ မိန်းမတွေ ကိုယ်ဝန်ဖျက်ချချင်တဲ့အခါ သောက်တတ်ကြပါတယ်။ ဆေးပြားတွေ ပိုသောက်လိုက်ရုံပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျမတို့ သေသေချာချာ သုတေသန မလုပ်ရသေးပါဘူး။ ဘေးထွက်ဆိုးကျိုးတွေကိုလည်း မစမ်းသပ်ရသေးဘူး။
မိန်းမတွေရဲ့ မျိုးပွားအင်္ဂါက အညစ်အကြေးတွေနဲ့ အနံ့အသက်တွေကို ဖယ်ရှားပေးတယ်ဆိုတဲ့ ကုန်ပစ္စည်းတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် အဲဒါက ကျမတို့ သတိမမူမိကြတဲ့ ကျမတို့ အိမ်သာဝင်တဲ့ အခါတိုင်း သန့်ရှင်းအောင် ဆေးကြောသလိုမျိုး သဘာ၀ ဆေးနည်းတခုပါပဲ။ ဒါကြောင့် ကျမတို့ ဘက်တီးရီးယားတွေကို မကာကွယ်နိုင်ဘူး၊ မိန်းမမျိုးပွားအင်္ဂါ ဆိုတာ ညစ်ညမ်းတယ် ဆိုတဲ့ အယူအဆတွေကြောင့် ကုမ္ပဏီတွေ စီးပွားဖြစ်ကြပါတယ်။
ညစ်ညမ်းတယ်ဆိုတာက ရုပ်ပိုင်းဆိုင်ရာအရ ညစ်ပတ်တာကို ဆိုလိုတာမဟုတ်ပါဘူး။ ယုတ်ညံ့တယ် ဆိုတဲ့သဘောပါ။ ဒါကို ဥပဒေအရ ရေးဆွဲပြဌာန်းထားတာ မျိုးတော့မရှိပါဘူး။ တကယ်လို့ မြန်မာနိုင်ငံမှာ ယောက်ျားနဲ့ မိန်းမ တန်းတူညီမျှမှု ရှိသလားလို့ ကျမတို့ မြန်မာ အမျိုးသမီးတွေကို မေးရင် ရှိပါတယ်လို့ ဖြေကြလိမ်မယ်။ ဒါပေမယ့် ရင်ထဲမှာ မမြင်နိုင်တဲ့ အတွင်းဖက် နေရာမှာ တော့ ကျမတို့ဟာ ဒုတိယတန်းစား နိုင်ငံသားတွေ ဖြစ်ပါတယ် ဆိုတဲ့ ခံစားမှုက ရှိနေပါတယ်။
မေး။ ။ တခြား အစဉ်အလာ အယူအဆဟောင်းတွေရှိသေးပါသလား။
ဖြေ။ ။ နောက်ထပ် ဥပမာတခုပြရမယ် ဆိုရင် ကလေးမွေးတဲ့အခါ။ မီးဖွားထားတဲ့ မိန်းမဟာ ယုတ်ညံတယ်လို့ယူဆ ကြတဲ့အတွက် အနည်းဆုံး ၇ ရက်လောက် ထိတွေ့ဆက်ဆံဖို့ မသင့်ဘူးလို့ ထင်ကြတယ်။ ကလေးမွေးတဲ့ အချိန်မှာ အဲဒီ မိန်းမကို သီးသန့်ခန်း(မီးနေခန်း) တခုထဲမှာ ထည့်ထားတယ်။ ယောက်ျားတွေ မဝင်ရဘူး။ ကလေးရဲ့ အဖေတောင် အဲဒီ အခန်းထဲကို ဝင်ခွင့်မရှိဘူး။ ကလေးမွေးပြီး တပတ်လောက် အထိ အခန်းထဲမှာနေရတယ်။
အပျိုစင်မဟုတ်တဲ့ မိန်းမကို ဘယ်ယောက်ျားကမှ လက်ထပ်ယူမှာ မဟုတ်ဘူးဆိုတဲ့ အယူအဆလဲရှိသေးတယ်။ တကယ် လို့ အပျိုမစစ်ဘဲ လက်ထပ်မယ်ဆိုရင် သူ့ကို အသိုင်းအဝိုင်းက ကြဉ်ထားပါလိမ့်မယ်။ ယောက်ျားတွေကျတော့ ဘာကြောင့် လူပျိုစစ်ဖို့ မလိုတာလဲ။ ဒီလို အကြောင်းမျိုးတွေကို ကျမတို့ဆွေးနွေးရပါလိမ့်မယ်။
ဒီလိုပါပဲ။ မိန်းမတွေ ဘုရားစေတီတွေကို သွားခွင့်ရှိတယ်၊ ဒါပေမယ့် ဘုရား ပရဝုဏ်ထဲက တချို့နေရာတွေကို သွားခွင့် မရှိဘူး။ ကျမမြင်ခဲ့တဲ့ ဓာတ်ပုံတပုံမှာ ဘုရား ပရဝုဏ်ထဲမှာ လူတွေထိုင်နိုင်ဖို့ လုပ်ပေးထားတဲ့ ကွန်ကရစ်တံတိုင်းတခုနဲ့ အမျိုးသမီး မထိုင်ရ လို့ ရေးထားတဲ့ ဆိုင်းဘုတ် အနီကြီးတခုကို တွေ့ရတယ်။ ဒါပေမယ့် အုတ်တံတိုင်းပေါ်မှာ ခွေး တ ကောင်က အိပ်လို့။ ဒီတော့ အမျိုးသမီးတွေဟာ ခွေးလောက်တောင်မှ တန်ဖိုးမရှိသလို ဖြစ်နေတယ်။
မေး။ ။ ဒီအကြောင်းတွေကို ဆွေးနွေးဖို့ မိန်းမတွေကို တိုက်တွန်းရတာ ခက်ခဲပါသလား။
ဖြေ။ ။ တခါတလေကျရင် အမျိုးသမီးတွေက ကျမတို့ အဖွဲ့ဆီကို မလာချင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ကျမတို့က ဖိုမ သဘာဝကိစ္စတွေ ဆွေးနွေးကြတာကိုး။ သူတို့ဆွေးနွေးပွဲ လာတက်တာကို တခြားလူတွေသိသွားရင် တမျိုးမြင်သွားမှာ စိုးရိမ်ကြတယ်။ ပါဝင်ဆွေးနွေးဖို့လည်း အစပိုင်းမှာ တွန့်ဆုတ်နေပြီးတော့ နားထောင်ဖို့ပဲ စိတ်သန်ကြတယ်။ အပြင် အသိုင်းအဝိုင်းမှာက လိင်ကိစ္စနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပြောဆိုဝေမျှတာမျိုး မရှိဘူးလေ။ ဒါပေမယ့် ထင်ရှား ပြီး မှတ်မိလွယ်တဲ့ ဥပမာလေးတွေပြပြီး ဆွေးနွေးတဲ့ အခါမှာတော့ သူတို့ရဲ့ ကိုယ်ပိုင်အတွေ့ အကြုံတွေကို ဖွင့်ပြောလာ ကြပါတယ်။ ဒါကြောင့်လည်း ကျမတို့ ဒီ အမျိုးသမီးအဖွဲ့ကို စတင်ခဲ့တာပါ။ အပြန်အလှန် မျှဝေရင်းနဲ့ ကျမတို့ဟာ အထီးကျန် မဟုတ်ဘူးဆိုတာ သိစေချင်တယ်။ နောက်ပိုင်းကျရင်တော့ သူတို့ မေးခွန်းတွေ စတင် မေးလာကြပါတယ်။
ဆွေးနွေးပွဲ အချိန်အများစုမှာ တက်ရောက်သူတွေ အတွက်လေ့ကျင့်ခန်းတွေရှိပါတယ်။ ဖိုမ သဘာဝနဲ့ ပတ်သက် တဲ့ ပထမပိုင်း ဆွေးနွေးမှုတွေမှာ ဆိုရင် သဘောထားကောက်ယူတဲ့ ကစားနည်းတခုကို ကစားပါတယ်။ အားလုံးကို မတ်တပ် ရပ်ခိုင်းပြီးတော့ ကျမက သဘောထားမှတ်ချက်တခုကို ဖတ်ပြတယ်။ သဘောတူတဲ့သူက တခြားဖက်ခြမ်းကို သွား ရတယ်။ အဲဒါက စကားရည်လုပွဲ တခုကိုဖန်တီးပေးတာပါပဲ။
မေး။ ။ ဘယ်လိုသဘောထား မှတ်ချက်မျိုးတွေကို ဖတ်ပြပါသလဲ။
ဖြေ။ ။ နမူနာတခု ပြောရမယ်ဆိုရင် “ သင့်ရဲ့ အသက် ၄ နှစ် ငါးနှစ်လောက်ရှိမယ့် ကလေးတယောက်ကို မိဘတွေ နဲ့ မိဘရဲ့ သူငယ်ချင်းတွေရဲ့ ရှေ့မှာ ကိုယ်လုံးတီးနဲ့ မတ်တပ်ရပ်ခိုင်းမှာလား” နောက်ပြီးတော့ “သင့်ရဲ့ သားငယ်လေးကို ကိုယ်လုံးတီး နေခွင့်ပေးမှာလား” “တကယ်လို့ သင့်ရဲ့ ကလေးဟာ မိန်းကလေးဆိုရင်ရော ဒီလိုခွင့်ပြုမှာလား” ဆိုတာ မျိုးတွေဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကျမတို့ မိသားစု စီမံကိန်းတွေနဲ့ ပတ်သက်ပြီး မေးပါတယ်။ “ သန္ဓေတားဆေး သောက်သုံးရေးသည် အမျိုးသမီးများ၏ အဓိကတာဝန်ဖြစ်သည်” ဒီလို မဟုတ်ရင်လည်း “ယောက်ျားများက မိန်းမများထက် လိင်မှုဆိုင်ရာ လိုအင်ပိုများသည်”။ အဲဒီ တခုကိုတော့ အများစုက ဟုတ်တယ်လို့ ဖြေကြတယ်။ ယောက်ျားတွေဟာ သူတို့လိုချင်တာကို ရအောင်ယူရမယ်လို့ သူတို့တွေးကြတော့ လိင်ကိစ္စကို ပိုစိတ်ဝင်စားကြပေမယ့် ထိန်းချုပ်နိုင်စွမ်းတော့ မရှိကြဘူးလို့ ကျမတို့က ယုံကြည်ကြတယ်လေ။ နောက်တမျိုးကတော့ “ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုက မတော် မတရားကျင့်ခံရအောင် ဖိတ်ခေါ်သလိုဖြစ်နေသည်”။ ဒီတခါမှာလည်း အများစုက ဟုတ်တယ်လို့ ပြောကြတယ်။
မေး။ ။ ဒီလို ဆွေးနွေးမှုတွေ ပြီးတဲ့အခါ သဘောထားအမြင်ပြောင်းလဲသွားတာမျိုး သတိပြုမိပါသလား။
ဖြေ။ ။ အဲဒါက စောင့်ကြည့်လေ့လာဖို့ ခက်ပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲတွေပြီးတိုင်း သူတို့ရဲ့ မှတ်ချက်တွေ ဒါမှ မဟုတ် မေးခွန်းတွေကို တောင်းပါတယ်။ အမျိုးသမီးတွေကတော့ ခွန်အားတွေပြည့်လာသလို ခံစားရတယ်လို့ ပြောပါ တယ်။ သူတို့က “အခုဆိုရင် မိန်းမတွေမှာလည်း လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ လိုအပ်မှုတွေရှိတယ်ဆိုတာ သိသွားပြီ” လို့ ပြောကြတယ်။ တချို့ကတော့ သူတို့ ဒီအကြောင်းတွေ အရင်တုန်းက လုံး၀ မသိခဲ့ပါဘူး၊ ပိုပြီးလည်း သိချင်ပါတယ်တဲ့။ အများစု ကတော့ သူတို့ရဲ့ ရာသီသွေးဟာ မညစ်ညမ်းဘူးဆိုတာ သိလိုက်ရတဲ့ အတွက် စိတ်ထဲမှာ လွတ်လပ်သွားတယ် လို့ ပြောကြပါတယ်။
မေး။ ။ “အခရာ” ဟာ ဘာအတွက်ရပ်တည်ပါသလဲ။
ဖြေ။ ။ “အခရာ” ဆိုတာ မရှိမဖြစ်၊ သော့ချက်၊ အဓိက လို့ အဓိပ္ပါယ်ရပါတယ်။ မိန်းမတွေဟာ လက်အောက်ခံတွေလို ဖြစ်နေပေမယ့် မိသားစုမှာ မိန်းမတွေက မရှိမဖြစ်နေရာမှာ ရှိတယ်လို့ ကျမတို့ ယုံကြည်ထားပါတယ်။ တခါတရံမှာ မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုး အားလုံးကို မဖြစ်မနေ ထမ်းရွက်ရတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ကျမတို့ ဟာအဓိက သော့ချက် နေရာမှာ ရှိနေပြီးတော့ ကျမတို့ကလည်း ဒီနေရာကို ယူနိုင်ဖို့ အစွမ်းရှိသူတွေ ဖြစ်ပါတယ်။
( Samantha Michaels ၏ ‘Why Don’t Men Need to Be Virgins?’ ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။)