၂၀၁၃ သြဂုတ်လသည် မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံးသော ပြည်လုံးကျွတ် ၈ လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှုကြီး ဖြစ်ခဲ့သည့် ၂၅ နှစ်ပြည့်မည့် ကာလဖြစ်သည်။ ထို့ကြောင့် ၈ လေးလုံး အရေးတော်ပုံကြီးတွင် ကဏ္ဍ အသီးသီးမှ နည်းမျိုးစုံ ပါဝင်ပတ်သက်ခဲ့ သူများ၊ တွေ့ကြုံခဲ့ရသူများ၏ အမှတ်တရ မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီက စုစည်း ဖော်ပြ သွားမည် ဖြစ်သည်။ နိုင်ငံတကာ စာမျက်နှာများတွင် ၈ လေးလုံးနှင့် ပတ်သက်၍ အထင်ရှားဆုံး ဓာတ်ပုံတွင် ပါဝင်သည့် ဒဏ်ရာရသူ ကျောင်းသူကလေး မဝင်းမော်ဦးကို သယ်ယူလာသော ဆရာဝန်နှစ်ဦးအနက် တဦးဖြစ်သူ ဒေါက်တာ ဝင်းဇော်၊ ရန်ကုန်မီဒီယာ၏ အမှုဆောင်အရာရှိချုပ် ဦးကိုကို (ကိုကို – စက်မှုတက္ကသိုလ်) နှင့် စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူတို့၏ မမေ့နိုင်သော မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီ ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်။
ဒေါက်တာ ဝင်းဇော် (အတွင်းရေးမှူး၊ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း)(နိုင်ငံတကာ စာမျက်နှာများတွင် ၈ လေးလုံးနှင့် ပက်သက်ပြီး အထင်ရှားဆုံးဖြစ်ခဲ့သော ဆရာဝန် ၂ ဦးက သေနတ်ဒဏ်ရာရ ခဲ့သော ကျောင်းသူကလေး မဝင်းမော်ဦးကိုသယ်ယူလာသည့် ဓာတ်ပုံတွင် ပါဝင်သည့် ဆရာဝန်)
အဲဒီအချိန်မှာ ကျနော်က ဆေးကျောင်းသား (Final Part II) ပဲ ရှိပါသေးတယ်။ အရေးအခင်း ကလည်း စဖြစ်နေပြီ၊ ပြည်သူ အားလုံးကလည်း ပါဝင်နေပြီ။ ဇွန်လ ၂၁ ရက်နေ့က ဆေး ၁ မှာ စပြီး တရားဟောလာပြီ။ ဟောတဲ့သူက မျက်နှာကို ကွယ်ပြီး ဟောတာ။ သူဝတ်ထားတာရော၊ သူ့အသံကို နားထောင်ရတာရောနဲ့ ဘယ်သူလဲဆိုတာ ကျနော်တို့က သိနေကြတယ်။
ဟောတဲ့သူက ကျနော်တို့နဲ့ ပထမနှစ် စတက်တုန်းက အတန်းတူပဲ။ ဒါပေမယ့် သူက ကျခဲ့လို့ အတန်းငယ်သွားတဲ့ တိုးကျော်လှိုင်ပဲ ဆိုတာ သိတယ်။ နေ့လယ် ၁ နာရီလောက်က စဟောခဲ့တာ ၄ နာရီလောက်လည်း ကျရော “ထောက်လှမ်းရေး၊ ထောက်လှမ်းရေး” ဆိုပြီး ၁ ယောက်ကို ဆွဲခေါ်လာတယ်။ ကျောင်းသားတွေက ဝိုင်းချတဲ့အခါကြတော့ ဆရာတွေက မေတ္တာရပ်ခံပြီး “လူ့အသက်ကို ကယ်မယ့်လက်တွေက သွေးစွန်းတဲ့လက်တွေ မဖြစ်ပါစေနဲ့” ဆိုပြီး သူ့ကို တောင်းတယ်။ အဲဒီသူက တပ်ကြပ်မောင်ပြုံး ဆိုတဲ့သူ။ သူ့ကို ဆရာတွေလက်ထဲ အပ်လိုက်တယ်။ နောက်ကျမှ သူ့ကို ရဲစခန်း အပ်လိုက်တယ်။
၂၂ ရက်နေ့မှာလည်း ကျောင်းမှာ ၁၂ နာရီလောက်ကတည်းက တရားတွေ ဆက်ဟောကြတယ်။ ညနေပိုင်းလည်း ကျရော ကျောင်းတွေ ပိတ်လိုက်ပါတယ်။ ကျောင်းသားတွေ ကလည်း နယ်ပြန်တဲ့သူတွေက ပြန်ကြတယ်။ ဒါပေမယ့် လှုပ်ရှားမှုကတော့ ဆက်ရှိနေတယ်။
အဲဒီလိုနဲ့ စက်တင်ဘာ ၁၂ ရက်နေ့လည်း ကျရော မြန်မာတနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးမှာ ဆေးကျောင်းသားတွေက ကျနော်တို့ ဆေး ၁ ရဲ့ သီရေတာမှာ ဖွဲ့စည်းလိုက်ပါတယ်။ ကျောင်းသား ခေါင်းဆောင်ပေါင်း ၁၁၉ ယောက်တက်ပြီး ဖွဲ့စည်းနိုင်ခဲ့တယ်။
စက်တင်ဘာ ၁၃ ရက်မှာ ကျနော်တို့ အပြောအရ ကြားဖြတ် အစိုးရ ဖွဲ့စည်းရေး အတွက် ကြီး ၅ ကြီးပေါ့။ ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦး၊ ဦးနု၊ ဗိုလ်ရန်နိုင်၊ ဦးဝင်းကို တို့က စည်းဝေးတယ်၊ ကျနော်တို့ ကျောင်းသားတွေက ကြားဖြတ် အစိုးရ အတွက် ဘယ်လိုလဲ ဆိုပြီး တောင်းဆိုကြတယ်။ ဒါပေမယ့် သူတို့က အချိန်ယူ စဉ်းစားမယ်လို့ ဆိုတယ်။
ဆေး ၁ ကလည်း ကျနော်တို့ ဆေးကျောင်းသားတွေ အားလုံးရဲ့ သပိတ်စခန်း ဖြစ်တယ်။ နေ့တိုင်းလာကြ၊ စုဝေးကြတယ်။ မြို့ထဲကို ချီတက် ဆန္ဒပြကြတယ်။ စက်တင်ဘာ ၁၈ ရက်ကျတော့ ဆေး ၁ ရဲ့ အစာငတ်ခံ ဆန္ဒပြပွဲကို မနက် ၈ နာရီခွဲ လောက် ကတည်းက စတယ်။ ကျောင်းသား ခေါင်းဆောင်တွေ၊ ပါတီအဖွဲ့တွေလည်း လာတယ်၊ တရား ဟောကြတယ်။ ပါဝင်ဆင်နွှဲတဲ့ လူတွေအားလုံးကလည်း သီချင်းတွေ ဆိုကြရင်း ညနေ ၄ နာရီလောက် ရောက်တဲ့အခါမှာ စစ်တပ်ကနေ အာဏာသိမ်းလိုက် ပါတယ်။
အဲဒီအချိန်အထိ ဘာမှ မဖြစ်သေးဘူး။ ဆက်ပြီး ဆန္ဒပြနေကြတုန်းပဲ။ မှောင်လာတဲ့ အချိန်လည်းကျရော စစ်တပ်ကနေ လူစု ခွဲဖို့၊ မခွဲရင် ပစ်ခတ်ရပါမယ်လို့ အော်တယ်။ အဲဒီမှာ ကျနော်တို့က ဘာလုပ်ကြမှာလဲ၊ ဆက်ပြီးတော့ ပြမှာလား၊ အဖြိုခွင်း ခံမလား ဖြစ်လာတော့ ကျနော်တို့ ဆေး ၁ ပါမောက္ခချုပ်က “သားတို့သမီးတို့၊ ဒီအချိန်က လူစုခွဲဖို့ အချိန်တန်ပြီ။ ဆရာ တောင်းပန်ပါတယ်၊ လူစုခွဲပေးပါ” ဆိုပြီး ပြောတော့ အားလုံးက ပြန်ကြတယ်။ မိဘတွေကလည်း စိုးရိမ်တကြီးနဲ့ လာကြနဲ့ အကုန်လုံး ပြန်ကြတယ်။
အဲဒီမှာ ကျနော့် သူငယ်ချင်း ညိုဝင်း၊ ညီဝင်းနဲ့ ကျနော်က ဆေးရုံကြီးရဲ့ အခန်း ၅ နဲ့ ၆ မှာ သွားအိပ်တယ်။ အဲဒီမှာ ကိုစောလွင်တာ တာဝန်ကျတယ်။ ကျနော်တို့က ကိုစောလွင်ကို ဘာလုပ်ပေးရမလဲလို့ မေးတော့ သူက ဒီမှာတော့ ကေ့စ်တွေက အများကြီးပဲ။ မင်းတို့ လုပ်နိုင်တာ လုပ်ကြပါဆိုတော့ ကျနော်တို့က ဆေးကျောင်းသားပဲ ဖြစ်နေသေးတဲ့ အတွက် အများကြီး လုပ်လို့မရဘူး။ လူနာတွေကို နေရာချပေးတဲ့ အလုပ်၊ ဆေးထိုး၊ သွေးပေါင်ချိန်၊ သွေးလိုရင် ယူပေးတဲ့ အလုပ် လောက်ပဲ လုပ်ပေးတယ်။
၁၉ ရက်နေ့ ရောက်လာတော့ ဝပ်ဒ်ထဲမှာ ချီတက်သွားတဲ့ အသံကို ကြားလိုက်တယ်။ ဆေး ၁၊ ဆေး ၂ နဲ့ ကြည့်မြင်တိုင် ဘက်က အဖွဲ့တွေ ချီတက်တာ။ ဆေး ၁ ကိုတော့ ဆရာတွေက တားလိုက်လို့ ရပေမယ့် ဆေး ၂ နဲ့ ကြည့်မြင်တိုင် ဘက်က အဖွဲ့တွေ ဆက်ချီတက်သွားတယ်။ ကျနော်တို့က ဝပ်ဒ်ထဲမှာရှိနေတုန်း ပစ်နေပြီဆိုတဲ့ သတင်းကို ကြားရတယ်။
၁၀ နာရီခွဲလောက်လည်း ကျရော ကျနော်တို့ ဝပ်ဒ်ထဲကို ဆရာဦးဝင်းကိုက ရောက်လာတယ်။ ပစ်နေတယ် ကြားတယ်၊ လူနာ ကောက် ထွက်ကြမယ်လို့ ပြောတယ်။ ကျနော်က လိုက်မယ်လို့ ပြောတော့ ဂျူတီကုတ် ဝတ်ခဲ့ပြီး လိုက်ခဲ့ဆိုတာနဲ့ အရေးပေါ် ကားနဲ့ ထွက်လာကြတယ်။ ဆရာဦးဝင်းကို၊ ဒေါက်တာ စောလွင်၊ ဒေါက်တာ သက်နိုင်သွင်တို့လည်း ပါတယ်။ ကားဆရာနဲ့ အပါအဝင် ၅ ဦးက ဗိုလ်ချုပ်လမ်း အတိုင်း ထွက်လာကြတယ်။
သိမ်ဖြူလမ်း ခုံးတံတားကြီး (စတော့ဂိတ်ခုံး) မှာ ပထမတခေါက် လူနာကောက်တယ်။ ဒုတိယ တခေါက်က အတွင်းဝန် ရုံးဘက်မှာ ကောက်တယ်။ တတိယ တခေါက် ကောက်ဖို့လုပ်တော့ ဆူးလေမှာ ပစ်နေတယ်လို့ ပြောတာနဲ့ ဆူးလေကို တန်းလာခဲ့တယ်။ ဆူးလေဘုရားကို ပတ်ပြီး ထွက်လာတဲ့အချိန်မှာပဲ ကျနော့် တသက်မှာ မေ့လို့မရတဲ့ မြင်ကွင်းကို ကြုံလိုက် ရတာပဲ။
ထိတဲ့သူ အများကြီး စုပြုံနေတာကိုတွေ့ရတယ်။ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က အသက်ရှင် ကျန်တဲ့သူကို ဦးစားပေး သွားကြည့်တယ်။ အဲဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကလည်း မြေမှာခနေတယ်။ ခွပ်ဒေါင်းလည်း မကနိုင်တော့ဘူး။ သွေးကွက်တွေ ကလည်း ပြန့်ကျဲနေတယ်။ ဖိနပ်တွေကလည်း ပလူပျံနေတယ်။ နိုင်မြန်မာရဲ့သီချင်းထဲကလို ပေတရာပေါ်မှာ ပြည်သူ့ အလောင်းတွေကိုတောင် သတိမရ အားခဲ့ဘူး။
အဲဒီလို အလောင်းတွေ စုပြုံနေတဲ့ရှေ့မှာ အသက်ရှင်စရာ ဘယ်သူရှိမလဲလို့ ကြည့်တော့ အသက်ကို ဖြည်းညင်းစွာ ရှူနေ၊ ရင်ဘတ်က ဖောင်းချည်၊ နိမ့်ချည်ဖြစ်နေတဲ့ ကလေးမလေးကို တွေ့လိုက်တယ်။ ကျနော် အဲဒီကောင်မလေး နားကို ကပ်လိုက်တဲ့အခါမှာ “အစ်ကိုရယ် … ကယ်ပါဦး” လို့ ဆိုတော့ “အစ်ကိုတို့က ကယ်ဖို့လာတာ၊ စိတ်ချ၊ ဘာမှမဖြစ်စေရဘူး၊ စိတ်တင်းထား” လို့ အားပေးလိုက်ပြီး အနားမှာရှိနေတဲ့ ကိုစောလွင်က ခြေထောက်က၊ ကျနော်က လက်မောင်း ၂ ဘက်ကနေ ကိုင်လာရင်း အရေးပေါ်ကားဆီကို သယ်လာတယ်။
အဲဒီလို သယ်နေတဲ့ အချိန်မှာ ဖျတ်ခနဲ မီးတချက် ပွင့်သွားတယ်။ အဲဒီအချိန်မှာ အပေါ်ကနေ ဓာတ်ပုံမရိုက်နဲ့၊ ဓာတ်ပုံရိုက်ရင် ပစ်မယ်ဆိုတဲ့ အမိန့် ပေးပါတယ်။ အဲဒီ “အစ်ကိုရယ်၊ ကယ်ပါဦး” ဆိုတဲ့သူက မဝင်းမော်ဦးပဲ။ ကျနော်နဲ့ ကိုစောလွင်တို့ သူ့ကို သယ်လာတဲ့ အဲဒီဓာတ်ပုံကလည်း သမိုင်းဝင်ဓာတ်ပုံ ဖြစ်သွားတယ်။
သူနဲ့အတူ လူနာတွေကို သယ်လာပြီး အရေးပေါ်မှာ ချခဲ့တယ်။ ကျနော်တို့က ထပ်ထွက်တယ်။ တနေ့လုံး လူနာကောက်တဲ့ အလုပ်လုပ်တာ။ မဝင်းမော်ဦးကို IC အတွင်းမှာ ထားတယ်။ အဲဒီထဲမှာ ဆေး ၂ က သူငယ်ချင်းဖြစ်တဲ့ မိုးသူဝင်းက ဒဏ်ရာနဲ့ ရောက်လာတယ်။ သူထိထားတာ လက်မောင်းမှာ။ ရောက်လာတဲ့ အချိန်မှာ သွေးပေါင်ချိန်က သုည ဖြစ်နေပြီ။ သူ့ကို ခွဲတာက ဆရာကြီး ဦးကျော်မြင့်နိုင်နဲ့ ကိုမြတ်ထူးရာဇတ်တို့က ခွဲတာ။ ခွဲပြီးတော့ သူ့ကိုလည်း အဲဒီ IC ထဲမှာပဲ ထားတာ။
အဲဒီနေ့ ညနေမှာ IC ထဲကို ရောက်တော့ မိုးသူဝင်းကို တခေါက် သွားကြည့်သေးတယ်။ အဲဒီမှာ ကျနော်တို့ သယ်ခဲ့တဲ့ မဝင်း မော်ဦးကို ဖျတ်ကနဲ သတိရလိုက်လို့ သွားကြည့်တော့ သူက အသက် ရှိသေးတယ်။ သူက ညာဘက် လက်မောင်းကို ကျည်ဆံ တချက် ထိတယ်၊ အဆုတ်ကို တချက်ထိတယ်၊ ခြေထောက်ကို တချက်ထိတယ်။ အဆုတ်ကို ထိတဲ့အတွက်ကြောင့် အဆုတ် တခြမ်းကို လှီးထုတ်လိုက်ရတယ်။ ဆိုးသွားတာက မဝင်းမော်ဦး ရောက်တဲ့ အချိန်မှာ သွေးပေါင်ချိန်က သုည ဖြစ်နေတယ်။ ခွဲပြီးတဲ့အခါ ကျတော့လည်း အခြေအနေက သိပ်ပုံမှန် မဖြစ်ဘူး။ သူတကယ် သေသွားတယ် ဆိုတာကို နောက်နေ့မှ ကျနော် သိရတယ်။
ဦးကိုကို (ကိုကို – စက်မှုတက္ကသိုလ်/ ရန်ကုန်မီဒီယာ အမှုဆောင်အရာရှိချုပ်)
ကျနော်က ၈ လေးလုံး အချိန်မှာ ရန်ကုန် စက်မှုတက္ကသိုလ်က ကျောင်းပြီးသွားပြီ။ ကျောင်းမှာတော့ ကျနော့် သူငယ်ချင်း တွေက နှစ်ကျ ကျောင်းသားကြီး အဖြစ်ရော၊ ဆရာအဖြစ်ပါ ကျန်နေသေးတယ်။ တက္ကသိုလ် တက်နေစဉ်မှာလည်း တက္ကသိုလ် သတင်းထောက် အဖြစ်နဲ့ လုပ်ခဲ့တော့ ၈ လေးလုံး အရေးတော်ပုံ တလျှောက်လုံး မှတ်တမ်း တင်သူအဖြစ်နဲ့ ရှိခဲ့တယ်။
အဲဒီအချိန်မှာ ကျနော်က ဆရာချစ်ဝင်းမောင်နဲ့ တွဲပြီး “ဂယက်” ဆိုတဲ့ အပတ်စဉ် သတင်းစာစောင်ကို ထုတ်ဝေခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့ ဖြစ်လာတဲ့ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်က လူထုအစည်းအဝေးပွဲမှာ ဆိုရင် ကျနော်က ရွှံ့တွေ၊ ဗွက်တွေ အကြားမှာ သတင်းယူခဲ့ရတာ။
မှတ်မှတ်ရရ ဘာဖြစ်လဲ ဆိုတော့ ကျနော်က သတင်းယူနေတဲ့အချိန်မှာ စက်မှုတက္ကသိုလ်က ကျောင်းသားဟောင်းတွေက စု ပေါင်းပြီး ဆိုင်းဘုတ်ကိုင် ဆန္ဒပြတာမှာ ကျနော်က ဆူးလေဘုရားလမ်း ထောင့်ကနေ ဓာတ်ပုံသွားရိုက်တာ ကျောင်းတုန်းက ကဗျာရေးဘက် သူငယ်ချင်းတွေနဲ့ တွေ့တော့ “ဟာ ကိုကို၊ မနက်ဖြန်ကျရင် ကိုအေးဝင်းဆီ လာခဲ့ဦး။ ငါတို့ သူငယ်ချင်းတွေ အားလုံး သူ့အိမ်မှာ မနက်ဖြန် ဆုံဖို့ရှိတယ်” ဆိုတော့ ကျနော် လာမယ် ပြောခဲ့တယ်။ ဒါပေမယ့် နောက်တနေ့ကျတော့ ကျနော်က သတင်း အလုပ်တွေနဲ့ ရှုပ်နေရင်း မသွားဖြစ်လိုက်ဘူး။
အာဏာလည်း သိမ်းရော ဖမ်းကြတဲ့ဆီမှာ ကိုအေးဝင်းကတော့ ထွက်ပြေးသွားပြီ။ အဖမ်းခံရတဲ့သူတွေ အားလုံးမှာ ခုနက ကျနော့်ကို ခေါ်ကြတဲ့ သူတွေအားလုံး ပါသွားတယ်။ သူတို့ကို မြေအောက်လှုပ်ရှားသူ (ယူဂျီ) တွေဆိုပြီး ဖမ်းပြီး ထောင် ဒဏ်တွေ အကြီးကြီး ပေးလိုက်တယ်။ ကျနော်သာ သတင်းစာစောင် လုပ်နေလို့၊ ဆန္ဒပြတဲ့အထဲသာ ကျနော်ပါခဲ့ရင်၊ အဲဒီ ချိန်းတဲ့ဆီကိုသာ ရောက်သွားရင် ကျနော်လည်း အဖမ်းခံရဦးမှာပဲ။
အဲဒီလိုနဲ့ မင်းမနိုင်ရပ်ကွက်က ရေစင်ကြီးကို အဆိပ်တက်ခတ်တယ်ဆိုပြီး လူတွေကို ခေါင်းဖြတ်တယ်။ ခေါင်းပြတ်ကြီးကို ညတွင်းချင်း လူတွေက သယ်ကြတယ်။ ကျနော် သတင်းယူနေတဲ့ လမ်းမတော်မြို့နယ်ကို ဖြတ်လာချိန်မှာ မှောင်ရီနေပြီ။ ခေါင်းပြတ်ကြီးကလည်း သွေးတွေ ခြောက်ကပ်နေပြီ။ ဒါပေမယ့် လူတွေက ခေါင်းပြတ်ကြီးကို ကိုင်ပြီး ဟေး၊ ဟား နဲ့ သွား နေကြတယ်။ ကျနော်လည်း အဲဒီ ခေါင်းပြတ်ကြီးကို ဓာတ်ပုံရိုက်သေးတယ်။
အဲဒီအချိန်တုန်းက လူတွေဟာ တဘက်မှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ထက်သန်နေသလို၊ ကောလာဟလ တွေနဲ့ တကယ် အပြစ်ရှိလား၊ မရှိလား မသိဘဲ ဒီလို ဒုက္ခရောက်သွားတဲ့ သူတွေလည်း ရှိတယ်။ အံ့အားသင့်စရာ ကောင်းတာက လူတွေမှာ အကြောက်တရား မရှိတော့တာပဲ။ ဗုဒ္ဓဘာသာ အယူအဆနဲ့ ပြောရရင် တကယ့်ကို အဲဒီ နွားရိုင်းသွင်းချိန်မျိုးမှာ လူတွေဟာ ဒီအနိဋ္ဌာရုံကြီးကို ကိုင်လှည့်နေကြတာ။ လူတွေမှာ မုန်းတီးစိတ်တွေနဲ့ ပြောင်းသွားကြတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ဆန္ဒပြ တောင်းဆိုမယ့် လူတွေရှိသလို၊ ကလဲ့စား ချေတဲ့ သူတွေလည်း ရှိနေတယ်။ ကျနော်ကိုယ်တိုင်လည်း အဲဒီ ခေါင်းပြတ် ကြီးကို ဓာတ်ပုံကပ်ရိုက်တာကအစ ကြောက်လန့်မှု မရှိခဲ့ဘူး။ အိမ်ပြန်ရောက်တော့မှ ခြေတုန်လက်တုန် ဖြစ်တာ။
ကျနော်နေတဲ့ အိမ်က အနော်ရထာလမ်းနဲ့ ဝါးတန်းလမ်း (ကီလီလမ်း) ထောင့်က ပထမထပ်မှာ ဆိုတော့ ဓာတ်ပုံရိုက်တာ အောက်ဆင်း ရိုက်စရာမလိုဘူး။ အိမ်ပေါ်ကနေ အကုန်မြင်နေရတယ်။ ရက်တော့ အတိအကျ မမှတ်မိတော့ဘူး။ ပွဲကြမ်းနေ ပြီဖြစ်တဲ့ စက်တင်ဘာလထဲမှာပေါ့။ ဆန္ဒပြတဲ့ လူအုပ်ကြီးက အိမ်ရှေ့က ဖြတ်သွားတယ်။ “ဒီမိုကရေစီ ရရှိရေး၊ ဒို့အရေး။ ဘာလုပ်နေလဲ မောင်မောင်ရေ၊ ဒီမိုကရေစီ ပေးလိုက်ပါလား” စတဲ့ဟာတွေ အော်ဟစ်သွားတယ်။ အဲဒီလူအုပ်ရဲ့ ရှေ့တန်းက တက်လာတဲ့ ဆီမှာ အသက် ၁၅ ဝန်းကျင်လောက်ပဲ ရှိတဲ့ ပါးကွက်ကျားလေးနဲ့ ကောင်မလေးတယောက်၊ ဘေးမှာက သေနတ်ဒဏ်ရာ ရထားလို့ ဝှီးချဲလေးနဲ့ လာတဲ့ သံဃာတော် ၁ ပါးနဲ့ တက်လာတယ်။
အဒီမှာ လမ်းရဲ့ထောင့်နားက အခု အနောက်ပိုင်း အားကစားရုံဖြစ်တဲ့ ကြက်တောင်ရိုက်ရုံ ရှိတဲ့နေရာ ရှေ့နားမှာ စစ်တပ်က လမ်းပိတ် တားတယ်။ ရပ်ကွက်က လူတွေလည်း ရှေ့မတက်ဖို့ အော်တယ်။ ဒါပေမယ့် လူအုပ်ကလည်း တက်လာတယ်။ သေနတ်သံတွေ ကြားရတာပဲ။ လူအုပ်ကြီးက ထွက်ပြေး ကြတာပေါ့။ စိတ်မကောင်းစရာ တခုက ကျနော်ခုနက မြင်လိုက်ရတဲ့ ကောင်မလေးနဲ့ သံဃာတော် ၁ ပါးက အဲဒီမှာ သေခဲ့တယ်။ စက္ကန့်ပိုင်းလေး အတွင်းမှာ သေတော့မယ့်လူကို အသက် ရှင်လျှက် နောက်ဆုံး မြင်တွေ့လိုက်ရတာပဲ။
ဆန္ဒပြတဲ့ လူအုပ်တွေ လာနေချိန်မှာဆို စစ်တပ်က ၂ ယောက်ချင်း ကျောပေးပြီး မြို့ထဲက အနော်ရထာလမ်းလို အဓိက လမ်းတွေကို ကန့်လန့်ဖြတ်ထားတဲ့ ၅၊ ၆ လမ်း စတဲ့ လမ်းတွေဘက်ကို အထက်ပိုင်း၊ အောက်ပိုင်းအလိုက် မျက်နှာမူပြီး လူမရှိတာကို သေနတ်နဲ့ ပစ်ကြတာ။ အဲဒီလို ကန့်လန့်ဖြတ် လမ်းတိုင်းကို ပစ်တာ။ အဲဒီမှာ ကျနော်တို့အိမ်ကို ကျည်ဆံလာ မှန်တယ်။ မိသားစုတွေက အိမ်ထဲမှာနေရင်း ကုတင်အောက် ဝင်ပုန်းရတယ်။ အဲဒီလို ကိုယ့်အိမ်ထဲမှာ နေရင်း ကုတင် အောက်လည်း ဝင်ပုန်းခဲ့ရဖူးတယ်။
အဲဒီလို အရေးအခင်းကာလမှာ ဒေါ်စုက ဟောတော့မယ့်အချိန်၊ ဦးအောင်ကြီးက တရက်ကြိုပြီး ဟောတာ၊ ဦးနုက “ငါသာ လျှင် ဝန်ကြီးချုပ်” လို့ ပြောတာတွေလည်း ကြုံတွေ့ရတယ်။ အဲဒီအချိန်တုန်းက ကျနော်တို့က ဦးနုကို စိတ်ဆိုးခဲ့ကြတယ်။ လူတွေ ဒီလောက် သေနေတဲ့အချိန် အာဏာမက်နေကြတယ်လို့ ထင်ခဲ့ကြတယ်။ အခုလို အတွေ့အကြုံလေး ရလာ၊ စာတွေ ပိုဖတ်လာ၊ နိုင်ငံရေးအကြောင်း ပိုနားလည်လာတဲ့ အချိန်မှာ ဦးနုကိုသာ ထောက်ခံလိုက်မယ် ဆိုရင် အခြေအနေတမျိုး ပြောင်းသွားနိုင်မယ် ဆိုတာ တွေးမိတယ်။ ခက်တာက ဦးနုက သူ့ရဲ့လိျှု့ဝှက်ချက်ကို သူများတွေကို မပြောခဲ့တာ ဆိုးတယ်။
၈၈ ဖြစ်ခဲ့တာမှာ နိုင်ငံရေးသမားတွေအတွက်၊ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရအတွက် ယူတတ်ရင် သင်ခန်းစာတွေပဲ။ အဲဒီ တုန်းက အစိုးရက လူထု လိုချင်တာကို ပေးတယ်၊ ဒါပေမယ့် နောက်ကျမှ ပေးတယ်။ လူပြိန်းစကားနဲ့ ပြောရရင် ကျနော်တို့ကို ၁၀ ကျပ် ပေးပါလို့ပြောရင် ချက်ချင်းမပေးဘူး၊ နောက်ကျမှပေးတယ်။ အဲဒီအချိန်ကျတော့ လူထုက ၁၀ မလိုချင်တော့ဘူး၊ ၁၅ ကျပ်ပေး ဖြစ်နေပြီ။ အဲဒီလို အစိုးရရဲ့ တုံ့ပြန်မှု ပေးတာတွေက သိပ်နောက်ကျခဲ့တယ်။ နောက် သင်ခန်းစာတခုက ဦးနေဝင်း ဆင်းပြီး ဦးစိန်လွင်တက်လာ၊ အရမ်းလုပ်ခဲ့ကြ၊ နောက် ပျော့ပြောင်းတဲ့ ဒေါက်တာမောင်မောင် တက်လာပြန်တယ်။
ဆိုလိုချင်တာက ခေါင်းဆောင်ပိုင်းတွေပဲ အပြောင်းအလဲ လုပ်တာ။ ပြည်သူတွေလိုချင်တဲ့ ဟာကို တကယ် လုပ်နိုင်တာ မဟုတ်ဘဲနဲ့ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး ညှိနှိုင်းတဲ့ အချိန်မှာ အရမ်းကို နောက်ကျနေပြီ။ အဲဒီအချိန်မှာ တပ်က ကားတွေက ဓာတ်ဆီ စုနေကြပြီ။ တပ်က အာဏာသိမ်းတော့မယ့် အရိပ်အယောင် ပေါ်နေပြီ။ ဒါပေမယ့် အားလုံးက အဲဒီအတွက် ဘာမှ ပြင်ဆင်မှု မရှိခဲ့ကြဘူး။
ဦးမိုးသူ (စာရေးဆရာ၊ ဒါရိုက်တာ မောင်မိုးသူ)
၈၈ မှာ စာရေးဆရာ၊ ဒါရိုက်တာ ဖြစ်နေပြီ။ နိုင်ငံရေး လောကထဲမှာ မရှိဘူး။ ၈၈ ဖြစ်ခဲ့တာက အစီစဉ်အတိုင်း ဖြစ်ခဲ့တာ။ မစ္စတာ ဂါးနက်က မြန်မာပြည်ရောက်လာပြီး ကျောင်းသား ခေါင်းဆောင်တွေနဲ့ တွေ့။ ပစ်မှတ်ရက်ကို သတ်မှတ် လိုက်ကြတယ်။ ၈ လေးလုံး နေ့မှာ တပြည်လုံး ဆန္ဒပြကြမယ်လို့ သတ်မှတ်လိုက်ကြတယ်။ အဲဒါကို ဘီဘီစီကနေ တချိန်လုံး ပြောနေတာပေါ့။
အဲဒီအခါ လူတွေအကုန်လုံးရော၊ ကျနော်တို့ပါ ကျောင်းသားတွေ တကယ်ပဲ ဆန္ဒပြကြပါ့မလားလို့ စောင့်ကြည်နေကြ၊ မျှော် နေကြတာပေါ့။ မောင်သော်က က ဆူးလေမီးပွိုင့် နားမှာနေတာ၊ ကျနော်က ၃၁ လမ်းမှာနေတာ ဆိုတော့ မီးပွိုင့်မှာပဲ လက်ဖက်ရည် သောက်ရင်း ၈ ရက်နေ့ မနက် ၈ နာရီကတည်းက ကျောင်းသားတွေ လာနိုးနဲ့ စောင့်နေလိုက်တာ ၁၀ နာရီထိုးတဲ့အထိ မလာကြသေးဘူး။ အဲဒီမှာ ၁၁ နာရီ ထိုးကာနီးမှာမှ ကျောင်းသားတွေ စပေါ်လာတယ်။ အဲဒီ အခါကျတော့မှ ကျောင်းသားတွေကို လက်ခုပ်တီး အားပေးကြ၊ ဘီစကွတ်မုန့်တွေ ဝေကြတာပေါ့။
အဲဒီနောက်မှာ မောင်သော်က၊ ဦးဝင်းတင်တို့က လက်မှတ်လှုပ်ရှားမှု ဆိုပြီးတော့ အနုပညာရှင်တွေ အကုန်လုံး လက်မှတ် ထိုးပြီး အစိုးရကို ကန့်ကွက်တဲ့ လှုပ်ရှားမှုအတွက် လက်မှတ်လိုက်ထိုးတာ စလုပ်တယ်။ ကျနော်က အစမှာ မပါသေးဘူး။ ဒေါ်ခင်မျိုးချစ်၊ ဦးခင်မောင်လတ်၊ ဆရာမင်းသုဝဏ်တို့ အစရှိတဲ့ ပုဂ္ဂိုလ်တွေပါ စပြီး လက်မှတ်ထိုးကြတယ်။ အဲဒီညကျမှ ဦး ဝင်းတင်က ကျနော့်ဆီ ဖုန်းဆက်ပြီး ပြောတော့ ကျနော်လည်း ပါရမှာပေါ့ဆိုပြီး ပါလာတယ်။
ဘားလမ်းက စံပယ်ဦး စာအုပ်တိုက်မှာ စာပေနဲ့ အနုပညာရှင်များ အဖွဲ့ဆိုပြီး ရုံးခန်းဖွင့်ခဲ့တယ်။ ဌာနချုပ်လို လုပ်ထားတဲ့ အတွက် လာခေါ်တဲ့လူတိုင်းကို လှည့်ဟောကြတယ်။ အထူးသဖြင့် မောင်သော်ကနဲ့ ကျနော်နဲ့ပေါ့။ ဘားလမ်းမှာ ဟောပြောပွဲ စင် လုပ်ထားပေမယ့် ၁ ခါ လောက်ပဲ ဟောရမယ် ထင်တယ်။ တခြားနေရာတွေကိုပဲ လှည့်ဟောနေကြရတာ။
အဲဒီလိုနဲ့ စာနယ်ဇင်းသမဂ္ဂ ဆိုတာကို ထောင်လိုက်တယ်။ ဥက္ကဋ္ဌက မောင်သော်က၊ ဒုဥက္ကဋ္ဌက ဦးဝင်းတင်၊ ကျနော်က အထွေထွေ အတွင်းရေးမှူး၊ ဦးဝင်းခက်က တွဲဘက်အတွင်းရေးမှူး ဆိုပြီး ထူထောင်လိုက်တယ်။
ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည်) နဲ့ ၈ လေးလုံး အစပိုင်းမှာ ကျနော်တို့နဲ့ ချိတ်ဆက်မိသေးတာ မဟုတ်ဘူး။ ကိုမြင့်ထွေးနဲ့ ဒေါ်စုက ၈ လေးလုံး အရေးတော်ပုံကို ထောက်ခံတဲ့ ကြေညာချက်ထုတ်တယ်၊ ကျနော့်သား ပန်းသီး၊ မြတ်စံတို့က အရင်ဆုံး ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ဝင်ထွက်နေကြတယ်။ ဒေါ်စုကလည်း ဒီအရေးတော်ပုံမှာ လှုပ်ရှားတဲ့ သူတွေနဲ့ တွေ့ချင်တယ်လို့ ပြောတော့မှ ဦးဝင်းတင်၊ ဦးသော်က၊ ကျနော်တို့က သွားတွေ့တာ။
ဒေါ်စုနဲ့ ဒေါ်စုခြံထဲက ကျောက်စာပွဲဝိုင်းလေးမှာ မကြာခဏ နိုင်ငံရေး စကားဝိုင်းလေး လုပ်ကြတယ်။ အဲဒီမှာ ရှေ့နေဘက်က ဦးကိုယု၊ ဒေါ်မြင့်မြင့်ခင်၊ ဦးထွန်းတင်၊ ဦးတင်ရွှေတို့လည်း ပါတယ်။ ပြီးတော့မှ ကျနော်တို့က ဒေါ်စုကို ဗိုလ်ချုပ်အောင်ဆန်း သမီး ဆိုတာက သပ်သပ်၊ လက်ရှိ အချိန်မှာ နိုင်ငံရေးက လမ်းပေါ်မှာ ရှိနေတာ၊ ပြည်သူတွေကြားထဲမှာပဲ ရှိနေတာ ဖြစ်တာ ကြောင့် သူ့ကို ပြည်သူတွေနဲ့ ထိတွေ့စေချင်တယ်။ ဒါကို သူကလည်း သဘောတူတယ်။
ဘားလမ်းမှာ ရုံးခန်း ဖွင့်ထားတယ်ဆိုပေမယ့် တကယ့် ဟောပြောပွဲစင်က ဆေးရုံကြီးက နှလုံးရောဂါကု ဌာနနားက စည်ပိုင်း ပြတ်နဲ့ ဆောက်ထားတဲ့ စင်မှာဖြစ်တယ်။ အဲဒီစင်မှာပဲ ဒေါ်စုက ပထမဆုံး လာဟောဖို့ စီစဉ်ပေးတာပဲ။ ကျနော်တို့အဖွဲ့က လည်း အဲဒီစင်မှာ တရက်ကို တယောက်လောက်တော့ အနည်းဆုံးရောက်ပြီး ဟောကြတာပဲ။ အဲဒီနောက်တော့ ဒေါ်စုကို ရွှေတိဂုံဘုရား အနောက်ဘက်မုခ်က လူထုနဲ့ ပထမဆုံး အစည်းအဝေး တွေ့ဆုံ ဟောပြောပွဲကိုလည်း စာပေနဲ့ အနုပညာ ရှင်များ အဖွဲ့က စီစဉ်တာပဲ။
အဲဒီအချိန်အထိ ကျနော်တို့ ဆေးရုံကြီးစင်ကို ဝိဓူရ သခင်ချစ်မောင်၊ ဦးတင်ဦး စတဲ့သူတွေလာတယ်။ အဲဒီအခါ ကျနော်တို့က ဦးတင်ဦးနဲ့လည်း တွေ့ဖို့ ကောင်းတယ်လို့ ပြောတော့ ဒေါ်စုက “ကျမက အငယ်ပဲ၊ လာ၊ ကျမတို့ သွားတွေ့ရအောင်” ဆိုပြီး စိတ်မြန် လက်မြန်ပဲ ဦးတင်ဦးအိမ်ကို သွားတွေ့တယ်။ အဲဒီမှာမှ ဒေါ်စုနဲ့ ဦးတင်ဦးတို့ စတွေ့တာ။ သူတို့ ၂ ယောက် စကား ပြောကြတော့ ကျနော်တို့က တဝိုင်းတည်း မထိုင်ဘဲ ဘေးခုံလေးမှာပဲ ထိုင်ပြီး စကားဝင်မပြောခဲ့ဘူး။
အဲဒီ ဦးတင်ဦးအိမ်မှာပဲ ဒေါ်စုက ဦးတင်ဦးကို အင်မတန်ရိုးဖြောင့်တဲ့သူ အဖြစ် ယုံကြည်ပုံရသွားသလို၊ ဒေါ်စုကိုလည်း ဦးတင်ဦးက ဒီမိန်းမ တော်တယ်၊ ထက်မြက်တယ်ဆိုတာကို ယုံကြည်ခဲ့ကြပုံ ရတယ်။ သူတို့ ဘယ်နေ့ တွေ့ဖြစ်ကြတယ် ဆိုတာကိုတော့ ရက်အတိအကျ မမှတ်မိတော့ဘူး။
ကျနော့်အနေနဲ့က ဒီအရေးအခင်း ကာလမှာ ထူးထူးခြားခြားအနေနဲ့ စာစောင်တွေ ထွက်ကြတဲ့အထဲမှာ ဝရဇိန် နာမည်နဲ့ မှတ်ပုံ တင်ပြီး တရားဝင် အပတ်စဉ် စာစောင်ထုတ်ခဲ့တယ်။ တခြားသူတွေက တရားမဝင် နာမည်မပါဘဲ ထုတ်တာ။ အဲဒီ ဝရဇိန်မှာ အယ်ဒီတာချုပ်က ကျနော်၊ အယ်ဒီတာက ဦးသီဟစော၊ ထုတ်ဝေသူက အခု မော်ဒန်၊ ကုမုဒြာ ဂျာနယ်ထုတ်တဲ့ သူပေါ့။ အဲဒီခေတ်မှာ အအောင်မြင်ဆုံး ဂျာနယ်က ဝရဇိန်ပဲ။
ဒီ ၈ လေးလုံးဆိုတာက တအုံအုံ ငြိုးလာတာ။ ရာတန်ဖျက်သိမ်းခံရတာ၊ လူတွေ မကျေနပ်တာတွေက အကုန်လုံး ပေါက်ကွဲ တာ။ ကျနော်တို့ သွားခဲ့ကြတဲ့ နိုင်ငံရေး လမ်းကြောင်းက စစ်အစိုးရကို ဆန့်ကျင်တဲ့ လူထုတိုက်ပွဲက ဒီမိုကရေစီ ခေတ်ကို ပြန် ထူထောင်နိုင်မယ့် ရည်မှန်းချက်ရှိခဲ့တာ။ ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။
ဧရာဝတီသတင်းထောက် စနေလင်း၊ ထက်နိုင်ဇော်၊ နဒီထိုက်နှင့် မြတ်သူအောင်တို့ တွေ့ဆုံမေးမြန်းသည်။