ဗိုလ်ချုပ်ကြီးများကို ကယ်တင်ရှင် ခေါ်ထိုက်သလား

ညီစောလွင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးရဲ့ ငွေရတုကာလမှာ ဒီမေးခွန်းကို မေးကြည့်တာပါ။

မြန်မာပြည်ကို စစ်ခေါင်းဆောင်တွေချည်း အုပ်ချုပ်လာတာ နှစ်ပေါင်း ရာစုနှစ်တဝက်တောင် ကျော်လာပြီ။ ၁၉၆၂ ခုနှစ်ကနေ  အခုအချိန်အထိပါပဲ။ ဒီမိုကရေစီ အစိုးရ အမည်ခံထားတဲ့ လက်ရှိ ဗိုလ်ချုပ်ဟောင်းတွေရဲ့ အစိုးရက ဖြေလျှော့မှုတချို့ကို လုပ်နေတယ်။ ၁၉၈၈ နောက်ပိုင်း အာဏာသိမ်းထားတဲ့ နှစ်တွေကိုလည်း  “ ရွေးချယ်မှု choice မဟုတ်ဘဲ လိုအပ်ချက် necessity “ လို့ ဆင်ခြေပေးကြတယ်။ တနည်းအားဖြင့် ဒီမိုကရေစီ ချန်ပီယံလို့ နာမည်ခံချင်တာပါပဲ။

အရင်တပတ်က အာဖရိကတိုက်မှာ ရှိတဲ့ မာလီနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တယ်။ မာလီဆိုတာက ပြင်သစ်ရဲ့ ကိုလိုနီဟောင်း ကုန်းတွင်းပိတ် နိုင်ငံလေးပါ။ ၁၉၆၀ မှာ လွတ်လပ်ရေး ရပြီးနောက် ရာသီဥတုက ဖောက်ပြန်၊ နိုင်ငံရေးက မတည်မငြိမ်နဲ့ အလွန်ဆင်းရဲပါတယ်။ နှစ်ဆယ့် သုံးနှစ်လုံးလုံး စစ်တပ်က အာဏာသိမ်းထားပြီး ၁၉၉၀ ပြည့်လွန်နှစ် တွေကျမှ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ စီးပွားရေး တိုးတက်မှု လျင်မြန်ခဲ့သလို၊ ဒီမိုကရေစီလည်း ဖွံ့ဖြိုးလာခဲ့တယ်။ အာဖရိကစံနဲ့ ဆိုရင် မာလီကို စံပြနိုင်ငံအဖြစ် သတ်မှတ်ကြ တယ်။ ဒီလိုနဲ့ မနှစ်မတ်လမှာတော့ နောက်တကြိမ် စစ်တပ်က အာဏာသိမ်းလိုက်ပြန်တယ်။ အရင်တပတ်ကတော့ ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲကို ပြန်လည် ကျင်းပနိုင်ပါပြီ်။ အာဏာသိမ်းပြီး တနှစ်အကြာမှာပဲ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်နိုင်ပြီလို့ ဆိုနိုင်ပါတယ်။

နောက် ထိုင်း (၂၀၀၆) နဲ့ ဘင်္ဂလားဒေ့ရှ် (၂၀၀၇) မှာ စစ်တပ် အာဏာသိမ်းမှုတွေနဲ့ တွေ့ရပါတယ််။  ဒီနှစ်နိုင်ငံစလုံးမှာ မကြာခဏ စစ်တပ် အာဏာသိမ်းတဲ့ အစဉ်အလာရှိပါတယ်။  ဒါပေမယ့် ဘာကြောင့် အာဏာသိမ်းသိမ်း၊ ပြသနာတွေ ဘယ်လောက် များများ၊ နောက်ဆုံးမှာတော့ အာဏာသိမ်းခေါင်းဆောင်တွေဟာ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရတဲ့ ပါတီကို အာဏာလွှဲ လိုက်တာပါပဲ။

လေ့လာချက် တခုအရ ၁၈၇၅ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်း ဒီမိုကရေစီစနစ်ကို ကူးပြောင်းသွားတဲ့ နိုင်ငံပေါင်း ၁၁၇ နိုင်ငံရှိခဲ့တယ်။ နိုင်ငံ့ခေါင်းဆောင်ကို ရွေးကောက်ပွဲနဲ့ တင်တယ်။ လွှတ်တော်အမတ်တွေကို ရွေးကောက်ပွဲနဲ့ တင်တယ်။ ပါတီတွေ တစ်ပါတီထက်မက ရှိတယ်။ အာဏာရပါတီခေါင်းဆောင်ဟာ အသစ်ရွေးကောက်ခံရတဲ့ ခေါင်းဆောင်ရဲ့ လက်ထဲကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အာဏာလွှဲပြောင်းပေးတာ ဆိုတဲ့ စံတွေနဲ့  သတ်မှတ်ပါတယ်။ ဒီလို ဒီမိုကရေစီစနစ်ဆီကို စတင်အခြေချပြီးခါမှာပဲ စစ်တပ်က အာဏာသိမ်းတာနဲ့ ကြုံလိုက်ရပြီး နောက်ကြောင်းပြန်သွားတဲ့ နိုင်ငံ ၂၅ နိုင်ငံ ရှိခဲ့တယ်။ ဒါပေမယ့် အများစုက ရွေးကောက်ပွဲ ကျင်းပပေးပြီး အရပ်သားအစိုးရဆီကို အနှေးနဲ့ အမြန် အာဏာလက်ပြောင်းပေးလိုက်တာပါပဲ။

အတိအကျ ဆိုရရင် အဲဒီကာလအတွင်း အာဏာသိမ်းမှုဖြစ်ခဲ့ပြီး အာဏာပြန်လွှဲပေးတဲ့ နိုင်ငံတွေထဲမှာ ထိုင်း၊ ပါကစ္စတန်၊ ဂါနာ၊ ပီရူး၊ အာဂျင်တီးနား၊ နိုင်ဂျီးရီးယားနဲ့ တောင်ကိုရီးယား တို့ ပါဝင်ပါတယ်။ ဘယ်တော့မှ မလွှဲပေးတော့တဲ့ နိုင်ငံက ငါးနိုင်ငံပဲ ရှိပါတယ်၊ အဲဒီအထဲမှာ မြန်မာ၊ ဆူဒန်၊ ယူဂန်ဒါတို့ တသိုက်ဖြစ်ပါတယ်။

ဇူလိုင်လဆန်းပိုင်းမှာ အီဂျစ်စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစိုးရကို ဖြုတ်ချလိုက်တာမျိုး (အာဏာသိမ်းတာပါပဲ) ထိုင်းနိုင်ငံမှာ ၂၀၀၆ တုန်း ဖြစ်ခဲ့တယ်။  ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရက အာဏာရှင်ဆန်လာလို့ တိုင်းပြည်မှာ သွေးထွက် သံယိုတာတွေ ပိုဆိုးမသွားအောင် ဝင်ထိန်းရတာလို့ ဆိုပါတယ်။  ထူးခြားတာက ထိုင်းမှာ၊ အီဂျစ်မှာ စစ်တပ် အာဏာ သိမ်းတာကို ပြည်သူ တချို့က ထောက်ခံကြသလို ဒီမိုကရေစီ နိုင်ငံတွေ (အထူးသဖြင့် အမေရိကန်နဲ့ ဥရောပ) ကလည်း  မသိသလိုနေကြတယ်။ အီဂျစ်အခြေအနေကို တူရကီပုံစံမျိုးနဲ့ နှိုင်းယှဉ်နေကြတယ်။ တူရကီမှာ ၁၉၆၀ နောက်ပိုင်း စစ်တပ် အာဏာသိမ်းမှု လေးကြိမ်ဖြစ်ခဲ့တယ်။ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရက ဘာသာရေးအစွန်းရောက်တယ်လို့ စစ်တပ်က ယူဆတဲ့ အချိန်တိုင်းမှာ အာဏာဝင်သိမ်းတာပါ။ “ဒီမိုကရေစီလမ်းကြောင်းကို တည့်မတ်ပေး” တယ်လို့ ဆိုပါတယ်။ Political Islam ဟာ နိုင်ငံတော်ရဲ့ အဓိက ရန်သူအဖြစ် စစ်တပ်က ကြေညာထားတယ်။ အီးယူနဲ့ ဒီမိုကရေစီနိုင်ငံတွေက ထောက်ခံတယ်။ ဒီမိုကရေစီကို ကာကွယ်တဲ့ စစ်တပ် အာဏာသိမ်းမှုအဖြစ်ပဲ သတ်မှတ်ကြပါတယ်။

ဒီမိုကရေစီ အတွက် စစ်တပ်က အာဏာသိမ်းတာမျိုးလည်း ရှိသေးသလားလို့ မေးရင် ရှိပါတယ်။ (၁) အာဏာရှင်လက်ထဲကနေ အာဏာကို သိမ်းယူတဲ့အခါ (၂) လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်တဲ့ အခါ စစ်တပ်ဟာ လူထုဘက်က ရပ်တည်တဲ့ အခါ (၃) လူထုဆန္ဒပွဲတွေကို ငြင်းဆန်နေတဲ့ အာဏာရှင်ကို ဖြုတ်ချဖို့ အာဏာသိမ်းတဲ့အခါ (၄) မလွှဲမရှောင်သာတဲ့ အခြေအနေမှာလူထု လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက တိုင်းပြည် အာဏာကို သိမ်းပိုက်လိုက်တဲ့အခါ (၅) အာဏာရှင်ကို ဖြုတ်ချဖို့ စစ်တပ်က အာဏာသိမ်းတဲ့အခါ (၆) လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေကို စစ်တပ်က ကမကထလုပ်ပြီး အချိန်တိုအတွင်း ကျင်းပပေးတဲ့အခါ (၇) ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစိုးရလက်ထဲကို အာဏာလွှဲ ပေးတာနဲ့ အဆုံးသတ်နိုင်တဲ့အခါ ဒီမိုကရေစီအတွက် အာဏာသိမ်းတာလို့ သတ်မှတ်နိုင်ပါတယ်။

အချုပ်ကတော့ ဘယ်လိုနည်းကြောင့်ပဲ အာဏာသိမ်းသိမ်း အာဏာသိမ်းပြီးရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို အချိန်တို အတွင်း ကျင်းပပေး၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစိုးရလက်ထဲကို အာဏာလွှဲပြောင်းပေး၊ စစ်တပ်နဲ့ မဆိုင်တဲ့ တိုင်းပြည် အုပ်ချုပ်ရေး ကိစ္စတွေမှာဝင်မစွက်ဘဲ စစ်တပ်နဲ့ ဆိုင်တဲ့ တိုင်းပြည်ကာကွယ်ရေး (ပြည်ပရန် ကာကွယ်ရေး) ကိစ္စတွေကို လုပ်ဖို့ စစ်တန်းလျားကို အေးအေးဆေးဆေးပြန်သွားရင် ဒီလို အာဏာသိမ်းမှုမျိုးကို ကြိုဆိုသင့်ပါတယ်။ ဒီမိုကရေစီအတွက် အာဏာသိမ်းမှုအဖြစ် ချီးကျူး ထိုက်ပါတယ်။

ဥပမာ တူရကီက စစ်တပ် အာဏာသိမ်းမှု (၁၉၆၀)၊ ပေါ်တူကီ (၁၉၇၄)၊ ထိုင်း (၂၀၀၆) စစ်တပ် အာဏာသိမ်းမှုတို့ကို ကြည့်ရင် နှစ်နှစ်အတွင်း ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစိုးရလက်ထဲကို အပ်ခဲ့လို့ ချီးကျူးကြပါတယ်။ လောလောဆယ် အီဂျစ် စစ်တပ်ရဲ့ အာဏာသိမ်းမှုက ဒီမိုကရေစီအတွက် ဟုတ်မဟုတ် မသေချာသေးပါဘူး။ အီဂျစ် စစ်တပ်ဟာ ဒီမိုကရေစီကို ကာကွယ်ဖူးတဲ့ သမိုင်းကြောင်း မရှိပါဘူး။ အာဏာရှင်ကို ကာကွယ်ခဲ့တဲ့ သမိုင်းနဲ့ အခွင့်ထူးခံတဲ့ သမိုင်းပဲ ရှိပါတယ်။ တိုင်းပြည်စီးပွားရေးမှာ ၄၀ ရာခိုင်နှုန်းအထိ လက်ဝါးကြီးအုပ်ထားတယ်လို့ ခန့်မှန်းကြတယ်။

မြန်မာပြည်ရဲ့ အာဏာသိမ်းတဲ့ သမိုင်းကို ကြည့်ရင် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကို ကြည့်ကြည့်၊ ၁၉၈၈ အာဏာသိမ်းမှုကို ကြည့်ကြည့် ဒီမိုကရေစီအတွက် အာဏာရသိမ်းတဲ့ လက္ခဏာမရှိပါဘူး။ ဆန့်ကျင်ဘက်ကိုပဲ တွေ့နိုင်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရတဲ့ အစိုးရလက်ထဲကနေ အာဏာကို သိမ်းယူခဲ့တယ်။ ၁၉၈၈ မှာ အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ လူထုက ဆန္ဒပြတဲ့အခါ လူထုဘက်က မရပ်ဘဲ အာဏာရှင်ဘက်မှာ ရပ်တည်ခဲ့တယ်။ ၁၉၉၀ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီကို အာဏာမလွဲခဲ့ဘူး။

စစ်တပ်က အာဏာသိမ်းထားတဲ့ကာလမှာ တိုင်းပြည်က ချမ်းသာရက်နဲ့ ပြည်သူတွေ ဆင်းရဲသွားတယ်။ အစိုးရက ဆင်းရဲပေမယ့် ဝန်ကြီးတွေပဲ ချမ်းသာကြတယ်။ တပ်မတော်က ဆင်းရဲပေမယ့် ဗိုလ်ချုပ်တွေပဲ ချမ်းသာ သွားကြတယ်။ အခုအထိလည်း စစ်ဗိုလ်ချုပ်တစုက သူတို့ရဲ့ အဆင့်နေရာ အခွင့်ထူးခံတာတွေကို လက်လွှတ်ခံဖို့ အဆင်သင့် ရှိပုံ မရသေးပါဘူး။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြောင့် ၁၉၉၀ ရွေးကောက်ပွဲဆိုတာ ကျင်းပပေးခဲ့တယ်။ အနိုင်ရပါတီကို အာဏာ မလွှဲဘဲ အချိန်ဆွဲလာရင်း ၂၀၀၇ ဒီမိုကရေစီ အရေးတော်ပုံနဲ့ ကြုံရတဲ့အခါမှ ၂၀၁၀ ရွေးကောက်ပွဲကို  ကျင်းပခဲ့တယ်။ ဒီတကြိမ်မှာလည်း စစ်အုပ်ချုပ်ရေးကို ဖွဲ့စည်းပုံထဲမှာ အတိအလင်းထည့်ပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေကပဲ တိုင်းပြည်ကို ဆက်ပြီးတော့ အုပ်ချုပ်နေပြန်တယ်။

မကြာခင်က လွှတ်တော်မှာ မြေယာကိစ္စကို ဆွေးနွေးကြတယ်။ အာဏာသိမ်းထားတဲ့ ကာလမှာ တနိုင်ငံလုံးမှာ စစ်တပ်က သိမ်းထားတဲ့ မြေဧက နှစ်သိန်းကျော် ရှိတယ်လို့ သိရတယ်။ ဒိကိစ္စနဲ့ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက (ဝေသာလီပြည်ကို ဘီလူးဝင်စီးသလို) ဥပမာပေးတာ ပြင်းထန်လွန်းလို့ ကာကွယ်ရေးဝန်ကြီးက ကန့်ကွက်တယ်။ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းကလည်း နောက်တခါ ဝေဖန်ရင် တားမြစ်မယ်လို့ ဆိုတယ်။ ဒီလို ဖြစ်ပြီး နောက်ထပ် သိပ်မကြာခင်မှာပဲ နေပြည်တော်မှာ လယ်သိမ်းခံထားရတဲ့ လယ်သမားတွေက သူတို့ လယ်မြေပေါ်မှာ ဝင်ထွန်တဲ့အခါ မြေသိမ်းထားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကိုယ်ရေး အရာရှိက သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ဒီကိစ္စကို လယ်သမားတွေဘက်က အမှုဖွင့်တော့ ဘယ်တရားရုံးမှ လက်မခံရဲပါဘူး။ ဒါက မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေပါ။

လောလောဆယ် ဖြေလျှော့မှုတွေနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီးများကို ကျေးဇူးတင်ဖို့ မထိုက်ဘူးလားလို့ မေးရင် ကိုမင်းကိုနိုင်စကား သတိရပါတယ်။ “ဒီမိုကရေစီဆိုတာ အနှစ် ၂၀ လောက် ပေးဆပ်ပြီးတော့ တိုက်လိုက်တဲ့အခါမှာ အခုအချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကအစ ဒီမိုကရေစီကို မသွားရင် မရတော့ဘူးလို့ သဘော ပေါက်သွားတဲ့ အနေအထားကို ရောက်ခဲ့ပြီမဟုတ်လား။ သူတို့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဒိမိုကရေစီကို သူတို့ ငြင်းလို့ မရတော့ဘူး။ အဲဒါ ပြည်သူအောင်ပွဲမဟုတ်လား” လို့ အကျဉ်းထောင်က လွတ်လာခါစမှာ ကိုမင်းကိုနိုင်က လာကြိုတဲ့ပြည်သူတွေကို ပြောပါတယ်။

မြန်မာစစ်တပ် (မြန်မာစစ်ဗိုလ်ချုပ်တွေ) ဟာ ဒီမိုကရေစီကို ကာကွယ်တဲ့ သမိုင်းကြောင်း မရှိပါဘူး။ ၁၉၈၈ ကနေ ဒီနေ့အထိ ပြည်သူတွေရဲ့ ဒီမိုကရေစီ အိပ်မက်တွေကို ရိုက်ချိုးခဲ့တဲ့ သမိုင်းကြောင်းပဲ ရှိပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးမှာ အခွင့်ထူးခံခဲ့တဲ့ (အခွင့်ထူး ခံနေဆဲ) သမိုင်းကြောင်းပဲ ရှိပါတယ်။ ဒီနေ့ အထိလို့ ပြောတာက မြန်မာပြည်မှာ ဒီမိုကရေစီလမ်းကြောင်း ပိတ်ဆို့နေတာ စစ်ခေါင်းဆောင်တွေ အချိန်ယူ ရေးဆွဲထားတဲ့ ဒီမိုကရေစီ နည်းလမ်း မကျတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲထားတာကြောင့်မို့ပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲညစ်မဲခိုး နည်းလမ်း ပေါင်းမျိုးစုံသုံးပြီး အနိုင်ယူ၊ စစ်ယူနီ ဖောင်းချွတ်ပြီး အရပ်ဝတ် လဲထားတဲ့ ဗိုလ်ချုပ်ဟောင်းတွေနဲ့ တိုင်းပြည်ကို ဆက်အုပ်ချုပ်နေတာကို ပြောတာပါ။ ပြည်သူ သန်း ၆၀ နဲ့ ဆိုင်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စကို စစ်ဦးစီးတယောက်ထဲက သဘောမတူရင် ပြင်လို့ မရတဲ့ ကိစ္စကို ပြောတာပါ။

တကယ်တော့ ဒီမိုကရေစီကို စပြီး တောင်းဆိုသူတွေဟာ ပြည်သူတွေဖြစ်သလို မြင်နေသမျှ အပြောင်းအလဲတိုင်းဟာ ပြည်သူတွေ လုပ်တဲ့ အပြောင်းအလဲပါပဲ။ ဗိုလ်ချုပ်ကြီးတွေနဲ့ ဆိုင်တယ်ဆိုရင် ဒုတိယအကြောင်းရင်းပဲ ဖြစ်ပါလိမ့်မယ်။ နောက်တချက်က ကမ္ဘာ့အခြေအနေပါ၊ ဒီနေ့ ကမ္ဘာမှာ နိုင်ငံ ၉၀ ရာခိုင်နှုန်းမှာ  ပုံမှန်ရွေးကောက်ပွဲတွေကို ကျင်းပနေကြပါပြီ။ စစ်အေးခေတ်တုန်းကလို စစ်တပ်က အာဏာသိမ်းပြီး အကြာကြီး အုပ်ချုပ်နိုင်တဲ့ ခေတ်ကုန်သွားပါပြီ။ တချို့ပြောနေကြသလို မြန်မာဗိုလ်ချုပ်ကြီးတွေ အထက်ကနေ အောက်ကို ချပေးချင်ရင် နှစ်ပေါင်း နှစ်ဆယ် အချိန်စောင့်စရာ အကြောင်းမရှိပါဘူး။ တကယ် စေတနာပါရင် လက်ရှိ အပြောင်းအလဲက အခုလောက် ခက်ခဲနေစရာ အကြောင်း မရှိဘူးလို့ မြင်ပါတယ်။

 (ညီစောလွင်သည် မြန်မာ့အရေးနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သူဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading