ရှစ်လေးလုံး ဝိညာဉ်များက ဆက်လက် မခြောက်လှန့်စေချင်

ရဲနည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှစ်လေးလုံး အရေးတော်ပုံ ၂၅ နှစ်ပြည့်ပြီ။ ၂၅ နှစ်ဟူသည် ရာစုနှစ်တခု၏ တစိတ်ဖြစ်၍ မျိုးဆက်တဆက် လူလားမြောက်ပြီ။ ရင့်ကျက်ပြီး အမှားအမှန် ဝေဖန်ပိုင်းခြား သိမြင်တတ်သော ပညာနှင့် အတွေ့အကြုံတို့ကို ဖြတ်သန်းရရှိ ပိုင်ဆိုင်ထားပြီးပြီ။ ထို့ကြောင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတိတ်ကို ပြန်သုံးသပ်၍ ပစ္စုပ္ပန်တွင် ဆောင်ရန် ရှောင်ရန်တို့ကို ရွေးချယ်ချမှတ်ရမည့် အချိန်သမယလည်း ဖြစ်သည်။

အတိတ်ကို ပြန်ကြည့်လျှင် ရှစ်လေးလုံးအရေးတော်ပုံသည် နှစ်ပေါင်းများစွာ အထီးကျန်ဆန်မှုနှင့် မှားယွင်းသော စီမံခန့်ခွဲမှုကြောင့် နိုင်ငံ့စီးပွားချွတ်ခြုံကျပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ခဲ့ရမှုအပေါ် များစွာမှီတည်ခဲ့သည်။ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမှ စတင်ခဲ့သော ၂၆ နှစ်ကြာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြောင့် နိုင်ငံ့စီးပွားရေးလုပ်ငန်းများ ပြိုပျက်သွားပြီး ဆင်းရဲမွဲတေမှု နက်ရှိုင်းကျယ်ပြန့်လာခဲ့ခြင်းက ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအုံကြွမှုကို အခြေတည်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေး ဖိနှိပ်မှုနှင့်အတူ စီးပွားကြပ်တည်းမှုနှင့် ဂုဏ်သိက္ခာကျဆင်းရခြင်းတို့က မြန်မာပြည်သူတို့ကို ဒေါသူပုန်ထစေခဲ့သည်။

ရဲနည်သည် ဧရာဝတီ သတင်းဌာန၏
မြန်မာပိုင်း အယ်ဒီတာ တဦး ဖြစ်သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး အုံကြွမှုအပြီး ထိုင်း-မြန်မာ နယ်စပ်သို့ထွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဧရာဝတီသတင်းဌာနတွင် စတင် အလုပ်လုပ်သည်။ နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ မြန်မာပြည်တွင် စတင်ပြီးနောက် ၂၀၁၂ ခုနှစ်အကုန် ရန်ကုန်သို့ ပြန်လည် အခြေချ နေထိုင်သည်။

သွေးထွက် သံယို နှိမ်နင်း ခံရပြီး ကြောက်ရွံ့ ထိတ်လန့် နေခဲ့ရသော ဆယ်စု ၂ စုကို ခက်ခဲ ကြမ်းတမ်းစွာ ဖြတ်သန်း အပြီး လွန်ခဲ့သော ၂ နှစ်ခန့်မှ စ၍ နိုင်ငံရေး အရ ဖိနှိပ် ချုပ်ချယ်မှုများ ဖြေလျှော့ပေးလာ သော်လည်း ဆိုရှယ်လစ် အမည်ခံ စီးပွားရေးစနစ်မှ ဈေးကွက် စီးပွားရေး စနစ်ဆီ အကူးအပြောင်း ၂၅ နှစ်အတွင်း တိုင်းပြည် စီးပွား မည်မျှကောင်းမွန် တိုးတက်ခဲ့ သနည်း။

အကြမ်းဖျင်း အားဖြင့် ဆိုသော် ရှစ်လေးလုံး ဒီမိုကရေစီရေး အုံကြွမှုကို အကြမ်းဖက်နှိမ်နင်းပြီး အာဏာ ရလာသော စစ်ခေါင်းဆောင်များသည် အမေရိကန်၊ ဥရောပနှင့် ဂျပန်တို့က ထောက်ပံ့မှုများ ရပ်ကာ ပိတ်ဆို့ဒဏ်ခတ် ခံခဲ့ရမှုနှင့်အတူ နိုင်ငံ့စီးပွားရေးကို လက်ဝါးကြီးအုပ်ပြီး ထင်တိုင်းကြဲခဲ့သည်။ စစ်အုပ်ချုပ်ရေး၏ ထိပ်ပိုင်း ခေါင်းဆောင်များ၊ မိသားစု ဝင်များနှင့် နီးစပ်ပတ်သက်ရာ ခရိုနီများသည် မြေကြီးမှ ရွှေသီးခဲ့ကြသည်။

ထို့ထက် ဆိုးသည်မှာ စစ်အစိုးရ ကျားကန်ရေး အတွက် မူးယစ်ဆေးဝါး မှောင်ခို ကုန်သည်ကြီးများ တိုင်းပြည် အတွင်း ရင်းနှီးမြှုပ်နှံရန် စနစ်တကျ ခွင့်ပြု အားပေးခဲ့ခြင်း ဖြစ်သည်။ အစိုးရက အရှိန်အဝါကြီးသော မူးယစ်ဆေးဝါး ကုန်သည်များကို ဘဏ်လုပ်ငန်း၊ လေကြောင်း လိုင်း၊ ဟိုတယ်၊ လမ်း တံတား ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်း အစရှိသည့် နေရာများသို့ ဝင်ရောက်ခွင့် ပြုခဲ့သည်။ အမေရိကန် အောက်လွှတ်တော် သုတေသနအဖွဲ့၏ ၂၀၁၀ခုနှစ် ခန့်မှန်းချက် အရဆိုလျှင် မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး တင်ပို့မှုသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံမှ ၂ ဘီလီယံ အတွင်းရှိနေပြီး ငွေကြေး လဲလှယ်မှု ၄၀ ရာခိုင်နှုန်းဖြစ်သည်ဟု သိရသည်။

အနာဂါတ်တွင် မြန်မာနိုင်ငံသည် အစိုးရခေါင်းဆောင်များ ပြောနေသလို စင်္ကာပူ၊ အင်ဒိုနီးရှား သို့မဟုတ် တောင်ကိုရီးယား နိုင်ငံများအတိုင်း ဖြစ်လာရန်မရှိပေ။ တကယ်လက်တွေ့တွင် မူးယစ်ဆေးဝါး ထွက်နေသော ကိုလံဘီယာ သို့မဟုတ် မက္ကဆီကို တို့ကဲ့သို့ နိုင်ငံမျိုးသာ ဖြစ်လာနိုင်သည်။

၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) သည် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၅ ဘီလီယံသာရှိခဲ့ရာမှ သဘာဝဓာတ်ငွေ့နှင့် အခြားသယံဇာတများ ကျေးဇူးဖြင့် လတ်တလောတွင် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ ကျော်ရှိလာသည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေး ရံပုံငွေအဖွဲ့ (IMF) က တွက်ချက်ခန့်မှန်းသည်။

သို့သော် အမေရိကန်ဒေါ်လာ ၃၆၆ ဘီလီယံ ရှိပြီဖြစ်သော လက်ရှိထိုင်းနိုင်ငံ၏ အနေအထားကို ရောက်ရှိရန် မြန်မာနိုင်ငံအနေဖြင့် လတ်တလောပြုပြင်ပြောင်းလဲမှုများ ဆက်လက်အရှိန်ဖြင့် သွားနေမှသာ နောင်အနှစ် ၃၀ တွင် ရောက်မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အရှေ့နှင့် အရှေ့တောင်အာရှဆိုင်ရာ ဒု-ဥက္ကဌ၏ သတိပေးချက်က ကိုယ့်နေရာကိုယ် ပြန်သိမြင်စေသည်။

အမှန်တကယ်လည်း ၂၅ နှစ်ကြာပြီးနောက် တိုင်းပြည်သည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ စာရင်းမှ မလွတ်သေးဘဲ ၂၀၁၃ ခုနှစ် UNDP ၏ လူသားဖွံ့ဖြိုးတိုးတက်မှုစာရင်းတွင် တဦးချင်းဝင်ငွေ၊ လူ့သက်တမ်းနှင့် ကျောင်းပညာသင်နှစ်တို့ နိမ့်ကျနေဆဲ ဖြစ်သည်။

ယမန်နှစ်က ထုတ်ပြန်ခဲ့သော ADB ၏ အစီရင်ခံစာသည်လည်း မြန်မာ့စီးပွားရေး၏ တကယ့်အနေအထားကို ဖော်ပြနေသည်။ မြန်မာတို့အနေဖြင့် သဘာဝဓာတ်ငွေ့သိုက်ကြီးကို ဖင်ခုထိုင်ပြီး အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချနေသော်လည်း ပြည်တွင်းစွမ်းအင်သုံးစွဲနိုင်မှုနှုန်း ဒေသတွင်းတွင် အနိမ့်ဆုံးနိုင်ငံများစာရင်းဝင် ဖြစ်ကြောင်း ဆိုသည်။ တနိုင်ငံလုံး၏ ၂၆ ရာခိုင်နှုန်းသာ လျှပ်စစ်မီးပေးနိုင်ပြီး မီးရသော ကျေးလက်များတွင်လည်း တနေ့ ၂ နာရီသာ ပျမ်းမျှ မီးသုံးစွဲနိုင်သည်။

ကချင်၊ ရှမ်း၊ ကရင်စသည့် တိုင်းရင်းသားနယ်မြေများနှင့် မြန်မာလူမျိုးအများစု နေထိုင်သော မြို့ကြီးများအကြား လူမှုဘဝကွာခြားချက်ကိုလည်း အစီရင်ခံစာက  မီးမောင်းထိုးပြထားသည်။ ရန်ကုန်တွင် ၆၇ ရာခိုင်နှုန်း လျှပ်စစ်မီး သုံးစွဲနိုင်သော်လည်း “ကျေးလက်ဒေသ”ဟု ခေါ်ဆိုသော အခြားပြည်နယ်နှင့် တိုင်းများတွင် ပျမ်းမျှ ၁၆ ရာခိုင်နှုန်းသာ မီးရရှိကြောင်း ဆိုသည်။

ဆင်းရဲမွဲတေမှုမှာလည်း ကျေးလက်ဒေသများတွင် မြို့များထက် ၂ ဆ မြင့်တက်ကာ ၈၅ ရာခိုင်နှုန်း နီးပါး ရှိနေသည်။ မြို့ပြရှိ ကလေးငယ် ၆၃ ရာခိုင်နှုန်း မူလတန်းပညာပြီးဆုံး၍ အလယ်တန်းပညာ ဆက်တက်နေချိန်တွင် ကျေးလက်ရှိ ကလေးငယ် ၇၅ ရာခိုင်နှုန်းမှာ မူလတန်းပညာသင်ကြားနေချိန်တွင် ကျောင်းထွက်နေကြရသည်။ ယင်းသို့ ကွာဟချက်များသည် အဘယ့်ကြောင့် တိုင်းရင်းသားများနှင့် မြန်မာလူမျိုးများကြား ပဋိပက္ခများ မပြီးဆုံးနိုင်သေးကြောင်း လှစ်ဟပြသကဲ့သို့လည်း ဖြစ်သည်။ ယင်းကွာဟချက်များကို မလျှော့ချနိုင်သရွေ့ တိုင်းရင်းသားများနှင့် မြန်မာလူမျိုးများကြား တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေဦးမည်သာ။

မြို့ပြအဆင့်အတန်းသည်လည်း အိမ်နီးချင်းများနှင့် ယှဉ်လျှင် မြို့ပြ မမည်ပေ။ လမ်းနှင့် လူဦးရေ အချိုး အရှေ့တောင်အာရှနိုင်ငံများကို ခြုံကြည့်လျှင် လူတထောင် ကားလမ်း ၁၁ ကီလိုမီတာရှိရာ မြန်မာနိုင်ငံအဖို့ လူတထောင် ၂ ကီလိုမီတာသာရှိသည်။ မော်တော်ကားနှင့် လူဦးရေ အချိုးတွင်လည်း အင်ဒိုနီးရှားက လူတထောင် ကား ၂၅၀၊ ထိုင်းက လူတထောင် ကား ၃၇၀ ရှိသော်လည်း မြန်မာက လူတထောင် ကား ၁၈ စီးသာရှိသည်။ ယမန်နှစ်ကစပြီး ကားတင်ပို့မှု စည်းမျဉ်းများဖြေလျှော့ပေးခဲ့၍ ရန်ကုန်တွင် ကားများ ပြည့်ကြပ်လာသော်လည်း လမ်းက ပိုတိုးမလာခဲ့ပါ။

ငွေကြေးနှင့် ကျွမ်းကျင်မှုရှိပါက လမ်းများကို အမြန်ဆုံး ဆောက်လုပ်နိုင်မည်။ သို့သော် သေမင်းတမန်လမ်းဟု နာမည်ကြီးလာနေသော ရန်ကုန်-နေပြည်တော်-မန္တလေး ကားလမ်းမကြီးသည် မြန်မာအင်ဂျင်နီယာတို့၏ စွမ်းရည်နှင့် ဖုတ်ပူမီးတိုက်စီမံကိန်းတို့ဖြင့်သာ မြန်မာတို့ “ဖွံ့ဖြိုးတိုးတက်”နေရကြောင်း အခိုင်အမာ သက်သေပြနေပြန်သည်။

မြန်မာ့ပညာရေးစနစ်သည်လည်း အနာဂတ်ပညာရှင်များကို မွေးမထုတ်ပေးနိုင်တော့ဘဲ ပြိုယွင်းပျက်ဆီးနေပေပြီ။ မြန်မာအစိုးရက ပညာရေးကဏ္ဍအတွက် အသုံးစရိတ် ၃ ဒဿမ ၇၄ ရာခိုင်နှုန်းကိုသာ ခွဲဝေရင်းနှီးပြီး ကျောင်းများ၏ ဘတ်ဂျတ်အများစုမှာ ဆရာများ၏ လစာအတွက် ဖြစ်နေသည်။ ဖတ်စာအုပ်နှင့် အခြား သင်ကြားရေး အထောက်အကူပစ္စည်းများ၊ အားကစားနှင့် ဒေသန္တရ လေ့လာရေး၊ ကျန်းမာရေးနှင့် အာဟာရ ဖွံ့ဖြိုးရေးတို့အတွက် မပါဝင်သလောက်ဖြစ်နေပြီး နိုင်ငံတကာအဆင့်မီ ပညာရေးစနစ် အဆင့်အတန်းမှ အလွန်ဝေးကွာပြီး နိမ့်ကျနေရသည်။ မူလတန်းပညာပြီးဆုံးသော ကလေး ၄ ပုံ ၁ ပုံသည် အလယ်တန်းပညာ ဆက်မတက်နိုင်ကြဘဲ ပညာ ပို့ချမှုနှင့် သင်ကြားရေးစနစ်၏ အရည်အသွေးသည်လည်း အလွန်နိမ့်ကျနေသည်ဟု ADB အစီရင်ခံစာက မီးမောင်းထိုးပြထားသည်။

နှစ် ၅၀ ကျော် မှားယွင်းခဲ့သော အမိန့်ပေး တလမ်းသွား စစ်အုပ်ချုပ်ရေးကြောင့် တိုင်းပြည်ချွတ်ခြုံကျမှုမှာ ရှေ့ ၂ နှစ် အကြာ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ အနိုင်ရစေရန် မျှော်လင့်ပြီး မစားရ ဝခမန်း မဲဆွယ်စည်းရုံးခြင်းနှင့် ရင်းနှီးမြှုပ်နှံသူ စီးပွားရေးလုပ်ငန်းရှင်များ၊ အကောင်းမြင် သက်သက် ပညာတတ်များက အနာဂတ် မြန်မာ့စီးပွားရေးသည် “အလားအလာကောင်း”များရှိသည်ဟု ကောက်ချက်ဆွဲ ပြောဆိုရုံဖြင့် နာလန်ပြန်ထူစေမည် မဟုတ်ပေ။

မှားယွင်းစွာ စီမံအုပ်ချုပ်ခြင်းကြောင့် တိုင်းပြည်နှင့် နိုင်ငံသားတို့ အောက်တန်းနောက်တန်းကျခဲ့ရသည်ကို ထုတ်ဖော်ဝန်ခံရမည်ဖြစ်ပြီး မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့ရသည်ကိုလည်း အများပြည်သူက ရှင်းလင်းစွာ သိမြင်စေသင့်သည်။ နှစ် ၅၀ ကြာ စစ်အုပ်ချုပ်ရေးစနစ်သည် မှားယွင်းကြောင်းနှင့် တိုင်းပြည်ချွတ်ခြုံကျစေခြင်း၏ အရင်းခံဖြစ်ကြောင်း ရှစ်လေးလုံး ၂၅ နှစ်ကြာသည်အထိ စစ်ဘက်ဆိုင်ရာ မည်သူတဦးတယောက်ကမျှ ဝန်ခံခြင်းမရှိသေးပေ။

မကြာသေးမီက နိုင်ငံတော် ဗဟိုဘဏ်ကို ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှ ခွဲထုတ်ပြီး ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ပြုသည့် ဥပဒေတရပ်ကို သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုးလိုက်ခြင်းသည် နိုင်ငံ့စီးပွားရေးစနစ် အကူးအပြောင်းကို လုပ်ဆောင်မည်ဟူသော လက်ရှိ နေပြည်တော်အစိုးရ၏ ကတိကဝတ်ကို ယုံကြည်လာစေရန် ကနဦးအနေဖြင့် စွမ်းဆောင်နိုင်သည်။

သို့သော် အစိုးရအလိုကျသာ လုပ်ကိုင်ခဲ့ဖူးပြီး နိုင်ငံ့စီးပွားရေး အခြေအနေကို တိုက်ရိုက်စီမံနိုင်သော ငွေကြေးဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို ချမှတ်ကျင့်သုံးခြင်း အတွေ့အကြုံ လုံးဝ မရှိသည့် ဗဟိုဘဏ်ကို စစ်အစိုးရလက်ထက်တွင် ဥက္ကဋ္ဌအဖြစ် ၁၀ နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ဦးကျော်ကျော်မောင်အား ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်လိုက်ခြင်းသည် မည်သည့် အတိုင်းအတာအထိ လွတ်လပ်စွာလုပ်ဆောင်ခွင့် ရရှိနိုင်မည် ဆိုသည့် သံသယကို ပိုမိုကြီးထွားစေသလို အခြားတဖက်တွင် ဘဏ်နှင့် ငွေကြေးစနစ် စီမံခန့်ခွဲမှု အတတ်ပညာရှင် မြန်မာပြည်တွင်း၌ မည်မျှရှားပါးကြောင်း တပိုင်းကလည်း ပြသနေသည်။

ချုပ်ရလျှင် ရှစ်လေးလုံးအရေးတော်ပုံသည် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သည့် ၁၃၀၀ ပြည့် အရေးတော်ပုံ၏ နှစ် ၅၀ အကြာတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ နောင် ၂၅ နှစ် ကြာကျရောက်မည့် ရှစ်လေးလုံး နှစ် ၅၀ တွင်လည်း မကျေနပ်မှုများကို ဖောက်ခွဲဖော်ထုတ်မည့် လူထုအုံကြွမှု နောက်တခု ထပ်မံ ပေါ်ပေါက်ရန် ဆန္ဒရှိကြပါသလော။  မြန်မာနိုင်ငံကို နောင်မျိုးဆက်သစ်များ ခေါင်းမော့စေရေး ခိုင်မာစွာ ဦးတည် မဆောင်ရွက်မချင်း ရှစ်လေးလုံး အရေးတော်ပုံတွင် အသက်စွန့်သွားသူတို့၏ ဝိညာဉ်များက ဆက်လက်ခြောက်လှန့်နေပေဦးတော့မည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading