[irrawaddy_gallery]
၂၀၁၃ သြဂုတ်လသည် မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံးသော ပြည်လုံးကျွတ် ၈ လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှုကြီး ဖြစ်ခဲ့သည့် ၂၅ နှစ်ပြည့်မည့် ကာလဖြစ်သည်။ ထို့ကြောင့် ၈ လေးလုံး အရေးတော်ပုံကြီးတွင် ကဏ္ဍ အသီးသီးမှ နည်းမျိုးစုံ ပါဝင်ပတ်သက်ခဲ့ သူများ၊ တွေ့ကြုံခဲ့ရသူများ၏ အမှတ်တရ မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီက စုစည်း ဖော်ပြ သွားမည် ဖြစ်သည်။ ကျူရှင်ဆရာ ဦးရွှေလှဝင်း၊ ၈၈ ကာလတွင် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သော တပ်မတော်သားဟောင်း ဦးချစ်ဆန်းနှင့် ဇာတ်သဘင်ပညာရှင် ဦးမိုးဝင်းတို့၏ မမေ့နိုင်သော မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီ ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်။
ဦးရွှေလှဝင်း (ကျူရှင်ဆရာ၊ တံခွန် အင်္ဂလိပ်စာ)
ကျနော် အမှတ်ရဆုံး ဖြစ်ရပ်တချို့ကိုပြောရရင် ၈ လပိုင်း ၉ ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ်က အထက ၁ နဲ့ အထက ၃ က ကျောင်းသားတွေဟာ လက်ထဲမှာ သပြေပန်းတွေ ကိုင်ရင်း ချီတက်လာကြတာ ဇဝနလမ်းဆုံကို ရောက်လာတယ်။
အဲဒီနေရာကနေ မြို့ထဲဘက်ကို သွားတဲ့လမ်းမှာ ဘရင်းကယ်ရီယာနဲ့ စစ်တပ်က လမ်းပိတ် စောင့်နေတယ်။ ကျနော်က ကျောင်းသားတွေ မြို့ထဲဘက်ကို တက်မယ်လို့ ထင်ထားတဲ့ အတွက် ဝါးလုံးတလုံးကို ကိုင်ပြီး ကျောင်းသားတွေသာ မြို့ထဲဘက် သွားရင် တားမယ်၊ စစ်တပ်ကိုလည်း မေတ္တာရပ်ခံမယ် ဆိုပြီး ထွက်လာတော့ ကျောင်းသားတွေက မြို့ထဲ ဘက်ကိုမဟုတ်ဘဲ ဇဝန လမ်းဆုံကနေ ညာဘက်ကို ကားလမ်းအတိုင်း သွားပြီး ၁၆ ရပ်ကွက် အထက ၂ ဘက်က ကျောင်းသား တွေနဲ့ ပူးပေါင်းပြီးမှ မြို့ထဲကို ဆက်သွားမယ်ဆိုပြီး ချီတက် သွားတယ်။ ဒါနဲ့ စိတ်အေးပြီး မြို့ထဲကပဲ သူတို့ကို စောင့်နေတော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ သုံးဘီးကား ငှားပြီး ထွက်လာတယ်။
အဲဒီနေ့ ညနေဘက် မြို့ထဲကနေ ပြန်ရောက်တဲ့ အခါကျတော့မှ ကျနော့် ကျူရှင်ကျောင်းက တံခါးတွေ ရိုက်ချိုးထားလို့ ပွင့်နေပြီး ကြက်ခြေနီ အလံတခုကိုလည်း ထောင်ထားတယ်။ ရောက်ရောက်ချင်းပဲ မြို့နယ် ကြက်ခြေနီ ခေါင်းဆောင်လို့ ထင်ရတဲ့ လူငယ်လေးက ကျနော်တို့ အထက ၂ ဘက်မှာ ပစ်ခတ်လို့ ဒဏ်ရာရတဲ့ လူနာတွေကို ဆေးကုစရာ နေရာလည်း မရှိတော့ ဆရာ့ရဲ့ ကျောင်းတံခါးကို ရိုက်ချိုးပြီး ဆေးကုနေတာပါ၊ ကျောင်းသား ၃ ယောက်လောက် သေသွားပြီး ကျန်တာ တွေတော့ ဒဏ်ရာပဲ ရခဲ့ကြတယ်လို့ တောင်းပန်ရင်း ပြောတယ်။ ကျနော်က ကိစ္စမရှိဘူး ဆိုပြီး အဲဒီ ၁ ရက်တော့ စခန်းချခဲ့ ကြတယ်။ ကျန်တာတွေတော့ စစ်တပ်က သယ်သွားတယ်။
အဲဒီနောက်ပိုင်း သင်္ဃန်းကျွန်း အထက ၁ မှာ ကျောင်းသားတွေ သပိတ်စခန်းဖွင့်တော့ ကျနော်က နာယက အနေနဲ့ ဆက်လှုပ်ရှား ခဲ့တယ်။ ရက်ဆက် သပိတ်တွေက ဆက်တိုက်ဖြစ်နေတယ်။
အင်းစိန်ထောင်လည်း ဖောက်ခံရတော့ ရပ်ကွက်တွေ မှာလည်း အလုပ်ပိုရှုပ်လာတယ်။ ခြံစည်းရိုးတွေခတ်၊ လုံခြုံရေးတွေ လုပ်ကြနဲ့၊ အဖျက် သတင်းတွေကလည်း ပျံ့နှံ့နေတယ်။ ကန်တွေမှာ၊ ရေဘုံပိုင်မှာ စတဲ့ နေရာတွေမှာ ဆေးခတ်တယ်လို့ သတင်းတွေက ထွက်နေတယ်။
အဲဒီမှာ ကျနော်တို့က ဒီအတိုင်း နေလို့မရတော့လို့ မြို့နယ်ကွပ်ကဲရေးတော့ ဖွဲ့ဖို့လိုတာနဲ့ လူကြီးတွေပါ ပါအောင် အထက ၁ မှာပဲ အဲဒီအဖွဲ့ ဖွဲ့လိုက်တယ်။ မြို့နယ် ရဟန်းပျိုဥက္ကဋ္ဌ ဦးကုသလက ဥက္ကဋ္ဌ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအဖွဲ့က ဦးကျော်အေး၊ ကျောင်းသားတွေနဲ့ အတူတူ လှုပ်ရှားနေတဲ့ ဦးမြင့်သိန်းတို့က ဒုဥက္ကဋ္ဌတွေပေါ့၊ ကျနော်က အတွင်းရေးမှူး၊ ကျောင်းသားထဲက ကိုအာကာက တွဲဘက် အတွင်းရေးမှူးဆိုပြီး ဖွဲ့လိုက်ကြတယ်။
အဲဒီလို ဖွဲ့ပြီး ညနေမှာ နေရာသတ်မှတ်ဖို့ ဘီအိုစီဘက်က ဂိုထောင်တခုမှာ ရုံးဖွင့်တယ်။ စခန်းချလို့ နောက်တနေ့မှာပဲ ခေါင်းဖြတ်တဲ့ ကိစ္စက ဝင်လာတယ်။
ရုံးထဲကို ရဟန်းတပါးနဲ့ ဓား၊ တုတ်၊ ဂျင်ကလိတွေ ကိုင်ထားတဲ့ လူ ၁၀ ဦး ဝန်းကျင်လောက်က ဖမ်းလာတယ်ဆိုပြီး ခေါင်းကို လည်း အစွပ်တွေစွပ်ပြီး လူတွေ သယ်လာတဲ့ ကားတစီး ရောက်လာတယ်။ ဘာဖြစ်လို့လဲလို့ မေးလိုက်တော့ ဒီလူတွေက ထောက်လှမ်းရေးက ပိုက်ဆံပေးပြီး လွှတ်ထားတဲ့ အဖျက်သမားတွေလို့ ထင်တယ်၊ သူတို့ကို နှင်းဆီကုန်းဘူတာနဲ့ သင်္ဃန်းကျွန်း ဘူတာအကြားမှာ ဖမ်းမိတာလို့ ပြောတယ်။ သူတို့ကို ကြည့်လိုက်တဲ့ အခါမှာလည်း ဆေးထိုးထားသလိုပဲ ဖြစ်နေတယ်။ ဒါကြောင့် ထောက်လှမ်းရေးက လွှတ်လိုက်တာ ဖြစ်နိုင်တဲ့အတွက် သူတို့ကို သတ်ဖို့ စီရင်ချက် ချပေးဖို့ လာတာလို့ ပြောတယ်။
ဖမ်းလာတဲ့ သူတွေကို ကြည့်တော့လည်း တကယ်ပဲ ဆေးကြောင်နေသလို၊ ဘာမှလည်း မေးလို့မရဘဲ ဒီအတိုင်း ကြည့်နေတယ်၊ တယောက်မှ မေးလို့မရဘူး။ အဲဒီသတင်းကလည်း မြို့နယ်မှာ အကုန်လုံး ပျံ့သွားပြီး လူတွေက ရောက်လာပြီး ကွပ်ကဲရေးရုံး ရှေ့မှာ တဖြည်းဖြည်း များလာတယ်။ နောက် ဒီလူတွေရဲ့ ရောက်လာတဲ့ လမ်းကြောင်းကို စုံစမ်းကြည့်တော့ သင်္ဃန်းကျွန်းက ရဟန်းပျိုအဖွဲ့၊ သပိတ် ကျောင်းသားအဖွဲ့တွေဆီကို ရောက်ပြီးသွားပြီ။ ဟိုကလည်း လက်မခံလို့ ဒီကို ထပ်ရောက်လာတာ။
လူတွေက သင်္ဃန်းကျွန်းမှာ ကျောင်းသားတွေ သေခဲ့တာ၊ အဖျက်လုပ်ငန်း သတင်းတွေ ကြားရတာနဲ့ ဆိုတော့ လူတွေက ဒါနဲ့ ပတ်သက်လာရင် အရမ်းမုန်းနေကြတော့ ထိန်းမရဖြစ်နေပြီ။
အဲဒီအချိန်မှာ ကွပ်ကဲရေးဥက္ကဋ္ဌ ရဟန်းနဲ့ ပါလာတဲ့ ရဟန်းတို့ ပြောဆိုနေကြတာလည်း နာရီဝက်လောက် ကြာနေတော့ ဒီအတိုင်း ထားလို့တော့ မဖြစ်တော့ဘူး၊ ပြောနေတာရပ်တော့ ဆိုပြီး အသံချဲ့စက်နဲ့ လူထုကို ပြောဖို့ စီစဉ်တယ်။ ရဟန်းပျို ဥက္ကဋ္ဌနဲ့ ကျနော်နဲ့ ကျောင်းသားခေါင်းဆောင်က လူထုကို နားလည်အောင် ရှင်းပြ၊ ဖြောင်းဖြလိုက်ရင် ဒါက တရားခံတွေ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ နားလည်အောင် လုပ်လို့ရမယ်လို့ ထင်တယ်။ ဒါပေမယ့် အသံချဲ့စက်က အဲဒီအချိန်မှာ ပျက်နေပြန်တယ်။ လာပို့တဲ့ သူတွေကလည်း ဒီလူတွေကို သတ်ပေးဖို့ပဲ တောင်းဆိုနေတယ်။
အဲဒီအခါမှာ ကျနော်တို့အဖွဲ့ကလည်း လူသတ်အဖွဲ့ မဟုတ်ဘူး၊ လူတွေကို ကာကွယ်ဖို့ အတွက် ဖွဲ့ထားတာ၊ မသတ်ပေး နိုင်ဘူး၊ ဒီနေရာမှာလည်း သတ်ဖို့ကို ခွင့်မပြုနိုင်ဘူး၊ ဖမ်းလာတဲ့ နေရာကို ကိုယ့်ဘာသာ ပြန်ခေါ်သွား၊ ဒီဟာကို ဘာမှ မဖြေရှင်း ပေးနိုင်ဘူးဆိုပြီး သူတို့ ပြန်ထွက်ဖို့ လူအုပ်ကြားက ကျောင်းသားတွေနဲ့ ကားတစီး ထွက်နိုင်အောင် လမ်းရှင်း ပေးတယ်။
ဒါပေမယ့် ဘီအိုစီလမ်းဆုံက ဧရာဝတီရုပ်ရှင်ရုံ နားလည်းရောက်ရော ထောင်ထွက်တွေပါတဲ့ လူအုပ်ကြီးက ကားပေါ် အတင်း တက်လာကြပြီး ကားကိုရပ်ခိုင်း၊ ခေါ်လာတဲ့ လူတွေကို ဆွဲချပြီး ခေါင်းဖြတ် သတ်တော့တာပဲ။ ကာတဲ့သူတွေက အန္တရာယ် ရှိတော့မှာမို့လို့ နောက်ဆုတ်လိုက်ပြီး ရပ်ကြည့်နေ ကြရတယ်။ ဓားတွေ၊ တုတ်တွေ၊ ဂျင်ကလိတွေ ကလည်း ဘေးနားမှာ အဆင်သင့် ကိုင်ထားကြတော့ ဝင်တားတဲ့ သူကိုပါ လုပ်မယ့်ပုံစံတွေ။ ဘေးက လူတွေကလည်း “အကုန်လုံးသတ်၊ သတ်ကြ၊ သတ်ပစ်လိုက်” လို့ ဝိုင်းအော်နေတယ်။
သတ်တဲ့အခါမှာလည်း လူတွေက နာကျည်းလွန်းလို့လား မသိဘူး၊ တယောက်ကို ခေါင်းဖြတ်သတ်လိုက်၊ လူတွေအကုန်လုံး က လက်ခုပ်တီးလိုက်၊ နောက်တယောက်ကို ခုတ်လိုက်၊ လက်ခုပ်တီးလိုက်နဲ့ တကယ့်ပွဲလမ်း သဘင်ကြီး ကျင်းပနေသလိုပဲ။ လူတွေရဲ့ စိတ်က ဘယ်လို ပြောင်းလဲသွားမှန်းကို မသိတော့ဘူး။ တကယ် စိတ်မကောင်းစရာပဲ။
အဲဒီလိုနဲ့ ကျနော်တို့လည်း အဲဒီလူတွေကို ဘယ်လိုမှ ကယ်လို့မရတော့ဘဲ ဒီအတိုင်း ရပ်ကြည့်ခဲ့ရတယ်။ အဲဒီညမှာပဲ ကျနော်တို့ မြန်မာ့အလင်း သတင်းစာတိုက်ကို သွားပြီး သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ ဒီမှာတော့ ဒီလို ခေါင်းဖြတ် သတ်တာ ဖြစ်သွားပြီ၊ ဒါတွေက မြို့နယ်ကွပ်ကဲရေး အဖွဲ့နဲ့လည်း ဘာမှမဆိုင်ဘူး၊ ဘယ်လိုမှလည်း တားလို့မရဘူး ဆိုပြီး လုပ်ခဲ့တယ်။
နောက်နေ့ သတင်းစာထဲမှာလည်း အဲဒီသတင်း ပါလာတယ်။
ဦးချစ်ဆန်း (၈၈ ကာလတွင် ပြည်သူ့ရင်ခွင် ခုံလှုံခဲ့သော ဆန္ဒပြ တပ်မတော်သားဟောင်း)
အဲဒီအချိန်မှာ ကျနော်က တပ်မတော်ကြည်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ခရေပင်လမ်းခွဲ၊ ရေး ၁ ဌာနမှာ တပ်ကြပ်ကြီး တယောက် အနေနဲ့ တာဝန်ထမ်းဆောင် နေတဲ့အချိန်ပါ။
၈၈ အရေးတော်ပုံ အချိန်မှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ပထမ တပ်ကြပ်ကြီး ဆန်းမင်းထွန်းနဲ့အတူ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကနေ ထွက်လာပြီ။ နောက်တော့ ကျနော်နဲ့ စစ်တပ်ထဲမှာ အခြေခံ သင်တန်း အတူတူ တက်ခဲ့ဲကြတဲ့ တပ်သား ခင်ဇော်တို့ သူငယ်ချင်းတွေကပါ ထွက်လာတယ်။ ကျနော်တို့ ထွက်လာတုန်းက လက်နက်တွေ မပါခဲ့ဘူး။
သင်တန်း နောက်အပတ်စဉ်က တပ်သား ဝင်းထွန်း ထွက်လာတော့ G-4 သေနတ် တလက် ပါလာတာကို နောက်မှ သိရတယ်။ သူထွက်လာတဲ့ အချိန်မှာ ကျနော်တို့ ထွက်လာတဲ့ တပ်မတော်သားတွေက ကျောင်းသားသပိတ် အဖွဲ့တွေနဲ့ ပူးပေါင်းနေပြီ။
အဲဒီ ကျောင်းသားသပိတ် ကော်မတီရဲ့ စီစဉ်မှုနဲ့ ကျနော်တို့အဖွဲ့ကို မြို့ထဲက သရက်တော ကျောင်းတိုက်ကို အပို့မှာ ဆေးရုံ ကြီးရှေ့က လသာ အထက အမှတ် ၁ ကျောင်းရှေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်။ အဲဒီမှာ တပ်မ ၂၂ က ဗိုလ်ကြီး စိုင်းဝင်းကျော်က လက်နက်မပါဘဲ လာရောက် ပူးပေါင်းတယ်။ သူနဲ့ ပူးပေါင်းပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တယ်။
အဲဒီကနေ တပ်မတော်သား အဖွဲ့တွေကို သရက်တော ကျောင်းထဲကို ပို့တယ်။ သရက်တော အရောက်မှာ တခြား ကြည်းတပ်က တပ်မတော်သားတွေ ထပ်ရောက်နေတယ်။ ခလရ ၁၆ က စစ်သား ၁၆ ယောက်၊ တပ်မ ၄၄ နဲ့ တခြား တိုင်းနဲ့ ပြည်နယ် အသီးသီးက စစ်သားတွေ ပေါင်းလိုက်ရင် ကြည်းတပ် တခုတည်းကပဲ ၄၅ ယောက်လောက် ရှိမယ်။ အဲဒီအချိန်မှာ တပ်မတော်လေနဲ့ ရေက သူတို့ရဲ့ ဘားတိုက်တွေ ရှေ့မှာ ထွက်ပြီး ဆန္ဒပြနေကြတဲ့အချိန် ဖြစ်နေပြီ။
အဲဒီလို ချီတက် ဆန္ဒပြနေကြတာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂရဲ့ ဦးဆောင်မှုအောက်မှာပဲ စစ်သားတွေက ပူးပေါင်းနေတယ်။ ဘယ်နေ့တွေမှာ ဒီလိုပူးပေါင်းခဲ့တယ် ဆိုတာတော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် ပစ်ခတ်မှုတွေ စမဖြစ်ခင် ကတည်းက စစ်သားတွေက ထွက်နေပြီ။
စစ်သားတွေ ထွက်ပြီး ဆန္ဒပြနေချိန်မှာလည်း ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်တယ်။ ဆေးရုံကြီးရှေ့၊ ဆူးလေ စတဲ့ နေရာအနှံ့မှာ ပစ်ခတ်နေတယ်။ သရက်တော ကျောင်းတိုက်မှာ စတည်းချ နေချိန်မှာလည်း ကြိုကြားပစ်ခတ် နေသေးတယ်။ တနိုင်ငံလုံး ကလည်း အဖွဲ့ပေါင်းများစွာက ထွက် ဆန္ဒပြတယ်။
အဲဒီလို ဆန္ဒပြနေရင်း အာဏာ မသိမ်းခင် တရက်မှာ ကျနော်တို့အဖွဲ့က ဆန္ဒပြတာကို တရက်နား နေလိုက်တယ်။ ကျနော်တို့နဲ့ အခု NLDက ဦးတင်ဦးတို့ မိန့်ခွန်းခြွေ ဆွေးနွေးနေတယ်။ လူငယ်စစ်သားတွေက တိုက်ခိုက်ရေး ဗျူဟာဘက်ကို
ပြောပြီး သူတို့လူကြီးတွေက ငြိမ်းချမ်းတဲ့ နည်းနဲ့ပဲ စစ်တပ်ထဲက စစ်သားတွေ ထပ်ပါလာအောင် ဘယ်လို စည်းရုံးကြမလဲ ဘက်က ဆွေးနွေးတယ်။
အဲဒီမှာပဲ ကုန်သွယ်ရေးရုံးမှာ စစ်သားတွေနဲ့ ပြဿနာတက်တယ်။ ဦးတင်ဦးလည်း အဲဒီနေရာကို ထွက်သွားတယ်။ အဲဒီဖြစ် စဉ်မှာ ကျနော်တို့ ကြည်းတပ်က အဖွဲ့တွေ မပါဘူး။ လေတပ်နဲ့ ရေတပ်က စစ်သားတွေပါတယ်။ စစ်သားတွေနဲ့ လူထုတွေ
ချီတက် ဆန္ဒပြနေတာ ကုန်သွယ်ရေးရုံးရှေ့ ရောက်ချိန်မှာ သေနတ် ၅ ချက်လောက် ပစ်တာ ကြားလိုက်ရတယ်။ လူထုတော့ ထိခိုက်တာ မတွေ့ရဘူး။
အဲဒီမှာ ဆန္ဒပြနေကြတဲ့ ပြည်သူလူထု၊ ကျောင်းသား၊ သံဃာတော်တွေ၊ ရေနဲ့ လေတပ်က စစ်သားတွေက ကုန်သွယ်ရေးရုံး ထဲကို အတင်းတက်ပြီး ဝင်စီးတော့တယ်။ အဲဒီလိုလုပ်တော့ အထဲကစစ်သားတွေက ပစ်ခတ်တာတွေ လုံးဝမလုပ်ခဲ့ဘူး။ ပစ်ချင်တဲ့စိတ်ပဲ မရှိတော့တာလား၊ အထက်ကပဲ ပစ်ခွင့် မပေးတော့တာလား မသိဘူး။ အဲဒီ တပ်ခွဲမှူးလား၊ တပ်စုမှူးလား မသိဘူး၊ ဗိုလ်ကြီးခင်မောင်ချို ဆိုတဲ့သူက ဦးစီးတဲ့အဖွဲ့ကို သံဃာတော်တွေနဲ့ ဦးတင်ဦးတို့က ကယ်လိုက်ရတယ်။
အဲဒီအဖွဲ့က လက်နက်တွေကို ဝင်စီးတဲ့အဖွဲ့တွေက အကုန် ယူလိုက်ကြတယ်။ အဲဒီ လက်နက်တွေကို စံပြရုပ်ရှင်ရုံဘက်ကို ယူလာတဲ့ အခါကျတော့မှ အန္တရာယ်ရှိတယ်၊ AK – 47၊ 40 – M၊ ကာဘိုင်သေနတ်၊ ဘရင်းဂန်း၊ စက်လတ်၊ G-4၊ ၂ လက်မ စိန်ပြောင်းနဲ့ ကျည်ဆံတချို့၊ လောင်ချာတွေ၊ ဗုံးသီးသုံး လက်နက်တွေ ပါတော့ ကျနော် တို့က ယူထားလိုက်တယ်။ လက်နက် တွေက ပစ္စည်းအစုံအလင်တော့ မပါဘူး။
အဲဒီမှာ ဦးတင်ဦးက လက်နက်တွေ တစုတစည်းတည်း ထားဖို့၊ တိုင်းပြည် အခြေအနေက မကြာခင် အာဏာသိမ်းတော့မယ့် ပုံစံ ရှိနေတယ်လို့ လာပြောတယ်။
ဒီလိုနဲ့ အာဏာသိမ်းတဲ့ရက်မှာ သရက်တော ကျောင်းနားက ရွှေတောင်တန်းလမ်းထိပ်မှာ ဟောပြောနေကြရင်း အာဏာ သိမ်းကြောင်းလည်း ကြေညာရော အကုန်ပျောက် ကုန်တယ်။
အဲဒီမှာ ကျနော်တို့ ဆန္ဒပြကြတဲ့ စစ်သားတွေရဲ့ ဘဝက စတာပဲ။ မရေရာမှုတွေ စဖြစ်တော့တာပဲ။
အရင် သရက်တော ကျောင်းတိုက်ရောက်တဲ့ အချိန်မှာ စားစရာ၊ နေစရာ ဘာမှ မပူခဲ့ရဘူး။ ကျောင်းသားတွေ၊ လူထုတွေက လိုလေသေးမရှိ ထားခဲ့ကြတယ်။ အာဏာလည်း သိမ်းရော ညနေ ၆ နာရီ ထိုးတာနဲ့ ဘုန်းကြီးကျောင်းတွေက တံခါးတွေ အကုန် ပိတ်လိုက်ရော။ ကျနော်တို့က သရက်တော ကျောင်းတိုက်ထဲက လမ်းပေါ်မှာ ရောက်နေပြီ။ အဲဒီအချိန်မှာ ရေတပ်နဲ့ လေတပ်တွေ မရှိတော့ဘူး။ ဘယ်မှ မသွားနိုင်တာ ကြည်းတပ်က စစ်သားတွေပဲ ရှိတော့တယ်။
အဲဒီအခါမှာ ခလရ ၁၆ က ကျော်ဝင်းစိန်၊ ဒုတပ်ကြပ် အောင်ဌေးတို့နဲ့ လက်နက်တွေထုတ်ပြီး ကျနော်နဲ့ တိုင်ပင်ပြီး နိုင်ငံရေး သမားတွေက ရှောင်ဖို့ ပြောတယ်။ ကျနော်တို့က ရှောင်ရင် ပိုပြီး ဒုက္ခရောက်မှာ၊ သူ့လူ ကိုယ့်လူရောပြီး တိုက်ရင်း အလျဉ်း သင့်သလို လွတ်မြောက်ဖို့၊ ပြေးဖို့ ဆွေးနွေးရင်း ကျနော်တို့ စစ်သားတွေမှာ ၂ ဖွဲ့ ကွဲသွားတယ်။ နိုင်ငံရေးသမားတွေနဲ့ လိုက်ချင်သူက လိုက်၊ ကျန်ချင်သူက ကျန်ဆိုပြီး ရတဲ့လက်နက်လေးနဲ့ သရက်တော ကျောင်းတိုက်က အပေါက် ၄ ပေါက်မှာ ခွဲပြီး အစောင့်ချတယ်။
အာဏာသိမ်းတဲ့အတွက် သေနတ်ပစ်သံတွေက ကြားနေရတယ်။ ဒါပေမယ့် ကျနော်တို့ရှိနေတဲ့ သရက်တော ကျောင်းတိုက် မှာ လက်နက်တွေလည်းရှိ၊ ပစ်ခတ်နိုင်တဲ့၊ တိုက်ရည်ခိုက်ရည်ရှိတဲ့ သူတွေလည်း ရှိတယ်လို့ သိထားကြတော့ အဲဒီညက ဘာမှ မဖြစ်ခဲ့ဘူး။ တညလုံး ကျနော်တို့က ခွဲပြီး ကင်းစောင့်ခဲ့တယ်။
မနက် ၄ နာရီ ဝန်းကျင်လောက်မှာ ဒီအတိုင်း မိုးလင်းသွားရင် လူရောဖို့က ပိုခက်လိမ့်မယ်ဆိုပြီး ကျနော်တို့ လက်နက်တွေ ပြန်စု၊ ဘုန်းကြီးကျောင်း တကျောင်းမှာ ဝှက်ပြီးတော့ လူတွေက အရပ်ဝတ်တွေလဲ၊ ဘုန်းကြီးတွေနဲ့ ဆွမ်းခံထွက်သလိုနဲ့ ကြည်းတပ် အဖွဲ့တွေ အကုန်ထွက်ကြတယ်။
အဲဒီကနေ ကိုယ့် အဆက်အသွယ်တွေနဲ့ကိုယ် ဆက်သွယ်ပြီး ခိုအောင်းနေကြတယ်။ အဲဒီလိုနေရင်း နေ့လည်ပိုင်းမှာ စစ်တပ်က အဲဒီ သရက်တော ကျောင်းဝင်းကို သံဆူးကြိုးခတ်ပြီး ဝင်စီးလိုက်တယ်။ ကျနော်တို့က အပြင်ဘက် ရောက်နေပြီ။
ကျနော်တို့ ပုန်းလျှို့ကွယ်လျှိုး ခိုကပ်နေရင်း တနေ့မှာ ကျောင်းသားအဖွဲ့တဖွဲ့က လာဆက်သွယ်ပြီး လက်နက်မဲ့ စစ်သင်တန်း ပေးဖို့ တိုင်ပင်ကြတယ်။ အဲဒီအချိန်မှာ တပ်မှူးဟောင်းများ အဖွဲ့နဲ့ ချိတ်ပြီး ကျနော်တို့ ဆန္ဒပြမှုမှာ ပါခဲ့တဲ့ စစ်သားတချို့က စစ်သင်တန်းတွေ ပေးနေတာကို ကြားပေမယ့် ကျနော်တို့အဖွဲ့နဲ့ ချိတ်ဆက်မိတာ မရှိခဲ့ဘူး။
ကျနော်တို့က ကျောင်းသားတွေနဲ့ စစ်သင်တန်းပေးဖို့ပဲ ချိတ်မိပြီး လုံခြုံတဲ့နေရာတခုမှာ နေရင်း သင်တန်းပေးခဲ့ကြတယ်။ ပုံနဲ့ သင်ပေးရတာပေါ့။ သင်တန်းပေးခဲ့တာ ၁၀ ရက်လောက်ကြာမယ်။ အဲဒီအဖွဲ့က ဘယ်လမ်းကြောင်းနဲ့ တောထဲသွားမယ် ဆိုတာတော့ ကျနော်တို့ မသိခဲ့ဘူး။ နောက်ပိုင်း ဟိုကပ်ပုန်းနေ၊ ဒီကပ်ပုန်းနေနဲ့ ကျနော်တို့ အဖွဲ့လည်း ကွဲလာတယ်။ ဘယ်သူကမှ တိကျတဲ့ ညွှန်ကြားမှုတွေ မရှိခဲ့ကြဘူး။
ဘယ်သူမှလည်း တာဝန်ယူခဲ့တာမရှိဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်ပုန်းခဲ့ကြတယ်။ အာဏာမသိမ်းခင် အထိ ချိတ်ဆက် တာတွေကလည်း အာဏာလည်းသိမ်းရော အကုန်လုံး ပျောက်ကုန်တယ်၊ ပြန်ရှာတော့လည်း မတွေ့ခဲ့ရဘူး။ ဘယ်လမ်း ကြောင်းကို ဆက်လျှောက်ရမယ် ဆိုတာ လမ်းပျောက်တော့တယ်။ အပြင်ထွက်၊ တောခိုဖို့ပဲ ရှိတော့တယ်။
ဒါနဲ့ ကျနော်တို့ ကိုယ့်ဒေသကိုယ် ခဏပြန်ကြတော့ ဖမ်းမိတော့တာပဲ။ အဲဒါက ၁၉၈၉ ခုနှစ် ၅ လပိုင်း လောက်မှာ မိတာ။ ရန်ကုန်တိုင်း တိုင်းမှူးက ဗိုလ်ချုပ်မျိုးညွန့်၊ ကုန်းမြင့်သာယာက တပ်အချုပ်ထဲမှာ ၅ လ နေပြီးတော့မှ အင်းစိန်ထောင်ကို ရောက်တယ်။
ပထမ ရည်ရွယ်ချက်က ဒီမိုကရေစီအရေးနဲ့ လုပ်ခဲ့တာပေါ့။ တောခို၊ အပြင်ထွက်ဖို့ကလည်း အဆက်အသွယ်မရှိခဲ့ဘူး။ စစ်ခုံရုံး ကလည်း ဆွဲချတဲ့ အရာရှိပဲရှိတယ်၊ ခုခံကာကွယ်ပေးမယ့် အရာရှိက ဘယ်သူမှမရှိဘူး။ ကျနော်ကိုယ်တိုင် ခုခံမယ်လို့ ပြောတော့ အဲဒီက အရာရှိက ဆရာကြီးရဲ့ အမိန့်ကို အထက်က တခါတည်း ချထားပြီးသားတဲ့။ ခုခံလို့လည်း အလကားပဲတဲ့။
အဲဒါ နဲ့ နိုင်ငံတော် ပုန်ကန်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်း ကျခဲ့တယ်။ ကျနော်နဲ့ တရက်တည်း အင်းစိန်ရောက်တာ ဦးအောင်လွင်၊ ဦးသော်က (ဗိုလ်မှူး ဘသော်)၊ မင်းသိင်္ခ အကုန်လုံးက တကျွန်းတွေနဲ့ အတူတူ ရောက်တာ။ ထောင်ထဲမှာ လည်း ကျနော့်လို စစ်တပ်ဘက်က ထောင်ကျလာတာတွေ အများကြီးပဲ။
ဦးမိုးဝင်း (ဇာတ်သဘင် ပညာရှင်)
၈၈ အကြောင်း အမှတ်တရပြောရရင် ကျနော်ကမသေလို့ ကျန်ခဲ့တဲ့သူပါဗျာ။ ၈၈ ရဲ့ အတွေ့အကြုံဟာ စိတ်ဒဏ်ရာရော၊ လူဒဏ်ရာတွေလည်း အများကြီးရခဲ့ပါတယ်။ ခါးသီးတဲ့ အတွေ့အကြုံတွေလည်း ရခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲ့ဒါကြောင့်ပဲ အခုမှ ရောင်ခြည်လေး သန်းတာလေးကို မြင်တွေ့နေရတာပါ။ ကျနော်တို့ လိုချင်တာတော့ အပြည့်အဝကြီး လိုချင်ပါတယ်။
ကျနော်က သဘင်သမဂ္ဂ အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ပါဝင်ပြီးတော့ ကိုသူရ (ဇာဂနာ) တို့၊ ဦးမိုးမင်း၊ ကိုအရိုင်း၊ ကိုဇင်ဝိုင်း၊ ကိုရဲစိန်၊ ကိုညီဝင်းစိန်တို့နဲ့ ဧည့်သည်တော် ဂျေညီညီတို့ အုပ်စုလိုက်ကြီး သွားသွားပြီးတော့ တရားဟောတာပေါ့။
တရားဘယ်လောက်တောင် ဟောရလဲဆိုရင် များလွန်းလို့ မမှတ်မိတော့ပါဘူး။ အများကြီးပါပဲ။ မြင်ကွင်းဆိုး တွေလည်း ကြုံခဲ့ရပါတယ်။ ပြေးကြ၊ လွှားကြတာတွေလည်း အများကြီးပါပဲ။ ကိုယ်တိုင်လည်း ပြေးခဲ့ရတာပါတယ်။
မြင်ကွင်းဆိုးတွေရော၊ ကိုယ်တကယ် အကျုံးခံခဲ့ရတာလည်း ရှိပါတယ်။ မြင်ကွင်းဆိုးတွေ အကြောင်းဟြေရရင်လည်း အများ ကြီးဖြစ်နေမှာပဲ။
ကျနော် ကိုယ်တိုင်လည်း အထိုးအကြိတ်ခံ၊ အရိုက်အနှက် ခံရတာတွေ အများကြီးရှိပါတယ်။ အဲဒါကတော့ ထောင်ထဲကို ရောက်တဲ့အချိန်၊ အချုပ်ထဲကို ရောက်တဲ့ အချိန်ပေါ့နော်။ ပထမတော့ အင်းစိန်ထောင်ထဲ ရောက်သွားတဲ့ အခါမှာ ကိုယ်က မင်းသားပဲ။ အံ့အား အရမ်းသင့်မိ သွားတယ်။ အချုပ်ထဲအထိ အထိုးအကြိတ်ခံရတဲ့ အခါမှာတော့ သိပ်အံ့အား မသင့်ဘူး။
ကျနော်တို့ကို ထောင်ထဲ ပို့လိုက်တော့မှ အရမ်း အံ့အားသင့်သွားတာ။ ဘယ်လို ရောက်လာလဲပေါ့နော်။ အဲဒီအချိန်မှာ ထောင်ကြီးက ပျက်စီးနေပြီ၊ အဲဒီအချိန်မှာ သတ်ရင်လည်း သတ်လို့သတ်မှန်း၊ သေရင်လည်း သေလို့သေမှန်းတောင် သိမှာ မဟုတ်ဘူး။ စိတ်ထဲမှာ ကြောက်မိပါတယ်။
ဘာလို့လဲ ဆိုတော့ ငါ့ကို ဘယ်သူသတ်မလဲ လို့ပေါ့နော်။ စားရတာကအစ၊ နေရထိုင်ရတာက အစ၊ သွားရတာက အစ အကုန်လုံးက အဆင်မပြေပါဘူး။ ဒါပေမယ့်လည်း ထောင်ထဲမှာ တွေးတာက ငါသည် မကောင်းတာလုပ်တာ မဟုတ်ပါဘူး။
ပြည်သူတွေဘက်က ရပ်တည်လို့ ငါဒီလိုခံရတာ ဘာဖြစ်လဲ၊ ခံမယ်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ လုံး၀ ရပ်တည်ခဲ့ပါတယ်။ အဲဒါတွေကတော့ ၈၈ မှာ ကျနော့်ရဲ့ အမှတ်တရတွေပါပဲ။ ဒီအသီး အပွင့်တွေကို အခု စတင်ပြီးတော့ ခံစားရပါပြီ။ အဲဒီတော့ နောင်တချိန်မှာလည်း ဆက်လက်ပြီးတော့ တောင်းဆိုပါ။ ဆက်လက်ပြီးတော့ လှုပ်ရှားပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ အစစ်ကိုရဖို့ အရေးကြီးပါတယ်။ အားလုံးပဲ ဆက်လက်ပြီးတော့ ကြိုးစားပါလို့ပဲ ဟြေချင်ပါတယ်။
ဧရာဝတီသတင်းထောက် စနေလင်း၊ ထက်နိုင်ဇော်၊ နဒီထိုက်နှင့် မြတ်သူအောင်တို့ တွေ့ဆုံမေးမြန်းသည်။