ကျမ ဧရာဝတီမှာ ကလေးအကြောင်း ပြောလာတာ တော်တော်များလာပါပြီ။ ဘာကြောင့် ဧရာဝတီမှာ ကလေးအကြောင်းကိုပဲ အဓိကထား ပြောနေရသလဲ ဆိုတော့ ကလေးတို့ရဲ့ အနာဂတ်ဟာ နိုင်ငံတော်ရဲ့ အနာဂတ် ဖြစ်လို့ပါပဲ။ နိုင်ငံတနိုင်ရဲ့ အနာဂတ်အတွက် အရေးကြီးဆုံး လူများဟာ ကလေးများပါ။ ဒါကြောင့်မို့လို့ ကလေးတိုင်းဟာ မှန်ကန်တဲ့ ပြုစု စောင့်ရှောက် မှုမျိုးနဲ့ ပြုစုခံရဖို့၊ မှန်ကန်တဲ့ ပညာရေးကို ရရှိစေဖို့ သိပ်ကို လိုပါတယ်။
ဒါပေမယ့် ဝမ်းနည်းစရာ ကောင်းအောင်ပဲ ကျမတို့ မြန်မာပြည်မှာ မှန်ကန်တဲ့ ပြုစုစောင့်ရှောက်မှုမျိုးကို ရရှိတဲ့ ကလေးများဟာ သိပ်ကိုမှ နည်းပါး နေပါတယ်။ အဲဒီလိုပဲ ပညာရေးနဲ့ ပတ်သက် လာပြန်ရင်လည်း ကလေးတို့ ခမျာ အရွယ်နဲ့ မမျှအောင် ကျူရှင်၊ ကျောင်း၊ ဂိုက် ဆိုတာတွေနဲ့ လုံးပမ်း နေရပြန်ရှာပါတယ်။
ကျမတို့ ငယ်ငယ်တုန်းကတော့ ကျူရှင်ဆိုတာဟာ အတန်း တော်တော်ကြီးတဲ့ ကိုးတန်း၊ ဆယ်တန်းလောက် ရောက်တော့မှ တက်ရတဲ့ အရာပါ။ ဒါပေမယ့် အခုခေတ် ကလေးများ ခမျာမှာတော့ သူငယ်တန်း၊ တတန်းကတည်းက ကျူရှင် စတက် နေရပါပြီ။ ကျောင်းကျူရှင်၊ အပြင် ကျူရှင်၊ ပြီးတော့ ဂိုက်ဆိုတာပါ ပါလိုက်ပါသေးတယ်။ တချို့ မိဘများက အင်္ဂလိပ်စာ အပို သင်တန်း၊ တရုတ်စာ အပိုသင်တန်း၊ ကွန်ပျူတာသင်တန်း ဆိုတာတွေကိုပါ ထပ်ဖြည့်ပြီးတော့ အတက်ခိုင်းလိုက် ပါသေးတယ်။
သူငယ်တန်း၊ တတန်းအရွယ် ကလေးများခမျာ ဆော့ချိန်၊ ကစားချိန်ရယ်လို့ လုံးလုံး မရှိတော့ပါဘူး။ ကလေးတယောက်ရဲ့ ဦးနှောက်တွေ ရွှင်လန်းလာစေဖို့၊ ကိုယ်လက်ကြံ့ခိုင်စေဖို့နဲ့ လိုအပ်တဲ့ စွမ်းရည်တွေ ရရှိစေဖို့ အတွက် ကလေးတွေ ကစားဖို့ လိုပါတယ်။ ကလေးအရွယ် ဆိုတာဟာ ကစားတဲ့ အရွယ်ပါ။ ကလေးတို့ဟာ ကြီးပြင်းလာလို့ လူ့ဘဝထဲကို ထဲထဲဝင်ဝင် ဝင်ရောက် လာတဲ့အခါမှာ သူတို့ ကြုံတွေ့ရမယ့်၊ လိုက်နာရမယ့် စည်းမျဉ်းများ၊ ဥပဒေများ၊ ပေါင်းသင်း ဆက်ဆံရေးများကို ငယ်စဉ်ကတည်းမှာ ကိုက ကစားခြင်းကနေတဆင့် သင်ယူ သွားကြတာမျိုးပါ။ တနည်း ပြောရရင်တော့ ကစားရင်းနဲ့ သင်၊ သင်ရင်းနဲ့ ကစား ဆိုသလိုပါပဲ။ တကယ်တော့ ကလေးတို့ရဲ့ ကစားခြင်းဟာ စာသင်ခန်းများရဲ့ သင်ခန်းစာများလိုပဲ ကလေးတို့ အတွက် သိပ်ကိုမှ အရေးကြီးလှ ပါတယ်။
ကျမတို့ရဲ့ မြန်မာ့ရိုးရာ ကစားနည်း တခုဖြစ်တဲ့ ထုတ်စည်းတိုးတမ်း ကစားနည်း ကိုပဲလေ့လာ ကြည့်ရအောင်ပါ။ ထုတ်စည်းတိုးတမ်း ကစားနည်းဟာ အုပ်စုနဲ့ ကစားတဲ့ ကစားနည်းပါ။ အုပ်စု နှစ်စု ခွဲထားပြီးတော့ ကစားကြပါတယ်။ အုပ်စု နှစ်စုလုံးမှာ ခေါင်းဆောင်သူ ခေါင်သူကြီး ရှိပါတယ်။ ခေါင်သူကြီးဟာ နေရာချမှတ် ပေးပါတယ်။ ကစားသူများ အားလုံးဟာ ကစားတဲ့ စည်းမျဉ်းကို လိုက်နာကြရပါတယ်။ ထမင်းရည်ပူလို့ ခေါ်တဲ့ စည်းကြောင်းကို မထိရပါဘူး။
ဒီကစားနည်းကို ကြည့်မယ်ဆိုရင် … ကလေးတို့ဟာ ကစားခြင်းကနေ တဆင့် အင်မတန် အရေးကြီးတဲ့ အုပ်စုနဲ့ ဆောင်ရွက်တတ်ခြင်း ဆိုတဲ့ အရာကို သိရှိတတ်မြောက် သွားကြပါတယ်။ စည်းမျဉ်း ဥပဒေကို လိုက်နာတတ်ကြသလို၊ အဖွဲ့ ခေါင်းဆောင်ရဲ့ ညွှန်ကြားမှု အောက်မှာ အလုပ်တခုကို အောင်မြင်အောင် အားသွန်ခိုက်စိုက် ကြိုးစား အားထုတ် သွားတာ မျိုးပါ။ အဖွဲ့ခေါင်းဆောင် ဟာလည်း ထို့အတူပါပဲ၊ ကိုယ့်ရဲ့ အဖွဲ့မှာ ဘယ်သူကတော့ ဘယ်နေရာမှာ အားသာတယ်၊ ဘယ်သူ ကတော့ ဘယ်နေရာမှာ အားနည်းတယ် ဆိုတဲ့ အားနည်းချက် အားသာချက်ကို သိလာပါတယ်။ နေရာချတတ်၊ ညွှန်ကြား တတ်ကြတယ်။ အဖွဲ့ခေါင်းဆောင် လုပ်တဲ့ ကလေးများဟာလည်း ကစားရင်းနဲ့ပဲ စီမံခန့်ခွဲတတ်တဲ့ အတတ်ကို သင်ယူ တတ်မြောက် သွားကြတာပါပဲ။
ကျမတို့ရဲ့ မြန်မာ့ ရိုးရာ ကစားနည်းများထဲမှာ အင်မတန်မှ ချစ်စရာကောင်းတဲ့ ခြင်းလုံး ကစားနည်းဟာလည်း အဲဒီလိုပါပဲ။ တအုပ်စုလုံး အပေးအယူ မျှမျှနဲ့ ချစ်ချစ်ခင်ခင် ကစားရတဲ့ ကစားနည်းပါ။ စည်းလုံးညီညွတ်မှုနဲ့ အပေးအယူမျှမှုကို ကစားရင်းနဲ့ပဲ သင်ယူ သွားနိုင်တာပါ။
တူတူပုန်းတမ်း ကစားနည်းမှာ ဆိုရင်လည်း ကလေးတို့အတွက် အရေးကြီးတဲ့ စွမ်းရည်တွေ ဖြစ်တဲ့ စေ့စေ့စပ်စပ် သတိပြု တတ်မှု (Awareness) ကို ကစားရင်းနဲ့ သင်ယူ ရရှိသွားစေပါတယ်။ လိပ်ဥဖွက်တမ်း ကစားနည်းလည်း ထို့အတူပါပဲ။ ကစားခြင်းကနေ တဆင့် ရရှိစေတဲ့ အဖိုးမဖြတ်နိုင်တဲ့ စွမ်းရည်ကတော့ ပေါင်းသင်း ဆက်ဆံရေး စွမ်းရည်ပါ။ ကစားရင်းနဲ့ သူငယ်ချင်းတွေ တိုးလာမယ်၊ တိုးလာတဲ့ သူငယ်ချင်းတွေ ကြားထဲမှာ ကစားရင်းနဲ့ ငြင်းကြ ခုန်ကြ ဖြစ်လာမယ်ဆိုရင် ကျန်တဲ့ သူငယ်ချင်းတွေက ဝင်ရောက်ဖြေရှင်း ပေးကြပါတယ်။ ဒါဟာ ပြဿနာကို ဖြေရှင်းတတ်ခြင်း (Problem solving) ဆိုတဲ့ အတတ်ပါပဲ။
ဒီစွမ်းရည်တွေဟာ လူ့ဘဝထဲကို ထဲထဲဝင်ဝင် ဝင်ကြရတဲ့ အခါမျိုးမှာ လူ့အဖွဲ့အစည်း အတွက် အင်မတန်မှကို အသုံးဝင်တဲ့ စွမ်းရည်များပါပဲ။ ကျောင်း – ကျူရှင်၊ ကျူရှင် – ကျောင်းနဲ့ သွားနေကြရတဲ့ ကလေးများမှာတော့ ကစားချိန် မရှိရှာတော့တဲ့ အတွက် ဒီစွမ်းရည်များကို သင်ယူခွင့် မရရှိတော့ပါဘူး။ မိဘများရဲ့ ကိုယ့်ကလေးကိုယ် ထူးချွန်စေချင် တဲ့ ဆန္ဒအရ ဘာကိုပဲ လုပ်လုပ် ထိပ်ဆုံး ရောက်အောင် လုပ်ရမယ်၊ ပထမ ဖြစ်ရမယ် ဆိုတဲ့ ဖိအားပေးမှုတွေ အောက်မှာ ဒီကနေ့ခေတ် ကလေးများ ခမျာ သနားစဖွယ် ကောင်းအောင် ကြိုးစားနေရ ရှာပါတယ်။ ကိုယ့်ဘေးနားက ကလေးဟာ ကိုယ့်ရဲ့ စာပြိုင်ဘက်သာမို့ သူငယ်ချင်း အချင်းချင်း ချစ်ခင်တာတွေ၊ ပူးပေါင်းဆောင်ရွက်ကြတာ မျိုးတွေလည်း နည်းပါးလို့ လာပါတယ်။
နောက်တခု ကတော့ မြို့က ကလေးတို့ အတွက် ကစားစရာ နေရာ မရှိတဲ့ အဖြစ်ပါ။ တိုက်ခန်း ကျဉ်းကျဉ်းလေး ထဲမှာ ကစားဖို့ နေရာ မရှိတာမို့ တီဗီထိုင်ကြည့်ရင်း၊ ဗီဒိယိုဂိမ်း ၊ကွန်ပျူတာ ဂိမ်းတွေပဲ နှိပ်နေကြရပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ ကလေးတို့ တိုက်ခန်းကျဉ်းနဲ့ နေရတယ် ဆိုပေမယ့် ရပ်ကွက်တိုင်းမှာ၊ လမ်းထောင့်များမှာ ကစားဖို့ နေရာများ ရှိကြပါတယ်။ ရာသီဥတု ကောင်းတဲ့ ညနေတိုင်းမှာ ပန်းခြံများဟာ ကလေးများနဲ့ စည်ကား နေကြတာ ချည်းပါပဲ။ ပန်းခြံဝင်ကြေး တပြားမှ ပေးစရာ မလိုတာမို့ ဆင်းရဲချမ်းသာ မရွေး လာနိုင်ကြပါတယ်။
ကျမတို့ဆီမှာ တော့ ကလေးများအတွက် ကစားစရာ နေရာဟာ အင်မတန်မှ ရှားပါး လှပါသေးတယ်။ ပန်းခြံများက ကလေး ကစားကွင်းများဟာ ပန်းခြံဝင်ကြေးက ဈေးကြီးလှတာမို့ တော်ရုံနဲ့ မလာနိုင်ကြပါဘူး။ အစိုးရ ကျောင်းများ မှာလည်း ဘောလုံးကန်လို့ အရိုက်ခံရတာ၊ ကလေးတို့ ဆော့ကစားလို့ အရိုက်ခံရတာ ဆိုတဲ့ အကြောင်းတွေကို ကြားနေရဆဲ ရှိပါ သေးတယ်။ အမှန်တော့ ကစားတယ် ဆိုတာဟာ ကလေးတို့အတွက် သင်ကြားခြင်း တမျိုးပါပဲ။ ကျောင်းသင်ခန်းစာ များနဲ့ ဆက်နွှယ်လို့ နေပါတယ်။
သူငယ်ချင်းလည်း မရှိ၊ အပေါင်းသင်းလည်း မရှိနဲ့ တယောက်တည်း ထီးထီးနေတတ်တဲ့၊ လူတွေနဲ့ စကား မပြောတတ်တဲ့၊ စည်းလုံး ညီညွတ်စွာ အလုပ်မလုပ်တတ်တဲ့၊ လူတကာကို ကိုယ့်အနားက ပြိုင်ဘက်လို့ ထင်တတ်တဲ့ ကလေးများ ကျမတို့ တိုင်းပြည်မှာ များလာမှာကို အင်မတန်မှ စိတ်ပူမိပါတယ်။ အဲဒီလို ကလေးမျိုးတွေက တချိန်မှာ လူကြီး ဖြစ်လာကြဦးမှာကိုး။ ဒီလို လူကြီးတွေ များလာတဲ့ လူ့အဖွဲ့စည်းကြီး တခု ကျမတို့ တိုင်းပြည်မှာ ပေါ်ပေါက် မလာဖို့ အတွက် နားလည် တတ်ကျွမ်း သူများက သတိပေး ပြုပြင်ပေးဖို့ လိုနေပါပြီလို့ အကြံပြု ဆွေးနွေးလိုက်ပါတယ်။