အာဏာပိုင်စနစ်နဲ့ တရားဥပဒေ စိုးမိုးမှု
ဒီနေရာမှာ အဓိက ပြောချင်တာကတော့ တရားဥပဒေစိုးမိုးမှုနဲ့ အာဏာပိုင်စနစ် (လစ်ဘရယ် အာဏာရှင်ဖြစ်စေ တခြား အာဏာရှင်ဖြစ်စေ) တို့က လိုက်လျောညီထွေ “ဖြစ်ခဲ” တယ် ဆိုတာပါ။ တရားဥပဒေ စိုးမိုးမှုကို တကယ်တမ်း အကောင်အထည် ဖော်ပြီဆိုရင် အာဏာပိုင်စနစ်ကို ရန်သတ္တရုပြုလာနိုင်ပါတယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်က အာဏာနဲ့ လုပ်ပိုင်ခွင့် အရင်းအမြစ်တခု ဖြစ်လာနိုင်ပြီး အုပ်ချုပ်ရေးကဏ္ဍရဲ့ ထိန်းချုပ်မှုအပြင်ကို ရောက်လာနိုင်ပါတယ်။ ဘက်မလိုက်ဘဲ တရားစီရင်ခြင်း၊ ဥပဒေရှေ့မှောက်မှာ အားလုံးကို တန်းတူရည်တူ ဆက်ဆံခြင်း၊ အရပ်ဘက်နဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာခြင်း ဆိုတာတွေက တရားဥပဒေစိုးမိုးမှုရဲ့ မရှိမဖြစ် အစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။
တိုင်းပြည်ရဲ့ နိုင်ငံရေးဘဝကို ချုပ်ချယ်ကန့်သတ်ပြီး အာဏာ ဆက်လက် ချုပ်ကိုင်နိုင်အောင် အာဏာရှင်တွေ အသုံးချတဲ့ ကိရိယာ တန်ဆာပလာတွေကို အဆိုပါ အစိတ်အပိုင်းတွေက ထိန်းချုပ်တာ ဒါမှမဟုတ် ဖယ်ရှားပေးတာတွေ လုပ်ကြပါတယ်။ အာဏာရှင်တွေက တရားဥပဒေ စိုးမိုးမှုကို တားမြစ်ပိတ်ပင်တတ်ကြပါတယ်။ ဒါမှမဟုတ်ရင် အနည်းဆုံးတော့ ချုပ်ချယ် ကန့်သတ်ကြပါတယ်။ အာဏာရှင် လက်အောက်မှာ ဖော်ဆောင်တဲ့ တရားဥပဒေ စိုးမိုးမှုက ဒီမိုကရေစီရဲ့ ရှေ့ပြေးဖြစ်တယ်လို့ ပြောရင် ဇာတ်လမ်းတခုရဲ့ ဇာတ်သိမ်းခန်းကို အရင်ဆုံး ကပြနေသလိုပါပဲ။ ဒီမိုကရေစီ ဆိတ်သုဉ်းနေခြင်း (တချို့ တိုင်းပြည်တွေမှာတော့ အာဏာရှင် အုပ်စိုးမှုကာလ ကြာမြင့်နေခြင်း) ကပဲ တရားဥပဒေ စိုးမိုးမှု ဖြစ်ထွန်းမလာအောင် အဓိက ပိတ်ပင် ဟန့်တားထားတဲ့အရာ ဖြစ်နေတတ်တာပါ။
ဒီနေရာမှာတော့ အီဂျစ်က အကောင်းဆုံး ဥပမာ ဖြစ်ပါတယ်။ တရာစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲမှု အပါအဝင် တရားဥပဒေ စိုးမိုးမှုတွေကို အကောင်အထည်ဖော်ဖို့ အီဂျစ်သမ္မတ ဟိုစနီမူဘာရက် အစိုးရကို အမေရိကန်နိုင်ငံက ၁၉၉၀ ပြည့်နှစ်တွေ အတွင်းမှာ ဖိအားပေးခဲ့ပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရာမှာ ချောမွေ့အောင်နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ကနေတဆင့် ဒီမိုကရေစီ အုတ်မြစ်ကို ချပေးနိုင်အောင်ဆိုပြီး ပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားပေးတာပါ။ အဆိုပါ ပြုပြင်ပြောင်းလဲမှုတွေကို အီဂျစ်အစိုးရအနေနဲ့ လုပ်ဆောင်ရာမှာ တိုးတက်မှုရှိအောင် အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ (USAID) က တရာဥပဒေစိုးမိုးမှု အကူအညီပေးရာမှာ အေဂျင်စီသမိုင်းမှာ အကြီးဆုံး အကူအညီပေးမှုကြီး ဖြစ်သွားပါတယ်။
အကူအညီတွေက “ပေးကားပေး၏ မရ” ဆိုသလိုပါပဲ။ အီဂျစ်နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုက အဲဒီနှစ်တွေမှာ တိုးတက်မှု မရှိသလောက် ဖြစ်ခဲ့ပြီး ဒီနေ့အထိလည်း ပိတ်ပင် တားဆီးခံထားရဆဲပါ။ အမှားအယွင်း အတိမ်းအစောင်း မခံတဲ့ အမှုကိစ္စတွေကို စီရင်ဆုံးဖြတ်ရာမှာ အစိုးရက နိုင်ငံရေးအရ ဝင်ရောက် စွက်ဖက်နေဆဲဖြစ်ပြီး တရားသူကြီးတွေ အနေနဲ့ ပိုပြီး လွတ်လွတ်လပ်လပ် ဆုံးဖြတ်ဖို့ ကြိုးစားလာရင် ပိတ်ပင် တားမြစ်တတ်ပါတယ်။ အီဂျစ်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကို ဖုံးကွယ်ထားဆဲဖြစ်ပြီး သူတို့က မကြာခဏ အကြမ်းဖက် လုပ်ဆောင်တတ်ပါတယ်။ ၂၅ နှစ် သက်တမ်းရှိနေပြီဖြစ်တဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေကို အစိုးရက ဆက်လက် ကြေညာထားဆဲဖြစ်ပြီး နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ထားကာ အမိန့်ဒီကရီ ထုတ်ပြန်ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ရယူထားပါတယ်။ (2005 Country Reports on Human Rights Practices by U.S. Department of State)
ဒီမိုကရေစီ အဆောက်အအုံကြီးကို မတည်ဆောက်ခင် တရားဥပဒေ စိုးမိုးမှု အခြေခံအုတ်မြစ်တွေကို အီဂျစ်က အရင်ချရမယ်လို့ အနောက်တိုင်း အရာရှိတွေက ပြောသည်ဖြစ်စေ အီဂျစ်အရာရှိတွေက ပြောသည်ဖြစ်စေ အဲဒီလိုပြောနေသူတွေက ကိုယ့်အကျိုးအတွက်သာ ကိုယ်လုပ်နေကြတာပါပဲ။
အီဂျစ်နိုင်ငံမှာ ဒီမိုကရေစီ ဆိတ်သုဉ်းနေတာကို အနောက်နိုင်ငံတွေက ဘာမှမပြောဘဲ ဆက်လက် သည်းခံနေတာအတွက် မှန်ကန်ကြောင်း ပြောလို့ရသွားသလိုပါပဲ။ ဒီမိုကရေစီကို မကျင့်သုံးတာအတွက် မူဘာရက် အစိုးရကလည်း ဆင်ခြေပေးလို့ ရသွားပါတယ်။ အီဂျစ်မှာ တရားဥပဒေ စိုးမိုးမှု မရှိသေးလို့ ဒီမိုကရေစီ မထွန်းကားသေးတာ မဟုတ်ပါ။ တိုင်းပြည်အာဏာကို မူဘာရက်အစိုးရက အသေချုပ်ကိုင်ထားပြီး စစ်မှန်တဲ့ ဒီမိုကရေစီ မထွန်းကားသေးတာကြောင့် တရားဥပဒေ စိုးမိုးမှုက ဖွံ့ဖြိုးတိုးတက်မှုမရှိ ဖြစ်နေတာပါ။ သမ္မတရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတအောင် ကျင်းပပေးခြင်း အပါအဝင် နိုင်ငံရေးအရ ပွင့်လင်းလွတ်လပ်မှုကို အလေးအနက်ထား လုပ်ကိုင်မှသာ တရားဥပဒေ စိုးမိုးရေးကို တည်ဆောက်နိုင်မယ့် ကျယ်ပြန့်ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ရေးအတွက် တနည်းတဖုံ မျှော်လင့်နိုင်မှာပါ။
ဒီအတွက် ရုရှနိုင်ငံကလည်း နောက်ထပ် ဥပမာကောင်း တခုပါ။ ၂၀၀၀ ပြည့်နှစ်မှာ သမ္မတပူတင် အာဏာရလာတော့ တရားဥပဒေ စိုးမိုးရေး ပြုပြင်ပြောင်းလဲမှုတွေက သူ့ရဲ့ ထိပ်တန်း ဦးစားပေးလုပ်ငန်းတွေထဲက တခုဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးရေး အခြေခံ အုတ်မြစ်ကို အရင်ခိုင်မာအောင် မတည်ဆောက်ဘဲ ဒီမိုကရေစီကို အဆောတလျင် ကျင့်သုံးခဲ့တာကြောင့် ၁၉၉၀ ပြည့်နှစ်တွေမှာ ရုရှနိုင်ငံ အကြီးအကျယ် မှားခဲ့တယ်လို့ အနောက်တိုင်း အရာရှိတွေ အပါအဝင် ရုရှနိုင်ငံသား တော်တော် များများက ယုံကြည်ထားလို့ ဒီတကြိမ်မှာတော့ သူတို့က ပူတင်ရဲ့ ကြေညာချက်ကို လက်ခုပ်သြဘာ ပေးခဲ့ကြပါတယ်။ ဒါပေမယ့် ပူတင်ရဲ့ တရားဥပဒေ စိုးမိုးရေး ကြိုးပမ်းမှုကြီးကလည်း မရှုမလှ ဖြစ်သွားခဲ့ပါတယ်။ ဒီနေ့ ရုရှရဲ့ တရားဥပဒေ ကျင့်သုံးမှုမှာ ဆိုးဝါးပြင်းထန်ပြီး စနစ်တကျ ဖန်တီးထားတဲ့ ချွတ်ယွင်းချက်တွေ ရှိနေလို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေရပါတယ်။ နိုင်ငံရေးအာဏာကို ပူတင်ရဲ့ ကိုင်တွယ်ကျင့်သုံးပုံ နည်းစနစ်ကြောင့် အဆိုပါ ချွတ်ယွင်းချက်တွေ ဖြစ်လာရတာပါ။ နိုင်ငံရေး ပြိုင်ဘက်တွေကို အပြစ်ပေးဖို့ ဥပဒေပုဒ်မတွေကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ အသုံးချခြင်း၊ လျှို့ဝှက်ပြီး တာဝန်မခံတဲ့ ခါးပိုက်ဆောင် လုံခြုံရေးတပ်ဖွဲ့တွေ ဆက်လက် ကြီးထွားနေပြီး နိုင်ငံတော်ရဲ့ တခြားအဖွဲ့အစည်းတွေကို ချုပ်ကိုင်ထားခြင်း နိုင်ငံရေးအရ မက်လုံးပေးချီးမြှင့် မြှောက်စားခြင်းနဲ့ တရားစီရင်ရာမှာ ဝင်ရောက် စွက်ဖက်ခြင်းတွေဆိုတဲ့ အားနည်းချက် အပြစ်အနာဆာတွေပါ။
ဒီမိုကရေစီ လမ်းကြောင်းကနေ ပူတင်က နောက်ပြန် ဆုတ်ထားတာကြောင့်လည်း အဆိုပါ တရားဥပဒေ စိုးမိုးရေး ပြဿနာတွေက ဆက်လက် ဖြစ်ပေါ်နေရပါတယ်။ မီဒီယာလွတ်လပ်ခွင့်ကို လျှော့ချထားမှု၊ နိုင်ငံရေး အတိုက်အခံတွေကို သည်းခံခွင့်လွှတ်ခြင်း ခေါင်းပါးမှု၊ နိုင်ငံရေးအရ အခြေခံကျတဲ့ တာဝန်ခံမှုကို တိုးတက်ကောင်းမွန်စေမယ့် ရွေးကောက်ပွဲစနစ်တွေကို အားနည်းအောင် လုပ်ထားမှုတွေကြောင့် တရားဥပဒေ ချိုးဖောက်မှုတွေနဲ့ ချွတ်ယွင်း အားနည်းချက်တွေကို အာရုံစိုက်လာပြီး ဆန့်ကျင် ကန့်ကွက်နိုင်တဲ့ လူ့အဖွဲ့အစည်းရဲ့ အရည်အသွေးတွေကို နိမ့်ကျသွားအောင် လုပ်လိုက်ပါတယ်။ အီဂျစ်နိုင်ငံမှာလိုပါပဲ၊ ဒီမိုကရေစီကို တည်ဆောက်ဖို့ တရားဥပဒေ စိုးမိုးမှုကို အရင်ခိုင်မာအောင် လုပ်ရမယ်လို့ ရုရှမှာလည်း ဆေးညွှန်းပေးတာက ဖြစ်စဉ်ကို ပြောင်းပြန်လှန် ပြောနေသလိုပါပဲ။ တကယ်တော့ ဒီမိုကရေစီကို ထွန်းကားအောင် လုပ်မှသာ တရားဥပဒေ စိုးမိုးမှုက ခိုင်မာလာမှာ ဖြစ်ပါတယ်။
အာဏာရှင်စနစ်နဲ့ တရားဥပဒေ စိုးမိုးမှုတို့ကြား သဘာဝကျတဲ့ သဟဇာတဖြစ်ချင်း မရှိဘူးလို့ မီးမောင်းထိုး ပြောပြနေတာက ဒီမိုကရေစီ စနစ်အောက်မှာ တရားဥပဒေ စိုးမိုးမှုက တည်ဆောက်ရတာ လွယ်ကူတယ်၊ ဒါမှမဟုတ် မလွဲမသွေ အလိိုလို ဖြစ်ပေါ်လာလိမ့်မယ်လို့ ပြောလိုရင်း မဟုတ်ပါ။ ဒီမိုကရေစီကို တည်ဆောက်ဆဲ နိုင်ငံတွေမှာလည်း တရားဥပဒေ စိုးမိုးမှုရရှိအောင် အပြင်းအထန် ရုန်းကန်ကြိုးစားနေရပြီး လိုအပ်ချက်တွေကလည်း မရေမတွက် နိုင်အောင်ပါပဲ။ ဒီမိုကရေစီကို တည်ဆောက်ဖို့ လုပ်ဆောင် ရတာတွေကြောင့်လည်း တရားဥပဒေ စိုးမိုးရေးပြဿနာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ပွင့်လင်းလွတ်လပ်မှုမရှိဘဲ ပိတ်လှောင်ထားခြင်း ခံရဖူးတဲ့ လူ့အဖွဲ့အစည်းမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးခြင်း ဒါမှမဟုတ် ပြန်လည် ကျင်းပပေးခြင်းတို့ကြောင့် တရားစီရင်ရေး နယ်ပယ်အတွင်းမှာ နိုင်ငံရေးအရ တပည့်မွေး အုပ်စုဖွဲ့တာာတွေ ဖြစ်လာနိုင်ပါတယ်။ အာဏာရှင် စနစ်ရဲ့ ချုပ်ကိုင်မှုတွေကို ဖြေလျှော့ ပေးလိုက်တာကြောင့် ဥပဒေ အကောင်အထည်ဖော်ရေး လုပ်ငန်းတွေ အားနည်းသွားပြီး ရာဇဝတ်မှုတွေ ရုတ်တရက် မြင့်တက်လာတာလည်း ဖြစ်နိုင်ပါတယ်။
ဒီမိုကရေစီ အခင်းအကျင်းသစ်မှာ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးပါတီတွေက ငွေကြေး အကျင့်ပျက် လာဘ်စားပြီး သြဇာအာဏာကို မတော်တလျော် အသုံးချတဲ့ နေရာတွေ စုဝေးရာ နိုင်ငံရေး အညစ်အကြေးအိုင်ကြီး ဖြစ်လာနိုင်ပါတယ်။ တချိန်တည်းမှာပဲ ဒီမိုကရေစီကို တည်ထောင်နိုင်ဖို့ လုပ်ဆောင်ရတဲ့ တခြား လုပ်ရပ်တွေကြောင့်လည်း တရားဥပဒေစိုးမိုးမှု ခိုင်မာလာနိုင်ပါတယ်။ အာဏာကို တလှည့်စီ ရယူကျင့်သုံးကြလို့ တပါတီတည်းရဲ့ လက်ထဲမှာ အာဏာတွေ စုဝေးနေတာ မဖြစ်တော့ဘဲ တရားဥပဒေ စိုးမိုးမှု အကြီးအကျယ် တိုးတက် ကောင်းမွန်လာတယ် ဆိုတာကို အာဂျင်တီးနားနိုင်ငံက ပြည်နယ်နှစ်ခုမှာ ရီဘက်ကာ ဘီလ် ချာဗက်စ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေက ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြထားပါတယ်။ (“A Construction of the Rule of Law in Argentina: A Tale of Two Provinces” by Rebecca Bill Chavez, 2003)
နိုင်ငံသားတွေနဲ့ နိုင်ငံတော်တို့ကြား တာဝန်ခံမှုဆိုတဲ့ လမ်းကြောင်းတွေကို ရွေးကောက်ပွဲတွေက ကူညီဖန်တီးပေးပါတယ်။ အဆိုပါ တာဝန်ခံမှု လမ်းကြောင်းတွေကြောင့် အစိုးရအရာရှိတွေ အနေနဲ့ ဥပဒေကို လေးစားလိုက်နာအောင် လုပ်ဆောင်ရာမှာ (ရာနှုန်းပြည့် မဟုတ်ပေမယ့်) ပိုအားကောင်းသွားပါတယ်။ အစိုးရအရာရှိတွေ ဥပဒေကို လေးစားလိုက်နာတာက တရားဥပဒေ စိုးမိုးမှုမှာ အဓိကကျပါတယ်။ ရာဇသတ် ဥပဒေတွေကို အကောင်အထည် ဖော်ရာမှာ ချို့ယွင်းချက်တွေ မကြာခဏ ဖြစ်တတ်ပေမယ့် ဒီမိုကရေစီခေတ် မတိုင်ခင် အာဏာရှင် လက်ထက်နဲ့ ယှဉ်လိုက်ရင် ဒီမိုကရေစီကို ဖော်ဆောင်ရာမှာ အရမ်းအားနည်းနေသေးတဲ့ နိုင်ငံတွေမှာတောင် ဆိုးဝါးပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကြီးအကျယ် လျှော့ချနိုင်ပါတယ်။
အရေးအကြီးဆုံး အချက်ကတော့ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးမှုတို့ကြားမှာ ပင်ကိုယ် သဘာဝအားဖြင့် ပဋိပက္ခတွေ ရှိမနေတာပါပဲ။ တခုမရှိရင် နောက်တခု မဖြစ်လောက်အောင် သူတို့နှစ်ခုက အပြန်အလှန် ဆက်စပ်နေကြပါတယ်။ နိုင်ငံရေးနဲ့ အရပ်ဘက် အခွင့်အရေးတွေကို လေးစားလိုက်နာခြင်း၊ အာဏာရှိသူတွေ အာဏာပိုင်တွေကို တရားဥပေဒ လက်အောက်မှာ ရှိနေစေခြင်းဆိုတဲ့ အစိတ်အပိုင်းတွေက ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု ၂ ခုလုံးမှာ ပါဝင်ပါတယ်။ ဒီမိုကရေစီကို ဖော်ဆောင်ရာမှာ လုပ်ဆောင်ရတဲ့ လှုပ်ရှားမှုတွေကြောင့် တရားဥပဒေ စိုးမိုးမှု အားကောင်းလားသလို တရားဥပဒေ စိုးမိုးမှုကို ဖော်ဆောင်တာကြောင့် ဒီမိုကရေစီလည်း အားကောင်းလာပါတယ်။ ကမ္ဘာတခွင်မှာ တွေ့နေရတဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးမှုတို့ကြား နီးကပ်တဲ့ ဆက်နွယ်မှုတွေက တိုက်ဆိုင်မှုတောာ့ မဟုတ်ပါ။ ခိုင်မာအားကောင်းတဲ့ အုပ်ချုပ်ရေးကို ဦးတည်တဲ့ လစ်ဘရယ် စနစ်ကနေ တဆင့် လစ်ဘရယ် ဒီမိုကရေစီ စနစ်ဆီကို သွားနိုင်တယ်လို့ ကြိုးစား ကောက်ချက်ဆွဲတာကလည်း အချည်းအနှီး ဖြစ်ပါတယ်လို့ မာ့ခ် အက်ဖ် ပလက်တ်နာ (Marc F. Plattner) က ပြောထားပါတယ်။ ခိုင်မာအခြေကျပြီးသား အနောက်တိုင်း ဒီမိုကရေစီတွေရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်လိုက်ရင် ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးမှုတို့က တပြိုင်နက်တည်းမှာ အပြန်အလှန် အကျိုးပြုခဲ့တယ်ဆိုတာ တွေ့ရနိုင်ပါတယ်။ (“From Liberalism to IlliberalDemocracy” by Marc F. Plattner, 1999)
နိုင်ငံတည်ဆောက်ရေး စိန်ခေါ်မှု
ဒီမိုကရေစီကို မကျင့်သုံးခင် နိုင်ငံတော် တည်ဆောက်ရေးကလည်း လိုအပ်ချက်တခု ဖြစ်တယ်လို့ “တဆင့်ပြီးတဆင့်” အယူအဆသမားတွေက ဆေးညွန်းပေးတတ်ကြပါတယ်။ ဒီမိုကရေစီ မြှင့်တင်ဖို့ ကြိုစားကြသူတွေက ခိုင်မာအားကောင်းတဲ့ နိုင်ငံတော်နဲ့ ပက်သက်ပြီး အရေးမကြီးသလို ပြောဆိုတတ်ကြတယ်ဆိုတာ မှန်ပါတယ်။ အာဏာရှင်စနစ်ကနေ ကူးပြောင်းလာတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီကို ကျင့်သုံးနိုင်ဖို့ ကြိုးစားတဲ့အခါ အဓိက အခက်အခဲက ကြီးမားကျယ်ပြန်တဲ့ နိုင်ငံတော် အခန်းကဏ္ဍကို လျှော့ချဖို့ ဒါမှမဟုတ် တန်ပြန် ထိန်းညှိဖို့ဆိုပြီး တတိယလှိုင်းအား အကောင်းဆုံး အချိန်အခါမှာ ယူဆခဲ့တာပါ။ ဒီမိုကရေစီ မြှင့်တင်ရေး သမားတွေက အဆိုပါ အယူအဆကို “ချွတ်” ဖို့ အချိန်အတော်ကြာထားပါတယ် (“The End of the Transition Paradigm” by Thomas Carothers, 2002)။ အာဏာပိုင်စနစ် ကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံတော်ရဲ့ ပါဝင်ပတ်သက်မှုက အလွန်အကျွံ ဖြစ်နေတတ်ပြီး ဖိနှပ်ချုပ်ချယ်တတ်ပေမယ့် နိုင်ငံတော်တခုမှာ ရှိသင့်ရှိထိုက်တဲ့ အဓိက စွမ်းရည်တွေတော့ ကင်းမဲ့နေတတ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို နောက်ပိုင်းမှာ ဆွေးနွေးထားပါတယ်။ အာဏာရှင်စနစ်ကနေ ကူးပြောင်းလာတဲ့ အနေအထား အခင်းအကျင်းမှာ နိုင်ငံတော်ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးခြင်းက ဒီမိုကရေစီကို ခိုင်မာအောင် လုပ်ပေးခြင်းလိုပဲ အရေးကြီးပါတယ်။
တချို့ အခြေအနေတွေမှာတော့ နိုင်ငံတော် တည်ဆောက်ရေး လုပ်ပြီးမှ ဒီမိုကရေစီကို ကျင့်သုံးမယ်ဆိုတာမျိုး စောင့်နေစရာ မလိုပါ။ ပြည်တွင်း ပဋိပက္ခကြောင့် ဒါမှမဟုတ် တခြားပြင်းထန်တဲ့ ကပ်ဘေးတွေ စုပေါင်းပြီး ဖြစ်လာတာကြောင့် လုံး၀ ပြိုလဲပျက်စီးသွားတဲ့ နိုင်ငံတခုမှာ နိုင်ငံရေးပြိုင်ဆိုင်မှုကို ဖွင့်ပေးလိုက်ပြီး ရွေးကောက်ပွွဲတွေကို အဆောတလျင် ကျင်းပ ပေးလိုက်တာက အဓိပ္ပာယ်မရှိပါ။ နိုင်ငံတခုက အနိမ့်ဆုံးအဆင့် လည်ပတ်နေရမှာဖြစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့တွေကို စုစည်းချုပ်ကိုင်ထားတဲ့ စွမ်းရည်လည်း ရှိထားရပါမယ်။ အဲဒီလိုရှိထားမှသာ ရေရှည် တည်တံ့ခိုင်မြဲပြီး အားလုံး ပါဝင်လို့ရတဲ့ နိုင်ငံရေး အနေအထားဆီ ရောက်အောင်သွားမယ့် လမ်းကြောင်းပေါ် တိုင်းပြည်ကို တင်ပေးနိုင်မှာပါ။
ဒါပေမယ့် လုံလောက်တဲ့ အနေအထားမှာတင် မဟုတ်ဘဲ အရမ်းကို ကောင်းကောင်းမွန်မွန် လည်ပတ်နေတဲ့ နိုင်ငံတခု ဖြစ်လာပြီးနောက်မှသာ ဒီမိုကရေစီကို ကျင့်သုံးမယ်လို့ “တဆင့်ပြီးတဆင့်” သမားတွေက ရှင်းပြပြောဆိုနေတာက လမ်းလွဲနေပါတယ်။ စွမ်းရည်ပြည့်ဝပြီး ဘက်မလိုက်တဲ့ အင်စတီကျုးရှင်းတွေ ရှိတဲ့၊ ထိရောက်ကောင်းမွန်တဲ့ မူဝါဒတွေကို တင်ပြ၊ လွှတ်တော်မှာ ဆွေးနွေး အတည်ပြုပြီး အကောင်အထည် ဖော်နိုင်တဲ့ စွမ်းရည်တွေရှိတဲ့ နိုင်ငံတော်မျိုးကို “တဆင့်ပြီးတဆင့်” သမားတွေကတွေက မျှော်မှန်းနေတာပါ။
“အာဏာရှင်တွေက သဘာဝအလျောက် ပေါ်ပေါက်လာတဲ့ နိုင်ငံ တည်ဆောက်သူတွေ ဖြစ်တယ်” ဆိုတဲ့ စိတ်ဝင်စားစရာ ကောင်းပေမယ့် လွဲမှားနေတဲ့ စိတ်ကူးပေါ်မှာ “တဆင့်ပြီးတဆင့်” အယူအဆကို အခြေခံထားတာ ဖြစ်ပါတယ်။ အဲဒီလို ယူဆပြောဆိုရင်၊ နိုင်ငံတည်ဆောက်ရေး စိတ်ကူးစိတ်သန်းတွေနဲ့ ပြည့်နှက် ထုံမွှမ်းနေပြီး တူရကီနိုင်ငံကို တည်ထောင်ခဲ့သူ လေးနက် တည်ကြည်တဲ့ နိုင်ငံခေါင်းဆောင် မူစတာဖာ ကယ်မဲလ်အီတာတာ့ခ် နဲ့ ဂျာမန် နိုင်ငံတည်ထောင်သူ ခေါင်းဆောင် အော်တိုဗွန် ဘစ်စမတ် တို့ကို အမှတ်ရစေပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ထိရောက်ထက်မြက်တဲ့ နိုင်ငံတည်ဆောက်ရေး ခေါင်းဆောင်ကြီးတယောက် လွန်ခဲ့တဲ့ ရာစုနှစ်အတွင်းမှာ ပေါ်ပေါက်တိုင်း ကိုယ့်ကျိုးကိုယ်သာ ကြည့်တတ်ပြီး ကြောင်းကျိုးမဆီလျော်ဘဲ ပြုမူတတ်တဲ့ အာဏာရှင် တဒါဇင်လောက်ပေါ်ပေါက်ထားပါတယ်။ သူတို့ ပေါ်ပေါက်လာရာ နိုင်ငံတွေက နောက်ဆုံးမှာ ချွတ်ခြုံကျ မွဲတေသွားပြီး ဆရာတပည့်မွေး အုပ်စုဖွဲ့တာတွေ အကျင့်ပျက် လာဘ်စားတာတွေ အစွမ်းအစ ပျောက်ဆုံးတာတွေနဲ့ နိဂုံးချုပ်သွားကြပါတယ်။
နိုင်ငံတည်ဆောက်ရေးမှာ လုပ်ဆောင်ရတဲ့ ဒုတိယအဆင့်အတွက် အာဏာရှင်တွေက လုံးဝနီးပါး မသင့်တော်ဘူး ဆိုတာကို နိုင်ငံတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဂျိုးလ်မစ်ဂ်ဒါလ် လုပ်ခဲ့တဲ့ လေ့လာမှုက တွေ့ရှိပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေကို တဦးတည်း ချုပ်ကိုင်နိုင်တဲ့ အဆင့်ကို ကျော်လွန်ပြီး ခေတ်မီနိုင်ငံတော် တခုအနေနဲ့ ထိရောက်တဲ့ ဗျူရိုကရေစီ စနစ်ကို ပြုစုပျိုးထောင်ပေးဖို့ အခြေခံကျတဲ့ အစိုးရစနစ်တခုကို ဖန်တီးပေးခြင်းဆိုတဲ့ ဒုတိယအဆင့်ပါ။ ( Strong Societies and Weak States: State-Society Relations and State Capabilities in the Third World by Joel S. Migdal, 1988)
ဘက်လိုက်မှုမရှိတဲ့ အစိုးရအဖွဲ့တခုမှာ အခြေခံအဆောက်အဦးတွေကို ဒီမိုကရေစီ မကျင့်သုံးနိုင်ခင် ပြည့်စုံ လုံလောက်ပြီးသား ရှိထားဖို့ လိုတယ်လို့ “တဆင့်ပြီးတဆင့်” အယူအဆသမားတွေက ပြောရင် သူတို့က အဆိုပါ နိုင်ငံတည်ဆောက်ရေး ဒုတိယ အဆင့်ကို ရည်ညွန်းနေတာပါ (Electing to Fight by Mansfield and Snyder)
တရားဥပဒေ စိုးမိုးရေးလိုပါပဲ၊ ဒုတိယအဆင့် နိုင်ငံတည်ဆောက်ရေးကလည်း အာဏာရှင်စနစ်နဲ့ အခြေခံအားဖြင့် သဟဇာတ မဖြစ်လှပါ။ သူတို့ကိုယ်တိုင်နဲ့ သူတို့ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေအတွက် မတရားသဖြင့် ဝင်ငွေရပေါက်ရလမ်းအဖြစ်၊ ဝေဖန်သူတွေ ပြိုင်ဘက်တွေကို ချိုးနှိမ်ဖို့ နှိပ်ကွပ်ဖို့အတွက် လက်နက်ကိရိယာအဖြစ်၊ စောင်မကြည့်ရှုရမယ့် မိတ်ဆွေတွေနဲ့ အုပ်စုတွေအတွက် နားခိုးရာအဖြစ် နိုင်ငံတော်ကို အာဏာရှင်တွေက မတော်မတရား အသုံးချတတ်ကြပါတယ်။ ဒါပေမယ့် စွမ်းဆောင် ရည်ပြည့်ဝမှုနဲ့ ဘက်မလိုက်မှုဆိုတဲ့ ယေဘုယျ သတ်မှတ်ထားတဲ့ နိုင်ငံတည်ဆောက်ရေး ရည်မှန်းချက်တွေကြောင့် နိုင်ငံတော်ရဲ့ ယန္တရားတွေကို အာဏာရှင်တွေက သူတို့အလိုကျ အသုံးမချနိုင်တော့ပါ။
ထိရောက်ထက်မြက်တဲ့ နိုင်ငံတခုဆိုတာ နိုင်ငံရေး လွတ်လပ်ခွင့် တော်တော်များများရှိသလို ကိုယ်ပိုင် အချုပ်အချာအာဏာနဲ့ လုပ်ပို်င်ခွင့်တွေလည်း ရှိပါတယ်။ ဆိုလိုတာကတော့ အဆိုပါ ထိရောက်ထက်မြက်တဲ့ နိုင်ငံဆိုတာ အရေးကြီးတဲ့ နေရာတွေမှာ အာဏာရသူတွေ အလိုကျ ကြိုးကိုင်လို့မရနိုင်ပဲ အာဏာပိုင် ဆန်ချင်တဲ့ ခေါင်းဆောင်တွေကို ဘေးအန္တရယ်ပေးနိုင်ပါတယ်။ အာဏာပိုင် အစိုးရတွေက နိုင်ငံတည်ဆောက်ရေးကို မလုပ်နိုင်ဘူးလို့ ဆိုလိုရင်းတော့ မဟုတ်ပါ။ ဒါပေမယ့် အာဏာရှင် အစိုးရတွေက သဘာဝအားဖြင့်ကို နိုင်ငံတည်ဆောက်ရေး လုပ်တတ်ကြတယ်၊ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ယူဆရင်တော့ အကြီးအကျယ် လမ်းလွဲနေပြီလို့သာ ပြောလိုရင်းဖြစ်ပါတယ်။
ဒီမိုကရေစီကို စတင်ကျင့်သုံးခါစ နိုင်ငံတွေကလည်း တိုင်းပြည် တည်ဆောက်ရေးကို ကြိုးစား လုပ်ကိုင်ကြပါတယ်။ တရားဥပဒေ စိုးမိုးရေးလိုပါပဲ။ နိုင်ငံတည်ဆောက်ရေးကြောင့် ဒီမိုကရေစီ ကျင့်သုံးအကောင်အထည် ဖော်ရာမှာ ရှုပ်ထွေးသွားနိုင်ပါတယ်။ အင်အားခိုင်မာ တောင့်တင်းဖို့ နည်းလမ်းတွေ ရှာဖွေကြတဲ့ နိုင်ငံရေး ပါတီသစ်တွေကလည်း လက်အောက်ခံ အုပ်စုတွေ ကွန်ရက်တွေကို တည်ထောင်ဖို့ ကြိုးစားရင်း တိုင်းပြည်ကို အလွဲသုံးစားပြုနိုင်ပါတယ်။ အားနည်းတဲ့ ညွှန့်ပေါင်းအစိုးရတွေ တဖွဲ့ပြီးတဖွဲ့ ပြောင်းနေတာကြောင့်လည်း အင်စတီကျုးရှင်း တည်ဆောက်ရေးနဲ့ ရေရှည်မူဝါဒ ချမှတ် အကောင်အထည် ဖော်ခြင်းတွေမှာ နောက်ကောက်ကျနေနိုင်ပါတယ်။ တချိန်တည်းမှာပဲ ဒီမိုကရေစီ တည်ဆောက်ရေးရဲ့ တချို့အစိတ်အပိုင်းတွေက တိုင်းပြည် တည်ဆောက်ရေးကို အထောက်အကူ ပြုနေတာာလည်း ဖြစ်နိုင်ပါတယ်။
မဲပေးခြင်းကနေတဆင့် လူထုအပေါ် တာဝန်ခံမှုကို ဖော်ဆောင်နိုင်ရင် ကောင်းမွန်တဲ့ အစိုးရအုပ်ချုပ်မှု ဖြစ်လာစေဖို့ တွန်းအားတွေလည်း ရှိလာနိုင်ပါတယ်။ ပိတ်ပင်ထားတဲ့ မီဒီယာကို ဖွင့်ပေးလိုက်ခြင်း အားဖြင့်လည်း လုပ်ဆောင်မှု ညံ့ဖျင်းနေတဲ့ အစိုးရကဏ္ဍတွေကို ပြည်သူလူထုက ပိုပြီးစစ်ဆေးနိုင်လာပါလိမ့်မယ်။ လွတ်လပ်တဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေအတွက် လုပ်ပိုင်ခွင့်နေရာတွေ ဖန်တီးပေးလိုက်ခြင်း အားဖြင့်လည်း စည်းရုံးဆော်သြရေး အုပ်စုတွေက အစိုးရ လုပ်ဆောင်မှု ညံ့ဖျင်းတာတွေကို စောင့်ကြည့် ဝေဖန်လာာနိုင်သလို အစိုးရနဲ့လည်း အလုပ်အတူ တွဲလုပ်လာနိုင်မှာပါ။
ဒီမိုကရေစီ နိုင်ငံသစ်တိုင်းမှာ တိုင်းပြည် တည်ဆောက်ရေးတွေက အလိုအလျောက် အောင်မြင်တယ်လို့တော့ မဟုတ်ပါ။
ဒါပေမယ့် အာဏာရှင်စနစ်နဲ့ မတူတာက စွမ်းဆောင်ရည်ရှိတဲ့ နိုင်ငံတခုနဲ့ အောင်မြင်တဲ့ ဒီမိုကရေစီ အစိုးရတခုတို့ကြားမှာ အခြေခံကျတဲ့ တင်းမာမှုတွေ ရှိမနေပါ။ ဒီနေ့ ကမ္ဘာပေါ်မှာ စွမ်းဆောင်ရည် အပြည့်ဝဆုံး နိုင်ငံတွေ အားလုံးနီးပါးက ဒီမိုကရေစီနိုင်ငံတွေ ဖြစ်နေကြတာလည်း တိုက်ဆိုင်မှု သက်သက်တော့ မဟုတ်ပါ။ တရားဥပဒေ စိုးမိုးရေးလိုပါပဲ ကနဦးအဆင့်ထက် ကျော်လွန်သွားတဲ့ တိုင်းပြည် တည်ဆောက်ရေးကို လုပ်ရာမှာ အပြန်အလှန် အားဖြည့်ပေး၊ ဖြည့်စွက်ပေးနိုင်တဲ့ လုပ်ငန်းတွေကို ရှာရင်းနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ တပြိုင်နက်တည်း တွဲလုပ်ရင် အအောင်မြင်ဆုံး ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိမှာဖြစ်ပေမယ့် တခြားနည်းလမ်းတွေ (အရင် အာဏာရှင်စနစ်တွေကြောင့် တိုင်းပြည်ရဲ့ စွမ်းဆောင်ချက်တွေ ကျဆင်းပျက်စီးခဲ့ပေမယ့် နောက်တကြိမ်မှတော့ အလားတူ ထပ်မဖြစ်အောင် ရှောင်းရှားနိုင်မယ်လို့ ယူဆပြီး စမ်းကြည့်တာမျိုး) က ဒီ့ထက် ပိုဆိုးကြပါတယ်။
ဆက်လက်ဖော်ပြမည်။
(၂၀၀၇ ခုနှစ် ဇန်နဝါရီလထုတ် Journal of Democracy ပါ တောမတ်စ် ကာရိုးသားစ် (Thomas Carothers) ၏ How Democracies Emerge: The “Sequencing” Fallacy ကို ဘာသာပြန်ဆိုပါသည်။ တောမတ်စ် ကာရိုးသားစ်သည် Carnegie Endowment for International Peace ၏ Democracy and Rule of Law Project တွင် ဒါရိုက်တာ တဦးဖြစ်ပြီး နိုင်ငံတကာ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပညာဆိုင်ရာ ဒု ဥက္ကဌ တဦးလည်း ဖြစ်သည်။ သူ၏ နောက်ဆုံး ထွက်ရှိထားသော စာအုပ်မှာ Confronting the Weakest Link: Aiding Political Parties in New Democracies (2006) ဖြစ်သည်။)