လွန်ခဲ့သည့် ၂၅ နှစ် … ၈ လေးလုံး အရေးတော်ပုံကြီးအပြီး စစ်အုပ်ချုပ်ရေး သိမ်းပြီးစ စက်တင်ဘာ တရက်တွင်ဖြစ်သည်။ အရေးအခင်းကာလ တလျှောက်လုံး အိမ်တွင် စုဆောင်းသိမ်းဆည်းထားသမျှ သတင်းစာပေါင်းစုံ၊ လက်ကမ်းကြော်ငြာ ပေါင်းစုံ၊ စာရွက်စာတမ်းပေါင်းစုံတို့ကို နောက်ဖေး မြေကွက်လပ်တွင် စုပုံ၍ အဖေက ဦးဆောင်က မီးရှို့ဖျက်ဆီးနေသည့် မြင်ကွင်းကို ကျမ ယနေ့အထိ မမေ့နိုင်သေးပါ။
နှမျောတသစိတ် တဝက်၊ စိုးရိမ်သောက တဝက်ဖြင့် ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေပြီး မီးထဲသို့ထည့်မည့် သတင်းစာများ၊ စာစောင်များကို မီးထဲမထည့်မီ ရသလောက် လိုက်ဖတ်နေမိသည်။ ကျမ၏ စာဖတ်အားထက် အဖေ့မီးပုံ၏ ဝါးမြိုအားက ပိုမိုမြန်ဆန်လှသောကြောင့် နောက်ဆုံးလက်လျှော့ကာ အမှတ်တရ အဖြစ် ၈ လေးလုံးကာလတွင် ကျမရခဲ့သော ခွပ်ဒေါင်း တံဆိပ်ကလေးပါသည့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) ကတ်ကလေးနှင့် တော်လှန်ရေးကောင်စီ လက်ထက် ဗုံးခွဲဖျက်ဆီး ခံခဲ့ရသည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံဟောင်း ဓာတ်ပုံကလေးတို့ ကိုသာ အဖေ မမြင်အောင် ဖွက်သိမ်းထားလိုက်နိုင်သည်။ ကျန်သည့် ၈ လေးလုံးနှင့် ပတ်သက်သမျှ အထောက်အထား အားလုံးကတော့ မီးရှို့ခြင်း ခံလိုက်ရပြီ။
7 July၊ ဦးသန့်အရေးအခင်း စသည်တို့ကို မီခဲ့သည့် အဖေ့ ကြိုတင်တွေးဆမှုက မှန်ခဲ့ပါသည်။ ၈ လေးလုံးနှင့် ပတ်သက်သမျှ အစအနမကျန်ခဲ့ သောကြောင့် စစ်အုပ်ချုပ်ရေး လူဖမ်းပွဲကြီးတွင် ကျမတို့ မိသားစုထဲမှ တစုံတဦးမျှ တရားခံမဖြစ်ခဲ့ကြ။ သို့သော် အထောက်အထား မှန်သမျှကတော့ ကွယ်ပျောက်ခဲ့ပြီ။
|
၈ လေးလုံးကာလတွင် ကျမအသက် ၁၇ နှစ်၊ ဆယ်တန်းအောင်ပြီး တက္ကသိုလ် တက်ရန် စောင့်ဆိုင်းနေစဉ်ကာလ၊ ကျမ မျက်စိရှေ့တွင် ဖြစ်ပျက်သမျှ၊ ကျမဝန်းကျင်တွင် ပြောဆိုသမျှ ကွက်ကွက်ကလေးကိုသာ ကြားမြင်သိ နားလည်ခဲ့ရပြီး ကျမနှင့် အလှမ်းကွာသည့် အရပ်များမှ အဖြစ်အပျက်များကိုမူ ကျမတို့ထံ နည်းမျိုးစုံဖြင့် ရောက်လာသမျှသော သတင်းစာများ၊ စာစောင်များက တဆင့် ကြားသိခဲ့ရပါသည်။ သတင်းစာများသည် အထောက်အထားများလည်း ဖြစ်သည်။ ထို အထောက် အထားများ ပျက်စီးသွားသောအခါ … စစ်အုပ်ချုပ်ရေးကာလ တလျှောက်လုံး ပြောဆိုခွင့်၊ ရေးသားခွင့်များ ဆိတ်သုဉ်းခဲ့ရ သဖြင့် နောင်မျိုးဆက်အတွက် ၈ လေးလုံးဆိုသည်မှာ ဒဏ္ဍာရီတခု၊ အိပ်ရာဝင်ပုံပြင်တခု ဖြစ်ခဲ့သည် …။
“အမေတို့ အဖေတို့ အဘိုးအဘွားတို့ အဲဒီတုန်းက လမ်းလျှောက်ခဲ့ကြတာပေါ့၊ စစ်တပ်က ပစ်လို့ လူတွေ သေလိုက်ကြတာ၊ မဆလ အစိုးရလည်း ပြုတ်ကရော” ဆိုတာလောက်ဖြင့် လူငယ်များ၏ အသိတွင် ၈ လေးလုံး အရေးတော်ပုံကြီး မှုံဝါး ခဲ့တော့သည်။
ယခု ဝင်းဇော်လတ် စုစည်းတည်းဖြတ်သည့် “သတင်းစာတွေက ပြောတဲ့ ၈၈၈၈ အရေးတော်ပုံ” စာအုပ် ထွက်လာသဖြင့် ကျမ အလွန် ဝမ်းမြောက်မိပါသည်။ သတင်းစာများသည် သမိုင်းဖြစ်သည်။ ဒဏ္ဍာရီမဟုတ်၊ စိတ်ကူးယဉ် ပုံဝတ္တု မဟုတ်။ သမိုင်း အဖြစ်အပျက်များကို ထင်ဟပ်သည့် သတင်းစာများကို ပြန်လည်စုစည်း ဖော်ပြပေးသည့်အတွက် ဝင်းဇော်လတ်ကို ကျေးဇူး တင်မိသည်။ ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်က “အာဏာဖီဆန် တော်လှန်သတင်းစာ လှုပ်ရှားမှု” ဟု အမည်တပ်သည့် အဆိုပါ ၈ လေးလုံး သတင်းစာ ပေါင်းချုပ်ကြီးက ၈ လေးလုံးကို မမီလိုက်သည့် လူငယ်လူရွယ်များအား သမိုင်းကို ပြောပြလိမ့်မည်၊ မီလိုက်သူများ အတွက်လည်း မိမိ မသိလိုက်သည့် အချက်များကို ပြန်လည်ရှာဖွေ ဖတ်ရှုနိုင်မည့် သုတေသန ပေါင်းချုပ်သဖွယ် ဖြစ်လိမ့်မည်။ သတင်းသမားများ အတွက်မူ အထူးဆိုစရာမရှိ။ ၈ လေးလုံးမတိုင်မီနှင့် ၈ လေးလုံး ကာလက သတင်း ရေးသားမှုများကို အားပါးတရ လေ့လာနိုင်မည့် သတင်းစာဆရာ လက်စွဲပင် ဖြစ်လာနိုင်ပါသည်။
ဤစာအုပ် ထွက်လာသည့် အချိန်တွင် ကျမ ဖတ်ရှုဖြစ်ခဲ့သည့် “သတင်းစာများက ပြောသော နိုင်ငံတော် လုပ်ကြံမှုကြီး” ဆိုသည့် စာအုပ်ကို ပြန်သတိရမိသည်။ ထိုစာအုပ်ကို ဖတ်စဉ်က လုပ်ကြံသတ်ဖြတ် သူများကြောင့် ကျဆုံးခဲ့ရသည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အတွက် နှမျောတသ ဝမ်းနည်း ကြေကွဲခြင်းနှင့်အတူ ကျမ မသိ မမီလိုက်သည့် ခေတ်အခြေအနေ မြင်ကွင်းများ၊ လွတ်လပ်ရေးရခါနီးနှင့် ရပြီးစ မြန်မာပြည် တရားစီရင်ရေးတို့ကို သိမြင်ခွင့်ရသဖြင့် စာအုပ်ကို လက်က မချနိုင်အောင် ဖြစ်မိသည်။ တခါတရံ တကယ့်အဖြစ်အပျက် များက စိတ်ကူးယဉ် ဝတ္ထုများထက်ပင် ပိုမိုဆန်းကြယ်လှ၏။ ဝတ္ထုထဲတွင် ဇာတ်လိုက်နှင့် လူဆိုးများ၊ ဇာတ်ပို့ဇာတ်ရန်များ ပါသလို၊ သမိုင်းထဲက တကယ့် အဖြစ်အပျက်များ ထဲတွင်လည်း ဇာတ်လိုက်နှင့် လူဆိုး၊ ဇာတ်ပို့ဇာတ်ရန်များ ပါဝင်ကြပါသည်။ တကယ့်အဖြစ်အပျက် များထဲက လူဆိုးလူမိုက်များသည် ဝတ္ထုဇာတ်လမ်းများထဲမှ လူဆိုးလူမိုက်များထက်ပင် ပိုမိုဆိုးရွား ရက်စက် မိုက်မဲကြသည်ကို သတင်းစာများက ကျမအား ပြောပြပါသည်။ ၁၉၄၇ ခုနှစ် တဝိုက်က ရှေ့နေရှေ့ရပ်များ၏ လျှောက်လဲချက်များ၊ သက်သေတို့၏ ထွက်ချက်များ၊ တရားသူကြီး၊ ဂျူရီလူကြီးများ၏ ဆုံးဖြတ်ချက်များ၊ တရားခံဟု သံသယ ရှိသူများကို စီရင်ချက်မချမီ လေးစားမှု၊ လူ့အခွင့်အရေး အလေးထားမှု စသည်တို့ကို “သတင်းစာများက ပြောသော နိုင်ငံတော် လုပ်ကြံမှုကြီး” စာအုပ်တွင် မြင်တွေ့ရသည်။ ထိုခေတ် သတင်းစာ အရေးအသားကို လေ့လာခွင့်ရသကဲ့သို့ ထိုခေတ် ထိုအခါက သတင်းစာလွတ်လပ်ခွင့်၊ စာနယ်ဇင်းသမားများ၏ အခွင့်အရေး အပြည့်အဝ ရခဲ့သည်ကိုလည်း အားကျစိတ် ဖြစ်မိသည်။ စုဆောင်းတင်ပြသူ၏ မှတ်ချက်နှင့် ထင်မြင်ချက်များ မပါဘဲ သတင်းကို သတင်းအတိုင်း အရင်းအတိုင်း ဖတ်ခွင့်ရသည်ကပင် ထိုစာအုပ်၏ တန်ဖိုး ဖြစ်ပေလိမ့်မည်။ ခေတ်အဆက်ဆက် သတင်းစာများ၏ ကျေးဇူးမှာ ကြီးလှပေစွ။
ယခုအခါ ယနေ့ခေတ် လူငယ်များအတွက် အိပ်ရာဝင်ပုံပြင်၊ ဒဏ္ဍာရီသဖွယ် ဖြစ်နေသော ၈ လေးလုံး သမိုင်းကိုလည်း ထိုခေတ် သတင်းစာများက ပြန်ပြောပြတော့မည်။ ထိုခေတ် သတင်းစာများကို စုစည်းကာ စာအုပ်သဖွယ်မှတ်တမ်းပြု၍ သေသေ သပ်သပ် စာဖတ်သူများလက်သို့ ပို့လိုက်ပြီ ဖြစ်၏။
၈ လေးလုံး အရေးတော်ပုံအပြီး စုဆောင်းမိခဲ့သည့် သတင်းစာများကို ဖျက်ဆီးခဲ့ရသည်က ကျမတို့ တအိမ်တည်း မဟုတ်၊ မြန်မာပြည်တလွှားရှိ အိမ်တိုင်းနီးပါး ဖြစ်သည်။ ထိုအခါ စာမျက်နှာပေါင်း ၄၁၄ မျက်နှာပါရှိသည့် ၈ လက်မ၊ ၆ လက်မအရွယ် စာအုပ်ကြီးတအုပ် ဖြစ်မြောက်ရန် မည်မျှ အားထုတ် အချိန်ပေး စုဆောင်းရမည်ကို သိနိုင်ပါသည်။ သပ်သပ်ရပ်ရပ် ထွက်ပေါ် လာသော စာအုပ်၏ တန်ဖိုးက ကျပ် ၇၀၀၀။ တချို့အတွက် များသည်ဟု ဆိုနိုင်သော်လည်း သမိုင်းတန်ဖိုးနှင့် တွက်လျှင် တန်ပါသည်။
ဤစာအုပ် အဖွင့်တွင် ပါရှိသည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ အမှာတွင် “ဒီစာအုပ်က အရေးတော်ပုံ ကြီးရဲ့ သမိုင်းတစိတ်တဒေသ ရုပ်ပုံလွှာကို ပြောပြတယ်။ တချိန်တည်းမှာပဲ သတင်းစာတွေရဲ့ ရုန်းကန်လှုပ်ရှားမှု ဖျတ်ခနဲ ရုပ်ပုံလွှာကိုလည်း ပြောပြတယ်” ဟု ပါရှိသည်။ ဦးဝင်းတင်က သတင်းစာဆရာကြီးပီပီ သတင်းစာများ၏ တာဝန်ကျေမှု ကိုလည်း “ပြည်သူ့အရေးတော်ပုံကြီးနဲ့ အတူ ပေါက်ဖွားကြီးပြင်းခဲ့တဲ့ မှော်ကွန်းထိုး သတင်းစာတွေဟာလည်း အာဏာဖီဆန် တော်လှန် သတင်းစာ သမိုင်းခေတ်ကို ထူထောင်ပိုင်စိုးခဲ့တယ်” ဟု အမှာတွင် ရေးသားထားသည်။ သက်တမ်း မရှည်လှသည့် အရေးတော်ပုံ ကာလတခု ဖြစ်သော်လည်း ထွန်းပြောင်လင်းလက်သည့် သမိုင်းတခေတ်ကို ထူထောင်ပိုင်စိုးနိုင်ခဲ့သည်ဟု ဦးဝင်းတင်ကဆိုသည်။
“ထွန်းပြောင်လင်းလက်သည့် သမိုင်းတခေတ်ကို ထူထောင်ပိုင်စိုး” နိုင်ကြောင်း ပြသရန် သက်သေမှာ ထိုခေတ်က သတင်းစာများပင် မဟုတ်ပါလား။
သတင်းစာဆရာ မျိုးမြင့်ညိမ်း၏ အမှာတွင်လည်း သူ့အနေဖြင့် ၈ လေးလုံးကာလကို ဖြတ်ကျော်ခဲ့သော်လည်း နှုတ်ပြော သမိုင်းများကိုသာ ကိုယ်တိုင်စုစည်းသကဲ့သို့၊ လက်လှမ်းမီရာ လုပ်ဖော်ကိုင်ဖက်များကိုလည်း ပြုစုစေခဲ့သည်၊ သို့သော် နှုတ်ပြော သမိုင်းသည် နှုတ်ပြောသမိုင်းအဖြစ်သာ ပြီးဆုံးခဲ့ရပြီး မှတ်တမ်းမှတ်ရာများအဖြစ် ထဲထဲဝင်ဝင် မပြုစုနိုင်သူများ ထဲတွင် ၎င်းလည်း အပါအဝင် ဖြစ်ကြောင်း ဝန်ခံထားသည်။
“ရှစ်လေးလုံး အရေးတော်ပုံအကြောင်း ပြန်ပြောကြသောအခါ အကြောင်းရင်းအချို့ကို အဓိကထား ပြောကြသည်ထက် ထိုအရေးတော်ပုံကြီးတွင် ဦးဆောင်သူနေရာမှာ ယယင်းတို့လည်း ပါကြောင်း အဓိကပြောလိုရင်း ဖြစ်သည်ကို သတိထား မိသည်” ဟု ဆရာမျိုးမြင့်ညိမ်းက သူ့အမှာတွင် ကောက်ချက်ဆွဲထားသည်။
၈ လေးလုံး အရေးတော်ပုံ ကာလတွင် ယခု စာအုပ်အတွက် စုစည်းတည်းဖြတ်သူ ဝင်းဇော်လတ်၏ အသက်မှာ ၃ နှစ်သာ ရှိသေးသည်၊ သူသည်လည်း အဘိုး၊ အဖေတို့၏ နှုတ်ပြောသမိုင်းအရသာ ၈ လေးလုံးကို သိခွင့်ရခဲ့သည်။ သို့သော် သူသည် ၈လေးလုံး၏ အနှစ်သာရ အစစ်အမှန် အဖြစ်အပျက်များကို နှုတ်ပြောသမိုင်းမျှဖြင့် အားမရ။ ကွယ်လွန်သူ သတင်းစာဆရာကြီး လူထုဦးလှ၏ “သတင်းစာများက ပြောပြတဲ့ စစ်တွင်း ဗမာပြည်” စာအုပ်ကို ဖတ်ပြီး အားကျခဲ့သူဖြစ်သည်။ သတင်း လွတ်လပ်ခွင့် အမှောင်ခေတ်ထဲတွင် ကြီးပြင်းလူလာမြောက်ပြီး ထိုခေတ်ထဲတွင်ပင် စာနယ်ဇင်းသမား တဦးအဖြစ် ကျင်လည်ခဲ့ ရသော သူ့အတွက် သတင်းကို၊ သမိုင်းမှန်ကို ဆာလောင်ငတ်မွတ်သည်မှာ အဆန်းတော့ မဟုတ်လှပေ။ သို့သော်လည်း မိမိ ဆာလောင်မှုအတွက် မိမိကိုယ်တိုင် စားသောက်ရုံသာမကဘဲ တခြားသူများ၏ ဆာလောင်မှု ကွက်လပ်တခုကိုပါ သူက ဖြည့်ပေးဖို့ ကြိုးစားခဲ့၏။ ထို့အတွက် ဆာလောင်မှု အာသာ ပြေမပြေကတော့ စာဖတ်သူများကသာ ပြောနိုင်ပေလိမ့်မည်။
သမိုင်းကို ဖျောက်ဖျက်ရန် ကြိုးပမ်းကြသူများ ခေတ်တိုင်းတွင် ရှိပေလိမ့်မည်။ ၈ လေးလုံး အရေးတော်ပုံကြီး၏ သမိုင်းကို မည်သို့ပင် မှိန်ဖျော့ မှုံဝါးစေရန် ကြိုးပမ်းသူများ ရှိနေသော်လည်း ယခု ထွက်ရှိလာသည့် “သတင်းစာတွေပြောတဲ့ ၈၈၈၈ အရေးတော်ပုံကြီး” စာအုပ်က ၈ လေးလုံးကာလကို ယောင်ပြန်ထင်ဟပ် ပေတော့မည်။ ၈ လေးလုံးကာလကို အိပ်ရာဝင် ပုံပြင် သဖွယ်၊ ဒဏ္ဍာရီသဖွယ် သိမှတ်ခဲ့ရသူများ အတွက် “အစစ်အမှန်” ဖြစ်ကြောင်းကို ထိုစာအုပ်က သက်သေထူလိမ့်မည်ဟု ယုံကြည်သည်။
ဤစာအုပ် ဖြစ်မြောက်ရေးအတွက် စုစည်းတည်းဖြတ်သူထံ သတင်းစာဟောင်းများကို ငှားရမ်းပေးရုံမက အမှာစာ ရေးပေးခဲ့သော စာရေးဆရာ နောင်ကျော်ကလည်း သူ့အမှာတွင် “၈၈ အရေးတော်ပုံသည် ခေတ်ဆိုးခေတ်ဟောင်းကို ဖြိုဖျက်၍ ခေတ်ကောင်းခေတ်သစ်ကို တည်ဆောက်ချင်သည့် ညီညွတ်ရေးစိတ်ဓာတ် ဖော်ထုတ်ခဲ့ခြင်းဟု နားလည် လက်ခံထားပါသည်။ ထိုစိတ်ဓာတ်ကို ဆက်ခံထိန်းသိမ်းထားရေးနှင့် လက်ဆင့်ကမ်းပေးနိုင်ရေး အတွက် ဤစာအုပ်က အချက်တခုအနေဖြင့် အထောက်အကူ ပြုနိုင်ပါမည်လား” ဟု မေးခွန်းထုတ်ထားသည်။ သို့သော် သူ့မေးခွန်းကို စာဖတ်သူများ ကသာ ဆုံးဖြတ်လိမ့်မည်ဟု အဖြေ ပြန်ပေးထားသည်။
ယခုအချိန်တွင် ကျမလည်း စာဖတ်သူ တဦးပင်ဖြစ်သည်။ စာအုပ်ကို လှန်လိုက်သည်နှင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ အမှာ၊ ဆရာမျိုးမြင့်ညိမ်းနှင့် နောင်ကျော်တို့၏ အမှာ၊ ယင်းနောက် တည်းဖြတ်သူ၏ အမှာ၊ ဝန်ခံချက်၊ ကျေးဇူးတင်စကား စသည်ဖြင့် တရွက်ခြင်း စိတ်ဝင်တစား ဖတ်ရှုပြီးနောက် နိဒါန်းကိုမဖတ်မီ အသက်ဝဝ ရှူကာ သက်ပြင်း ချမိတော့သည်။ ထိုနိဒါန်းသည် ကျမကိုယ်တိုင် မြင်တွေ့ခံစားခဲ့ရသမျှကို ပြန်လည်၍ စတင်ပြောပြတော့မည် ဆိုသည်ကို သိရှိထားသောကြောင့် ဖြစ်သည်။ နိဒါန်းပြီးတော့ မုန်တိုင်းပျိုးချိန်၊ မတ်လလှုပ်ရှားမှု၊ တံတားနီ အရေးအခင်း၊ ဇွန်ပွဲ (သို့မဟုတ်) မြေနီကုန်း သွေးမြေကျမှု၊ ၈-၈-၈၈ စသည်ဖြင့် ၈ လေးလုံး မစမီနှင့် ၈ လေးလုံး ကာလတလျှောက်၏ အဖြစ်အပျက်များကို ခေါင်းစဉ်ခွဲများဖြင့် စာအုပ် အချီးအဖြစ် ခပ်ကြမ်းကြမ်း ရေးသားပြထားသည်။ တကယ်တော့ ထို ခေါင်းစဉ်ခွဲ ၇ ခုပါ စာပိုဒ် များကို ဖတ်လိုက်လျှင်ပင် ၈ လေးလုံးသမိုင်း အကြမ်းဖျဉ်းကို ခြုံငုံ၍ သိနိုင်ပေပြီ။ သို့သော် … ထို အကျဉ်းချုပ်ကို ဖတ်လိုက်မှ နောက်ထပ် လာမည့် သတင်းစာများကို ပိုမို စိတ်ဝင်စားသွား မိသည်၊ ဖတ်ချင်သွားမိသည်။
ဤစာအုပ်တွင် ၁၉၈၈ ခုနှစ် ဇူလိုင်လအတွင်းက ထွက်ခဲ့သော သတင်းစာများထဲမှ သတင်းများကို စတင်၍ ဖော်ပြထားသည်။ ထိုစဉ်က နိုင်ငံပိုင် သတင်းစာများသာ ရှိနေပြီး ထိုသတင်းစာများကလည်း မဆလ တပါတီစနစ် အစိုးရ၏ အာဘော်များကိုသာ ဖော်ပြထားကြောင်း တွေ့နိုင်သည်။ ၈၈ ဇူလိုင်လထုတ် သတင်းစာများထဲတွင်ပင် ငွေစက္ကူ အရေးအခင်းများ၊ မတ်လတွင် ဖြစ်သည့် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် အရေးအခင်း အစရှိသည်တို့ ဖြစ်ခဲ့ပြီးနောက် ပြည်လုံးကျွတ် ဆန္ဒပြပွဲ ကြီး မတိုင်မီ တိုင်းနှင့် ပြည်နယ်တချို့၌ ဟိုတကွက်ဒီတကွက် ကြိုကြိုကြားကြား ဖြစ်ပွားသော အဓိကရုဏ်းများအကြောင်း ဖတ်ရသည်။ ထိုစဉ်က မဆလ အာဘော် သတင်းစာများထဲတွင် “ဆူပူသူများကို တားဆီး၍ မနိုင်သောကြောင့် လက်နက်ဖြင့် ဖြိုခွင်း” “အသေအပျောက်ရှိ” “နောက်ကွယ်က ကြိုးကိုင်သူများကြောင့် ဖြစ်ရသည်” အစရှိသည့် သတင်း ဖော်ပြချက်များ မကြာခဏ တွေ့ရသည်။ ပြည်တွင် ဖြစ်ပွားသည့် ဘာသာရေး အဓိကရုဏ်း၊ ရန်ကုန်စက်မှု တက္ကသိုလ်တွင် ဖြစ်ခဲ့သည့် ကျောင်းသားနှင့် အရပ်သား ရန်ပွဲ အစရှိသည်တို့ကို ဆက်စပ် ဖတ်ရှုကြည့်ပြီး ယနေ့ခေတ်အနေအထား တချို့နှင့် နှိုင်းယှဉ် နေမိသည်။ အရပ်သားနှင့် ကျောင်းသား ရန်ပွဲမှ ပြည်သူလူထုနှင့် အစိုးရ တိုက်ပွဲအဖြစ် အသွင်ပြောင်းသွားခြင်းကို မဆလ ခေါင်းဆောင် ဦးနေဝင်း၏ နောက်ဆုံးမိန့်ခွန်းတွင်လည်း ထည့်သွင်း ပြောဆိုသွားသည်။
သြဂုတ်လ ၈ ရက်နေ့မတိုင်မီက နိုင်ငံပိုင် သတင်းစာများတွင် တက်ကြွလှုပ်ရှားသည့် ကျောင်းသားများ၊ ရဟန်းရှင်လူ ပြည်သူ များကို ဆူပူသူများဟု သုံးနှုန်းထားကြောင်း တွေ့နိုင်သည်။ ကျောင်းသားလူငယ်များ၏ နောက်ကွယ်တွင် ဆူပူမှုကို ဖန်တီးသော ကြိုးကိုင်သူများ ရှိနေသည် ဟုလည်း မကြာခဏ ဖော်ပြသည်ကို တွေ့ရသည်။ သို့ရာတွင် ၂၆ နှစ်တာ ဖိနှိပ်ချုပ်ချယ်ခဲ့သော တပါတီ အာဏာရှင် စနစ်ကို ပြည်သူလူထုက မကျေနပ်မှုများ အရှိန်တက်လာပြီဖြစ်ရာ အစိုးရ၏ ထောက်တိုင်များကို စတင်နှဲ့နေပြီဖြစ်ကြောင်း ထိုသတင်းစာများမှပင် သိရှိနိုင်သည်။
“စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပစ်ပြီး ခြောက်တာမပါဘူး” ဆိုသော ဦးနေဝင်း၏ နောက်ဆုံး မိန့်ခွန်းပါ ခြိမ်းခြောက်သံစွက်သည့် စကားက သမိုင်းတွင်သွားခဲ့သည်။
ဦးနေဝင်း၏ နောက်ဆုံးမိန့်ခွန်းကို ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ စနေနေ့ထုတ် ကြေးမုံသတင်းစာတွင် အပြည့်အစုံ ဖော်ပြပါရှိပါသည်။
စာရေးဆရာ နောင်ကျော်၏ အမှာစာတွင် ပါရှိသကဲ့သို့ ၈ လေးလုံးစိတ်ဓာတ်ကို လက်ဆင့်ကမ်းပေးရေးနှင့် ဆက်ခံထိန်းသိမ်း ထားရေးတို့အတွက် ဤစာအုပ်က ကဏ္ဍတခုအဖြစ် ပါဝင်နိုင်သည်၊ မဝင်နိုင်သည်ကိုမူ စာဖတ်သူများက ဆုံးဖြတ်ကြပေ လိမ့်မည်။ သေချာသည်ကတော့ ဤစာအုပ်က လစ်ဟာနေသည့် သမိုင်းကွက်လပ်ကို အပြည့်မဟုတ်သည့်တိုင် တစိတ် တဒေသတော့ ဖြည့်ပေးပေလိမ့်မည်။
တည်းဖြတ်သူက ဤစာအုပ်ပါ သတင်းများကို မူရင်းသတင်းစာများတွင် ဖော်ပြထားသည့် စာလုံးပေါင်းအတိုင်း မပြင်ဆင်ဘဲ ဖော်ပြထားသည်ဟု ဆိုသည်။ ထို့အတွက် အနည်းငယ်တွေ့ရသည့် အကျအပေါက် တချို့ကို နားလည် ဖတ်ရှုနိုင်မည်ဟု ယူဆပါသည်။
“စစ်အုပ်ချုပ်ရေး ရုပ်သိမ်းသည်နှင့် တနေ့ထက်တနေ့ ပို၍ ကြီးမားလာသော ဆန္ဒပြမှုများတွင် နိုင်ငံပိုင် သတင်းစာများလည်း လူထုနှင့် ပူးပေါင်းကာ ဆန္ဒပြကြသည်။ သတင်းစာ သုံးရက်တိတိမထွက်ဘဲ ဆန္ဒပြကြသည်။ ထို့နောက် လွတ်လပ်စွာ သတင်းရေးသားခွင့်နှင့် ပြည်သူ့လှုပ်ရှားမှုကို ဆန့်ကျင်သည့် မဟုတ်မမှန် သတင်းများကို မိမိတို့ သတင်းစာများတွင် ဆက်လက် ထည့်သွင်းခြင်း မပြုနိုင်တော့ကြောင်း ကြေညာသည်။ သြဂုတ် ၂၈ ရက်တွင်မှ သတင်းစာများ ပြန်ထွက်သည်” ဟု အချီးစာမျက်နှာများ၏ ၈-၈-၈၈ ခေါင်းစဉ်ခွဲအောက်တွင် ပါရှိသည်ကို ဖတ်လိုက်ရသည်။
၈ လေးလုံးကာလတွင် သတင်းသမားများ တာဝန်ကျေခဲ့ ကြပါသည်။
“ဘုံရန်သူ မဆလ အစိုးရဖြုတ်ချရေး ညီညွတ်ကြစို့ ဗိုလ်ချုပ်အစ်ကိုနှင့် အဖွဲ့ပြောကြား” ခေါင်းစဉ်နှင့် သတင်းကို စစ်အာဏာ မသိမ်းမီ တရက်အလို စက်တင်ဘာ ၁၇ ရက်နေ့တွင် ဗိုလ်တထောင် နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။ ယင်းနေ့ ၎င်းသတင်းစာတွင်ပင် “ခေါင်းဖြတ်စီရင်မှုများ အထင်အမြင်လွဲနိုင် လူ့အခွင့်အရေးအဖွဲ့က မေတ္တာရပ်ခံ” ဆိုသည့် သတင်းမျိုး ဖတ်ရသည်။ “အင်းလျားကန်ပေါင် တံတားဖြူ တံတားနီအဖြစ် အမည်ပြောင်း” သတင်းကို ကြေးမုံနေ့စဉ်ထုတ် သတင်းစာက စက်တင်ဘာ ၁၆ ရက်နေ့တွင် ဖော်ပြထားသည်။
အရေးတော်ပုံ ကာလအတွင်း ထွက်ခဲ့သော သတင်းစာများ၊ ဂျာနယ်၊ စာစောင်များတွင် သတင်းကျင့်ဝတ်နှင့် ညီသော ရေးသားချက်များ တွေ့ရသကဲ့သို့ မဖော်ပြသင့်သော သတင်းများ၊ ဓာတ်ပုံများ ဖော်ပြသည့် စာစောင်များ၊ ဂျာနယ်များ ကိုလည်း ကျမတို့ တွေ့ခဲ့ဖူးသည်။ သို့ရာတွင် “သတင်းစာတွေ ပြောတဲ့ ၈၈၈၈ အရေးတော်ပုံ” စာအုပ်တွင်မူ တည်းဖြတ် ဖော်ပြသူက အတတ်နိုင်ဆုံး သတင်းစာ ကျင့်ဝတ်နှင့်ညီသော သတင်းများကို ရွေးချယ်ဖော်ပြထားဟန် ရှိသည်။
၈ လေးလုံးကာလတွင် သတင်းသမားများ တာဝန်ကျေကြသကဲ့သို့ ကဏ္ဍအသီးသီးမှ ပြည်သူအသီးသီး၊ အစိုးရ အမှုထမ်း၊ အရာထမ်း၊ အနုပညာရှင်၊ လက်လုပ်လက်စား၊ ဆိုက်ကားသမားမှ စ၍ အလှဖန်တီးရှင်များ အိမ်ရှင်မများ အားလုံးလည်း သူတို့တာဝန် သူတို့ ကျေခဲ့ကြကြောင်း ဤစာအုပ်ကို ဖတ်၍ သိနိုင်မည် ဖြစ်သည်။
၈ လေးလုံးနောက်ပိုင်းမှ လူဖြစ်ကြသည့် ယနေ့ အသက် ၂၅ နှစ်အောက် လူငယ်များသည် ၎င်းတို့၏ အစ်ကို၊ အစ်မ၊ အဖေ၊ အမေ၊ ဦးလေး၊ အဒေါ်၊ အဘိုး၊ အဘွားတို့ ဘာကြောင့် ပါဝင်ဆန္ဒထုတ်ဖော်ကြသလဲ၊ ဘာကြောင့်လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ ကြသလဲ၊ သူတို့ ဘာကိုတောင်းဆိုခဲ့ကြသလဲ၊ အဲဒီတုန်းက သူတို့ ဘာတွေဖြစ်ခဲ့ကြသလဲ၊ ဘာကြောင့် လူတိုင်းပါခဲ့သလဲ၊ ရက် ၄၀ တာ ကာလကို သူတို့ ဘယ်လို ဖြတ်သန်းခဲ့သလဲ ဆိုသည်ကို သိသင့်ပါသည်။ သိလည်း သိချင်ပေလိမ့်မည်။ ၈၈ ဇူလိုင် လဆန်းမှ စ၍ စစ်အာဏာသိမ်းချိန် စက်တင်ဘာ ၁၈ ရက်နေ့အထိ အဖြစ်အပျက်များကို မှတ်တမ်းတင်ထားသည့် သတင်းစာ များအား စုစည်းဖော်ပြထားသော ဤစာအုပ်က လူငယ်တို့၏ သိချင်စိတ် ချဉ်ခြင်းကို အနည်းငယ်ဖြစ်ဖြစ် ပြေနိုင်လိမ့်မည်ဟု ထင်ပါသည်။
စာအုပ်နောက်ဆုံးတွင် ၈ လေးလုံးကာလ အတွင်း ထွက်ပေါ်ခဲ့သည့် သတင်းစာများ၏ အညွှန်းကို တတ်နိုင်သလောက် ဖော်ပြထားသည်ဟု ဆိုကာ စာရင်းတခုအဖြစ် ပါရှိသည်။ ရန်ကုန်နှင့် မန္တလေးတို့တွင် ထုတ်ဝေဖြန့်ချိသည့် သတင်းစာ၊ စာစောင်၊ မဂ္ဂဇင်း စုစုပေါင်း ၃၃ စောင်၏ စာရင်းများဖြစ်သည်။ လက်လှမ်းမီသမျှ ဖော်ပြခြင်းသာ ဖြစ်ပြီး မပြည့်စုံနိုင်ကြောင်း တည်းဖြတ်သူက ဆိုသည်။ ၂၆ နှစ်တာ ကာလအတွင်း စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အဝ ရချိန်တွင် ထွက်ခဲ့သော သတင်းစာများဖြစ်သည်။ အကြောက်တရားဖြင့် ရှင်သန်ခဲ့သည့် စစ်အုပ်ချုပ်ရေး အနှစ် ၂၀ ကျော် ကာလ တလျှောက်လုံး လက်ဝယ် တွေ့ရှိက မင်းပြစ်မင်းဒဏ် သင့်နိုင်သော သတင်းစာများကို သိမ်းဆည်း ထားသူများကား လေးစားလောက် ပေသည်။
၈ လေးလုံး ၂၅ နှစ်ပြည့်နှစ်ပတ်လည် အမီ ထုတ်ဝေဖြန့်ချိလိုက်သော ထိုစာအုပ်ကို ခါတော်မီ စီးပွားဖြစ်စာအုပ် တအုပ် အဖြစ်ထက် ပိုသည်ဟု ဆိုချင်ပါသည်။
ကျမအဖေ မီးရှို့လိုက်သဖြင့် ပြာပုံဘဝရောက်သွားသော သတင်းစာများကို ကြည့်ကာ နှမျောပြီး စိတ်မကောင်း ဖြစ်ခဲ့ရဖူးသည်၊ သတင်းစာများ နှင့်အတူ သမိုင်းတခုလုံး အစပျောက်သွားပြီဟု ထင်ခဲ့မိသည်။ ကျမအထင် မှားပါသည်။ ဤစာအုပ်က မီးလျှံထဲတွင်ပင် အသက်ရှင်နိုင်သော ဖီးနစ်ငှက် တကောင်ကဲ့သို့ ပြာပုံထဲမှ နိုးထ အသက်ဝင်ခဲ့ပြီး ၈ လေးလုံး၏ သမိုင်းကို စာဖတ်သူတို့အား ပြန်ပြောင်း ပြောပြတော့မည် ဖြစ်သည်။