မြန်မာနိုင်ငံ၏ လက်ရှိ အိမ်ခြံမြေဈေးနှုန်းများသည် အတက်ဘက်သို့သာ ဦးတည်နေပြီး ဝယ်လိုအားများနေကာ အိမ်ရာလိုအပ်ချက် အဆမတန် များပြားနေကြောင်း သိရသည်။ ထို့အပြင် လက်ရှိမြင့်တက်နေသည့် အိမ်ခြံမြေ ဈေးနှုန်းများကို ထိန်းချုပ်နိုင်ရန် အစိုးရက အခွန်နှုန်းထားကို ၃၇ ရာခိုင်နှုန်းမှ လျှော့ပေါ့ပေးခြင်းမျိုး မပြုလုပ်တော့ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ကြေညာလိုက်ခြင်း၊ ယခုဖြစ်ပေါ်နေသည့် အိမ်ခြံမြေဈေးကွက်
အနေအထားများနှင့် ငွေမည်းများဖြင့် ရင်းနှီးမြှုပ်နှံခြင်းများကို အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းမှ ဒုတိယ ဥက္ကဌဖြစ်သူ မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဥက္ကဌ ဦးသန်းဦးကို ဧရာဝတီသတင်းထောက် ညိမ်းပြည့်စုံက မေးမြန်းခဲ့ပါသည်။
မေး။ ။ လက်ရှိ အိမ်ခြံမြေ ဈေးကွက် အခြေအနေနဲ့ ပတ်သက်လို့ ရှင်းပြပေးပါ။
ဖြေ။ ။ အခုလက်ရှိမှာ အခွန်နှုန်းထားက အပြောင်းအလဲမရှိတော့ အရင်အတိုင်းပဲ ဆက်သွားနေတာပေါ့။ အကွက်ကြီး တွေ၊ တန်ဖိုးကြီး အရောင်းအဝယ်တွေကတော့ ရံဖန်ရံခါ ဖြစ်တာကလွဲရင် ကျန်တဲ့ သိန်း ၅ ရာ၊ တစ်ထောင်တန်းတွေ၊ သိန်း ၁ ထောင်ကနေ ၅ ထောင်တန်းကတော့ ပုံမှန် အရောင်းအဝယ်ရှိပါတယ်။ တခု ထူးခြားလာတာက ဘိုးဘွားပိုင်မြေ၊ ဂရံမြေ၊ လန ၃၉ တို့လို လက်မှတ်ရပြီးသား မြေတွေထက် အရောင်းအဝယ် မှတ်ပုံတင်စာချုပ် မချုပ်ရတဲ့ အခွန်မဆောင်ရတဲ့ ပါမစ်မြေက အရောင်းအဝယ်ပိုဖြစ်တယ်။ ပါမစ်မြေကွက်ကြတော့ အခွန်လဲဆောင်စရာမလိုဘူး။ မှတ်ပုံတင်စာချုပ်လဲ လုပ်စရာမလိုဘူး။
နောက် အခုလတ်တလော အငှားဈေးကွက် ပိုတက်လာတယ်။ ဝါတွင်းဖြစ်ပေမယ့် အငှား တက်လာတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီကာလမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်ကို ရှေ့ပြေးပဏာမဝင်လာတာတွေက များလာတဲ့အတွက်လို့ ခံစားမိတယ်။
နောက်ပြီး စီမံကိန်းအနီး မြေကွက်တွေ အရောင်းအဝယ် ပိုရှိလာတယ်။ အထူးခြားဆုံးက ဒလနဲ့ သီလဝါပေါ့။ ဒလဆိုရင် သီလဝါထက် အတက်နှုန်းရော၊ လှုပ်ရှားမှုနှုန်းရော ပိုမြန်တယ်။ သီလဝါကတော့ ပုံမှန်ဈေးတက်နေတာပေါ့။
စက်မှုဇုန်မြေကွက်တွေကတော့ လောလောဆယ်မှာ အကန့်အသတ်ရှိသလို ဖြစ်သွားတယ်။ ရန်ကုန်မှာကိုပဲ စက်မှုဇုန်က ၁၈ ခုမှာ အားလုံးက ပြည့်သလောက်ဖြစ်နေပြီလို့ ပြောလို့ရတယ်။ မြေကွက်လွတ်ကလည်း ရှားတယ်။ လုပ်ငန်းကိုင်ငန်း တွေမှာလည်း တည်ဆောက်ပြီးသားလူတွေက ရောင်းတာ နည်းတယ်။ ပိုင်ဆိုင်မှုတွေက ရှိပြီးသားဖြစ်တဲ့အတွက် စက်မှုဇုန်မှာက ဝယ်လိုအားတွေသာ များနေတာ။ ရောင်းလိုအား နည်းနေတယ်။ ဒီအတွက် စက်မှုဇုန်တွေက ဈေးတွေမြင့်လာတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်တဲ့ ပမာဏ များလာတယ်လို့ ပြလာတဲ့ အရိပ်အယောင်တွေ များလာတာနဲ့အမျှ ဈေးကလည်း လိုက်တာတယ်။
နောက်တခုက လုပ်ငန်းရှင်တွေက ကွန်ဒိုတွေကို လိုက်ရှာပြီး ငှားတာတွေရှိတယ်။ ဒါက ရန်ကုန်နဲ့ အနီးတဝိုက်ပေါ့။ မန္တလေးမှာဆိုရင် အငှားဈေးတွေ တက်တယ်။ အငှားတွေ တက်တဲ့အပြင် မြို့သစ်တွေမှာ အရောင်းအဝယ် ပြန်လိုက်တယ်။ အထူးသဖြင့် ကျောက်မျက်ပွဲကာလပြီးတဲ့နောက် မန္တလေးမှာလည်း တန်ဖိုးအသင့်အတင့်မြေကွက်တွေ အရောင်းအဝယ် ပြန်လိုက်လာတယ်လို့ ပြောရမယ်။ နောက်ပြီး စီမံကိန်းရှိတဲ့ နေရာတွေဖြစ်တဲ့ အားကစားရုံနဲ့ သိုလှောင်ရုံ၊ ကားကြီးဝင်း အသစ် စတဲ့ စီမံကိန်းရှိတဲ့ နေရာနဲ့ မြို့သစ်တွေမှာ အရောင်းအဝယ်လိုက်တယ်။ မုံရွာမှာဆိုရင် အဝေးပြေးလမ်းမကြီးနဲ့ ယှဉ်ပြီးတော့ အရောင်းအဝယ်လိုက်တယ်။ ပဲခူးဆိုရင်လည်း ဟံသာဝတီ လေဆိပ်နားက နေရာတွေက အရောင်းအဝယ် လိုက်တယ်။
တနိုင်ငံလုံးအနေအထားနဲ့ ကြည့်ရင် အခွန်နှုန်းမပြောင်းလဲခင် ဒီအမြင့် စည်းကြပ်မယ့် နှုန်းထားမှာကိုပဲ အရောင်းအဝယ် က သိပ်လျော့ကြသွားတာ မရှိလှပါဘူး။ ဒီဇူလိုင်လ ၂၀ ရက်မှာ သတင်းစာတွေထဲမှာ အခွန်နဲ့ ပတ်သက်လို့ ပါလာတုန်း ကတော့ နည်းနည်းတွေဝေပြီး ရက်ပိုင်းလောက် အရောင်းအဝယ်နဲ့ အမေးနဲ့ နည်းသွားတာလောက်တော့ ရှိတယ်။ နောက်ပိုင်းတော့ အရောင်းအဝယ် ပုံမှန် ပြန်ရှိလာပါတယ်။ ဒီကာလအတွင်းတော့ အန်ကယ်တို့ပဲ လက်လှမ်းမမီသလား တော့မသိဘူး။ ကွက်ကြီးအရောင်းအဝယ်တွေကို သိပ်မကြားမိဘူး။
ဒါပေမယ့် ကျောက်မျက်ပွဲပြီးသွားပြီဆိုတော့ ကျောက် ရောင်းရတဲ့ ငွေက ဝင်လာပြီ။ အခုကျောက်မျက်ပွဲမှာ ရောင်းရတဲ့ ငွေကလည်း ထူးထူးခြားခြားဆိုသလို တခါမှ မရောင်းရတဲ့ ပမာဏနဲ့ စံချိန်တင်လောက်အောင် ရောင်းရတယ်လို့ ပြောလို့ရတာပေါ့။ US ဒေါ်လာ ၂ ဘီလီယံအထက်မှာ ရောင်းခဲ့ရတာ ဆိုတော့ ဒီငွေတွေက အိမ်ခြံမြေ ဈေးကွက်ထဲကို ဝင်လာမှာပဲလေ။ အနှေးနဲ့ အမြန်ပဲ ကွာမယ်။ ၁ လလောက်ဆို ဝင်ပါပြီ။ နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကလည်း ဝင်လာပြီဆိုတော့ အိမ်ခြံမြေဈေးကွက်က ကြီးကြီးမားမားကြီး ထိုင်းမသွားပါဘူး။
မေး။ ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အများကြီး ဝင်လာမယ်ဆိုရင် အိမ်ခြံမြေဈေးကွက်အခြေအနေက ဘယ်လိုတွေ ဖြစ်လာနိုင်မလဲ။
ဖြေ။ ။ အိမ်ခြံမြေဈေးကွက်တော့ ကောင်းလာမှာပေါ့။ တိုင်းရင်းသားလုပ်ငန်းရှင်တွေလည်း ဘာပဲပြောပြော နည်းပညာနဲ့ တကွ လုပ်ငန်းအတွေ့အကြုံတွေ ရလာလိမ့်မယ်။ နောက်ပြီး နိုင်ငံအတွင်းမှာလည်း အိမ်ရာတွေ တိုးလာမယ်။ ဘယ်လိုပဲ တိုးတိုး အခုဟာက တိုးဖို့ပဲ လိုအပ်နေတာလေ။ မြန်မာနိုင်ငံမှာက အိမ်ရာလိုအပ်ချက်တွေက တော်တော်များနေတာကိုး။ အိမ်ရာတွေ တိုးလာမယ်ဆိုရင် ကောင်းတာပေါ့။ ဒါ့အပြင် နိုင်ငံသားတွေကလည်း အလုပ်အကိုင်တွေ ရလာလိမ့်မယ်။ ဓန အင်အားတွေလည်း ပြည်တွင်းကို စီးဝင်လာနိုင်တော့ ဘယ်ဘက်ကကြည့်ကြည့် ကောင်းတယ်ပဲ ပြောရမှာပေါ့။ ဒါတွေကို ကြိုဆိုရမှာပါ။ တခုတော့ ရှိတာပေါ့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ရေမြေနဲ့ လျော်ညီတဲ့ ဆောက်လုပ်မှုတွေ ဖြစ်အောင် အစိုးရက ထိန်းချုပ်နိုင်မယ်လို့ပဲ မျှော်လင့်ရတာပေါ့။
မေး။ ။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ရေမြေနဲ့ မလျော်ညီတဲ့ အဆောက်အအုံတွေဆိုတာ ဘယ်လိုမျိုးတွေ ဖြစ်မလဲ။
ဖြေ။ ။ အထပ်အမြင့်ကြီးတွေဆိုရင် နိုင်ငံရဲ့ ယာဉ်ကျေးမှု အမွေအနှစ်တွေ ဖုံးကွယ်သွားတာမျိုး၊ နောက်တခါ ဒီအဆောက်အဦးတွေနဲ့ ပတ်သက်ပြီးတော့ ဥပမာဆိုရင် ကွန်ဒိုလို့သာ ပြောနေကြတာ။ တကယ်တမ်းက အန်ကယ်တို့ ဆီက ကွန်ဒိုဆိုတာ သူများနိုင်ငံတွေက ကွန်ဒိုတွေလို တကယ့်ကို အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ အင်္ဂါရပ်ဆိုတာ အခြေခံ အနေအထားနဲ့ ပြည်စုံတဲ့ ကွန်ဒိုမျိုးမဟုတ်ဘူး။ အမှန်က သူများနိုင်ငံတွေက ကွန်ဒိုလိုမျိုး ဖြစ်သင့်တာပေါ့။ နောက်ပြီး မြေနေရာ အကျယ်အဝန်းပေါ်မူတည်ပြီး အဆောက်အဦး အမြင့်ပိုင်းကို သတ်မှတ်မယ်ဆိုတာ ဘာလို့လဲဆိုတော့ ကားရပ်စရာ နေရာမရှိတော့လို့ လမ်းတွေပေါ်မှာ ကားတွေကို ရပ်ထားရတယ်။ အခန်းတခန်းမှာ ကားတစီးထားနိုင်တဲ့ အဆောက်အဦး ဖြစ်ဖို့လိုတယ်လို့ ကန့်သတ်လာပြီလေ။ ဒါကြောင့် ဒီလိုဖြစ်ဖို့အတွက် အခြေခံ ကားထားရမယ့် နေရာတွေ လိုအပ်လာမယ်။ ကွန်ဒိုဆိုရင်လည်း အစစအရာရာ အကုန်ပြည့်စုံရမယ်လေ။ အမှိုက်သိမ်းတဲ့စနစ်က အစ၊ မီးစနစ်၊ ရေစနစ်တွေကအစ ကျန်းမာရေး၊ ပညာရေးတွေအပြင် သွားရေးလာရေးလွယ်ကူမယ့်နေရာ ဖြစ်နေရမယ်။
သူများနိုင်ငံက ကွန်ဒိုဆိုတာ ဆံပင်ညှပ်ဆိုင်ကအစပါတယ်။ ရေကူးကန်၊ ကလေးကစားကွင်း၊ အားကစားခန်းမ၊ ကျောင်း၊ ရုပ်ရှင်ရုံ၊ စာကြည့်တိုက်၊ ဈေး ဒါတွေရှိတယ်။ အထပ်ဘယ်လောက်မြင့်မြင့် ဓါတ်လှေကားစနစ်ကလည်း အဆင်ပြေတယ်။ အန်ကယ်တို့ဆီက ကွန်ဒိုဆိုတာက အထပ်နိမ့်ရာက အထပ်မြင့်လာတာကို ကွန်ဒိုလို့ ခေါင်းစဉ်တပ်လိုက်တာပဲရှိတယ်။ ဘာမှမရှိဘူး။ ဒီကြားထဲ မီးသာပျက်လိုက်ရင် ဒုက္ခကိုရောက်ရော။ ဝန်ဆောင်စရိတ်တွေကလည်း မြင့်တယ်။ ဒီလိုတွေ မဖြစ်ဖို့လိုတယ်။ နောက်တခါ ရန်ကုန်အပါအဝင် ပဲခူး တလျှောက်လုံးဟာ ပဲခူးငလျင်ကြောနဲ့ ဆက်နေတာဆိုတော့ ငလျင်ဒဏ်ခံနိုင်တဲ့ နည်းပညာအဆင့်အတန်းတွေနဲ့ တည်ဆောက်ဖို့လိုတယ်။ ဒါတွေကိုပြောတာပါ။
မေး။ ။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးနှုန်းဟာ အရှေ့တောင် အာရှမှာ အမြင့်ဆုံးဖြစ်နေတာကို ဒီလိုမဖြစ်ဘဲ တခြားနိုင်ငံတွေလို ဖြစ်အောင် ဘယ်လိုတွေ လုပ်သင့်လဲ။
ဖြေ။ ။ ပြည်တွင်းကရော၊ ပြည်ပကရော အိမ်ရာတွေ များများပြားပြား လာဆောက်လုပ်ပေးဖို့ လိုပါတယ်။ ဥပမာပြောရရင် ဟိုတလောက စင်ကာပူက သတင်းထွက်လာတယ်လေ။ သူတို့ဆီမှာ ရှိတဲ့လူဦးရေ ဝယ်လိုအားထက် သူတို့ဆီက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အိမ်ရာဆောက်လုပ်တဲ့ ပမာဏက ပိုတောင်များနေတယ်။ ၃ ချိုး တချိုးလောက် များနေတယ်။ ဒါကြောင့် အရောင်းအဝယ်တွေ ကြလာတယ်။ ဈေးတွေလျှော့ရောင်းလာကြတယ်။ ဒါကြောင့် အိမ်ရာဆောက်လုပ်မှုတွေကို ခဏ ရပ်ဖို့တောင် သူတို့နိုင်ငံ အစိုးရက ပြောရတယ်။ သူတို့နိုင်ငံမှာ အခုလို အိမ်ရာတွေ ပိုနေတော့ ဒီမှာလို အိမ်ရာလိုအပ်ချက်တွေ မရှိတော့ဘူးလေ။ ဈေးလဲ တက်စရာမရှိတော့ဘူး။ ဒါက တိုက်ခန်းနဲ့ ပတ်သက်တာပေါ့။
လုံးချင်းနဲ့ ပတ်သက်ရင်လည်း သက်ဆိုင်ရာ မြေနေရာပြသနာမဖြစ်အောင် တန်ရာတန်ကြေးပေးလို့ရတဲ့ နေရာ ဖြစ်အောင်လို့ ဥပမာ ဒဂုံမြို့သစ်တွေကို ၁၉၈၉၊ ၁၉၉၀ တုန်းက ချဲ့ထွင်သလိုပေါ့။ အဆင့်မြင့်မြင့်နဲ့ မြို့ရွာတွေကို ထပ်တိုးချဲ့နိုင်မယ်ဆိုရင် ချဲ့ပြီးသားမြို့ရွာတွေကို အခြေခံအခင်းအကျင်းတွေ ဖြည့်စည်းနိုင်မယ်ဆိုရင် အဆင်ပြေသွားမှာပေါ့။ အိမ်ခြံမြေကဏ္ဍဆိုတာ အရမ်းကို ကျယ်ပြန့်တယ်။ ပြည်တွင်းမှာရှိတဲ့ နိုင်ငံတော် အစိုးရအပြင်ကို ပုဂ္ဂလိက ငွေရင်းရှိသူတွေရဲ့ ငွေကြေးကပါ ကုန်ထုတ်လုပ်မှု လုပ်ငန်းထဲကို ဝင်သွားမယ် ဆိုပါတော့။ နောက်ပြီး ငွေကို ကစားချင်ရင်တောင် ကစားနိုင်တဲ့ ဈေးကွက် ရှိသွားမယ်ဆိုရင် ပိုတဲ့ ငွေတွေဟာ အိမ်ခြံမြေ ဈေးကွက်ထဲကို အကုန်လုံး စီးဝင်ပြီး အကျပ်အတည်းတွေ မဖြစ်လာနိုင်တော့ဘူးပေါ့။ တဘက်မှာလည်း စီးပွားရေးတွေ ကောင်းလာရင် အိမ်ခြံမြေဘက်ကိုလည်း ဘယ်သူမှ စိတ်ဝင်စားလာမှာ မဟုတ်တော့ဘူး။
အခုဟာက အိမ်ခြံမြေကို စီးပွားရေးတရပ်အနေနဲ့ ကစားနေကြတာလေ။ ဒါကြောင့်ဈေးတွေဖောင်းပွပြီး ကျပ်တည်းနေတာပေါ့။ ပြောမယ်ဆိုရင် တဘက်မှာလည်း အိမ်ရာလိုအပ်ချက်တွေကို ဖြည့်စည်းပေးနိုင်တဲ့အခြေအနေတွေ မြေဆိုလည်းမြေ၊ တိုက်ခန်းဆိုလည်းတိုက်ခန်း၊ စက်မှုဇုန်ဆိုလည်း စက်မှုဇုန် အထပ်မြင့်ဆိုလည်း အထပ်မြင့်၊ အထပ်နိမ့်ဆိုလည်း အထပ်နိမ့်၊ တန်ဖိုးမြင့်ဆိုလည်း တန်ဖိုးမြင့်၊ တန်ဖိုးနည်းဆိုလည်း တန်ဖိုးနည်းအလျောက် သူ့အချိုးနဲ့သူ ဖြည့်ဆည်း ပေးနိုင်ရင် တဘက်ကလည်း စီးပွားရေးအနေအထားတွေ အားကောင်းလာအောင်လို့ ဖွံ့ဖြိုးမှု ရှိလာအောင်လုပ်နိုင်မယ်၊ ပုဂ္ဂလိက ငွေရှင်ကြေးရှင်တွေ ငွေပိုရှိတဲ့သူတွေကလည်း အကျိုးရှိတဲ့နေရာတွေမှာ သုံးစွဲပေးမယ်ဆိုရင် အိမ်ရာပြသနာဟာ ကြီးကြီးမားမား မဖြစ်နိုင်တော့ဘူးလေ။
ဒါတွေက ချက်ချင်းတော့ မဖြစ်ဘူး။ နှစ်နဲ့ချီစောင့်ရမှာပေါ့။ တကယ်ဒီအတိုင်း လုပ်မယ်ဆိုရင် ၄ ၊ ၅ နှစ်လောက်နဲ့ ဖြစ်လာနိုင်တယ်။ မလုပ်ရင်တော့ တသက်လုံး ဖြစ်လာမှာ မဟုတ်ဘူး။ အရင်တုန်းက ဆယ်စုနှစ် တခုလုံး နေသာသလိုနေလာပြီး အခုမှ လာပြေးထဆောက်နေတော့ မမှီတော့ဘူး။ အရင်က နှစ်ရှည်စီမံကိန်း ရှိတယ်ဆိုတာသာ ပြောတာ။ ဘာတခုမှ ဖြစ်မလာဘူး။ မဖြစ်လာတော့ အခုမှ လာပြေးဆောက်တယ်။ အခု နောက်မျိုးဆက်သစ်တွေအတွက်တော့ အိမ်ရာလိုအပ်ချက်တွေ များလာပြီ။ ဒုက္ခတွေ ရောက်နေကြပြီ။ ကိုယ့်နိုင်ငံက သူများနိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုတွေ၊ နည်းပညာတွေ၊ စီးပွားရေးအမြင်တွေ၊ စီးပွားရေး မိတ်ဖက်တွေနဲ့ နှစ်ပေါင်း ၅၀ ကျော် လောက် အဆက်အသွယ်ပြတ်နေတယ်။ အဲဒီဒဏ်ကို နောက်မျိုးဆက်သစ်တွေ၊ နိုင်ငံသားတွေကပဲ ခံနေရတယ်။ အိမ်ခြံမြေ သမားတယောက်အနေနဲ့ ကြီးကျယ်တဲ့စကားပြောတယ်လို့တော့ မထင်ပါနဲ့။ အိမ်ခြံမြေဆိုတာလည်း မြန်မာ့စီပွားရေး၊ ကမ္ဘာ့စီးပွားရေးနဲ့ ဆပ်စက်နေတာလေ။ ဒါတွေအားလုံးကို ခြုံပြီးမြင်မှာသာ လက်ရှိ ပကတိအခြေအနေကို ပြန်ရမှာလေ။ နောက်ကို ဒါတွေနဲ့ ပတ်သက်လို့ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နှစ်တို၊ နှစ်ရှည် စီမံကိန်းတွေ ချနိုင်မှာလေ။
မေး။ ။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေး မြင့်နေတာကို အခွန်နဲ့ရော ထိန်းလို့ရမလား။
ဖြေ။ ။ မရဘူး။ အထိုက်အလျောက်ပဲ ထိန်းလို့ရမယ်။ အခွန်ဆိုတာ ဆေးမြီးတိုသဘောပေါ့။ စောစောက ပြောထားတဲ့ ကုစားနည်းတွေကလည်း ဆေးမြီးတိုတွေပဲလေ။ ဒီလိုတွေလုပ်နေလို့ ဈေးတော့ကြမသွားဘူး။ ဒါပေမယ့် ဒီထက် ထက်မတက်အောင် ထိန်းထားတဲ့ သဘောမျိုးတော့ ရတာပေါ့။ အရမ်းတက်အောင်လုပ်ခဲ့တဲ့ကာလကလည်း ၅ နှစ်တောင် ပြီးခဲ့ပြီပဲ။ လူတိုင်းကလည်း မသိတာမဟုတ်ဘူး။ သိတယ်။ မပြောလိုကြလို့ မပြောတာ။
မေး။ ။ သြဂုတ်လ ၁၂ ဆိုရင်ရော အခွန်နဲ့ ပတ်သက်လို့ ဘယ်လိုတွေ ဖြစ်လာမယ်လို့ မှန်းထားလဲ။
ဖြေ။ ။ အရင်နှစ်က အတည်ပြုတဲ့ အခွန်နှုန်းထားအတိုင်း ၃၂ ရာခိုင်နှုန်းနဲ့ပဲ ဆက်သွားနေမယ် ထင်ပါတယ်။ အရင်ကတော့ အန်ကယ်တို့အပါအဝင် တင်ပြတဲ့သူတွေလည်း တင်ပြကြတာပေါ့။ ပြည်သူတွေကလည်း မျှော်လင့်ကြတယ်။ နည်းနည်းလေးများ အခွန်နှုန်းထားလေး လျော့ပြီး သက်သာလာမလားလို့ပေါ့။ သဘောကတော့ မြေရာတွေ ဈေးမတက်အောင် ဆေးမြီးတိုနည်းနဲ့ ထိန်းလိုက်တဲ့အခါမှာ သိပ်တော့မတက်သွားဘူး။ ဒါပေမယ့်လည်း ဈေးနှုန်းက ကျမသွားဘူး။ အရောင်းအဝယ်တွေကလည်း မတန့်သွားဘူး။ ဝယ်ရောင်းသမားတွေရဲ့ ကစားမှုက ပုံမှန်အရောင်းအဝယ်လုပ်သူတွေကို လာရိုက်ခတ်လာတယ်။ ဒီ မြေနဲ့ အိမ်ခြံမြေကို ကစားတဲ့ ကိစ္စသည် သာမာန်ပြည်သူတွေကို ထိခိုက်လာတယ်။
ဒီအခွန်နှုန်းဟာ ကစားသူတွေအတွက် ဘာမှမပြောပလောက်ပေမယ့် သာမာန်ပြည်သူတွေအတွက်တော့ ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်သွားတယ်။ ဒါကြောင့်မို့ အခွန်နှုန်းထား သက်သာမလားလို့ မျှော်လင့်ကြတယ်။ သို့ပေမယ့် ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်မှာ အခုလက်ရှိ အခွန်နှုန်းအတိုင်းပဲ ဆက်သွားမယ်လို့ ကြေငြာလိုက်တော့ မျှော်လင့်ချက်ကတော့ သိပ်မရှိတော့ဘူး။ ဒါပေမယ့် ချွေးနည်းစာနဲ့ ဝယ်ရမယ့် သာမာန်ပြည်သူတွေအတွက်ကတော့ အိမ်ရာပိုင်ဆိုင်ဖို့ အခွင့်အလမ်းပိုနည်းသွားမယ်။ ပိုဝေးသွားသလို ဖြစ်သွားတာပေါ့။ ဒီတော့ တချို့တွေကတော့ အခွန်ရှောင်ကြတယ်။ ၁၅ ရာခိုင်နှုန်း ၊ ၃၇ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း ဘယ်လိုပဲ ဖြစ်နေနေ အခွန်ရှောင်နေကြတော့ ဒူးလောက်တင်မှ ရင်လောက်ကြမယ်ဆိုတဲ့ သဘောနဲ့ အခုလို လုပ်လိုက်တာလို့ ထင်တယ်။
ဒါပေမယ့် သာမာန်ပြည်သူတွေကတော့ မရှောင်တတ် ရှောင်တတ်နဲ့ ရှောင်တော့ ပြန်ထိကြမှာပဲ။ သာမာန်ပြည်သူတွေက အခွန်ကို မရှောင်တတ်ကြဘူး။ သူတို့ရဲ့ ငွေကလည်း ချွေးနည်းစာဆိုတော့ ဝင်ငွေရလမ်းဖော်ပြနိုင်တာ မရှိဘူး။ ငွေကစား တဲ့ သူတွေကတော့ သိန်း ထောင်သောင်းချီတဲ့ ငွေတွေကိုပဲ အရောင်းအဝယ်လုပ်ကြတာလေ။ တခုတော့ရှိတယ်။ သေးသေးလေးတွေကို ဝင်လုပ်တာကတော့ နိုင်ငံခြားက ပြည်ပက ငွေရှင်ကြေးရှင်တွေက ပြည်တွင်း တိုင်းရင်းသား နာမည်ခံနဲ့ ဝယ်ခိုင်းပြီး သာမာန် ပေ ၄၀၊ ၆၀ ကို သိန်းထောင်ချီပေးဝယ်တာတော့ ရှိတယ်။
မေး။ ။ ငွေမည်းတွေနဲ့ အိမ်ခြံမြေဈေးကွက်နဲ့ ဆက်စပ်နေပုံကိုလည်း ရှင်းပြပေးပါ။
ဖြေ။ ။ အခု လောလောလတ်လတ်မှာပဲ ကြည့်လေ။ ကျောက်မျက်ပွဲမှာ ၂ ဘီလီယံကျော် ရောင်းရတယ်တဲ့။ ဒီလို ရောင်းရသလို နယ်စပ်ကထွက်တဲ့ တရားမဝင် ကျောက်ရောင်းရငွေတွေ ဘယ်လောက်တောင် များလဲ အန်ကယ်တို့မှ မသိတာ။ ကျောက်စိမ်း၊ ပုလဲ၊ ပတ္တမြား၊ အနီ၊ အပြာ၊ အဖြူတွေ အကုန်အစုံ ထွက်နေတာ အားလုံး သိနေတာပဲ။ ဒီလို တရားမဝင် ရောင်းရတဲ့ငွေတွေက ငွေမည်းတွေလေ။ နောက်ပြီး မြန်မာနိုင်ငံမှာ ဘိန်းထွက်တဲ့ တန်ဖိုးက တန်ချိန် ၆၀၀ ကျော်တယ်တဲ့။ ကာလတန်ဖိုးနဲ့မြှောက်ရင် နည်းနည်းနောနောငွေတွေမှ မဟုတ်ဘဲ။ ဒါတွေသည်လည်း ငွေမည်းပဲ။ နောက်တခုက တဘက်က နိုင်ငံခြားသား ပြည်ပလုပ်ငန်းရှင်တွေက ငွေထုတ်ပိုက်ပြီး ဝင်လာမယ်။ တိုင်းရင်းသား နာမည်ခံပြီး ဝယ်မယ်။ ဒါလည်း ငွေမည်းပဲ။ ဒါတွေအားလုံးဟာ အိမ်ခြံမြေလောကထဲ မစီးဝင်ဘူးလို့ ဘယ်သူတွေ ပြောနိုင်မလဲ။ အများကြီးစီးဝင်နိုင်တယ်။ ဒါကြောင့် အိမ်ခြံမြေဈေးကွက်လှုပ်ခတ်တဲ့အထဲမှာ ဒါတွေပါနိုင်တာပေါ့။
အန်ကယ်တို့ အကျိုးဆောင်တွေအနေနဲ့တော့ ကိုယ့်ဆီလာတဲ့သူဟာ ငွေမည်းကိုသလား ငွေဖြူကိုင်သလားတော့ ဘယ်သိနိုင်မလဲနော်။ သိနိုင်တာတခုတော့ ရှိတယ်။ တန်ဖိုးဘယ်လောက်မှမရှိတဲ့ အိမ်ခြံမြေကို ငွေကျပ်သိန်းထောင်ချီပေးပြီး ဝယ်နေတယ်ဆိုရင်တော့ ဒါ ငွေမည်းမို့ပဲ။ မြေယာပိုင်ဆိုင်မှု ခိုင်မာတယ်။ ရေရှည်တည်တံ့တယ်။ အာမခံချက်ရှိတယ်။ ပြန်ရောင်းရင်လည်း ငွေမည်းကနေ အလိုလိုကို ငွေဖြူပြန်ဖြစ်တာ။ ဒီတော့ ဝင်လာကြတာပေါ့။ ဒါကို နိုင်ငံတော်အစိုးရက မြင်လို့လဲ အခုလို အခွန်နှုန်းထားကို ၃၇ ရာခိုင်နှုန်းကနေ မချတာလို့ ပြောလို့ရတာပေါ့။