[irrawaddy_gallery]
၂၀၁၃ သြဂုတ်လသည် မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံးသော ပြည်လုံးကျွတ် ၈ လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှုကြီး ဖြစ်ခဲ့သည့် ၂၅ နှစ်ပြည့်မည့် ကာလဖြစ်သည်။ ထို့ကြောင့် ၈ လေးလုံး အရေးတော်ပုံကြီးတွင် ကဏ္ဍ အသီးသီးမှ နည်းမျိုးစုံ ပါဝင်ပတ်သက်ခဲ့ သူများ၊ တွေ့ကြုံခဲ့ရသူများ၏ အမှတ်တရ မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီက စုစည်း ဖော်ပြ သွားမည် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦး၊ လူရွှင်တော် မေတ္တာနှင့် ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဗဟိုကော်မတီဝင်ဖြစ်ခဲ့ပြီး ယခု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ၏ ဗဟိုကော်မတီဝင် ဖြစ်သူ ဦးဟန်ရွှေ တို့၏ မမေ့နိုင်သော မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီ ပရိသတ်အတွက် ဖော်ပြပေးလိုက်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်။
ဦးတင်ဦး (နာယက၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)
၈၈ စဖြစ်ထဲက ပါလာခဲ့တာ၊ ပထမအနေနဲ့က တပ်မတော်သား အငြိမ်းစား၊ တပ်မှူးဟောင်းတွေနဲ့ ဆွေးနွေးဖြစ်သေးတယ်။ ဒီကိစ္စက ကျောင်းသားတွေအပြင် တပြည်လုံး အတိုင်းအတာ ဖြစ်လာတယ်။ ဒီမိုကရေစီ ဆိုတာကလည်း ဟိုးအရင် ကတည်းက မူပဲဆိုတော့ ဒီမိုကရေစီအရေးကို ဝင်လုပ်ကြဦးစို့လို့ ဆိုပြီး ဖြစ်လာတယ်။
အဲဒီအချိန်မှာ ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည်) ကလည်း ဦးဝင်းတင်၊ ဦးမိုးသူ၊ ရှေ့နေပိုင်းကရော သူ့အစုအဝေးနဲ့သူ၊ ဦးအောင်ကြီး ကလည်း ထွက်လာတော့ ပဒုံမာကွင်းမှာ စကား မှားသွားသေးတယ်။ ပြည်သူက နည်းနည်းလေး သဘောမကျ ဖြစ်သွား သေးတယ်။
ဦးအောင်ကြီးက ဒီမတိုင်ခင် ၄၂ မျက်နှာ စာတမ်းနဲ့ ဒီမိုကရေစီဖြစ်မှ ဖြစ်မယ်ဆိုတာ လေးကလည်း လှုံ့ဆော်ပေးလိုက်သလို ဖြစ်သေးတယ်။ ၈ လေးလုံး ဖြစ်လာတော့ လူတွေက စုဝေးပြီး ပြောကြတာ၊ ကျနော့်ကို တပ်မတော်သား အဟောင်းကလည်း ဖြစ်တော့ တပ်နဲ့ အနီးစပ်ဆုံး ဖြစ်နေချိန်မှာ ပါလာရတာပေါ့။
ဒေါ်စုကလည်း ရွှေတိဂုံအနောက်ဘက်မှာ ဟော၊ လူထုရဲ့ထောက်ခံ လေးစားမှုရပြီးတော့ အဝိုင်းအဝန်းက တော်တော်လေး စည်းရုံးလာတယ်။ ဦးနုကလည်း ပထမတော့ မထွက်ပေမယ့် နောက်တော့ ကျနော်တို့ သူ့ဆီသွားပြီး တောင်းပန်တယ်။ အဲဒီမှာ သူကလည်း ထွက်လာတယ်။
ဦးနုရဲ့ နိုင်ငံရေး ရည်ရွယ်ချက်ကတော့ သူ့ကို အာဏာပြန်အပ်၊ တပ်မတော်နဲ့ ပတ်သက်လို့ သူက လုံခြုံအောင် ထိန်းသိမ်းပြီး ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတာပေါ့။ အဲဒါနဲ့ ပက်သက်လို့ ထင်ရှားတဲ့ အမှတ်အသားတခုကတော့ ကန်ဘောင်ရိုးမှာ ကျောင်းသားများ စုဝေးစည်းရုံးပွဲ ရှိတယ်၊ အဲဒါကို ကြွပါဆိုတော့ ဦးနု၊ ကျနော်နဲ့ ဦးအောင်ကြီးရယ် လာကြတယ်။ လူထုက တအုံတခဲကြီးပဲ။ အဲဒီအချိန်အထိ အဖွဲ့အစည်း ရယ်လို့ မဖြစ်သေးဘူး။ အဲဒီလိုနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ဆိုပြီး ဒေါ်စုလည်းလာတယ်၊ ဒေါက်တာတင်မျိုးဝင်းတို့ကို အဲဒီတော့မှ စမြင်ဖူးတာ။ ဟိုကျတော့ ကျနော်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးမောင်ကို၊ ဦးအောင်လွင်တို့နဲ့ တွေ့ပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်တယ်။ ၁ ကတော့ ဒီကျောင်းသားတွေ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ပစ်ခတ် ဖြိုခွင်းတာ ဘယ်လိုမြင်လဲ၊ ဒီလှုပ်ရှားမှုကို စည်းရုံးပြီးတော့ အောင်မြင်အောင် လုပ်ကြမယ်ပေါ့။ ပစ်ခတ်ဖြိုခွင်းတာကို ရှုံ့ချတယ်၊ လူတွေက အကုန်လုံး ဆန္ဒဖြစ်နေကြမှတော့ အောင်မြင်ရမှာပေါ့။ အဲဒီလိုနဲ့ သတင်းစာ ရှင်းလင်းပွဲ ပြီးသွားတော့ ဒေါ်အောင်ဆန်းစုကြည်၊ ကျနော်၊ ဦးအောင်ကြီးရယ်ကို လူထုဦးစိန်ဝင်းက သူ့အိမ်မှာ ဖိတ်တော့ ဦးအောင်ကြီးက သူ့ဆီမှာ ရေးလာတဲ့ စာပါလာတယ်၊ ရေးတာက ကျောင်းသားတွေ ခေါင်းဆောင်ပြီး တော်တော်ကြာကြာ ကတည်းက လှုပ်ရှားလာကြတာ၊ ၈၈ အရေးအခင်း ဖြစ်လာတော့ တပြည်လုံး အတိုင်းအတာ ဖြစ်လာတယ်၊ ကျောင်းသားတွေ သွေးမြေကျတဲ့ ကိစ္စကို အခွင့်အရေးကောင်း မယူဘဲ စေတနာသန့်သန့်နဲ့ ဒီမိုကရေစီရအောင် အားလုံး ဝိုင်းဝန်းကူညီဖို့ စာတမ်းလေး တခုပါ။
အဲဒါကို ဒေါ်စုက စကားလုံး ၂ လုံးလောက်ပဲပြင်ပြီး အောက်က ဒီမိုကရေစီ အောင်မြင်သည်အထိ ဆောင်ရွက်ကြမယ်ဆိုပြီး အောက်က ဒေါ်စုရယ်၊ ကျနော်ရယ်၊ ဦးအောင်ကြီးရယ် ဝိုင်းလက်မှတ် ထိုးလိုက်ကြတော့ အဲဒီမှာ ထင်ရှားတဲ့ ပူးပေါင်း ဆောင်ရွက်မှု တရပ်ဖြစ်တဲ့ “ အောင်၊ စု၊ တင်” ကြေညာချက်ဆိုတာ ဖြစ်လာတယ်။
နောက်ပိုင်းမှာ ပစ်ခတ်တာတွေ တော်တော်လေး ဖြစ်နေပြီ။ နောက်တော့ ကျောင်းသားတွေက စုဝေးပြီး ဆေးတက္ကသိုလ် ၁ မှာ လူကြီးတွေကို ဖိတ်တယ်။ ကျနော်က သွားတယ်။ ဒေါ်စုကိုလည်း တွေ့တယ်။ အဲဒီအချိန်အထိ ဒေါ်စုနဲ့ သိပ်မရင်းနှီးသေးဘူး။ အစည်းအဝေး ခန်းမကြီးထဲမှာ ဦးနု၊ ဒေါ်အောင်ဆန်းစုကြည်၊ ကျနော်၊ ဦးအောင်ကြီး၊ ဦးထွေးမြင့်တို့ ထိုင်နေရင်း ခဏနေ ကျတော့ ကလေးမလေး တယောက်က အခုဆိုရင် ကျောင်းသားလူငယ်တွေက စခဲ့တာ တပြည်လုံး အတိုင်းအတာ ဖြစ်နေပြီ၊ ဒါနဲ့ ပက်သက်ပြီး သူတို့လည်း မလုပ်တတ်ကြဘူး၊ သူတို့ကို ခေါင်းဆောင်ပါ၊ လူကြီးတွေက ဦးဆောင်ပြီးစီမံကိန်း တခုချ ဆောင်ရွက်သွားဖို့ ပြောတော့ ဦးနုက ထပြီး “ငါတို့ကို ဘာမှ မပြောဘဲနဲ့ ဒီရောက်မှ အပိုင်ကိုင်တယ်၊ ငါတို့ကို အသုံးချတယ်၊ ဘာညာ” ဆိုပြီးပြောတော့ ကလေးမလေးက ငိုရော။ ကျမတို့က မလုပ်တတ်၊ မကိုင်တတ်ဘူး၊ ရှေ့ဆက်သွားဖို့ တာဝန်ကို အပ်နှင်းတာပါ ဆိုပြီး ရိုးရိုးသားသားလေး ပြောတော့ အခုက အဖွဲ့အစည်းမရှိသေးဘူး၊ အဖွဲ့စည်းရှိလာမှ ဒါမျိုးက ဆောင်ရွက် နိုင်မယ်လို့ ပြန်ပြောရတယ်။
ကလေးတွေရဲ့ ရည်ရွယ်ချက်က သူတို့ကို စုစည်းပြီးတော့ လူကြီးတွေက ဦးဆောင်ပြီး ကြားဖြတ် အစိုးရပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် လုပ်စေချင်တာ။ အဲဒီအချိန်မှာ ဒါမျိုး မလုပ်ကိုင်နိုင်ခဲ့ဘူး။ ပြောစရာတွေကတော့ အများကြီးပဲလေ။ ဦးနုက သူ့အိမ်ခေါ်ပြီး ကြားဖြတ်အစိုးရ ဖွဲ့ဖို့ ပြင်ဆင်ခဲ့တာတွေရော၊ ဦးနုက ဒေါက်တာမောင်မောင်ဆီကို သူ့ဆီ အာဏာပြန်ပေးပြီး တပ်ကိုသာ ကိုင်ချင်ကိုင်၊ ရွေးကောက်ပွဲ ပြန်လုပ်ဖို့ ပြင်ဆင်တွေ အများကြီးပေါ့။ နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရယ်လို့
ဖြစ်လာတဲ့ အဖြစ်အပျက်တွေရော အများကြီးပါ။
ဦးမေတ္တာ (လူရွှင်တော်)
ကျနော် ၈၈ အရေးအခင်းတုန်းက တော်တော်ကြောက်တာဗျ၊ တော်တော်ကြောက်တယ် ဆိုတာ ဘာ့ကြောင့်လဲဆိုတော့ အဲဒီအချိန်မှာ ကျနော်ကဝန်ထမ်းဗျ၊ ကျနော် ဦးသန့် အရေးအခင်းတုန်းကတော့ မကြောက်ဘူးဗျ။ ဦးသန့် အရေးအခင်းတုန်းက ကျောင်းသားဗျ။ ဦးသန့်အရေးအခင်း တုန်းက ကျနော်က လူပျိုလူလွတ်ဆိုတော့ ထောင်ထဲမှာ သွားနေရလည်း ကိစ္စမရှိဘူး၊ အထိန်းအသိမ်း ခံရတာ၊ ပြန်ထွက်လာလည်း ဘာဖြစ်လဲ ပြဿနာ မရှိဘူး။
၈၈ အရေးအခင်းကျတော့ ကျနော့် အမေကို ကျနော် လုပ်ကျွေးနေတာဆိုတော့ အလုပ်ပြုတ် သွားမှာလည်း စိုးရိမ်တာပေါ့နော်၊ အဲဒါကြောင့် ကျနော် အဲဒီအလုပ်ကိုပဲ စွဲစွဲမြဲမြဲ လုပ်နေတာပေါ့နော်။ တော်ကြာ ဟိုဟာကြောင့်၊ ဒီဟာကြောင့် ဖြစ်မှာ စိုးလို့လေ။ ကျနော်တို့က ဆင်းရဲတဲ့ဘဝက လာတာဗျ။ အဲဒီတော့ အမေကိုလုပ်ကျွေးနေတဲ့ အချိန်မှာ အဲဒီလို တခုခုဖြစ်သွားမှာ စိုးရိမ် တယ်လေ၊ ဒါကြောင့် ဘာမှမလုပ်ခဲ့ဘူးဗျ။
ဒါပေမယ့် ကျနော့်သူငယ်ချင်းတွေ ဝင်ပါတဲ့ အခါကျတော့ ကျနော်လည်း မနေနိုင်ဘူးဗျ။ ကျနော်လည်း လမ်းလျှောက်တဲ့ အထဲမှာ ပါပါတယ်။ ကျနော်က အဲဒီတုန်းက ယဉ်ကျေးမှု ဝန်ကြီးဌာနမှာ ဝန်ထမ်းလုပ်တာပါ။ ကျနော်က ဖြေဖျော်ရေးမှာပါ။ အမျိုးသား ကဇာတ်ရုံကြီးတောင် ဆောက်နေတုန်းပဲ ရှိသေးတယ်ဗျ။ ဒီဇာတ်ရုံကြီးက အရင်က ကျနော့်ရဲ့ အလုပ်နေရာဗျ။
ကျနော် လမ်းလျှောက်ခဲ့တာ အနုပညာ သမားတွေနဲ့ မပါဘူးဗျ။ ကျနော်က အဲဒီအချိန်တုန်းက အနုပညာသမား ဖြစ်တော့ ဖြစ်ပြီ၊ တက္ကသိုလ် ကျောင်းသားဘ၀ လူမသိသူမသိ သေးဘူးပေါ့ဗျာ။ ကျနော်တို့ရပ်ကွက်က လူတွေနဲ့ပဲ ကျနော် လျှောက်တယ်၊ ဟို သူငယ်ချင်းတွေနဲ့ လျှောက်တယ်၊ ဒီသူငယ်ချင်းတွေ လာခေါ်ရင်သွားတယ်။
၈၈ အရေးအခင်းမှာ ဆိုးဆိုးရွားရွား မြင်ကွင်းမျိုး မြင်ခဲ့လားဆိုတော့ မြင်ခဲ့တာပေါ့ဗျာ၊ အဲဒီ အဖြစ်အပျက်ကြီးကို မျက်စိထဲ ပြန်မြင်မိရင် တုန်လှုပ်မိတော့ မဟြေချင်တော့ပါဘူး။ ကျနော့်မှာ နှလုံးရောဂါရှိလို့ မဟြေပါရစေနဲ့ တော့ဗျာ။ ပြီးတာတွေလည်း ပြီးခဲ့ပါပြီလို့ပဲ ကျနော့် ခေါင်းထဲမှာ ထည့်လိုက်ပါတယ်။ အမှတ်တရ ဖြစ်ခဲ့တာဆိုရင် တတိုင်းပြည်လုံး ပါခဲ့တဲ့ ကိစ္စမို့ လမ်းလျှောက် ခဲ့တာလို့ပဲ ဟြေပါရစေဗျာ။ စစ်သားတွေလည်း ပါတယ်၊ ရဲတွေလည်းပါတယ်၊ အကုန်လုံးပါတော့ ကျနော်က ပြည်သူပဲ ပါတာပေါ့ဗျာ။ ကျနော်ပြည်သူပဲဗျာ။ ဘယ်တော့မှ အုပ်ချုပ်သူ ဖြစ်မယ့်ကောင်လည်း မဟုတ်ပါဘူး။ ဒီလောက်ဆို သဘောပေါက် လောက်ပါပြီ။ ကျနော်ပြည်သူပါပဲ။
ဦးဟန်ရွှေ (ဗဟိုကော်မတီဝင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဝင် ဟောင်း)
အခြေခံအနေနဲ့ ပြောရရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တာဝန်ယူဆောင်ရွက်နေတဲ့ ၂၆ နှစ် အနေအထားမှာ ပြည်သူက ငြီးငွေ့လာ၊ ပြည်သူအတွက် အကျိုးပြုမှုပေါ် မူတည်ပြီး မနှစ်မြို့လာတဲ့ အတွက်ပါ။ ဒေါက်တာမောင်မောင် ပြောသလိုပဲ။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီး လွှတ်တော်၊ တိုင်းအဖွဲ့အစည်း၊ မြို့နယ် အဆင့်ကနေ နောက်ဆုံး ရပ်ကျေး အဆင့်အထိ ပြည်သူက ရွေးချယ်တင်မြှောက်ပြီး ဖွဲ့စည်းဆောင်ရွက်ခဲ့ပေမယ့် သူပြောသလို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ အချက်အလက်တွေဟာ စာလုံးအနေနဲ့သာ စာအုပ်ထဲမှာ ရှိပြီး တကယ်လက်တွေ့ အကောင်အထည် ပေါ်မလာတဲ့ အခါမှာ ပြည်သူတွေအနေနဲ့ အားမလိုအားမရ ဖြစ်လာတယ်။
အပြစ်မြင်လာတဲ့ အခြေခံ အဆောက်အအုံကြီးပေါ် မူတည်ပြီး ၁၉၈၅ ခုနှစ်မှာ ငွေစက္ကူကိစ္စ ဖြစ်လာတယ်၊ ၁၉၈၇ ခုနှစ်မှာ အဲဒီ ငွေစက္ကူကိစ္စ ထပ်ဖြစ်လာတယ်။ တောင်သူလယ်သမားတွေ ဆီက စပါးဝယ်ယူတဲ့အခါမှာ သတ်မှတ်စပါး၊ သတ်မှတ်ဈေးနှုန်းနဲ့ ဝယ်ယူတယ်၊ တောင်သူတွေ ပြန်ဝယ်စားရတဲ့ အခါကြတော့ မှောင်ခိုဈေးနှုန်းနဲ့ ဝယ်စားရတဲ့ အခါကျတော့ အများကြီးပဲ ဖြစ်လာတယ်။
အကျိုးအမြတ် အနေနဲ့ ကျောင်းသားနဲ့ အရပ်သား အချင်းများရာကနေ တစတစနဲ့ နိုင်ငံရေးအသွင် ဆောင်လာပြီး ၈ လေးလုံး အရေးတော်ပုံ ဖြစ်လာတယ်။ ၈၈ ဆိုတာကလည်း အနောက်နိုင်ငံတွေက ပေးတဲ့နာမည်ပါပဲ။ သူတို့က ဒီလိုမျိုးတွေ လုပ်လေ့ ရှိတယ်။ အမှတ်အရဆုံးနဲ့ သမိုင်းတွင်အောင် ဖြစ်လာတာက ၈၈ ဟာ မတ်လထဲက ဖြစ်ရာကနေ ဇွန်၊ ဇူလိုင်အထိ ကာလ ရှည်ကြာ ဖြစ်လာတယ်။ နိုင်ငံရေးသမားတွေ၊ ပါတီ အဖွဲ့အစည်းတွေ ပါလာရာကနေ လူထုအထိ ပါလာပြီး ထွက်ပေါက်မရှိတဲ့ လမ်းတဘက်ပိတ် အနေအထား ဖြစ်လာတယ်။ နိုင်ငံ့ခေါင်းဆောင်တွေလည်း အပြောင်းအလဲဖြစ်လာတယ်။ ဦးစန်းယုကနေ ဦးစိန်လွင်၊ ဦးစိန်လွင်ကနေ ဒေါက်တာ မောင်မောင် ဖြစ်လာတယ်။
တဖက်ပိတ် လမ်းလိုဖြစ်နေတဲ့ အချိန်မှာ ဒေါက်တာမောင်မောင်က ၁၉၈၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ လမ်းစဉ်ပါတီ ညီလာခံမှာ ဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်ပေးပြီး တဘက်က ပြည်သူ့လွှတ်တော်ကို ခေါ်ယူပြီး နိုင်ငံတော် သမ္မတအဖြစ်နဲ့ တာဝန် ပေးလိုက်တယ်။ သူက ဥပဒေ သမားပါ။ ဥပဒေကို အင်မတန် ယုံကြည်တယ်၊ ချစ်မြတ်နိုးတယ်။ ဥပဒေကို သူကိုယ်တိုင် တိတိကျကျ လိုက်နာတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ တခြားသူတွေကိုလည်း ဥပဒေကို လိုက်နာအောင် ကြံဆောင်ကြိုးပမ်းတဲ့ ပုဂ္ဂိုလ် လည်းဖြစ်ပါတယ်။
အဲဒီအချိန်မှာ နိုင်ငံ့ခေါင်းဆောင် တက်လုပ်ဖို့ဆိုတာ တကယ်မလွယ်တဲ့ အနေအထားပါ။ တဘက်မှာလည်း ဘယ်သူပဲ တက်လာ တက်လာ အကောင်းမမြင်၊ အကောင်းမထင် တော့ဘူး။ လှုပ်ရှားမှုကလည်း ပိုပြီး ကြမ်းတမ်းခက်ထန်တဲ့ အနေအထားမျိုး ဖြစ်လာတယ်။ အဲဒီလိုအချိန်မှာ သူက တာဝန်ယူခဲ့တာ။ ဒါဟာ ၈၈ မှာ အင်မတန်ထူးခြားတဲ့ အပြောင်းအလဲ တခုပါ။ ၁ က အရင်က တပ်ကပုဂ္ဂိုလ်တွေပဲ ခေါင်းဆောင်ခဲ့တာ။ ဒေါက်တာမောင်မောင်က အရပ်သားဘက်က တက်လာတာ။
သူတက်လာပြီး သြဂုတ်လ ၂၄ ရက်နေ့မှာ ၈၈ မှာ အင်မတန်ထူးခြားတဲ့ မိန့်ခွန်းပြောတယ်။ မိန့်ခွန်းမပြောခင်မှာ သူက စစ်အုပ်ချုပ်ရေး ဆိုတာကို အကုန်ရုပ်သိမ်းလိုက်ပါတယ်၊ ဒီ့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ရှိနေသေးတယ်။ အဲဒီ ဖွဲ့စည်းပုံနဲ့အညီ ဆိုတဲ့ လမ်းကြောင်းကို ပြန်ဖော်တာ။ သူ့မိန့်ခွန်းမှာက ပြည်သူတွေကလည်း တပါတီစနစ် ဖျက်သိမ်းရေး ဆိုတာကို ကြွေးကြော်ကြတယ်၊ မလိုလားတော့ဘူး ဆိုတဲ့အတွက် တကယ်ပဲ တပါတီစနစ်ကို မကြိုက်တော့ဘူးလား၊ ပါတီစုံ စနစ်ကို လက်ခံပြီလား ဆိုတာကို ဆန္ဒခံယူဖို့ လုပ်မယ်။
ဘာ့ကြောင့် ဒီလို ဆန္ဒခံယူဖို့ လုပ်ရသလဲဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁ မှာ “နိုင်ငံတော်သည် တပါတီစနစ်ကို ကျင့်သုံးသည်” က ရှိနေတဲ့အတွက် ဒီဖွဲ့စည်းပုံက လူထုဆန္ဒခံယူပြီးမှ အတည်ပြုထားတာကြောင့် လူထုဆန္ဒခံယူပြီးမှ ဒီအချက်ကို ပြင်ရမယ်။ ဒါက ဖြစ်မှာပဲ။ တတိုင်းပြည်လုံးက ဆိုရှယ်လစ်ပါတီကို မကြိုက်တော့ဘူး။ ဒါဖြစ်ရင် ရွေးကောက်ပွဲလုပ် မယ်။ လုပ်ပြီးလို့ နိုင်သူကို လွှဲပေးမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ လမ်းကြောင်းအတိုင်းပဲ သွားကြပါ ဆိုတာကို သူတိုက်တွန်းတယ်။ ဒါထွက်ပေါက်ပဲ။
တခုတော့ရှိတာက လူထုဆန္ဒ ခံယူဖို့ကိစ္စ၊ ရွေးကောက်ပွဲကိစ္စတွေ ရှိတဲ့အတွက် ၃ လ လောက်တော့ အချိန်ပေးပါလို့ ပြောတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်း လုပ်ရင်တော့ တိုင်းပြည်လည်း တည်ငြိမ်အေးချမ်းမှု ပြန်ရမယ်၊ လူတွေ အားလုံး ပူးပေါင်း ပါဝင်ပြီးတော့ ဆောင်ရွက်ကြရင် မူလအခြေအနေကို အားလုံး ပျော်ပျော်ရွှင်ရွှင် ပြန်ရောက်လာမယ် ဆိုတာကို သူစပြောတာ။ ဒါဟာ ထူးခြားတဲ့မိန့်ခွန်း၊ တနည်းအားဖြင့် တဖက်ပိတ် လမ်းထဲကို ရောက်နေတဲ့ ၈၈ အခြေအနေကို သူက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ပြန်ဖွင့်ပေးလိုက်တာပဲ။
သူ စက်တင်ဘာ ၁ ရက်နေ့မှာ မိန့်ခွန်း ထပ်ပြောတယ်။ ရွေးကောက်ပွဲလုပ်ဖို့ ကတိပေးပြီးသား ဖြစ်တယ်၊ လုပ်တဲ့အခါမှာ လည်း လမ်းစဉ်ပါတီက ဗဟိုအလုပ် အမှုဆောင်တွေ အားလုံး နုတ်ထွက်မှာ ဖြစ်တယ်၊ ပြန်လုပ်ဖို့ အခြေအနေ မရှိတော့ဘူး။ ရွေးကောက်ပွဲ လုပ်တဲ့အခါမှာ အခက်ခဲ ၂ ခု ကျော်လွှားရမှာက တခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ ကိုပြင်ရမှာ။
နောက်တစ်ခုက ပုဒ်မ ၁၉၄ ဖြစ်တဲ့ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်က ဆန္ဒမဲပေးမှ ဒါက အတည် ဖြစ်မှာ ဆိုတာပဲ။ ဒါက ဒေါက်တာမောင်မောင်က ပြည်သူကို သင်ပေးလိုက်တာပဲ။ “ခင်ဗျားတို့ ဒီ ၂ ခုကို လုပ်လိုက်ကြ” လို့ ပြောတာပဲ။ ဒါကလည်း ဆန္ဒပြနည်းတခုပဲ။ အဲဒီ ပြဌာန်းချက် ၂ ခုကိုတော့ ကျနော်တို့ မလွန်ဆန်နိုင်ဘူး။ ပြည်သူတွေက လူထုဆန္ဒ ခံယူပြီးတော့မှ လုပ်ထားတဲ့ဟာ ဖြစ်တဲ့အတွက် မလွန်ဆန်နိုင်ဘူး။ သူပြောလိုက်တဲ့ တချက်က “ကျနော်တို့က စည်းကမ်း ဥပဒေ ချိုးဖောက်တဲ့ သာဓက အကျင့်မျိုးကို နောက်အနာဂတ် လူငယ်တွေအတွက် အမွေ မပေးနိုင်ဘူး”လို့ ပြောတယ်။
အဲဒီတုန်းက ဥပဒေဆိုတာ လူက လုပ်တာပဲ၊ လူကပြင်ရင်ရတယ် ပြောတာပဲ။ မလိုဘူး၊ ကြားဖြတ်အစိုးရပဲ လိုတယ်လို့ ပုတ်ခတ် ပြောခဲ့ကြတယ်။ အဲဒီအချိန် အုပ်ချုပ်ရေးယန္တရား ပျက်နေပြီ။ ဌာနဆိုင်ရာ တွေတောင် အလုပ်မလုပ်ဘူး၊ ပိုက်ဆံတော့ လာယူတယ် ဆိုတာကို ပြောခဲ့တာပဲ။ အဲဒီလို ဖြစ်ခဲ့ကြတော့ အခု နမူနာပဲလေ။ အများကြီး ပေရှည်သွားတယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုမှာ စိတ်ရှည်သည်းခံဖို့က ပါတယ်လေ။ အဲဒီလိုနဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ တပ်ကို အာဏာ လွှဲလိုက်ရတယ်။ ဖြေဆေးထိုး ပေမယ့် လူနာက လက်မခံနိုင်လို့ ဒီအဖြေ ဖြစ်သွားတာပဲ။
ဧရာဝတီသတင်းထောက် စနေလင်း၊ ထက်နိုင်ဇော်၊ နဒီထိုက်နှင့် မြတ်သူအောင်တို့ တွေ့ဆုံမေးမြန်းသည်။