၂၀၁၃ သြဂုတ်လသည် မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံးသော ပြည်လုံးကျွတ် ၈ လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှုကြီး ဖြစ်ခဲ့သည့် ၂၅ နှစ်ပြည့်မည့် ကာလဖြစ်သည်။ ထို့ကြောင့် ၈ လေးလုံး အရေးတော်ပုံကြီးတွင် ကဏ္ဍ အသီးသီးမှ နည်းမျိုးစုံ ပါဝင်ပတ်သက်ခဲ့ သူများ၊ တွေ့ကြုံခဲ့ရသူများ၏ အမှတ်တရ မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီက စုစည်း ဖော်ပြ သွားမည် ဖြစ်သည်။ ၁၉ ဇူလိုင်တွင် ကျဆုံးသွားသော အာဇာနည် ဦးရာဇတ်၏ မြေး ဒေါက်တာ မြတ်ထူးရာဇတ်၊ ရှေ့နေကွန်ရက်မှ ရှေ့နေ ဦးအောင်သိန်းနှင့် ဖင်လန်နိုင်ငံတွင် နေထိုင်လျှက်ရှိသော ဗကသ အဖွဲ့ဝင်ဟောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်ထွန်း တို့၏ မမေ့နိုင်သော မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီ ပရိသတ်အတွက် ဖော်ပြ ပေးလိုက်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်။
ဒေါက်တာ မြတ်ထူးရာဇတ် (ဇူလိုင် ၁၉ တွင် ကျဆုံးသွားသော ပညာရေးနှင့် အမျိုးသား စီမံကိန်းဝန်ကြီး ဦးရာဇတ်၏ မြေး)
၈ လေးလုံး အရေး ဖြစ်တဲ့အချိန်မှာ ကျနော်က မြောက်ဥက္ကလာ ဆေးရုံမှာ တာဝန်ကျနေတယ်။ ၈ လေးလုံးနေ့မှာ ကျနော်တို့ သူငယ်ချင်း ၂ ယောက်နဲ့ ဆိုင်ကယ်စီး ထွက်လာတယ်။ လူတွေက ထွက်ပြီး ဆန္ဒပြနေကြတာ တွေ့ရတော့ ကျနော်တို့က ပြန်လာကြပြီး တခုခုတော့ ဖြစ်နိုင်မယ်ဆိုပြီး ပြင်ဆင်ထားကြလိုက်တယ်။ ညမှာ လူထုက တော်တော်လေး အုံကြွနေပြီ။
အဲဒီမှာ ပစ်ခတ်တဲ့ သတင်းရောက်လာတယ်။ လူနာတွေကို သယ်လာလို့ မရဘူးဖြစ်နေတယ်။ မြို့ထဲကို ထွက်ပြီး လုပ်ကြ မယ်လို့ စဉ်းစားကြတော့လည်း သတင်းက မှန်မမှန် အတည်မပြုနိုင်သလို၊ ဆေးရုံကနေ ထွက်လို့လည်း မရခဲ့ဘူး။ နောက်တနေ့ မနက် ၉ ရက်နေ့ ကျတော့ မြောက်ဥက္ကလာ လူထုကလည်း ထွက်ဆန္ဒပြနေကြပြီ။ ကျနော်တို့ကလည်း ထွက်မှရတော့မယ် ဆိုတဲ့အတွက် မြောက်ဥက္ကလာ ခုံးတံတားမှာ မြို့ထဲကို သွားတဲ့လူအုပ်ကြီးက ပိတ်ခံရနေပြီ။
ကျနော်က ဆေးရုံအုပ်ကြီးကို အရေးပေါ် ကားတောင်းတယ်။ ဒီလိုဆန္ဒပြတဲ့အချိန်မှာ တချို့ကလည်း ကြွက်တက်တာတို့၊ မူးတာတို့ ဖြစ်တတ်လို့ဆိုပြီး တောင်းတာမရဘူး။ ဒါနဲ့ ရတဲ့ကားနဲ့ ထွက်သွားတာမှာ မြောက်ဥက္ကလာ ခုံး အောက်နားက မိခင်နဲ့ကလေး စောင့်ရှောက်ရေးရုံးလေးမှာ ကျနော်တို့ ရပ်ပြီးတော့ လုပ်စရာရှိတာကို လုပ်တယ်။
ကျနော်တို့ရောက်ပြီး သိပ်မကြာခင်မှာပဲ ဦးဇင်းတပါးက ထပြောတယ်။ ထွက်ခွင့်ပေးဖို့ တောင်းတယ်။ အဲဒီဦးဇင်းကို သေနတ်နဲ့ ပစ်ချလိုက်တယ်။ လူတွေက ဝုန်းဝုန်းဖြစ်သွားပြီး ပစ်ခတ်မှုတွေ ဖြစ်ကြရော။ အဲဒီမှာပဲ ဆန္ဒပြလို့ မူးမော်တာတွေ လုပ်လို့ မရတော့ဘဲ ကျည်ဆံ ဖောက်ထွက်ခံရတဲ့ ဒဏ်ရာတွေနဲ့ လူနာတွေ ရောက်လာရော။ အဲဒီ မိခင်နဲ့ကလေး စောင့် ရှောက်ရေး ရုံးလေးမှာပဲ ကျနော်၊ အလုပ်သင်ဆရာဝန် ၃ ယောက်၊ သူနာပြု ၃ ယောက်စလုံးက ကုသရေးတွေ လုပ်ရရော။
တချို့ဆိုရင် သွေးထွက်နေတာ ပိတ်မရတာတို့၊ ခေါင်းကိုထိတာ ဦးနှောက်ကိုမြင်ရတဲ့အထိ ဖြစ်တာတို့နဲ့ သေတဲ့သူတွေတော့ ရောက်မလာဘူး။ မသေတဲ့ သူတွေပဲ ကျနော်တို့ဆီ ရောက်တာ။ အဆုတ် ဖောက်သွားတဲ့ သူတွေဆိုရင် ချက်ချင်းကို ပြန်ပိတ် ရတာ။ မပိတ်လို့ လေဝင်သွားရင် မရတော့ဘူး။ အဲဒီအချိန်မှာ စစ်တပ်က ပစ်ပြီး တက်လာတယ်။ ကျနော်တို့က ကုစရာရှိတာကို ကုပြီး ကျနော်တို့ ရှိနေတဲ့ ရုံးလေးရဲ့ အနောက်ဘက်ကနေ ရပ်ကွက်ထဲကို ထွက်လို့ရတော့ သိပ်ပြီးမပြင်း ထန်တဲ့သူကို ကြည့်ပြီး ရပ်ကွက်ထဲကနေ ထွက်ခိုင်းတယ်။
ကျနော်တို့ တာဝန်က လူနာကို ကုသဖို့ပဲဆိုပြီး အဆောက်အဦးအထဲမှာ လုပ်စရာကို လုပ်နေချိန် စစ်တပ်က ကျနော်တို့ရှိတဲ့ အဆောက်အဦးကို ဝိုင်းလိုက်တယ်။ တံခါးခေါက်တော့ ကိုစံလှက သွားဖွင့်ပေးတော့ အထဲမှာ ဘယ်သူတွေရှိလဲလို့ မေးတယ်။ မြောက်ဥက္ကလာဆေးရုံက ဆရာဝန်တွေရှိတယ်လို့ ပြောတော့ ဝင်ခွင့်တောင်းတယ်။ တံခါးဖွင့်ပေးလိုက်တော့ ၃ ပွင့်နဲ့ ဗိုလ်ကြီး ၂ ယောက် ဝင်လာတယ်။
အဲဒီအချိန်မှာ ကျနော်တို့ အဆောက်အဦးထဲမှာ လူနာ ၄ ဦးပဲ ကျန်တော့တယ်။ တော်ရုံထိတဲ့သူတွေက ရပ်ကွက်ထဲ ရောက်နေကြပြီ။ ၁ ယောက်က ရည်ရည်မွန်မွန်ပဲ။ “ဆရာတို့ရှိလို့ လူနာတွေကို ကယ်တင်ပေးနိုင်ခဲ့တာ ကျနော်တို့ ကျေးဇူး တင်ပါတယ်” လို့ ပြောတယ်။ ကျနော်က စိတ်တော်တော် ငြိမ်သွားပြီး သူငယ်ချင်း ၁ ယောက်ကတော့ တော်တော်လေး ဒေါသထွက်နေတယ်။
ဒါပေမယ့် နောက် ၁ ယောက်က “ကျုပ်တို့က ရော်ဘာကျည်ဆံနဲ့ ပစ်လို့။ နို့မို့ဆို အကုန်သေကုန်မယ်” လို့ ထပြောရော။ ကျနော်က ထောင်းကနဲ ဖြစ်သွားပြီး လက်က လှမ်းရိုက်မလို့ ပြင်ပြီးတော့မှ သူ့ပုခုံးကို ညင်ညင်သာသာလေးပဲ ပုတ်ပြီး “ဗိုလ် ကြီး၊ ကျနော်တို့မှာ လူနာ ၃ ယောက်က ဆေးရုံမပို့လို့ မရတော့ဘူး။ သူတို့ကို ပို့ဖို့လိုတယ်။ ပို့ဖို့ အခက်ခဲရှိနေတယ်” လို့ ပြောတော့ သူတို့က ပို့ပေးပါ့မယ်ဆိုပြီး ပြန်ပြောတယ်။
အဲဒါနဲ့ လူနာတွေကို သူတို့ကားပေါ် အကုန်တင်ပြီးတဲ့အချိန်မှာ လူနာ ၁ ယောက်က ပေါင်က သွေးကြောပြတ်နေပြီး သွေးတွေ တအားထွက်နေပြီ။ အဲဒီမှာ ဒေါက်တာကျော်ဇင်က အဝတ်တွေနဲ့ အတင်းဖိပြီး သူတို့ကို ရောက်အောင် ခေါ်သွားဖို့ လုပ်တယ်။ ကျနော်က ရပ်ကွက်ထဲမှာ ထိထားတဲ့ လူနာတွေ အများကြီး ကျန်သေးတယ်၊ သူတို့ကိုလည်း သွားကြည့်ဖို့ စိတ်ကူးပြီး ကျန် နေခဲ့တယ်။ စစ်ကားပေါ် လူနာတွေနဲ့ လိုက်သွားဖို့ ကြည်မင်း၊ ကျော်သက်ဦးတို့ကို ထည့်ပေးလိုက်တယ်။ အဲဒီအချိန်အထိ ကျနော်တို့ ကြည့်ပေးခဲ့တဲ့လူ အားလုံးပေါင်းက လူနာ ၄၀ ဝန်းကျင်လောက် ရှိတယ်။
ကျနော် ရပ်ကွက်ထဲမှာ ကြည့်ပေးနေတုန်း အချိန်ဘယ်လောက် ကြာမှန်း မသိတော့ဘူး။ ဆေးရုံက အရေးပေါ်ကား ၁ စီး ရောက်လာပြီး ကျနော့်ကို နာမည်တပ် ခေါ်လိုက်ရှာတယ်။ ဆေးရုံမှာ ပြောနေကြတာက၊ ကျနော်တို့ ဆရာဝန်တွေကို စစ် တပ်က သတ်လိုက်ကြပြီလို့ သတင်းထွက်လာလို့ ဆေးရုံကလူတွေ အားလုံးက ဒေါသထွက်ပြီတော့ အရေးပေါ်ကားနဲ့ လာရှာတာ။
အဲဒါနဲ့ ကျနော်လည်း ကြည့်စရာရှိတာကြည့်ပြီး အဲဒီ အရေးပေါ်ကားနဲ့ ဆေးရုံကို ပြန်လိုက်သွားတယ်။ ကျနော်ဆေးရုံကို ရောက်လာပေမယ့် စစ်ကားနဲ့ လိုက်သွားတဲ့ သူတွေရော၊ လူနာတွေပါ ရောက် မလာကြသေးဘူး။ ဘယ်ရောက်နေမှန်းလည်း မသိတော့ တော်တော် စိတ်ပူသွားတယ်။
ညနေရောက်မှ သူတို့ ပြန်ရောက်လာတယ်။ သူတို့ကို စစ်တပ်နောက်တဖွဲ့က တားပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာ၊ တော်တော်လေး ဒုက္ခရောက်ခဲ့ရတာ တွေကို နောက်တော့မှ ပြောပြတယ်။ နောက်နေ့တွေမှာတော့ ကျနော်က ဆေးရုံအပြင် ထွက်လို့ မရတော့ဘူး။ ဆေးရုံမှာပဲ လူနာတွေ အရမ်းများနေတော့ တနေကုန် ခွဲစိတ်နေရတယ်။ ဒေါက်တာရွှေဉာဏ်၊ ကိုသိန်းစိုးတို့ အကုန်အလုပ်ရှုပ်နေရပြီ။ သူနာပြုဆရာမတွေ၊ ဆေးရုံဝန်ထမ်းတွေ အားလုံးက အရမ်းညီကြတယ်။
၁၀ ရက်နေ့လည်းကျရော ကျနော်တို့က အပြင်ထွက်ပြီး လူနာကောက်စရာ မလိုတော့ဘူး။ ဆေးရုံရှေ့မှာတင် ပစ်တာ။ ဆေးရုံအပေါ်က ထွက်ကြည့်လိုက်ရင် အခုပဲ ဆန္ဒပြတဲ့လူတွေရောက်လာ၊ ပစ်လိုက်ပြန်၊ လူနာတွေ ဆေးရုံကိုရောက်လာပြန်နဲ့ တချိန်လုံး ခွဲစိတ်နေရတော့တာ။ ကံကောင်းစွာလို့ ပြောရမလား၊ ဆေးရုံမှာလုပ်ကြတဲ့သူတွေက တအားညီတော့ ဆေးရုံကို ရောက်လာတဲ့ ဒဏ်ရနဲ့သူတွေ ၁ ယောက်မှ မသေဘူး။ သေပြီးတဲ့ လူတွေကတော့ ဆေးရုံကို ရောက်မလာကြပါဘူး။
မြောက်ဥက္ကလာမှာ ကျနော်တို့ ကုသပေးတဲ့သူကို နောက်ထပ် ဆန္ဒပြပွဲမှာ ပြန်တွေ့ခဲ့ရတာလည်း ရှိတယ်။ ကျနော် ရန်ကုန် ဆေးရုံကြီးမှာ လှုပ်ရှားမှုတွေ တက်လုပ်နေတော့ ရင်ဘတ်မှာ ကျည်ဆံမှန်လို့ ခွဲစိတ်ပေးလိုက်တဲ့သူက “ဆရာ၊ ကျနော့်ကို မှတ်မိလား၊ ဆရာခွဲပေးလိုက်တဲ့ သူလေ” လို့ပြောတော့မှ ကျနော်က “ဟာ၊ ကိုယ့်လူက တယ်မာပါလား” လို့ မှတ်ချက်ချပေး လိုက်ရတယ်။
ပြောရမယ် ဆိုရင်တော့ အများကြီးပဲဗျ။ ကျနော်တို့ လူနာကောက်နေရင်း အပေါ်က ပစ်ချတာတွေလည်း ခံခဲ့ရတယ်။ ကျနော်တို့ မြောက်ဥက္ကလာ ဆေးရုံမှာ ကုသရေးတွေ လုပ်နေတဲ့အချိန် ဆေးရုံကို သေနတ်နဲ့ ပစ်တာလည်း ကြုံခဲ့ရတယ်။ ဆေးရုံမှာ လူအုပ်ကြီးက အရမ်းကြီးနေတော့ ဆေးရုံကို ဗုံးနဲ့ ပစ်ချမယ်ဆိုတဲ့ ကောလာဟလ အသံတွေ ကြားနေတာတောင်မှ ကျနော်တို့က လုံးဝနောက်မဆုတ်ဘဲ လူနာတွေ ဆက်ကုသ ပေးခဲ့ရတာလည်း ရှိတယ်။
အဓိက ပြောချင်တာက ကျနော်တို့ ဆရာဝန်တွေဟာ အဲဒီကာလမှာ ပြည်သူတွေအတွက် အင်တိုက်အားတိုက် ပါဝင်ရပ်တည် ပေးခဲ့ကြတယ်။ ပြည်သူတွေရဲ့ ဘဝကို နားလည်ခဲ့ကြတယ်။ နောက် ပြည်သူတွေအတွက် ကျန်းမာရေးဝန်ထမ်းတွေ အားလုံးက ညီညီညာညာနဲ့ ဆောင်ရွက်ခဲ့ကြတယ်။ အခုအချိန်မှာ အဲဒီလို ပြည်သူတွေအတွက် ရပ်တည်ပေးခဲ့ကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အများကြီး ရှိနေသေးတယ်။ လူထုကို တာဝန်ထမ်း ဆိုတဲ့အချိန်မှာ ကျနော်တို့က အနစ်နာခံနေတာ မဟုတ်တော့ဘူး။ ကျရာတာဝန်ကို ထမ်းဆောင်သွားတာ။
နောက်တခု ပြောချင်တာက မြောက်ဥက္ကလာ ဆေးရုံမှာပဲ ကျနော်တို့က ဆန္ဒပြလို့ ထိတဲ့လူတွေကိုပဲ ကုသပေးတာမဟုတ်ဘူး။ ဘယ်သူ့ကိုမဆို ကျနော်တို့က လူနာလို့ပဲ သတ်မှတ်ပြီး ကုသပေးတာ။ လုံခြုံရေး ဝန်ထမ်းရဲ့ မိန်းမတဦး ဆေးရုံကို ကျည်ထိလို့ ရောက်ခဲ့ဖူးတယ်။ သူ့မိသားစုနဲ့ တရက် အိမ်ပြန်အိပ်နေရင်း သူ့သေနတ်က ကျည်ထွက်ပြီး မှန်တာ။ လုံခြုံရေး ဝန်ထမ်းတွေ ဘယ်လောက် အထိ သူတို့မှာလည်း နေ့မအိပ်ညမအိပ်နဲ့ ဖြစ်ခဲ့ကြရလဲ ဆိုရင် အိပ်တာတောင် သေနတ်ကျည်ထိုးရင်း အိပ်တာ။ စရောက်တော့ လူထုက တမျိုးဖြစ်တာပေါ့။ ကျနော်တို့က တားတယ်။ ဆေးရုံကိုရောက်လာပြီဆိုရင် လူနာပဲ။ ဘယ်လိုလူပဲ ဖြစ်ဖြစ် လူနာအဖြစ် ရောက်တာကို မလုပ်ကြဖို့ တားတယ်။ ကုသပေးခဲ့တယ်။ နောက်တော့ သူတို့ဘာသာ တိတ်တဆိတ် ပြန်ဆင်းသွားတယ်။
ဦးအောင်သိန်း (ရှေ့နေများကွန်ရက်)
၁၉၈၈ ခုနှစ် အရေးခင်းကာလမှာ ကျနော်က အင်းစိန်ထောင်မှာ ထောင်ကျနေတဲ့အချိန်ပဲ။ အင်းစိန်ထောင် အဆောင် ၂ အပေါ်ဆုံး အခန်း ၁ မှာ ကျနေတယ်။ ကျနော့်ကို ဖမ်းလိုက်တာက ၅ (ည)၊ စစတက လို့ခေါ်တဲ့ ဆိုရှယ်လစ်စီးပွားရေး ဟန့်တား နှောက်ယှက်မှု ၁၅ (၁) နဲ့ ဖမ်းတာ။
ကုမ္ပဏီတခုရဲ့ အချိန်ပိုင်း လုပ်ပေးတဲ့ဆီမှာ သဘောၤသား တယောက်ရဲ့ ဝင်ငွေမှာ Over ဖြစ်နေလို့ ဒီကနေ ငွေလွှဲတဲ့ အလုပ်တွေ လုပ်တယ်ဆိုပြီး ထောင်ထဲမှာ အချုပ်နဲ့ ၁၈ လ ကြာနေရနေတဲ့ အချိန်ဖြစ်တယ်။ ထောင်ထဲ စရောက်တာက ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဖြစ်မယ်။
ထောင်ထဲမှာ နေရင်း အပြင်က ဖြစ်ပျက်သံတွေ ကြားရတယ်။ ထောင်အဝမှာ ဆန္ဒပြကြတဲ့သူတွေက လာဝိုင်းနေကြတယ်။ ညဘက်မှာလည်း လာအော်နေကြတယ်။ ထောင်ကလည်း အထဲကနေ အသံတွေ နားထောင်နေကြပြီ။ ညဘက်တွေမှာ သေနတ် ပစ်ခတ်သံတွေကို ထောင်ထဲက ကြားနေရပြီ။
အဲဒီအချိန် ကျနော်တို့ကိုလည်း အမှုရင်ဆိုင်ဆဲ ကာလဖြစ်ပေမယ့် တရားရုံး မထုတ်တော့ဘူး။ ရမန်ပဲ သွားတော့တယ်။ ထောင်ဝင်စာတွေလည်း ဖြတ်တယ်၊ ပိတ်တယ်။ အဲဒီပေါ်မှာလည်း မကျေမနပ်တွေက ဖြစ်နေပြီ။
အဲဒီအချိန်မှာ ဦးအောင်ကြီးတို့ကိုလည်း ဖမ်းပြီး ထောင်ထဲကို ပို့နေတဲ့အချိန်။ အဲဒီလို အပြင်မှာလည်း ဆူနေကြတဲ့အခါ ဘာလုပ်ကြမလဲ ဆိုပြီး ဖြစ်လာတယ်။ အကျဉ်းသားတွေက ထောင်ကို စမီးရှို့တော့တယ်။ အပြင်မှာ စတင်ပစ်ခဲ့တဲ့ နေ့နဲ့ တွက်ရင် ထောင်ထဲမှာ ဖြစ်တာက ၃ ရက်လောက်ပဲ ရက်ခြားမယ်။ ဒီလို ဖြစ်လာတာလည်း အကျဉ်းသားတွေမှာ ရှိတဲ့ ထောင်ဝင်စာနဲ့ မလုံလောက်တာလည်း တပိုင်းပါတာပေါ့။
ကျနော်တို့အဆောင်၊ ကျနော်တို့ အခန်းက စတင်မီးရှို့တယ်။ မိလ္လာဘုတ် သမားတွေ ထားပေမယ့် အိပ်ဆောင်ကို တံခါးတွေ ထပ်ပိတ် ထားသေးတယ်။ အဲဒီမှာ အိပ်ဆောင်ဖွင့်တဲ့ အချိန်က မနက် ၇ နာရီလောက်ဆိုတော့ အချိန်လွန်နေပြီ။ မီးလည်းမြင်ရော လူတွေက သစ်သားတိုင်တွေကို နှဲ့ချိုးပြီး တံခါးတွေဖွင့်လို့ အပြင်ကို အကုန် ထွက်လာတယ်။ တထောင်လုံး တံခါးတွေ ချိုးထွက်လာကြတာ။ ညနေမှောင်တော့ အကုန်လုံး အဆောင်အပြင်ဘက်ကို ရောက်နေကြပြီ။
ထောင်တံခါးတွေလည်း ပွင့်တော့ ထောင်သားတွေက အတွင်းဘက် အုတ်တံတိုင်း (မိန်းရိုး) ကို ရောက်လာတော့ ထောင်ဝါဒါ တွေက ဝိုင်းထားပြီးပြီ။ အဆောင်ဝင်း ကွင်းကြီးထဲမှာပဲ ရှိနေသေးတယ်။
အဲဒီမှာ စပစ်ခတ်တာတွေ ဖြစ်လာတယ်။ သိရသလောက်တော့ အဲဒီမှာ အကျဉ်းသား ၆၀ လောက် သေတယ်။ ၄၀၊ ၅၀ လောက် ဒဏ်ရာတွေ ရကြတယ်။ ဒါတောင် စစ်တပ်မဟုတ်လို့။ သူတို့က ၁ နှစ်နေလို့ ၁ ခါ ပစ်ရတာမဟုတ်၊ သေနတ်တွေ ကလည်း အကောင်းတွေ မဟုတ်။ ရမ်းပစ်တာတောင် အဲဒီလောက် သေခဲ့တာ။
အဲဒီမှာ ပစ်တော့ ထပ်မထွက်ရဲကြတော့ပဲ အထဲမှာပဲ တညလုံး နေရတယ်။ ထောင်ပွင့်ပြီး ထောင်ပင်မ တံခါးကို မဖွင့်ပေး သေးပဲ အထဲမှာ ၂ ညလောက် နေခဲ့ရသေးတယ်။ ဖြစ်တဲ့ညမှာ သူတို့နဲ့ ညှိလိုက်တယ်။ နောက်ညမှာ လွှတ်ပေးပါမယ်လို့ ပြောပေမယ့် ကျနော်တို့က မယုံကြည်သေးဘူး။
ထောင်ထဲမှာ အကျဉ်းကျနေတာက ထိုင်း၊ တရုတ် စတဲ့ နိုင်ငံခြားသားတွေလည်း ရှိတယ်။ သူတို့ကို အရင် လွှတ်ပေးမယ် လုပ်တော့ ကျနော်တို့က လက်မခံဘူး။ ထောင်ကျ၊ အချုပ်သား၊ နှစ်ကြီးသမား စတဲ့ အဖွဲ့ထဲက အယောက် ၅၀ စီ အသုတ်လိုက် လွှတ်ပေးတာမျိုးကိုပဲ လက်ခံမယ်ဆိုပြီး ညှိကြတယ်။ တဆောင်ချင်းစီပဲ၊ နိုင်ငံခြားသားတွေပဲ အဲဒီလို လွှတ်ပြီး ရှင်းထုတ်တာကို လက်မခံခဲ့ဘူး။
အဲဒီလိုနဲ့ ၂ ရက်တာကို အဆင်ပြေသလို နေထိုင်ကြရ၊ အစားအသောက် အတွက်လည်း ထောင်ထဲမှာရှိနေတဲ့ အသားတွေ ရှာဖွေ ကိုယ့်ဘာသာ စုပေါင်းပြီး ချက်ပြုတ်ကြရတာပေါ့။ ထောင်ဝါဒါတွေရဲ့ စီမံပေးမှု ဘာမှ မရှိတော့ဘူး။ ဝါဒါတွေက အပြင်ဘက် မိန်းဂိတ်ရဲ့ အပေါ်မှာပဲ နေတော့တယ်။ ထောင်ပိုင်ကြီး စိန်ဌေးကလည်း ပြေးပြီ။
လွှတ်တော့လည်း အကျဉ်းသား အချင်းချင်း စီစဉ်ပြီး လွှတ်ရတာ။ သူတို့ဘက်က တံခါးတွေ ဖွင့်အောင်တော့ ညှိရတာပေါ့။ သူတို့ကို ၁ ရက် ဘယ်လောက်လွှတ်မယ်ဆိုပြီး ဘူးဝနားရောက်မှ စစ်ဆေးပြီး လွှတ်တယ်။
ပထမဆုံး အခေါက် လွှတ်တော့ လူသတ်မှုနဲ့ နှစ်အများဆုံး ကျနေတဲ့ ကုလားလေး တယောက်ကို ပါအောင်လွှတ်ပြီး အင်းစိန် ဈေးနားက သစ်ပင်ပေါ်ကနေ အလံအဖြူနဲ့ ပြတော့မှ ယုံကြည်ပြီး နောက်ထပ် လွှတ်တာ။ ကျနော်က အထဲကနေ အားလုံး စီစဉ် ထိန်းသိမ်းနေတာ။ ၂ ည နေပြီး ၃ ရက်မြောက်မှ ထောင်ထဲက ထွက်လာတာ။ ကျနော်နဲ့ အတူ စီစဉ်တာမှာ မှတ်မိ သလောက်ကတော့ ကရင်နီက စောမော်ရယ်လ်၊ ရောင်ကြီးဗွေ၊ တပ်ဘက်က ထောင်ကျလာတဲ့ ကိုခင်ဇော် စတဲ့သူတွေနဲ့ စီစဉ်ရတာ။
စီစဉ်တာမှာလည်း အဲဒီအချိန်က အကုန်ပျက်စီးနေတဲ့ အချိန်ဆိုတော့ မဟုတ်တာလုပ်ရင် သတ်ဖြတ်တာမျိုးတောင် ဖြစ်မှာ။ ဒါတောင်မှ ထောင်သားအချင်းချင်း ပြဿနာတက်တာတွေ ရှိခဲ့သေးတယ်။ အဲဒီလို တက်တာကိုတော့ ဘယ်လိုမှ မရှင်းလင်း နိုင်ဘူး။ ဒီအတိုင်း ထားလိုက်ပြီး ထွက်ပြေးဖို့ ကိစ္စပဲ လုပ်နေခဲ့ရတယ်။
အဲဒီလို စီစဉ်နေတဲ့အချိန်မှာ တချို့က မြန်မြန်ထွက်ချင်တော့ အဆောင်ကျော်တက်တဲ့ သူတွေလည်း ရှိတယ်။ အချင်းချင်း ရိုက် နှက်တာတွေ၊ သတ်ဖြတ်တာမျိုးတွေတောင် ရှိခဲ့တယ်။ အဲဒီလိုမျိုးကြောင့် သေတဲ့လူ ၄ ဦး ဝန်းကျင်လောက်ရှိမယ်။ ထောင် ထဲမှာလည်း တကယ့် မင်းမဲ့စရိုက်ဖြစ်နေတဲ့အချိန်။ နေရတာလည်း ကိုယ့်အုပ်စုလေးတွေနဲ့ ကိုယ့် လုံခြုံရေးကို ကြည့်နေရတာ။ လှံ၊ တုတ်၊ ဓား စတာတွေလည်း ဆောင်ထားရတာပေါ့။ အလုပ်ကြီးဘက် အခြမ်းက အုတ်ရိုးတွေလည်း ပေါက်နေပြီ။
ထောင်က လွတ်လာတော့ အမှုက ဘာမှန်းလည်း မသိသေးဘူး။ အဲဒီတော့ ဗဟိုတရားရုံးကို သွားတယ်။ ကျနော်က ဗဟိုတ ရားရုံး ရှေ့နေ၊ ဒီလိုလည်း ထောင်မှာ ဖြစ်ပျက်ခဲ့တယ်။ အဲဒီအချိန်က ဆိုရှယ်လစ် စနစ်ကလည်း မရှိတော့ဘူး။ ဘာနဲ့ ပြန်စစ်ဆေးမှာလဲလို့ မေးတော့ သူတို့ကလည်း စသုံးလုံး ဘက်ကို ပြန်အကြောင်းကြား၊ အမှုကို ပြန်ရုပ်သိမ်းလိုက်တယ်။ ရုပ်သိမ်းတဲ့ စာလည်း ထွက်လာတယ်။
ကိုဇော်ထွန်း (နိုင်ငံရေးအကျဉ်းသားဟောင်း၊ ဗကသ အဖွဲ့ဝင်ဟောင်း၊ ဖင်လန်နိုင်ငံ)
၁၉၈၈ ခုနှစ် ၈ လ ၄ ရက်နေ့မှာ ပန်းချီဆရာ ကိုလတ်အိမ်မှာ ကျတော်တို့ အဖွဲ့လေးတဖွဲ့ ဖွဲ့ခဲ့ကြတယ်။ “ဒီမိုကရေစီ ရရှိရေး ကျောင်းသား အစည်းအရုံး” အမည်ကို ယူခဲ့ကြတယ်။ ကိုမြင့်ဦး ဘက်က လူစာရင်းကို မမှတ်မိပေမယ့် ဂျီတီအိုင်၊ အာအိုင်တီနဲ့ တိမွေးကုက ကျောင်းသားများ ပါခဲ့သလို၊ ကျတော်တို့ဘက်က ကျနော်၊ ကိုဘိုကြည်၊ ကိုစိုးဝင်း၊ ကိုမောင်မောင်လွင်၊ ကိုဆန်းမင်း၊ မဥမ္မာရှိန်၊ မမီမီဝင်းမောင်၊ မစောလဲ့လဲ့မြင့်တို့ ပါဝင်ခဲ့တယ်။
ကိုလတ်ကတော့ သူ့မှာ ကျောင်းသားကြီးတွေ မရှိလို့ သူစုစည်းထားတဲ့ အထက်တန်း ကျောင်းသားတွေပဲရှိတယ်။ အထက်တန်း ကျောင်းသားများ အားလုံး ကိုယ်စားလှယ် သူဖြစ်ပါတယ်လို့ အမည်စာရင်း မတင်သွင်းခဲ့ဘူး။
စည်းရုံးရေး၊ တခြား အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရေး အတွက် ကျနော်တို့အုပ်စုက တောင်ဥက္ကလာ၊ ရန်ကင်းတို့ကို တာဝန်ယူတယ်။ ကိုမြင့်ဦးက ကြည့်မြင်တိုင်နဲ့ စမ်းချောင်း၊ ကိုလတ်က သုဝဏ္ဏနဲ့ ရန်ကုန်သစ် တို့ကို တာဝန်ယူခဲ့ကြတယ်။
ကိုမြင့်ဦးက နယ်ဘက်ကိုလည်း ဆင်းဖို့ အကြံပြုပေမယ့် ကျနော်က ၈ လေးလုံး အတွက် အချိန်မရ၊ တအားနီးကပ်နေပြီ၊ နယ်တွေမှာ သူတို့လူတွေနဲ့ သူတို့ လှုပ်ရှားနေကြပြီ၊ ကျနော်တို့ ဆင်းဖို့ မလိုအပ်တော့ဘူး၊ လုပ်ရမှာက အနီးစပ်ဆုံး အဖွဲ့ တွေနဲ့ ချိတ်ဆက်ပြီး တပြိုင်တည်း လုပ်ဖို့လိုအပ်တယ်လို့ပြောတော့ သူတို့အားလုံး လက်ခံခဲ့ကြတယ်။
အဲဒီလိုနဲ့ ၈ လပိုင်း ၉ ရက်နေ့မှာ ကျနော်တို့ စလှုပ်ရှားတယ်။ သင်္ဃန်းကျွန်းမြို့နယ်က လူစစုတယ်။ ဘယ်က စစုလဲဆိုတော့ သင်္ဃန်းကျွန်းမြို့နယ် အထက ၄ ဘက်ကို အရင်စလှုပ်ရှားတယ်။
အထက ၄ ရောက်တော့ ကျောင်းဝန်း တံခါးကို ပိတ်ထားတယ်။ ကျောင်းသားတွေက တံခါးဝမှာ ပြုံလျှက် အော်နေကြပါ တယ်။ ကိုလတ်က ကျနော့်အနား ရောက်လာပြီး “ဇော်ထွန်း၊ ငါ တာဝန်ကျေတယ်နော်” တဲ့။ “မကျေသေးဘူးဟ၊ မင်းကောင် တွေ အုတ်တံတိုင်း ကျော်တက်ခိုင်း” ဆိုတော့ သူကချက်ခြင်း ကလေးတွေကို အုတ်တံတိုင်း ကျော်တက်ခိုင်းပါတယ်။ တယောက် အပေါ် တယောက် ခွတက်ပြီး ကျောင်းအုတ်တံတိုင်းကို ကျော်ဖြတ်ပြီး အထက ၄ ကို အောင်မြင်စွာ စီးနင်နိုင်ခဲ့ပါတယ်။
အပြန်လမ်းမှာတော့ ကျောင်းသားတွေ အပြင် ပြည်သူတွေနဲ့ ဘေးက ကြည့်သူတွေပါ လူ ၂၀၀၀ ကျော် ဖြစ်လာပါတယ်။ အဲဒီလောက် လူတွေအများကြီး ပါလာမယ်လို့ ကျနော်တို့ မစဉ်းစားထားခဲ့ဘူး။ လူတွေ အများကြီး ကြားထဲမှာ ကိုယ့်လူတွေ လည်း တယောက်မှ ရှာမတွေ့တော့ဘူး။ ဘီအိုစီ ရောက်တော့ ဘယ်သူတွေမှန်း မသိ၊ တရားတွေ တက်ဟော နေကြတယ်။ သင်္ဃန်းကျွန်း၊ ဇဝန ကျော်ချိန်မှာတော့ လူက ၅ ထောင် ကျော်သွားပြီ။
ဘယ်လိုမှ မထိမ်းနိုင်တော့ မူလစီစဉ်ထားတဲ့ ကျောက်ကုန်းကွေ့သွားမှာလည်း ပျက်သွားပြီ။ လူတွေလည်း တယောက်မှ မတွေ့၊ ဘာဆက်လုပ်ရမလဲ စဉ်းစားရင်း နောက်ဆုံးနားက လိုက်နေမိတယ်။ ကျနော် အလောကရာမ ဘုန်းကြီးကျောင်းနား ရောက်တော့ လွယ်အိတ်စလွယ်သိုင်း၊ ပုဆိုး ဖိုသီဖတ်သီနဲ့ ကိုဆန်းမင်း ပြေးလာတာ တွေ့လိုက်ရတယ်။
“ကိုဇော်ထွန်း၊ ကိုဇော်ထွန်း၊ မြန်မြန်လာ၊ မြန်မြန်လာ၊ ရှေ့မှာ စစ်တပ်က ပိတ်ထားတယ်” တဲ့။ ရင်ထဲမှာ ဒုန်းကနဲ ဖြစ်သွား တယ်။ “ခင်ဗျားကို လိုက်ရှာတာ နှံ့နေတာပဲ၊ ကျန်တဲ့သူတွေရော တယောက်မှ မတွေ့ဘူး” တဲ့။ ကျနော် ရှေ့ဆုံးကို အပြေးအလွှား သွားခဲ့တယ်။
ကားလမ်းအပြည့် ပိတ်နေတဲ့ လူတွေကြား အတင်းတိုးဝှေ့ သွားခဲ့ရတယ်။ အာဇာနည်ကွေ့ (၁၆ကွေ့၊ အရက်ဆိုင်ကွေ့ မိုးသီးဇွန်တို့ လမ်းထိပ် တည့်တည့်) လမ်းသုံးခွဆုံမှာ သံဆူးကြိုးနှစ်ထပ် ချထားတာတွေ့ရတယ်။ သံဆူးကြိုး နှစ်ထပ် နောက်မှာ သေနတ်တွေနဲ့ ချိန်ရင်း ဝမ်းလျားမှောက်နေတဲ့ စစ်သားတွေအပြင်၊ အနောက်မှာ ဒူးထောက်ထိုင်လျှက် လူအုပ် ကြီးကို အသင့် ချိန်ရွယ်ထားတဲ့ စစ်သားတွေက တပ်မ ၂၂ နည်းဗျူဟာ ၂၂၁ က ဖြစ်တယ်။
အဲဒီစစ်သားတွေ နောက်မှာက ဘရင်းကယ်ရီယာ ၂ စင်း ခေါင်းချင်းဆိုင်လျှက်၊ တကယ့် စစ်ဆင်ရေးကြီး တခု ဆင်နွှဲမယ့် သဏ္ဍာန် ဖြစ်ပါတယ်။ ချီတက်လာတဲ့ လူအုပ်ကြီးလို့ ဆိုပေမယ့်လည်း ရှေ့ဆုံးနေရာမှာ အဖြူ၊ အစိမ်း ကျောင်းသား ကျောင်းသူတွေချည်း ဖြစ်ပါတယ်။ အဲဒီ ကျောင်းသားငယ် လေးတွေက သံဆူးကြိုးနား ကပ်ပြီး ပါးစပ်ကလည်း “ပြည်သူ့ စစ်သား တို့စစ်သား” လို့ အကြိမ်ပေါင်းများစွာ ဟစ်အော် နေကြပါတယ်။
ကျနော် ဘယ်လို၊ ဘယ်ကစပြီး ဘယ်သူ့ကို ဘာစပြောရမလဲ စဉ်းစားနေဆဲမှာ ဘရင်းကယ်ရီယာ ရှေ့တည့်တည့်က နည်းနည်း ၀၀ဖိုင့်ဖိုင့် ဗိုလ်မှူး အဆင့်ရှိသူက လက်ထောင်လိုက်တာ မြင်လိုက်ရတယ်။ သူ့ဘေးက သုံးပွင့်နဲ့ ထောင်ထောင် မောင်းမောင်း ဗိုလ်ကြီးက ခါးထောက် ရပ်နေတယ်။
ကျတော် ကြည့်နေဆဲမှာပဲ ဗိုလ်မှူးလက် အောက်ပြန်ကျလာတာနဲ့ တပြိုင်တည်း ဘရင်းကယ်ရီယာ ပေါ်က “အုန်း” ဆိုတဲ့ မိုးပေါ်ထောင်ပစ် အချက်ပေး အသံကြီးကို အနီးကပ် ကြားလိုက်ရတယ်။ အဲဒီ အသံနဲ့တပြိုင်တည်း ဝမ်းလျားမှောက်၊ ဒူး ထောက် ထိုင်နေတဲ့ စစ်သားတွေဆီက “ဖောင်း၊ ဖောင်း၊ ဖောင်း” ဆိုတဲ့ အသံနဲ့အတူ ကျနော့် ဘယ်ဘက် နှစ်ယောက် ကျော်လောက်က ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ ကိုင်ထားတဲ့ အဖြူအစိမ်းဝတ် ကျောင်းသူလေး ခွေကနဲ ကတ္တရာ လမ်းပေါ် ပုံလျက်သား လဲကျသွားတာ တွေ့လိုက်ရတယ်။
ကျနော့်ဘေးက ကျောင်းသားကို တွန်းဖယ်ပြီး အဲဒီ ကျောင်းသူလေးကို ထူဖို့ ကြိုးစားချိန်မှာပဲ ကျနော့် ညာဘက်လက်မောင်း ပူကနဲ မီးစကြီးနဲ့ထိုးသလို ခံစားလိုက်ရပါတယ်။ ငါ့လက် ဘာဖြစ်ပါလိမ့်လို့ ငုံ့ကြည့်လိုက်တော့ ဖြူဖွေးနေတဲ့ အပေါက်ကြီး တပေါက်ကိုတွေ့ လိုက်ရတယ်။ ကြည့်နေရင်းမှာပင် အဲဒီဖြူဖြူဖွေးဖွေးကနေ အနီရောင်သွေးစတွေ တစိမ့်စိမ့် ထွက်လာတာ မြင်လိုက်ရပါတယ်။ အဲဒီတော့မှ “ဟာ၊ ငါ့ကို သေနတ်မှန်သွားပါလား” လို့ သဘောပေါက်ပြီး မြေကြီးပေါ် လှဲချလိုက်တယ်။
နှစ်ပတ်၊ သုံးပတ်လောက် လှိမ့်လိုက်တော့ လမ်းဘေး ရေမြောင်းထဲ ရောက်သွားတယ်။ ကံကောင်းတာက စစ်သားတွေက ပထမတခါ ပစ်ပြီး ဆက်တိုက် မပစ်သေးဘဲ သံဆူးကြိုးတွေကို ဖယ်နေရင်း အလုပ်ရှုပ်နေတယ်။ ကျတော် ရေမြောင်းထဲ ကုန်းကုန်း၊ ကုန်းကုန်း ပြေးရင်း နောက်လှည့်ကြည့်တော့ စစ်သားတွေ ရင်ပေါင်တန်းပြီး တက်လာပါပြီ။
နောက်လှည့် မကြည့်ရဲတော့ဘူး။ သေနတ်မှန်ထားတဲ့ ဒဏ်ရာကို ကျန်တဲ့လက်တဘက်နဲ့ အုပ်လျှက်ပြေးရင်း သင်္ဃန်းကျွန်း အထက ၂ ကျောင်းရှေ့၊ သုဒဿန လမ်းထိပ် တည့်တည့် ရောက်တော့ လွယ်အိပ်ကို စလွယ်သိုင်း လွယ်ထားတဲ့ ကိုဆန်းမင်းကို တွေ့လိုက်ရတယ်။ သူက လှမ်းအော်တယ် “ကိုဇော်ထွန်း၊ ပစ်ကုန်ပြီ။ ပြေးပြေး၊ လွတ်အောင်ပြေး” လို့ သူက ပြောတယ်။ “ဟေ့ကောင် ဆန်းမင်း၊ လုပ်ပါဦး။ ငါ့ကို ထိသွားပြီ” လို့ ပြောလိုက်တော့ “ဟုတ်လား၊ ကိုဇော်ထွန်း ထိသွားပြီ။ ကိုဇော်ထွန်း ထိသွားပြီ။ အဖမ်းမခံနဲ့ ကိုဇော်ထွန်း။ လွတ်အောင်ပြေး၊ လွတ်အောင်ပြေး” လို့ ပြောတယ်။ အဲဒီလိုနဲ့ ကျနော့်ဘဝမှာ တကယ့်ကို သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ ဖြစ်ရပ်က တကယ့်ကို မမေ့နိုင်စရာ ဖြစ်ခဲ့တယ်။
ဧရာဝတီသတင်းထောက် စနေလင်း၊ ထက်နိုင်ဇော်၊ နဒီထိုက်နှင့် မြတ်သူအောင်တို့ တွေ့ဆုံမေးမြန်းသည်။